Feeds RSS

Monday, August 31, 2009

တောသားမြို့ရောက်မျောက်ဖြစ် (၂)



အင်း ပါးလုံးအခုတလော ကျောင်းသွားတာနဲ့ ပရိုက်စစ်ပြေးတာနဲ့ ဆေးရုံက အရေးပေါ်ခေါ်တာနဲ့ တာနဲ့တာနဲ့တွေနဲ့ပဲ ဘလော့လည်း မလည်ဖြစ် စာလည်းမဖတ်နိုင် စာလည်းမရေးနိုင်ဖြစ်နေတာ။ အခုတော့ ပါးလုံးခရီးထွက်တိုင်း ဗျာများတဲ့အကြောင်းလေး ဆက်ရေးလိုက်ဦးမယ်ဗျာ။

ဒီလိုဗျ ပါးလုံးတို့ကျောင်းမပိတ်ခင်ပေါ့ဗျာ။ ဆရာကလာမေးတယ်။ ပါးလုံးကို လီလီဟန်းမား သွား မလားတဲ့ နိုင်ငံတကာကကျောင်းသားတွေ အစည်းအဝေးတဲ့ အသက်ကတော့ ၁၈နဲ့ ၂၅ကြားတဲ့။ ခရီးစရိတ်လည်း သူတို့ပြန်ပေးမယ်တဲ့။ အဲ့တော့ပါးလုံးက ထင်တာက ပါးလုံးသူငယ်ချင်းတွေရော တပျော်တပါးကြီးပေါ့ဆိုပြီး ပျော်နေတာပေါ့။

နောက်တော့မှ သူငယ်ချင်းတွေကိုမေးတော့ တယောက်မှမသိကြဘူး။ နောက်တော့ ကွန်မြူးကခေါ် တာနဲ့ ပါးလုံးရုံးကိုသွားတော့မှ ပါးလုံးကိုသွားဖို့ရွေးထားတယ်တဲ့ အဲ့ဒါသွားချင်လားမသွားချင်လား ခေါ်မေးတယ်။ အတွေ့အကြုံလိုချင်တော့လည်း သွားမယ်ပြောလိုက်တာပေါ့နော်။

အဲ့နေ့ကတည်းက ဖောင်တွေဖြည့်ပြီးတာနဲ့ ပါးလုံးက၁၀ရက်နေ့ သင်တန်းစမယ်ဆိုတာကို မှတ်လိုက်တာက ကြာဿပတေးလို့ပဲ မှတ်လိုက်တာလေ။ မှတ်ထားပြီးတော့ ထရွန်ဟိုင်းကိုခရီး ထွက်လိုက်တယ်။ အဲ့ကပြန်လာရင်ဘာပဲဖြစ်ဖြစ် တပတ်ကျော်နားပြီးမှ လီလီဟန်းမားသွားရမယ် ပေါ့။

အဲ့လိုနဲ့ ထရွန်ဟိုင်းကပြန်လာပြီးတော့ တနင်္လာနေ့ကျောင်းတက်တော့ ကွန်မြူးကအဖွားကြီးက ပါးလုံးမေးကိုစာရောက်လားတဲ့ အဲ့ဒါပရင့်ထုတ်ပြီး ရုံးကိုလာပါဆိုတာနဲ့ ကျောင်းရောက်ရောက်ချင်း ပရင့်သုံးဆောင်ထုတ်လိုက်တယ်။ အဲ့နေ့က ၁၀ရက်နေ့မနက် ကိုးခွဲလေ။ အဲ့တော့ ပါးလုံးသူ့ကိုမ ပေးခင် ဖတ်လိုက်တော့မှ အဲ့နေ့ပဲ ဆယ်နာရီ အော်စလိုမှာ ဆုံကြမယ် အဲ့ဒါပြီးမှ လီလီဟန်းမားကို ထွက်ကြမယ်ဆိုပြီး စာကရောက်နေတာ။


ပါးလုံးစာများမှားဖတ်လားလို့ မျက်စိသေချာပွတ်ပြီးဖတ်တော့လည်း ဒီအတိုင်းပဲဗျ။ အဲ့ဒါနဲ့ ဆရာမ ကမေးတယ်။ အခုစတော့မယ်တဲ့ အဲ့နေ့ညနေပဲအစည်းအဝေးကစမယ်။ အဲ့တော့ ပါးလုံးကိုသွား မလား မသွားဘူးလားတဲ့။ သွားမယ်ဆုံးဖြတ်ထားလို့ ဖောင်တောင်တင်ထားတဲ့ကိစ္စကို သွားမှာပေါ့။ ကိုယ့်ကိုရွေးထားတာကို လက်လွှတ်တော့မခံချင်ဘူးလေ။ ဆွေးနွေးရမယ့် အကြောင်းအရာတွေကို အိပ်ရေးပျက်ခံပြီး ဖတ်ထားတာ အလကားမှမဟုတ်ပဲ။

အဲ့တော့ သွားမယ်ပေါ့။ သွားချင်တာပဲသိတာပါ။ မြို့နာမည်ကလွဲပြီး ပါးလုံးဘာမှမသိဘူး။ အစည်း အဝေးလုပ်မယ့် ဟိုတယ်နာမည်လည်း မသိဘူး။ ဘာကားစီးရမယ်ဆိုတာလည်း မသိဘူး ဘာဆို ဘာမှမသိဘူး။ အကျီတွေကလည်း မီးပူမတိုက်ရသေးဘူး။ ဒီကြားထဲ အဲ့ညက တရေးမှမအိပ်ထားဘူး။ အဲ့လိုနဲ့ဆရာမက ကားချိန်ကြည့်ရှာပေး နေတယ်။ အဲ့ဒါဆရာမကို ရတယ် မေးသွားမယ်။ ဟိုတယ်နာမည်ပဲ ရှာပေးဆိုတော့ သူကရှာတာ ကြာနေတာနဲ့ နေပါစေတော့ဆိုပြီး လွယ်အိတ်လွယ်ပြီး အိမ်ကို အပြေးပြန်လာလိုက်တယ်။

