Feeds RSS

Friday, September 18, 2009

အပုပ်ချိန်


ပါးလုံးတို့တောင်ငူမြို့မှာ အလယ်ကျွန်းဆိုတဲ့ ရွာလေးတရွာရှိတယ်။ အလယ်ကျွန်းလို့ ဘာလို့နာမည်ပေးလည်းဆိုတော့ စစ်တောင်းမြစ် က တောင်ငူမြို့နားမှာ ကွေ့ကောက်နေတယ်။ အဲ့ဒီကွေ့ကောက်တဲ့ နေရာကနေပဲ မြစ်လက်တက်တခုက ခွဲထွက်သွားတယ်။

အရှေ့ ၂မိုင်ကျော်လောက်ကျမှ သူကစစ်တောင်းမြစ်ထဲကို ပြန်စီးဝင်သွားတယ်။ အဲ့ဒီတော့ မြစ်လက်တက်နဲ့ စစ်တောင်းမြစ်ရဲ့ကြားမှာ ကျွန်းကြီးတကျွန်း ဖြစ်ကျန်ခဲ့တယ်။ အဲ့ဒီကျွန်းပေါ်မှာ ရွာတည်ထားတယ်။ အဲ့ဒီရွာကို အလယ်ကျွန်းရွာလို့ ခေါ်ကြတယ်။

ပါးလုံးအဖေရဲ့ အမျိုးတွေက အလယ်ကျွန်းကပါ။ အဖေက အဲ့ဒီရွာမှာ အခြေချမယ်လို့ ရည်ရွယ်ပြီး ပါးလုံးတို့ ငယ်ငယ်ကတည်းက အိမ်ဆောက်ထားတယ်။ ဒါပေမယ့် ပါးလုံးခြောက်တန်းရောက်မှ အဲ့ဒီရွာကို ပြောင်းနေဖြစ်တယ်။

အဲ့ဒီရွာမှာ သင်္ကြန်မတိုင်ခင်ဆိုရင် အိမ်မိုးလေ့ရှိကြတယ်။ အောက်ပြည်ရွာမှာလို ဓနိမိုး မဟုတ်ဘူးဗျ။ သက်ကယ်တို့ အင်ဖက်တို့ မိုးကြတယ်။ သက်ကယ်ဆိုတာကတော့ မြက်ရှည်တမျိုးပါ။ သူ့ကိုပြန်ကျစ်ရတယ်။ ပါးလုံးတို့ဒေသအခေါ်ဆိုရင်တော့ သက်ကယ်ပစ်တယ်လို့ ခေါ်ကြတယ်။

အဲ့တော့ အိမ်မိုးဖို့အတွက် လေးလေးက သက်ကယ်သွားရိတ်တယ်။ လေးလေးဆိုတာကတော့ အဖေ့ညီမ တဝမ်းကွဲပါ။ တရွာတပုဒ်ဆန်းဆိုသလို အဲ့ဒီရွာမှာ အဒေါ်မှန်သမျှကို လေးလေးလို့ ခေါ်လေ့ရှိကြတယ်။ ပါးလုံးတို့လေးလေး(အဒေါ်)က အေးလည်းအေးတယ်။ တော်ရုံဆိုလည်း သူများအကြောင်း မပြောတတ်ဘူး။



လေးလေးနှစ်တိုင်း သက်သယ်ရိတ်နေကြ သက်ကယ်ခင်းနားမှာ ရဲမိသားစု နေတဲ့ အိမ်တအိမ်ရှိတယ်။ တခါတော့ လေးလေး သက်ကယ်ရိတ်ပြီး ပြန်လာတာ တလမ်းလုံး ပြုံးစိစိ ဖြစ်လာတာတွေ့တယ်လေ။

အိမ်ရောက်တော့လည်း တခုခုကို သဘောကျနေတဲ့ ပုံနဲ့ ဘယ်သူမှ မမြင်ဘူးထင်ပြီး တယောက်ထဲ ကြိတ်ရယ်နေလေရဲ့။ အဲဒီအချိန် ပါးလုံးက မလှမ်းမကမ်းမှာ စာဖတ်ရင်းနဲ့ အကဲခတ်နေမိတယ်။ဒါနဲ့ ပါးလုံးလည်း တီဘူ့ကို တိတ်တိတ်လေး သွားအကြောင်းကြား လိုက်တယ်။

ပါးလုံးတို့မှာ အဒေါ်သုံးယောက်ရှိတယ်။ မာရာ၊ မာဘူ၊ မာပါဆိုပြီးတော့ပေါ။ ကချင်တွေက နာမည်ကို အဲ့လိုပေးလေ့ရှိကြတယ်။ ပါးလုံးတို့က တီရာ၊ တီဘူ၊ တီပါဆိုပြီး ခေါ်ကြတယ်။ အဲ့ဒီအဒေါ်သုံးယောက်ထဲမှာ တီဘူက စာအဖတ်ဆုံး။ ပြီးတော့ ခပ်တည်တည်နဲ့ ဟာသအရမ်းပြော တတ်တယ်။

တီဘူလည်း အိမ်ရှေ့ထွက်လာပြီး အမ နင်ဘာတွေ သဘောကျနေတာလဲ ငါ့ကိုလည်း ပြောပြ စမ်းပါဆိုပြီး မေးတော့ လေးလေးလည်း သူဒီနေ့ သက်ကယ်ရိတ် ရင်းမြင်ခဲ့ရတဲ့ ဟာသလေးတခု ပြန်ပြောပြတယ်။

ဒီနေ့နေ့လည်ဘက်မှာတဲ့ ရဲမိန်းမက အ၀တ်လျှော်ဘို့ အ၀တ်ဇလုံ ကိုင်ပြီး အိမ်ပေါ်က ဆင်းလာတယ်တဲ့ ။လှေကား ၂ ထစ်လောက်ပဲ ဆင်းရသေးတယ် သူဝတ်ထားတဲ့ထမိန်က တံခါးအောက်မှ ခုတဲ့ တုတ်ချောင်းအစထွက်နေတာကို ငြိပြီး အနောက်က ဆောင့်ဆွဲလိုက်သလို ဖြစ်တာပေါ့။ အဲ့ဒါနဲ့ အဲဒီမိန်းမလည်း လှေကားပေါ်က ဇောက်ထိုးကျပါလေရော။