အိမ်ရောက်တာနဲ့ ပါးလုံး Ålesund ကိုသွားဖို့ ကားချိန်ကြည့်တယ်။ နောက်တော့ အချိန်က ၁နာရီခွဲ လောက်ရတာနဲ့ မီးပူအပြေးတိုက် အကျီတွေထည့် ဌက်ပျောသီးသုံးလုံးရယ် ရေဘူးရယ်ထည့် ပြီးတာနဲ့ ပါးလုံး ဒူးထောက်ဆုတောင်းလိုက်တယ်။ ပါးလုံးသိတာက ဘုရားသခင်ကူညီမယ်ဆိုတာ ရယ် လီလီဟန်းမားကိုရောက်ရမယ်ဆိုတာရယ်ပဲ။ ကျန်တာဘာမှကိုမသိတာ။

အဲ့ဒါနဲ့ ကားစီးသွားတော့ Ålesund ရောက်တော့ ကားချိန်ကိုသွားမေးတယ်။ ငါတခါမှမသွားဖူးပါဘူး လို့ အဲ့ဒါ ဘာကိုဘယ်လိုစီးရမလည်းဆိုတော့ တိုက်ရိုက်ကားက မနက်ကိုးနာရီနဲ့ ညကိုးနာရီနှစ်စီးပဲ တဲ့။ အဲ့တော့ပါးလုံးက မနက်ကိုးနာရီကမမှီတော့ဘူး။ ညကိုးနာရီကားကိုစီးရင် မနက်သုံးနာရီကြီး ရောက်သွားမှာ။ ဒါဆိုရထားဆိပ်မှာ ငုတ်တုတ်နေနေရမှာပေါ့။

ပြီးတော့ အစည်းအဝေးကလည်း အဲ့နေ့၃နာရီမှာစမှာ။ အဲ့တော့ ပါးလုံးညကားစီးမယ်ဆိုပြီး ထိုင် ပြီးခါမှ နောက်ရထားနဲ့ဆို ဘယ်ကားစီးရမလည်းဆိုတော့ ထွက်ခါနီးကားကိုလက်ညှိုးထိုးပြပြီး အဲ့ဒါနောက်ဆုံးကားတဲ့ အဲ့ဒါနဲ့ အထုတ်တွေကိုဆွဲပြီး ပြေးရတာပေါ့ တိုက်ရိုက်ကားကိုပဲစီးချင် တာက ပါးလုံးက ဘာမှမသိဘူးလေ ဒါကြောင့်ပါ။ ဒါပေမယ့် တိုက်ရိုက်ကားကို မစောင့်နိုင်တော့ တာနဲ့ တစ်မိနစ်အတွင်း ရထားနဲ့သွားဖို့ဆုံးဖြတ်လိုက်တာ။

အဲ့ဒါနဲ့ကားပေါ်မှာ ရထားဂိတ်ရောက်ရင်ပြောလို့ ငါမသိဘူးဆိုတော့ အကုန်ဆင်းရင် ကားဆက်မ ထွက်တော့ရင် နင်ဆင်းလို့ရပြီတဲ့။ ဒါနဲ့ စီးသွားရထားဂိတ်ရောက်တော့ မေးတာပေါ့ လီလီဟန်းမား ရထားဘယ်ရထားလည်းဆိုတော့ အခုထွက်ခါနီးတဲ့ အောင်မလေး ပြေးရပြန်တာပဲ။ ကဲပါးလုံးရေ ပြေးဟေ့ ပြေးဟဆိုပြီး ပြေးရတော့တာပေါ့။

ဒါနဲ့ ရထားလက်မှတ်လည်း ကြိုမဝယ်ထားဘူးလေ။ လက်မှတ်စစ်လာတော့မှ လက်မှတ်ဖြတ်။ ဖြတ်၇င်းမေးလိုက်တော့ ရထားက နွေရာသီသူများ အပျော်စီးပြီး ရှု့ခင်းကြည့်တဲ့ရထားဖြစ်နေပါ လေရောဗျာ။ ဖြေးတာမှ လိပ်တောင်ထိုင်ငိုရမယ်။ တကယ်ပါပဲ အရေးကြီးပါတယ်ဆို ထပြေးပြီး သာသွားလိုက်ချင်တာလေ အဟုတ်။

လှလွန်းတဲ့ရှု့ခင်းတွေရှေ့ရောက်ရင် ရေတံခွန်တွေရှိတဲ့နေရာရောက်တော့ ရထားကရပ်ပေးတယ်။ ဓါတ်ပုံတွေဘာတွေရိုက်ဖို့ပေါ့ ။ ကင်မယာလည်းမပါတဲ့ပါးလုံး ကိုယ့်ခေါင်းကိုယ်သာ နှစ်တစ်တုတ်နဲ့ ၇ိုက်မှပဲရတော့မယ်။ အဲ့ရထားက လီလီဟန်းမားထိမဟုတ်ဘူးတဲ့ဗျာ။ ရထားပြောင်းစီးရဥိးမယ်ဆိုပဲ။

ကဲပြောင်းဆိုတော့လည်း ပြောင်းပေါ့ ဘယ်တတ်နိုင်မလည်း။ ဒါနဲ့နောက်ရထားတစ်စီးကို ၁၅မိနစ် လောက်စောင့်နေတဲ့အချိန်မှာ ရွှေမိုးငွေမိုးတွေကရွာလေတော့ မိုးရေထဲမှာ ဒေါ်ရွှေပါးလုံးတယောက် ထီးလည်းမပါ မတ်တတ်မေ့တာပေါ့ဗျာ။ ကိုယ်တောင် မြန်မြန်ရောက်ချင် ပါတယ်ဆို အမေရိကားကကျောင်းသားအုပ်နဲ့ လာတိုးတယ်။ သူတို့က ထရွန်ဟိုင်းသွားမလို့တဲ့။ အဲ့ဒါဘယ်ရထားလည်းတဲ့ ငါလည်းပထမဆုံးပဲလို့ မသိဘူးလို့ ငါတို့နဲ့ဆန့်ကျင်ဘက်ဆိုတော့လို့ ငါတက်တဲ့ရထားကိုမတက်နဲ့လို့ပဲ ပြောလိုက်ရတော့တယ်။

ခဏနေတော့ ရထားလာပါလေရော။ တလမ်းလုံးစိတ်စောနေတာ ပါလာတဲ့ ဌက်ပျောသီးသုံးလုံး ကိုလည်း မေ့နေတယ် ဗိုက်ဆာတာတောင် သတိမယတော့ဘူး။ အဲ့ဒါနဲ့ ရထားနောက်တစ်စီးပေါ် ရောက်တော့မှထပ်မချိန်းရတော့ဘူးဆိုတော့ စိတ်အေးလက်အေးထိုင်လိုက်ရတော့တယ်။

အဲ့ဒါ နဲ့ ထည့်လာတဲ့ အင်္ဂလိပ်ဝတ္ထုလေး ထိုင်ဖတ်ပြီး ၂နာရီလောက် ကြာတော့ ပူလာတာနဲ့ ဖိနပ်လေးချွတ်လိုက်တယ်လေ။ လျှာရှည် တာ တလမ်းလုံးမချွတ်ပဲ အဲ့အချိန်မှချွတ်လိုက်တာ။ ဌက်ပျောသီးလေးလည်း ပါးစပ်ထဲ တလုပ်ပဲ ထည့်ရသေးတယ်။လီလီဟန်းမားကိုရောက်ပါပြီတဲ့ဗျာ။

ဖိနပ်ကလည်း ကြိုးတွေနဲ့ ဌက်ပျောသီးကလည်း စားရင်းတန်းလန်း။ ရောက်ပြီဆိုတော့ အကုန်အိပ်ထဲကိုထည့် ကြိုးလည်းမတပ်နိုင်တော့ဘူးဖိနပ်ကို တော်သေးတယ်ကြိုးတက်နင်းမိ ပြီး သွားမကြိုးတာ။ အဲ့လိုနဲ့ လီလီဟန်းမားကိုတော့ ဟိုလှိမ့်ဒီလှိမ့်နဲ့ရောက်လာပါလေရော။

လမ်းမှာတုန်းက ပါးလုံးကို အဲ့အစည်းအဝေးကို ဦးဆောင်တဲ့ အမက ဖုန်းဆက်ထားတယ်လေ လာမှာလား ဆိုတာကို အဲ့ဖုန်းနံပါတ်လေး မှတ်ထားတာရှိတယ်။ ဖုန်းဆက်မယ်လုပ်တော့ မယ်မင်းကြီးမပါးလုံး ဖုန်းထဲမှာ ပိုက်ဆံတပြားမှ မရှိပါဘူးရှင်။

ကဲ အကြွေထည့်ပြီးတော့ ဆက်ရတော့မပေါ့။ ဒါနဲ့ အဲ့ဖုန်းကြီးနားရောက်တော့ ပြောတဲ့အတိုင်း တောသားမြို့ရောက်မျောက်ဖြစ်ဆိုသလို အဲ့ဒါကြီးကို မဆက်တတ်ဘူးဗျ အဲ့ဒါနဲ့အဲ့နားထိုင်နေတဲ့ သူကို ဒါလေးထည့်ပြီး ဘယ်လိုဆက်ရမလည်း သင်ပေးပါဆိုတော့ သူလည်း သနားသွားပုံရတယ်။ ပါးလုံးကို သူ့ဖုန်းသာယူဆက်ပါတဲ့။

ဒါနဲ့ ဟိုခေါ်ထားတဲ့တယောက်ကို ဖုန်းဆက်ပြီး ငါရောက်ပြီငါမလာတတ်ဘူး လာကြိုပေးပါဆိုတော့ အကိုတယောက်လာကြိုတယ်။ အဲ့ဒါနဲ့ ဟိုရောက်တော့ စနေပြီ ပါးလုံးရောက်တဲ့အချိန်က ည၈နာရီ ထိုးနေပြီ။ အစည်းအဝေးက လေးရက် တနင်္လာ နေ့လည်ကနေ သောကြာ နေ့လည်ထိ မနက် ၈နာရီကနေ ည၁၀နာရီခွဲထိ။