လှေကားက သိပ်မမြင့်တော့ သိပ်ပြဿနာမရှိပေမယ့် အဲ့ဒီမိန်းမ ဒုက္ခရောက်သွားတာက သူ့ထမီက အပေါ်က တုတ်ချောင်းမှာ ငြိကျန်ခဲ့ပြီးတော့ အဲ့ဒီမိန်းမ ထမီမပါပဲ အောက်ကို “ အောင်မလေး” လို့ အော်ပြီး ဇောက်ထိုး ပြုတ်ကျသွားတယ်။

အဲ့မိန်းမလည်း ရှက်ရှက်နဲ့ အိမ်ပေါ် ပြန်တက်ပြေးတာ သူ့မှာကမန်းကတန်း တက်ရလို့ထင်တယ်။ လှေကားသုံးထစ်ပဲ တက်ရသေးတယ် ချော်ပြီးတော့ ပြန်ပြုတ်ကျလာတယ်။ ငါ့မှာ ပြန်ပြုတ်ကျလာတာ ကြည့်ပြီးတော့ တလမ်းလုံးရယ်နေမိတာဆိုပြီး ပြန်ပြောပြတာ ပုံပေါ်လွန်းတော့ ပါးလုံးတို့လည်း ဝိုင်းရယ်ကြတာပေါ့။

အဲ့နေ့ကစပြီး လေးလေးပြန်လာတိုင်း အဲ့ရဲမိန်းမရဲ့ နေ့စဉ်မှတ်တမ်း ဖြစ်ကြောင်းရယ်ကုန်စင်ကို လေးလေးက အိမ်မှာ ပြန်ပြောပြတယ်ဗျ။ လေးလေးပြောဖို့ မေ့နေရင်တောင် တီဘူတို့က ဝိုင်းမေးတယ် သတိတယ ရဲမိန်းမရော ဘယ်လိုလည်း ဆိုပြီးတော့ပေါ့။

အဲ့လိုနဲ့ ပါးလုံးတို့နွေရာသီကျောင်းပိတ်တော့ အဲ့အချိန်က ပဲပေါ်တဲ့အချိန် ပါးလုံးတို့ရွာမှာက အခင်းရှိတဲ့သူတွေက ပဲစိုက်တယ်။ နှမ်းစိုက်တယ်။ ပဲဆိုတာကတော့ မြေပဲပါ ဆီချက်တဲ့ မြေပဲ။ ပြုတ်စားတဲ့ သုံးစစ်ပါတဲ့ မြေပဲမဟုတ်ပါဘူး။ သူက နှစ်ဆစ်ပဲပါတယ်။

အဲ့လို ပဲပေါ်ချိန်ဆိုရင် ပဲနှုတ်တဲ့သူက နှုတ်ကြတယ်။ ပါးလုံးတို့ကတော့ ပဲခြွေတယ်။ ပဲခြွေတယ် ဆိုတာကတော့ ပဲပင်ကပဲကို ခြွေရတာပေါ့နော်။ ပြီးမှ ဆီပြန်ကျိတ်တဲ့ဆီကို ပို့ကြရတယ်။ ပဲခြွေ တယ်ဆိုလို့ အိမ်ကပဲကို ခြွေတယ်တော့မထင်နဲ့နော်။

အိမ်ကပဲကိုခြွေရင် သေချာတာက မုန့်ဖိုးမရဘူးဗျ။ အိမ်ကပဲက ဘယ်အချိန်ခြွေခြွေရတယ်လေ။ သူများအခင်းမှာ ခြွေတာက ညဘယ်ခြွေလို့ရပါ့မလည်း။ ပြီးတော့ တပြည်ကို ဘယ်လောက်ဆိုပြီးတော့ ပဲခြွေခရတယ်လေ။

အဲ့တော့ ပါးလုံးတို့ ညီမတွေရယ် ပါးလုံးအဒေါ်(တီဘူ) ကျောင်းဆရာမရယ်။ သူကလည်း ကျောင်းပိတ်တော့ ပဲလိုက်ခြွေတယ်ဗျ။ ပါးလုံးတို့မနက်ဆို အစောကြီးထပြီးတော့ ထမင်းချိုင့်ရေဘူး၊ မုန့် ယူပြီး သွားကြတယ်။ ဒါမှ နေရာကောင်းကောင်းဦးပြီး ပဲထုံးကောင်းကောင်းရမှာကိုး။ပဲနှုတ်တဲ့သူက နှုတ်ပြီး အထုံးလေးတွေ ထုံးသွားတယ်လေ။ ဥတဲ့ပဲထုံးရမှာသာ တွက်ခြေကိုက်မှာ မဟုတ်လား။ ဒါမျိုးကတော့ ကြာသလားလို့လာထား ဝိရိယက ကောင်းသလား မမေးနဲ့။

အိမ်ကပဲကိုတော့ ပါးလုံးတို့ ညကျမှ ခြွေကြတယ်။ အဲ့လိုနဲ့ ပါးလုံးတို့ ပဲခြွေနေရင်းနဲ့ တနေ့ကျတော့ မိန်းမတယောက် အဲ့ဒီအိမ်ကို လာတယ်ဗျာ။ သူ့ကိုတခါမှလည်း မမြင်ဖူးဘူး။ ဒါပေမယ့် ပါးလုံးအမကတော့ လေးလေးကပြထားတော့ သူကမြင်ဖူးနေတယ်။ ဒါနဲ့ ပါးလုံးအဒေါ်ကို တီဘူ အဲ့ဒါ လေးလေးပြောတဲ့ ရဲမိန်းမလေ ဆိုပြီးတော့ ပြောတော့ တီတီက အေးအသာနေတဲ့ နင်တို့ မရယ်နဲ့နော်တဲ့။

သူဘာလုပ်မယ်တော့ မသိဘူးလေ။ ဒါပေမယ့် အဲ့မိန်းမကိုမြင်တော့ အိမ်ပေါ်က ပြုတ်ကျတာကို မြင်ယောင်ပြီး ရယ်ချင်မိတာတော့ အမှန်ပဲဗျ။ အဲ့လိုနဲ့ အဲ့မိန်းမကလည်း ကံပဲကောင်းတာလား ကံပဲဆိုးတာလားတော့ မသိဘူး။ ဆိုက်ဆိုက်မြိုက်မြိုက် ပါးလုံးတို့ နားမှာ ပဲလာထိုင်ခြွေတယ်။