လူကပင်ပန်းပါတယ်ဆို ဘာမှလည်းမစားရသေးဘူး အခန်းကိုနောက်မှယူဆိုပြီးတော့ အထုတ်တွေ ကိုချပြီး အဲ့မှာ ဝင်ဆွေးနွေးရတယ်။ ပထမတော့ လူလည်း ဘာမှမပြောနိုင်သေးဘူး။ တော်တော်လည်းပင်ပန်းနေပြီကိုး။ အဲ့ဒါပြီးတာနဲ့ ၁၀ခွဲတော့ အခန်းသော့ယူပြီး ခြေလက်တွေဘာ တွေသစ်ပြီး အခုဏကဌက်ပျောသီးလေးစားပြီး ကောင်းကောင်းကျိုးမယ်ပေါ့။ ခရီးပမ်းထားတော့မနက်မနိုးမှာစိုးလို့ ဖုန်းနဲ့ အလန်းလေးပေးပြီး အိပ်လည်းအိပ်ရော ည၁နာရီကြီး ဖုန်းမြည်လာပါလေရောဗျာ။ နိုင်ငံခြားကောကြီးဗျာ။ ဟလိုဆိုလည်းပြန်မပြောဘူး။ ဒါနဲ့အိပ်ချင်တော့ ချလိုက်တယ်။ နောက်၁၅မိနစ်နေတော့ပြန်ခေါ်ပြန်ရော။ ပါးလုံးကလေးခေါက်လောက်ဆိုတော့ တောင်းပန်တာပေါ့။ စိတ်လည်းတိုတယ်။

ပင်ပန်းပါတယ်ဆို။ တောင်းပန်တာလည်း မရဘူး ဖုန်းလည်းဆိုင်းလန့်လည်းလုပ်မဖြစ် ပိတ်လည်းမဖြစ်ဘူးလေ မနက်မနိုးရင်ဒုက္ခလေ။ ဗမာဆိုလို့ အဲ့မှာပါးလုံးတယောက်တည်းကို တော်ကြာဒီဗမာမ အချိန်မလေးစားဘူး အိပ်လည်းပုတ်တယ် အပြောမခံနိုင်ပေါင်။

ဘယ်သူခေါ်လို့ခေါ်မှန်းမသိပဲနဲ့ ပါးလုံးတယောက် မနက်ခြောက်နာရီထိ နှိပ်စက်ခံလိုက်ရတယ်။ ဒါနဲ့ မနက်ခင်းမိုးလင်းတော့ ထမင်းစားဆောင်လည်းရောက်ရော တနင်္လာနေ့ကလည်း ထမင်းငတ် ထားတယ်ဆိုတော့ အားရပါးရစားမယ်ဆိုတော့ ပေါင်မုန့် အကြမ်းကြီးတွေနဲ့ အစုံပေမယ့် တောသား ဆိုတော့သိတဲ့အတိုင်း အဲ့ဒါကြီးတွေ မကြိုက်ဘူးဗျာ။

ငယ်ငယ်ကတည်းက မကြိုက်လို့ကတော့ အငတ်ခံတဲ့ပါးလုံး အသီးလေးတွေပဲ စားပြီးထလာလိုက် တယ်။ အဲ့လိုနဲ့ ညနေစာကျတော့လည်း ငါးအစိမ်းတွေ အာလူးပြုတ် ပန်းထုတ်ပြုတ်တွေဗျာ။ အား လူးမကြိုက်တဲ့ပါးလုံး ငါးအစိမ်းကိုလည်း ဘယ်လိုစားမလည်းဟင် လုပ်ထားတာလေးက လှတော့ အပြတ်ဆွဲမလို့ဗျာ။

နောက်ဆုံးတော့ အချိုပွဲအတွက် အသီးတွေကိုထိုင်စားပြီးပဲ တနေ့ကုန်သွား၇တယ်။ တနေ့လုံးက လည်းအတိုက်အခံကို ဆွေးနွေးနေတာ မနားရဘူး။ အဲ့တော့ ဗိုက်ကလည်းဆာတယ်ဗျာ။ ဘယ်မှ လည်းမထွက်ရဘူးလေ။ အဲ့လိုနဲ့ နောက်နေ့တော့ မရတော့ဘူးဗျ ငါးစိမ်းမကလို့ ကြက်အစိမ်း လာကျွေးရင်တောင် စားတော့မှာ သေချာတယ်။ မခံစားနိုင်တော့ဘူးလေ။

အဲ့တော့ အကုန်ဆွဲတော့တာပဲ အဟီး။ အဲ့လိုနဲ့ ဒုတိယည သင်တန်းပြီးလို့ အခန်းပြန်တဲ့အချိန်မှာ အန္ဒိယမလေး နှစ်ယောက်အခန်းကိုလိုက်လည်တယ်ဗျာ။ လိုက်လည်ပြီး ပါးလုံးအခန်းထဲက ပစ္စည်း တွေကိုကြည့်သွားတယ်။ ညကျတော့ အိပ်မယ်ဆိုပြီး ဖုန်းကိုတော့ ပိတ်ပစ်လိုက်တယ်။ နှစ်နှစ်ခြိုက် ခြိုက်လည်း အိပ်ပျော်ရော တံခါးလာခေါက်ပါလေရောဗျာ။

Dryer တဲ့ဗျာ။ ပါးလုံးက လေးဘက်နာရှိတော့ ခေါင်းလျှော်ပြီး မှုတ်လို့ရအောင် အအေးမခံနိုင်လို့ ထည့်လာတာ အိန္ဒိယမ နှစ်ယောက်က မြင်သွားတော့ အဲ့နော်ဝေမကို ပြောလိုက်တာ ဟိုတယောက်လည်း ညကြီးဆံပင်လျှော်ပြီး လာဌားတယ်ဗျာ။ ဌားတာပြဿနာမဟုတ်ပါဘူး သူများ အိပ်နေတာကို ဒါနဲ့ယူပေးလိုက်ပြီ။တော်တော်နဲ့ အိပ်မပျော်တော့ဘူး။ သူတို့ကတော့ ဆောတီးလေးတစ်လုံးနဲ့ပြီးသွားတာဗျ။ ၃နာရီမှအိပ်ပျော်သွားတယ်။