ပါးလုံးတို့နဲ့ ပဲခြွေလိုက်လာတာက လေးလေးပြောပြသမျှကို အစအဆုံး ကြားထားတဲ့ တီဘူ။ အဲ့ဒီရဲမိန်းမကလည်း တီဘူ့ကို မမြင်ဖူးသလို တီဘူကလည်း ရဲမိန်းမကို မမြင်ဖူးဘူး။ ပါးလုံးတို့ အိမ်ကလူတွေက သူများအိမ် မလည်တတ်ကြဘူး။ ကျောင်းသွား ရုံးသွား။ အိမ်အလုပ်လုပ် ဒါပဲလေ။ အဲ့တော့ အိမ်ကဒီအဒေါ်တွေကိုလည်း တော်ရုံဆို သိပ်မသိကြဘူးဗျ။

အဲ့လိုနဲ့တီဘူက အဲ့မိန်းမကို စိုက်ကြည့်ပြီးတော့ အာရုံခံနေတဲ့ပုံစံနဲ့ ကျမ မြင်နေတယ် မြင်နေတယ် ဆိုပြီးတော့ ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်။ တီဘူ့ရဲ့ ရေရွတ်သံလည်း ကြားရော ဟိုမိန်းမက တီဘူ့ကို ကြည့်တယ်။ နောက်တော့တီဘူက “အမ အမမှာလည်း ပူပင်သောကတွေနဲ့ပါလားနော်” ဆိုပြီးတော့ ပဲဆက်ခြွေနေတယ်။

အဲ့တော့ ဟိုရဲမိန်းမကလည်း ပဲဆက်မခြွေပဲ တီဘူ့ဘက်လှည့်လာတယ်။ တကယ်လည်း ရဲမိန်းမက အိမ်ထောင်ရေး အစဉ်မပြေဘူးဗျ။ လေးလေးပြောပြထားလို့ သိတာလေ။

အဲ့ဒါနဲ့ ရဲမိန်းမက မျက်လုံးလေး ပြူးပြီးတော့ ကြည့်တယ်။ ပါးလုံးအမကတော့ ရယ်ချင်တာ မထိန်းနိုင်လို့ ထထွက်သွားတယ်။ ပါးလုံးကတော့ ပဲကိုကျောပေးပြီး ခြွေနေလိုက်တယ်။ မျက်နှာမြင် ရင်ရယ်ချင်တာကိုး။ ပိုးမသတ်နိုင်ရင် တီဘူ့အကွက်တွေ အလကားဖြစ်ကုန်မှာပေါ့။ ဒါမျိုးဆို တူဝရီး တွေ အတိုင်အဖောက်ညီတယ်ဗျ။

တီဘူက ဆက်ပြောတယ်။ အမအမျိုးသားက ဝန်ထမ်းတဲ့ အပွင့်လည်း ၂ပွင့်တွေ့တယ်တဲ့။ ဟိုမိန်းမ မျက်လုံးပိုပြူးသွားတယ်။ နောက်တော့ အမမှာ ကလေး၂ယောက်ရှိတယ်တဲ့။ အမယောက်ျားက အင်္ဂါသားတဲ့။ အဲ့ဒီအင်္ဂါသားဆိုတာကတော့ ရမ်းတုတ်တာ မှန်သွားတာဗျ။ သူကဘာနေ့သားလည်း မသိပဲ ရမ်းတုတ်တာ။

ဟိုမိန်းမ အ၇မ်းကိုအံ့သြနေတာ ပဲတောင်ဆက်မခြွေနိုင်တော့ဘူး။ တီဘူက စကားတခွန်ပြောလိုက် မြင်နေတယ် မြင်နေတယ် ပြောလိုက်နဲ့ နောက်တော့ အမ အမြင့်တနေရာကလည်း ပြုတ်ကျဖူး တယ်တဲ့။ အဲ့တော့ ရဲမိန်းက ငြင်းတယ်လေ။ မကျဖူးပါဘူးတဲ့။

တီဘူက သေချာစဉ်းစားနော် မြင်နေတယ်။ အရှက်တကွဲပဲတဲ့။ ဒါပေမယ့် အမကံကောင်းတာက ဘယ်သူမှမမြင်လိုက်ဘူးတဲ့။ ထမီကတန်းမှာကျန်ခဲ့ပြီး အမပြုတ်ကျတာတဲ့ ပြီးတော့မှအမ ဘယ်သူမြင်လည်းလို့ ဟိုဒီကြည့်ပြိးတော့မှ အပေါ်ကို ပြန်ပြေးတက်ပြီးတော့ ထမီပြန်ဝတ်တာတဲ့။ မြင်နေတယ်နော် သေချာတယ် မြင်နေတယ်ဆိုတော့ ဟိုမိန်းမက သေချာစဉ်းစားပြီးတော့ မှတ်မိပြီ ကျမ လှေခါးထစ်က ပြုတ်ကျတယ်ဆိုပြီး ပြန်ပြောတယ်။

အဲ့လိုနဲ့ လေးလေးပြောပြထားသမျှကို မှင်သေသေနဲ့ တီဘူက ရွှီးနေတာ ဟိုမိန်းမကလည်း ပါးစပ်ထဲကို ယင်ဝင်ဥရင် တော်တော်ဥရမယ်။ ပါးစပ်ကို ဟလို့။ နောက်တော့ လေးလေးပြောပြထားသမျှကို သူကခပ်တည်တည်နဲ့ ပြော။ နောက်ဆုံး သူပြောစရာက ကုန်သွားပြီလေ။ လေးလေးပြောထားတာတွေ အကုန်ပြောလိုက်ပြီကိုး။

အဲ့တော့ တီဘူတယောက် အသက်ကိုဖြေးဖြေးလေး ပြန်ရှုတယ်။ ဟိုရဲမိန်းမက ဆက်မေးတယ်။ ကျမ ဘာတွေဆက်ဖြစ်မလည်း ပြောပြပေးပါတဲ့။ ဟောပေးပါ ဆရာမရယ် တဲ့ ဆရာမပြောတာ တွေမှန်လွန်းလို့ပါတဲ့။ တီဘူက ကျောင်းဆရာမမှန်း သိလို့ ဆရာမလို့ ခေါ်တာမဟုတ်ပါဘူး။ သူရည်ညွှန်းတဲ့ ဆရာမဆိုတာကတော့ ဗေဒင်ဆရာမကို ရည်ညွှန်းတာပါ။