ကဲနောက်တရက်တော့ ကောင်းကောင်းအိပ်မယ်ဆိုပြီး အစည်းအဝေးပြီးတော့ ဘယ်သူမှမလာဘူးမှတ်တာလေ ည၁ခွဲတော့ အိန္ဒယမ၂ယောက်လာပါလေရော။ ဆေးပေးပါတဲ့။ ပါးလုံးက လေးဘက်နာဆေးတွေ ဘာတွေအကုန်သယ်လာရတာကိုး။ ဒင်းက ဒါကိုမြင်သွားလေ တော့ ဗိုက်အောင့်လို့တဲ့။ ငါ့မှာအစာအိမ်ဆေးမရှိဘူးဆိုတော့ နင့်ဆီမှာ ဆေးတွေတွေ့တယ်တဲ့။

ဒါနဲ့ အဲ့ဒါအစာအိမ်ဆေးမဟုတ်ဘူး လေးဘက်နာဆေးတွေ နှလုံးဆေးတွေပါဆိုတော့ ချက်ချင်းပဲ ခေါင်းတွေအရမ်းကိုက်တယ်ဖြစ်သွားရော။ ခေါင်းကိုက်ပျောက်ဆေးပေးပါတဲ့။ ဒါနဲ့စိတ်ပေါက်ပေါက် နဲ့ ပါးလုံးဆေးပုလင်းတွေ အကုန်ချပေးလိုက်တယ်။ ကဲကြိုက်တာသာယူသွားတော့လို့ မတည့်လို့ တခုခုဖြစ်ရင် ငါမသိဘူးဆိုပြီး ပေးလိုက်တော့မှပဲ မရရင် ရတာယူမယ်များဆုံးဖြတ်ထားလား မသိဘူး။ ဆေးတွေယူသွားလေရဲ့။

ပြန်မယ့်ညကျတော့ ပါတီပွဲလုပ်ကြတယ်။ အသားကင်စားကြတယ်။ စကားတွေပြောကြတယ်။ ထိုင်းမနှစ်ယောက်က ထိုင်းအကကကြတယ်။ ပါးလုံးကတော့ အချိုရည်နည်းနည်းသောက်ပြီး အသားကင်ပြီးတဲ့အထိ မစောင့်တော့ပဲ အခန်းပြန်နားလိုက်တယ်။ သူတို့ကတော့ ကကြ ဆိုကြ တော်တော်တော့ပျော်ကြတယ်။ ပါးလုံးလည်း ခဏဆိုပြီး အခန်းရောက်တော့ ပြန်မသွားတော့ဘူး။

အဲ့တပတ်လုံး လူကိုဖတ်ဖတ်ကို မောနေတာပဲ။ ပါးလုံးတို့ ဒီနော်ဝေနိုင်ငံက ဝန်ကြီးကိုးယောက်နဲ့ လည်းဆွေးနွေးခဲ့ရတယ်။ အခုတော့ ဒီအရေမရ အဖတ်မရ ခရီးသွားတဲ့ အကြောင်းလေးကို ပဲရေးလိုက်ပါတယ်။ နောက်အပတ် ကျမှ ပါးလုံး ဘာတွေဆွေးနွေးခဲ့လည်း နိုင်ငံတကာကျောင်း သားတွေရဲ့ ဆွေးနွေးချက် နောက်ဝန်ကြီးတွေနဲ့ဆွေးနွေးတဲ့အကြောင်း အကုန်လုံးကို ပို့စ်သပ်သပ် တပုဒ်တင်ပါ့မယ်။




ဒါကတော့ ပါးလုံးကို လှလှပပလေး နှိပ်စက်သွားတဲ့ အိန္ဒိယမလေးပါ။




အဲ့ဒီဆံပင်ကောက်ကောက်လေးက Dryer လာဌားတဲ့နော်ဝေမလေးလေ အဲ့ဒီအစားအစားတွေပေါ့ ပါးလုံးကိုနှိပ်စက်တာဟွန့်။

ပုံတွေက နောက်ပို့စ်ကြမှပဲ တင်တော့မယ်နော်။ ပါးလုံးတို့ဆွေးနွေးခဲ့တဲ့ ပုံလေးတွေပေါ့နော်။
အခုလို အရေမရ အဖတ်မရလေးကို အချိန်ကုန်ခံပြီး ဖတ်သွားပေးတာလည်း ကျေးဇူးတင်ပါတယ်။
တဦးတယောက်စီိတိုင်းပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

သြော် မေ့တော့မလို့ ဖတ်ပြီးမှတော့ မန့်ခဲ့ဦးနော်။ ဟီး။

ဆက်ဖတ်ရန်...

Friday, August 21, 2009

တောသားမြို့ရောက် မျောက်ဖြစ် (၁)


အင်း စာမရေးတာ ကြာလို့ ဘယ်ကစရေးရမှန်းကို မသိတော့ပါဘူး။ ခရီးထွက်ဖို့ အစီအစဉ်မရှိပဲ ခရီးပဲထွက်ဖြစ်နေတယ်ဆိုတော့။ ဒီနေ့မနက်ပဲ ပါးလုံး အိမ်ကိုပြန်ရောက်ပါတယ်။ ပြန်ရောက် ရောက်ချင်း အိမ်ကို အကိုတွေ အမတွေ အများကြီးလာလည်ထားတာ တွေ့တော့ ဝမ်းလည်းသာတယ်။ ကျေးဇူးလည်း တင်တယ်။

စာရေးစရာအကြွေးတွေက တော်တော်ကိုများသွားပြီ ဟီး။ အစက ခရီးထွက်ဖို့ အစီအစဉ်မရှိပါဘူး။ အဖေပဲ သွားသမီးအိမ်မှာပဲနေမယ်လို့ ပြောပြီးခါမှ အဖေက ပါးလုံး အိမ်မှာနေနေတာကို သိပ်မကြိုက်ဘူး။ ခရီးများများထွက်ပြီး ဗဟုသုတ ရှာစေချင်တယ်။

အဲ့ဒါနဲ့ မသွားဘူးဆိုပြီး ကျောင်းသုံးပတ်ပိတ်တာကို အိမ်မှာ တပတ်နေလိုက်တယ်။ နောက်တော့ အဖေက လှမ်းခေါ်တယ်လေ။ ပါးလုံးမျက်စိက ပါဝါလည်း တိုးတယ်ထင်တယ် မျက်မှန်က မကိုက် ချင်ဘူးဖြစ်နေတာနဲ့ အဖေက အဲ့မြို့မှာမျက်စိလာစမ်းဖို့ခေါ်တယ်လေ။

နောက်တော့ ဦးလေးကလည်း အဲ့မြို့မှာရှိတဲ့ ပုဂံခေတ်နဲ့အပြိုင် လွန်ခဲ့တဲ့ နှစ်၂၀၀၀ ကတည်းက ဆောက်ထားတဲ့ ဘုရားကျောင်း တခုအကြောင်းကို ဘလော့မှာရေးလို့ရတယ်တဲ့။ လာရင် အကုန်လိုက်ပြမယ်ဆိုတာနဲ့ ဘလော့မှာ ဗဟုသုတလေးတွေ တင်ချင်တာလည်းပါတယ်။

အဲ့ဒါနဲ့ခရီးထွက်ဖြစ်တယ်ဆိုပါတော့။ ခက်တာက ပါးလုံးဆိုတဲ့ အမျိုးက ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိဆိုသလို လှုပ်ပြီဆိုတာနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ ကြော်ငြာကတော့ ချောကလက်လေးတွေ တန်းစီတဲ့။ ပါးလုံးကတော့ အခက်အခဲလေးတွေ တန်းစီဆိုသလိုပါပဲ။ ဒီပို့စ်နဲ့တင်တော့ ယုံမှာမဟုတ်ဘူး။ ဒီနေ့ပဲ ပြန်ရောက်တဲ့ ခရီးစဉ်အကြောင်းပါ ရေးမှ ပိုနားလည်ကြမှာ သေချာတယ်။ အဟီး။


အိမ်မှာနေတဲ့ တပတ်လုံး မိုးမရွာတဲ့အပြင် နေကို ပူကျဲတောက်နေတာ။ ခရီးထွက်မယ်လုပ်ခါမှ တညလုံးမိုးက ရွာတော်မူပါလေရော။ မနက်ကျတော့ အထုတ်တွေနဲ့ မိုးကလည်းရွာ။ ကြိုတင် ပြင်ဆင်တတ်တဲ့ အကျင့်ကလေးရှိနေလေတော့ ပထမက ဘာဝတ်မယ် ဘာစီးမယ်ပေါ့။ နောက်တော့ မနက်မိုးရွာတော့ အကုန်အဝတ်အစားဝတ်တာကအစ အလွဲဖြစ်ကုန်ရော။

နောက်ပြီး ဦးလေးကမှာလိုက်တယ်။ ကားစီးရင်တဲ့ ပါးလုံးတို့ Brattvåg မြို့နေ အရင်ဆုံး Ålesund ဆိုတဲ့ မြို့ကို အရင်ဆုံး ကားတစ်နာရီစီးရတယ်။ အဲ့ကနေမှ ပါးလုံးတို့ဦးလေးရှိတဲ့ Trondheim ကိုဆက်သွားရမှာလေ။

အဲ့တော့ Ålesund ကနေ Trondheim ကို ကားစီးရင် ဈေးလည်းပြောလိုက်တယ်။ ပြီးတော့ စစီးပြီ ဆိုတာနဲ့ နှင်မချမချင်း မဆင်းနဲ့တဲ့။ အဲ့တော့ Trondheim ကားပေါ်တက်လိုက်တာနဲ့ သူကပိုက်ဆံပေးတော့ ဥိးလေးပြောတဲ့ ဈေးထက် နည်းနေတယ်။ အများကြီးကိုပဲ။ အဲ့တော့ သူ့ကိုပြန်မေးတယ် နင်မှားယူတယ်ထင်တယ်လို့ ဒီဈေးမဟုတ်ဘူးဆိုတော့ သူကဟုတ်တယ်တဲ့။

စိတ်ထဲကတော့ မဟုတ်သေးဘူးထင်တယ်လေ။ အဲ့ဒါနဲ့ လူတယောက်ကလည်း ထရွန်ဟိုင်း သွား မယ်ဆိုပြီး ပိုက်ဆံပေးတဲ့အသံကြားလိုက်တယ်။ အဲ့တော့ ဒေါ်ရွှေပါးလုံး အဲ့လူကိုမျက်ခြေအပြတ် မခံပဲကို စောင့်ကြည့်နေလိုက်တယ်။