တီဘူက အဲ့ဒါနဲ့ နာရီကို တချက်ကြည့်လိုက်တယ်။ ပြီးတော့မှ အမတဲ့ အခုက ၃နာရီဆိုတော့ အပုပ်ချိန်ရောက်သွားပြီတဲ့ အဲ့တော့ ကျမဟောလည်း မှန်ချင်မှမှန်တော့မယ်တဲ့။ ပြီးတော့ ဒီနေ့က အင်္ဂါနေ့ဆိုတော့ ဗုဒ္ဓဟူးနေ့မှာ နတ်သဘင်အစည်းအဝေး ရှိတယ်တဲ့။ နတ်တွေက မနက်ဖြန် အတွက် ပြင်ဆင်နေတော့ မအားကြဘူးတဲ့။

အမနဲ့သာ စောစောတွေ့ရင်တော့ ဆက်ဟောလို့ရတယ်တဲ့။ အခုတော့ အပုပ်ချိန် ရောက်သွားပြီတဲ့လေ။ အဲ့မိန်းမကတော့ တီဘူ့ကို ကျေးဇူးတွေတင်နေတာ။ မှန်လွန်းလို့တဲ့။ တီဘူ့ကို နောက်နေ့တွေ့ချင်တယ်တဲ့လေ။ စောစောလာပါ့မယ်တဲ့။ တီဘူတယောက် နောက်နေ့တော့ ပဲသွားမခြွေတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ရဲမိန်းမ ဘာဆက်ဖြစ်မလည်း သူမသိတော့လို့ပါ။


အဲ့နေ့က အဲ့မိန်းမ သူခြွေနေတဲ့ ပဲကို ဆက်မခြွေတော့ပဲ ပြန်သွားတယ်။ သူခြွေထားတာကိုလည်း တီဘူ့တောင်းထဲ ထည့်ပေးသွားတယ်။ ကံကောင်းတာက တီဘူက အပုပ်ချိန်နဲ့ ကိုင်ပေါက်လိုက်ပေလို့ပေါ့။ မဟုတ်ရင် အလိမ်တွေ ပေါ်ပြီး တခုခုဖြစ်တော့မှာသေချာတယ်။ ကံဆိုးရင်တော့ နပန်းတောင် ထလုံးနိုင်တယ်ထင်တယ်။

တဦးတယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစား ကျေးဇူးတင်လျှက်
ညီမလေး ပါးလုံး





ဆက်ဖတ်ရန်...

Friday, September 11, 2009

ဝက်မြီး ဘယ်လိုဖမ်းရပ



သြော် ရေးမယ်ဆိုမှပဲ ဘယ်လိုစရေးရပါ့။ အင်းပါးလုံး ခရီးထွက်တဲ့အကြောင်းလေး ကပဲ ဆက်ပြောမယ်နော်။ လီလီဟန်းမားပြီးတော့ အမှန်ဆို အိမ် ပြန်ရမှာကို ခရီးကမထွက်ချင်ရှာဘူးဆိုတော့ မပြန်ပဲ ခြေစကြာဖြန့်လိုက်တယ်ဗျာ။ အဲ့ဒါ ဘယ်ထိ ရောက်သွားလည်းဆိုတော့ Oslo ထိရောက်သွားတယ်။ Oslo ဆိုတာကတော့ နော်ဝေနိုင်ငံရဲ့ မြို့ တော်ပါ။

အဲ့မြို့ကို ရထားစီးပြီးသကာလ ချီတက်တယ်ဆိုပါတော့။ မသွားခင် ညကတည်းက လာလည်မယ့် အကြောင်း ပါးလုံးဦးလေးဆီကို ဖုန်းဆက်ထားပါတယ်။ ဦးလေးမိန်းမက လာကြိုမယ် ပြီးတော့ ဘယ်မှာစောင့်မယ် ရထားစထွက်တာနဲ့ ဖုန်းဆက်ဆိုပြီးတော့ သေချာကို မှာပါတယ်။

ပါးလုံးရဲ့မကောင်းတဲ့ အကျင့်ကတော့ ဖုန်းကို လူတခြား ဖုန်းတခြားထားခြင်းပါ။ တခါတလေ အိတ်ထဲ ဒီအတိုင်း ပစ်ထည့်ထားပြီးတော့ ဖုန်းလာခါမှ လိုက်ရှာတော့ အသံကကြားပြီး ဖုန်းကို မတွေ့ အဲ့ဒါမျိုးက အကြိမ်မရေတွက်နိုင်ပါဘူး။ ဦးလေးမိန်းမကလည်း ဖုန်းကိုခဏခဏကို ခေါ်ပါတယ်။ စိတ်ပူလို့ပါ။

အဲ့လိုနဲ့ Oslo မြို့ကြီးကို ရောက်သွားရော ဦးလေးမိန်းမက ဖုန်းခေါ်တယ်။ ပါးလုံးကလည်း ရထားပေါ်ကဆင်းပြီးတော့ အေးဆေးလာတာ။ ပြီးတော့ အပြင်လည်း ထွက်ရော ဖုန်းကမြည်လာပါလေရော။


ဖုန်းကိုရှာတာ ဘယ်လိုမှမတွေ့ဘူး အိတ်ထဲက ပစ္စည်းတွေ ဆေးပုလင်းတွေ အကုန်မှအကုန် ထုတ်ရတယ်ဗျာ တခုချင်းစီ အသံကကြားပြီးတော့ ဘယ်လိုမှ ကိုင်မရဘူးလေ။ အဲ့ဒါနဲ့ ဟိုကလည်း ဆက်တိုက်ခေါ် နောက်ဆုံး လူတွေကလည်း လှည့်ကြည့်တယ်လေ။ ကြည့်ပေမပေါ့ အပေါက်ဝထိတ်မှာ ကြမ်းပြင်ပေါ် ပစ္စည်းတွေပုံချပီးတော့ ဖုန်းရှာပုံတော်ဖွင့်နေတာလေ။

အဲ့တော့မှ တကယ့်ကိုလမ်းဆုံက ဂျမ်းပုံတော့မဟုတ်ဘူး။ ကြမ်းပုံဖြစ်နေပြီလေ။ တွေ့လည်းတွေ့ ကိုင်လည်း ကိုင်လိုက်ရော အဆူခံရပါလေရော ဆူရင်လည်းဆူချင်စရာလေ ၁၂ခါမကဘူး ခေါ်ထားတာ။ အခုတော့ ဖုန်းတခြားလူတခြားမဖြစ်တော့ပါဘူး။ ဦးလေးကပြောတယ်။ ဖုန်းက ခွေးလိုက်ဆွဲရင် ခွေးခေါင်းပစ်ပေါက်ဖို့မဟုတ်ဘူးတဲ့ အရေးကြီးလို့ခေါ်ရင် ကိုင်ဖို့တဲ့။ အခုတော့ ဖုန်းကို အနားမှာပဲထားပါတော့တယ်။


အဲ့နေ့က အိမ်ကိုမခေါ်သွားခင် အာရှဆိုင်ကိုအရင်ခေါ်သွားတယ်။ ပါးလုံးဘာစားမလည်း ဘာစားချင်လည်းဆိုပြီးတော့။ ပါးလုံးတို့ကံကောင်းပုံများ အရင်ဆုံးလိုက်ရှာတာက ဂျယ်လီ တထုတ်မှကို မတွေ့ဘူး။ အဲ့ဒါနဲ့ အသီးအရွက်ကြိုက်တဲ့ပါးလုံး မြင်းခွာရွက်ရယ် ကန်စွန်းရွက်ရယ် တောင်းဆိုလိုက်တယ်။

ပါးလုံးကို လာကြိုတော့ ဦးလေးရဲ့ သားလည်းပါတယ်။ သူကတော့ အိပ်ပျော်နေလေရဲ့ လှည်းလေးထဲမှာ။ အဲ့တော့ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိသေးဘူးပေါ့ဗျာ။ ကိုယ့်အကြောင်းကတော့ သူဘယ်သိပါ့မလည်း ကလေးက ၉လပဲရှိသေးတာကိုး။ ၉လဆိုလို့ အထင်တော့မသေးလိုက်နဲ့နော် ဟဲဟဲ။

အဲ့လိုနဲ့ ပါးလုံး အဲ့နေ့ကစပြီးတော့ လည်တယ်။ ရေပေါ်မှာဆောက်ထားတဲ့ အဆောက်အဦးတွေဆီ ရောက်တယ်။ နောက်နိုဘယ်ဆုပေးတဲ့ နေရာ။ ဘုရင့်နန်းတော်ရှေ့။ ကျောင်းပြေးပြီးလည်လို့လား မသိဘူး အရသာတော်တော်ရှိတယ်။ ပြန်ရောက်မှသာ ကွန်မြူးရုံးက ခေါ်အဆူခံရတာအဟိ။ နောင်ခါလာနောင်ခါဈေးပေါ့။

အဲ့လိုဦးလေးမိန်းမက စားချင်တာကိုလည်း ချက်ကျွေးသလို သွားချင်တဲ့နေရာကိုလည်း အစုံလိုက်ပို့ ပေးတယ်။ နောက်တော့ ကိုယ်လုံးတီးပန်းခြံကိုလည်း ရောက်သေးတယ်ဗျ။ ကိုယ်လုံးတီးပန်းခြံလို့ ခေါ်ရတဲ့ အကြောင်းကတော့ ပန်းခြံထဲမှာ ရုပ်ထုတွေချည်းပဲ။ ဟိုး ဗိုက်ထဲကနေစပြီးတော့ အသက်ကြီး အဖိုးကြီး အဖွားကြီးအရွယ်အထိ လူတွေရဲ့ စိတ်ဓါတ်မျိုးစုံ ကို ရုပ်ထုထုထားတာ။ အကျီမပါဘူးဗျ ကိုယ်လုံးတီးချည်းပဲ။ ဒါကြောင့် ဗမာတွေကခေါ်လိုက်တယ် ကိုယ်လုံးတီးပန်းခြံ လို့လေ။

ပါးလုံးပုံတွေ ရိုက်ခဲ့တယ်။ ပုံတွေနဲ့လည်း ပြန်ပြောပြမယ်နော်။ အဲ့လိုလည်ပတ်ပြီး ပြန်လာတဲ့အချိန် ကျမှသိလိုက်တာက အဲ့ဒီ ကိုးလဆိုတဲ့ ကလေးအကြောင်း အရင်ကတော့ လိုင်းပေါ်မှာ စကားပြော ရင်သူတို့သားအကြောင်းပြောပြရင် အဲ့လောက်ထိလို့မထင်ဘူးဗျာ။ အခုတော့ ပါးလုံးတို့ကိုယ်တွေ့။

ပါးလုံး ငြိမ်ငြိမ်မနေလှဘူးလားမှတ်တယ်။ သူ့ကိုမြင်တော့ မျောက်အရှုံးပေးတာတော့ မဟုတ်ပါဘူး။ ပါးလုံးအရှုံးပေးလိုက်တာ။ သူတခုခုကို ဆွဲလို့ သူ့အဖေလှမ်းဆွဲလိုက်တာနဲ့ လက်နဲ့မမှီရင် ခြေထောက်နဲ့ ရအောင်ကုတ်ယူတယ်။ အဲ့တော့သူ့ထဲမှာ တခုမဟုတ်တခုက ပါလာပါလေရော။

အဲ့ဒါတနေ့ကျတော့ သူ့အမေနဲ့သူ အတူတူအိပ်နေရာကနေ သူ့အမေက မနိုးသေးပဲ သူအရင်နိုးလာ ပါလေရော။ သူ့အမေလည်းနိုးရော ကွန်ပျူတာက အေးချမ်းမေဖြစ်နေပြီ။ Web Cam လည်း သုံးစားမရတော့ဘူး နားကြပ်ကလည်းသီချင်းဆိုနေလေရဲ့ “ ဒီမှာတို့တစစီကြိုးပဲ့ခဲ့ပြီနော် ” တဲ့။ အဲ့ဒါ လမ်းမလျှောက်တတ်သေးပါဘူး။