ကားပေါ်မှာ ကောင်းကောင်းတောင်မအိပ်ရဘူး ဂယ်ပဲဂယ်ပဲ။ အဲ့လူကို မျက်စိအောက်က ပျောက်မှာကိုပဲစိုးသလိုကွယ် ဆိုသလိုပေါ့ဗျာ။ အဲ့ဒါနဲ့ သူက Model ရောက်တော့ အားလုံးဆင်းကုန်ရော။ ဦးလေးကပြောတယ်လေ အားလုံးဆင်းမှ ဆင်းတဲ့။ အခုတော့ ဆင်းရပြီလေ။ သေချာတာက မရောက်သေးဘူးဆိုတာပဲလေ။

အဲ့ဒါနဲ့ အခုဏက မျက်စိအောက်က ပျောက်မှာစိုးတဲ့လူကို လှမ်းမေးတော့ သူက ကနေဒါနိုင်ငံသား သူလည်းတခါမှမရောက်ဖူးဘူး။ ဒါပေမယ့် သူကနော်ဝေစကားကို မွတ်နေတာပဲ။ သူ့နဲ့ စုံစမ်းတော့ ကားမထွက်ပါတဲ့ မိုးအရမ်းရွာပြီး မြူပိတ်နေပါသဖြင့်တဲ့လေ။

ကဲဒေါ်ရွှေပါးလုံး ဘာလုပ်ရတော့မလည်း။ ဖုန်းလည်းမပါဘူးလေ။ အဲ့တော့ ဟိုလူသွားသမျှသာ လိုက်ရုံရှိတော့တာပေါ့။ နောက်တော့ ထရွန်ဟိုင်းသွားမယ့်သူတွေကို ကားတစီးလုပ်ပေးတယ်။ ပြီးတော့မှ အဲ့ကားစီး ဇက်ကို ၂ခါကူး သင်္ဘောလည်းစီးလိုက်ရသေးတယ်။ နောက်ဆုံးမှပဲ ထရွန် ဟိုင်းကို မိုးချုပ်မှရောက်သွားတော့တယ်။

သူများသွားရင် တခါတည်းပြီးတဲ့ကိစ္စ ပါးလုံးသွားမှပဲ ဘာတွေမှန်းကိုမသိဘူး မိုးကလည်းရွာသေး တယ်ဒီကြားထဲ။ အဲ့ဒါနဲ့ရောက်သွားတော့ ဦးလေးက လာစောင့်နေတယ်။ ပါးလုံးလည်း အိမ်ရောက် တာနဲ့ Energy အရင်ဖြည့် ပြီးတော့ ဦးလေးက စန္ဒယားတီး ပါးလုံးက သီချင်းဆို။ နောက်ဆိုလို့ ဝမှပဲ အိပ်လိုက်တယ်။

နောက်တနေ့တော့ ဘယ်မှမသွားနိုင်သေးဘူး။ လူကတကိုယ်လုံးကို ကိုင်ရိုက်ထားသလိုပဲကိုး။ အဲ့ ဒါနဲ့ ကွန်ပျူတာပဲကိုင်တော့ ကွန်ပျူတာက မကိုင်ရင် ကိစ္စမရှိဘူး။ ကိုင်ပြီးရင် မချချင်တော့တာက ပါးလုံးရဲ့ရောဂါ။ နောက်နေ့ပါ မထချင်ဘူးလေ။

အဲ့တော့ ဦးလေးက နင့်ကို ဒီမှာအခန်းအောင်းဖို့ ခေါ်တာမဟုတ်ဘူးဆိုပြီး နာရီဝက်အတွင်းကို ထမင်းစား ပြင်ဆင် အကုန်လုပ်ခိုင်းတယ်။ ပြီးတာနဲ့ သူကညကတည်းက ကင်မယာကို ဘက်ထရီထည့်ထားတယ်။ ဖုန်းကိုသေချာစစ်တယ်။ ပိုက်ဆံနှစ်ရာပေးပြီး ကိုယ့်ဟာကို တယောက်တည်း သွားဆိုပြီး လွှတ်လိုက်ပါလေရော။

အစကတော့ တယောက်တည်းလွှတ်တယ်ဆိုတော့ အင်းအဲပေါ့။ ကားကဒ်လည်း ပထမ တရက်တည်းက လုပ်ပေးထားတယ်ဆိုတော့ ကားကဒ်ကလေးကိုင်ပြီးတော့ပေါ့။ တခါမှ မရောက်ဖူး တာကို လွှတ်လိုက်တာလေ။

အို ဘာရမလည်း မခံချင်စိတ်အပြည့်နဲ့ အေးဆေး Child Play ဆိုပြီး လစ်တာပေါ့။ ကားပေါ်မှာ တောသားမြို့ရောက် မျောက်ဖြစ်ဆိုသလိုပဲ ကားကဒ်လည်းမထိုးတတ်ဘူး။ ကားသမားက ပြန်ပြ နေရတယ်။ ကားသမားကိုပါးလုံးက ပြောလိုက်တယ်။ ငါပထမဆုံးရောက်တာလို့ ငါ့ကို ဘုရားကျောင်း ရောက်ရင် ရပ်ပေးလို့။ ငါမသိဘူးလို့။ ပြောပြီးတက်စီးသွားလိုက်တယ်။

ဥိးလေးကတော့ မိနစ်၂၀တခါလောက် ဖုန်းခေါ်တယ်။ ဦးလေးတို့နဲ့က ပါးလုံးလည်ပြီးရင် သူတို့သွားမယ့် နေရာမှာချိန်းထားတယ်။ ပါးလုံးက တယောက်တည်း သွားတဲ့အရသာကို ကောင်းကောင်းရသွားလေတော့ တယောက်တည်းပဲ လည်တော့မယ်လို့ ပြောလိုက်တယ်။