ပါးလုံးကို မေးတယ် ဦးလေးမိန်းမက ကဲပါးလုံးနင်ပြောတယ်နော်။ ကလေးမှန်သမျှ ပါးလုံးစည်းရုံးလို့ မရတာ မရှိသေးဘူးလို့လေတဲ့။ ဘာလို့လည်းဆိုတော့ ပါးလုံးသူ့ကိုငုတ်တုတ်ပဲ ထိုင်ကြည့်နေနိုင် တော့လို့ပါ။ နောက်တချက်က ဘယ်လိုစည်းရုံးမလည်း သူက စကားလည်းမပြောတတ်သေးဘူး ကိုး။

အင်းစကားမပြောတတ်သေးဘူးဆိုလို့ အထင်တော့မသေးလိုက်လေနဲ့ သီချင်းကို သူ့ဟာသူဆိုပြီး သူ့ဟာသူသိပ်တာဗျာ။ သီချင်းလေးတအေးအေးနဲ့ အိပ်တာဗျ။ ဘာမှတ်လည်း။ ပါးလုံးတောင် တော်တော်အံ့သြသွားတယ်။ တစက်ကလေးမှကို အငြိမ်မနေတာ အဲ့လိုဆိုတော့ သူ့အဖေနဲ့ အမေက ထမင်းလည်း လက်ဆုံမစားနိုင်ရှာဘူး။ တယောက်တလှည့်ထိန်းရင်းပေါ့လေ။

ကိုယ်ဝန်လွယ်ထားတဲ့အချိန် မျောက်ကြည့်မိရင် ကလေးက အရမ်းဆော့ တယ်ကြားဖူးတယ်လေ။ ဒါနဲ့ စဉ်းစားမိတယ်။ သူ့အမေက မျောက်ကိုကြည့်ရအောင်လည်း မဖြစ်နိုင်ပါဘူးပေါ့။ မင်းစစ်ငြိမ်းကို တော့ တကယ်မနိုင်ဘူးနော်လို့လည်းပြောလိုက်ရော သူ့အမေက ဘယ်နိုင်မလည်းတဲ့ ငါသူ့ကိုယ်ဝန်နဲ့တုန်းက စားချင်တာက ဝက်မြီးနဲ့ ငါးချဥ့်တဲ့လေ။

ဝက်မြီးနဲ့ ငါးချဥ့်ကို ဘယ်လိုစားချင်မှန်းမသိဘူးတဲ့။ သူအဲ့ဒါကိုစားချင်လို့ ပါးစပ်က သရေတောင် ထွက်တယ်ဆိုပဲ။ သြော် ဝက်မြီးဆိုတာကလည်း အငြိမ်မှမနေပဲ။ ငါးချဥ့်ပါပေါင်းလိုက်တော့ အေးရော။ မျောက်ပါကြည့်မိရင်တော့ မတွေးရဲတော့ဘူး။ ကလေးက ဆော့လည်းဆော့သလို ဥာဏ်လည်းကောင်းတယ်။

အဲ့လိုဆိုတော့ သူတို့သားလေး ဆော့လွန်းလို့ ဖျက်စီးလွန်းလို့ဆိုပြီးတော့ ညည်းမယ်တော့ မထင်နဲ့နော်။ ပါးလုံးအဲ့အိမ်ရောက်တော့ ဦးလေးကို ဟ ငါ့ဦးလေး တီဗီက ဖလပ်ပြားကြီးနဲ့ပါလား မိုက်တယ်ဆိုတော့ ပါးလုံးရေတဲ့ ငါလည်းရှိလို့မဟုတ်ဘူးဟ မင်းစစ်ငြိမ်းက သူများအိမ်သွားလည် တော့ အဲ့ဒီတီဗီကိုမြင်ပြီး မထတော့ဘူးတဲ့ ခေါ်တော့ ငိုတယ်တဲ့ အဲ့ဒါနဲ့ နောက်နေ့ သူအလုပ်လုပ် ပြီးရှာထားသမျှ ပိုက်ဆံအကုန်နဲ့ သွားဝယ်ပေးလိုက်တာတဲ့။”

သြော် ဒီလိုဆိုတော့ စကားမပြောတတ်တဲ့ သားလေးက အမူအရာနဲ့တောင်းဆိုတာကိုတောင် လိုက်လျှောပေးချင်တဲ့ ဖခင်တယောက်ရဲ့ မေတ္တာကို ပါးလုံးခံစားလိုက်ရတယ်။ အဲ့လိုဆိုတော့ မင်းစစ်ငြိမ်းအမေကလည်း တားမယ်ထင်လား။ ဈေးဒီလောက်ကြီးတာ မဝယ်နဲ့လို့မတားတဲ့ အပြင် ပါးလုံးနဲ့ သွားတဲ့လမ်းတလျှောက် ငါ့သားလေးအတွက် ငါ့သားလေးအတွက်နဲ့ကို နေတာပဲ။

သြော် ဒီလိုဆိုတော့ လင်မယားနှစ်ယောက်လုံး သားကိုပဲကြည့်တယ်ထင်ဦးမယ်။ အဲ့တီဗီကြီးရဲ့ဘေးမှာ စာအုပ်စင်ကိုတွေ့တော့ ပါးလုံးက ပါးလုံးလည်း စာအုပ်တွေအတွက် စင်ဝယ်ရမယ်လို့ ပြောတော့ အဲ့စာအုပ်စင်က ရာဇဝင်နဲ့ဆိုပဲ။

စာအုပ်စင်က အကြီးကြီးဗျာ။ အဲ့ဒါကို သူ့မိန်းမက အိမ်မှာစာအုပ်တွေပွနေတာပဲ စာအုပ်စင်ကို ဒီနေ့ပဲ လိုချင်တယ်ဆိုပြီး ပူဆာတာနဲ့ အဲ့စာအုပ်စင်ကို ကျောင်းကအပြန် ဝင်ဝယ်ပြီးတော့ ထမ်းလာတယ်တဲ့လေ ဘတ်စ်ကားပေါ်မှာ လူတွေကလည်း သူ့ကိုတောင်ကြောက်ကြတယ်တဲ့ ဘယ်အချိန်သူတို့ခေါင်းပေါ် ဒီစင်ကြီး ပြုတ်ကျမလည်းဆိုပြီးတော့တဲ့လေ။ ဒီနိုင်ငံမှာ အဲ့ဒါမျိုးထမ်းပြီး သွားတဲ့သူမှ မရှိတာကိုး။ မအားတဲ့ကြားက မိန်းမက ပူဆာတော့လည်း လုပ်ပေးတာပဲ။

မိန်းမကလည်း ချစ်လိုက်ပုံများ ဈေးသွားဝယ်ရင်းနဲ့ နေဦး ငါ့ယောက်ျား ဒါတော်တော်ကြိုက်တယ် ဆိုပြီး အပြေးကလေးကို သူ့ယောက်ျားကြိုက်တာတွေ ဝယ်ကျွေးတယ်ဗျာ။ ညဆိုတော့လည်း ရယ်စရာတွေပြော ပါးစပ်ကို မစေ့ရဘူး။ တယောက်ကို တယောက်ညှာရင်း ချစ်ရင်း ဖြည့်ဆည်း ပေးရင်းနဲ့ ဒီမိသားစုဆီရောက်သွားတော့ ပါးလုံးတော်တော်လေးကို လူသစ် စိတ်သစ် ဖြစ်လာ ပါတယ်။

ဘာလို့လည်းဆိုတော့ ပါးလုံးနော်ဝေကိုရောက်ကတည်းက မိုးလင်းလာရင် ကျောင်းသွားဖို့ပြင်မယ် အချိန်ရရင် စာနည်းနည်းကြည့်မယ်။ ကျောင်းတက်မယ် ပြန်လာမယ်။ ဈေးဝယ်မယ်။ ပြန်ရောက်ရင် ကွန်ပျူတာ နည်းနည်းကိုင်မယ်။ ညစာပြင်မယ်။ စားမယ်။ တခါတလေ ဘလော့လည်မယ်။ စာကြည့်မယ်။

အခန်းရှင်းမယ်။ ဒီလိုနဲ့ လိမ့်ပတ်လည်နေတာ။ အမြဲတမ်း ဘာလုပ်လုပ် သီချင်းလေးတအေးအေးနဲ့ လုပ်တတ်တဲ့ပါးလုံး သီချင်းဆိုဖို့တောင်မေ့နေတယ်။ ဒီရောက်ပြီးကတည်းက။ သူငယ်ချင်းတွေနဲ့ အရင်ဆို ဖုန်းပြောဖြစ်ပေမယ့် ကြာလေ သူတို့ကဖုန်းခေါ်ပါပြောရင်လည်း မခေါ်ဖြစ်သလို သူတို့ဖုန်းခေါ်ရင်လည်း ငါမအားလို့နော်။ နောက်တော့ ပြန်ဆက်လိုက်မယ်ဆိုပြီး ဖြစ်လာတယ်။

လူတွေနဲ့ စကားပြောဖို့တောင် မေ့နေတာလား။ ဘာဖြစ်တာလည်းတော့မသိဘူး။ ပြောင်းလည်းလာတယ်။ လူက တိတ်ဆိတ်လာသလိုဖြစ်လာတယ်။ အဲ့တော့ ကြာလာတော့ လူက စက်ရုပ်လိုများ ဖြစ်နေသလားမသိဘူး။ တခါတလေ လမ်းလျှောက်တာကို လျှောက်တယ် ဆိုတာတောင် မေ့နေတတ်တယ်။ စိတ်ညစ်ရင်လည်း ငိုဖို့မေ့နေသလို ပျော်ရင်လည်း ရယ်ဖို့မေ့တတ်တယ်။

အဲ့လိုဖြစ်နေတဲ့ပါးလုံး အဲ့အိမ်ရောက်သွားတော့ တခါမှ မရခဲ့ဖူးတဲ့ မေတ္တာ ဆက်ဆံမှုတွေ ရခဲ့တယ်။ ပါးလုံးအဒေါ်တွေ အဖွားတွေက ပါးလုံးတို့ကို အရမ်းချစ်တယ်။ ဒါပေမယ့် ရုန်းကန်မှုတွေကြားမှာ နူးနူးညံ့ညံ့ဆိုတာကိုတော့ ဆက်ဆံမခံခဲ့ရဘူး။ မနက်ဆို ဘယ်သူမှု မနှိုးခင် ကိုယ့်ဟာကို ထခဲ့ရတယ်။

နှိုးခြင်းမခံခဲ့ရဘူး။ အဲ့အိမ်ရောက်တော့ အရမ်းပင်ပန်းလို့ နေ့ခင်းအိပ်ပျော်သွားတော့ ပါးလုံးရေ ထတော့ဆိုပြီး ည အိပ်မရပဲနေလိမ့်မယ်ဆိုပြီး မေထက်က ဆံပင်လေးသပ်ပြီးလာနှိုးတော့ ကြည်နူးမိတယ်။ တခါမှ ဒါမျိုး အနှိုးမခံရဖူးပဲကိုး။ ဆုံးမစရာရှိတာကို အေးအေးဆေးဆေး ဆုံးမသလို ပြောစရာရှိတာကိုလည်း အေးအေးဆေးဆေးပြောပြသွားတယ်။

ပါးလုံးပြန်လာတဲ့ လမ်းတလျှောက်မှာလည်း တလမ်းလုံး ပါးလုံးကိုဖုန်းခေါ်တယ်။ ဖုန်းကိုင်နော် ဆိုပြီးတော့လည်း တတွတ်တွတ်မှာတယ်။ မိဘက သားသမီးကို စိတ်ပူတဲ့ ခံစားချက်ကို ပါးလုံးခံစားလိုက်ရတယ်။ ပါးလုံးအဖေကတော့ ပါးလုံးကိုစိတ်ပဲချတာလား ယုံပဲ ယုံကြည် တာလားတော့ မသိဘူး။ ခရီးစထွက်ပါပြီဆိုကတည်းက ဖုန်းကလေးတချက်တောင် မခေါ်ဘူး။