အဲ့ဘုရားကျောင်းကိုရောက်တော့ ဓါတ်ပုံတွေရိုက်ပြီး အထဲကိုဝင်သွားတယ်လေ။ အထဲမှာ လည်း ဓါတ်ပုံရိုက်တာပေါ့နော်။ ဆုတောင်းခန်းတွေ ကွာယာခုံတွေ အားလုံးပေါ့နော်။ အပြင်မှာရိုက်တော့ ဓါတ်ပုံက ကြည်နေတာပဲဗျာ။

ဘုရားကျောင်းထဲမှာရိုက်သမျှပုံက ရိုက်နေတုန်းကတော့ သေချာကိုချိန်ရိုက်တာ သေသေချာချာလည်း မြင်ရတယ်။ ဒါပေမယ့် ပုံတွေထွက်လာတော့ အကုန်လုံးက လုံးဝ ဝါးနေတယ်။ ပါးလုံးမရိုက်တတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပြင်မှာ၇ိုက်သမျှ အိုကေပြီး အထဲမှာရိုက်သမျှ ပုံတိုင်းကအဲ့လိုဖြစ်နေတော့ နည်းနည်းတော့ ထူးဆန်းနေတယ်။

ဦးလေးကိုပြောတော့ အထဲမှာ ပုံမရိုက်ခိုင်းဘူးလေတဲ့ မသိဘူးလေလို့ ဘလော့မှာ တင်ချင်လို့ ရိုက်လာတာလို့ သူများလည်း၇ိုက်တယ်လို့ ပြောပြီးရိုက်လာတာ အိမ်ရောက်လို့ဖွင့်ကြည့်တော့ ဘာ မှလည်းမမြင်ရဘူးပဲ။ ပုံတွေကိုတော့ အောက်မှာကြည့်နော်။

အဲ့ဒါနဲ့ ဦးလေးကလည်း သေသေချာချာကို မောင်းလေတော့ အများကြီးအနှံ့လည်ဖြစ်တယ်။ ဒါတောင် ဂျာမဏီခေတ်က ဂျာမဏီတွေကို တိတ်တဆိတ်လက်ခံတဲ့ နော်ဝေတွေကို ခေါင်းဖြတ်သတ်တဲ့ ကျွန်းကို သွားမယ်ဆိုပြီး မရောက်ဖြစ်ခဲ့ဘူး။ သူက သင်္ဘောနဲ့ သွားရမှာလေ။ အဝေးကနေတော့ ရိုက်ခဲ့တယ်လေ။

ဒါနဲ့ သောကြာပြန်ညပြန်ရောက် တနင်္လာနေ့ကျောင်းတက်။ ကျောင်း၃ရက်တက် ပရိုက်စစ် ၂ရက် သွား ဖတ်ဖတ်ကိုမောနေတာပဲ ဒါနဲ့ ဘလော့ဘက်ကို မလှည့်နိုင်ဘူးဖြစ်နေတာ။ အဲ့လိုနဲ့ လှည့်မယ်လုပ်တုန်း နောက်ထပ် ခရီးတခု ထွက်ရပါလေရောဗျာ။ နောက်အပတ်ကျောင်းပိတ်မှပဲ အဲ့ဒီ ခရီးစဉ်က ရခဲ့တဲ့ ဗဟုသုတလေးတွေ ဝေမျှတော့မယ်ဗျာ။

အခုတော့ ပုံလေးတွေ ရှု့စားလိုက်ဦးနော်။

အင်း ဒီဘုရားကျောင်းနာမည်ကတော့ Nidarosdomen လို့ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကတည်းက တည်ရှိခဲ့တဲ့ ဘုရားကျောင်းပါ။ အရှည်က102m ရှိပြီးတော့ အကျယ်က 50m ရှိတယ်။ အမြင့်ကတော့ 21 m တာမြင့်တယ်။ ရိုက်ခဲ့သမျှ အသေးစိတ်လေးတွေကိုရော တင်ပြလိုက်တယ်နော်။ ဓါတ်ပုံကတော့ မရိုက်တတ်ပေမယ့် မျှဝေချင်စိတ်လေးနဲ့ ၇ိုက်ခဲ့တာလေးကို သည်းခံပြီးပဲ ကြည့်ပေးကြပါနော်။






ဒီပုံတွေကတော့ ဘုရားကျောင်း အရှေ့ပိုင်းပါ။


ဒါကတော့ ဘုရားကျောင်း ဘေးကနေ ရိုက်ခဲ့တဲ့ ပုံပါ။






ဒီပုံတွေကတော့ ပါးလုံးပြောတဲ့ ဘုရားကျောင်း အတွင်းပိုင်းထဲမှာ ၇ိုက်တော့ ဝါးနေတယ်ဆိုတဲ့ ပုံတွေပါ။

တစ်ဦးတယောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

(၂) လာမယ်နော်။ တောကလေးပါးလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ နော်ဝေတခွင် ပြဲပြဲစင်သွားတဲ့ အကြောင်းပေါ့ အဟိ။ သြော် စာမရေးတာကြာလို့ အပေါ့အငံ အစပ်အဟပ် မတည့်ရင်လည်း လိုတာသာ ထည့်ဖတ်သွားတော့နော်။ အဟိ။ သည်းခံဖတ်ပေးတာ ကျေးဇူးနော်။




ဆက်ဖတ်ရန်...