ပါးလုံးပြန်ရောက်တော့ ကြိုးစားချင်စိတ်တွေ ပိုများလာတယ်။ မေတ္တာဆိုတဲ့ အရာနဲ့ ကင်းကွာရင် လူဆိုတာ စက်ရုပ်တရုပ်လို ဖြစ်လာတတ်ပါလားဆိုတာလည်း သိလာတယ်။ အင်း ဒါနဲ့ပဲ အရစ်က တော်တော်ရှည်သွားပြီ။


အဲ့ဒါနဲ့ နောက်နှစ်နွေရာသီ ပါးလုံးတို့စပိန်အတူတူ သွားကြမယ်တဲ့ ပြောဖြစ်ရော။ နောက်တော့ ပါးလုံးလည်း လည်ပြီးပတ်ပြီး အိမ်ပြန်ရောက်တော့ ဦးလေးက လိုင်းပေါ်မှာပြောတယ်။ ပါးလုံးတဲ့ ဝက်မြီးကို နိုင်အောင်ထိန်းနိုင်ရင် နွေရာသီ ခရီးစရိတ်ကို သူခံမယ်တဲ့။ ကဲ ဒီဝက်မြီးကို ဘယ်လိုဖမ်းရမလည်း။ ပါးလုံးလည်း မစဉ်းစားတတ်တော့ပါဘူး။

အခုတော့ ပါးလုံးတယောက် ရည်မှန်းချက် တခုတိုးလာပါပြီ။ အဲ့ဒါကတော့ တခြားမဟုတ်ဘူး။ တနေ့တနေ့ ဝက်မြီး ဘယ်လိုဖမ်းရပဆိုတာကိုပဲ တွေးနေမိတယ်။
အကိုတွေအမတွေလည်း စာလေးဖတ် ပုံလေးကြည့်ပီး ဒီအတိုင်းတော့ ပြန်မသွားနဲ့နော်။ ဝက်မြီးဖမ်းဖို့လည်း ကူစဉ်းစားပေးကြဦး ဒါမှနောက်နှစ် ပို့စ်အသစ်အဆန်းလေးတွေ တင်လို့ရမှာဗျ။
ပုံတွေကို နှိပ်ပြီးတော့ အကြီးချဲ့ကြည့်ရင်လည်း အစဉ်ပြေပါတယ်။

ဒါကတော့ နေရှင်နယ် သီရေတာရဲ့ ဘေးဘက်က အရုပ်သုံးရုပ်ပါ။ သူတို့က နာမည်ကျော် ပြဇာတ်သမားတွေပေါ့။



သူတို့တွေချည်း ၇ိုက်ခဲ့တဲ့ ပုံကလည်း မရှိ သူငယ်ချင်းတွေကိုလည်း ဗဟုသုတကလည်း ဖလှယ်ချင်ဆိုတော့ ဒီလိုပဲတင်လိုက်ပါတယ် ခွင့်လွှတ်ပေးကြပါ။

ဒါကတော့ လွှတ်တော်ရုံးပါ။

ဒါကလည်းအတူတူပဲ ဟိုဘက်ဒီဘက် စုံအောင်ရိုက်ထားတာပါ။

ဒါကလည်း နေရှင်နယ်သီရေတာကို ၇ိုက်ထားတာပါ။ ဟိုအပေါ်က လူသုံးယောက်နဲ့ ဘေးဘက်ပေါ့နော်။


ဒါကတော့ ပါးလုံးပြောတဲ့ ကိုယ်လုံးတီးပန်းခြံက angry boy ပေါ့။ သူ့ပုံက အရမ်းကိုအသက်ဝင်တယ်ဗျာ။ နေကရှိန်နေလေတော့ ရိုက်ထားတာ သိပ်တော့ မမြင်ရဘူးဖြစ်သွားတယ်။ ခွင့်လွှတ်ပေးကြပါ။

သဘာဝကျကျ ထုထားတဲ့ အရုပ်တွေကို သဘောတကျရိုက်ခဲ့တာလေးတွေ ဝေဌတာပါ။


အဘိုးကြီးအဘွားကြီးဖြစ်နေရင်တောင် အဘိုးကြီးစိတ်ညစ် စိတ်ဓါတ်ကျနေတဲ့အချိန် အဖွားကြီးက ဘေးက အားပေးနေတယ်တဲ့။ (ထင်တာကိုပြောတာ)

အင်း ဒီပုံကတော့ အမေရိကန်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်ခြင်းကို ခံရတဲ့ Red Indians လူမျိုးပါ။ ဒါက လူနည်းစုကျန်တာပါ။ သူတို့မှုတ်တာက ဝါးနဲ့လုပ်ထားတဲ့ ပုလွေလိုပေါ့ဗျာ။ ဒါပေမယ့် တချောင်းတည်းမဟုတ်ဘူး ဆက်ထားတာ လူရိုင်းကားထဲက အသံမျိုးစုံကို လုပ်နိုင်တယ်ဗျာ။ ပြီးတော့ သီချင်းဆိုတာလည်း အသံက ကောင်းနေရောဗျာ။ တချို့က ပိုက်ဆံထည့်ကြတယ် သူတို့အခွေတွေလည်း ရောင်းတယ်။ ပစ္စည်းလည်းရောင်းတယ်။ သဘောကျတယ်ဗျာ။ သနားလည်း သနားမိတယ်။ လူသားချင်းအတူတူ ဘာလို့များ ဒီလိုရက်စက်ပါလိမ့်ပေါ့။ စိတ်ထဲရှိတာကို ပြောပြတာပါ။


အင်း ဒါကတော့ ကျားချည်းပဲ သုံး (ကောင်)လို့ကတော့ ပြောလို့မရဘူးဗျ ဦးလေးကပါလေတော့ ကိုယ့်ဟာကိုသာ ဖြည့်ဖတ်သွားတော့နော်။ ဒီကျားကြီးက တော်တော်အသက်ပါတယ်ဗျ နော်ဝေနိုင်ငံကိုရောက်တဲ့ သူတိုင်း ဒီကျားရှေ့မှာ ဓါတ်ပုံရိုက်ကြတယ်။ ကျားကြီးကိုရွှေ့မယ်ဆိုတုန်းကလည်း လူထုကိုကြေငြာသလို ကျားကြီးကိုပြန်ထားမယ်ဆိုတုန်းကလည်း လူထုကိုကြေငြာတယ်။

လာပါပြီ မင်းသား ဒါကတော့ နော်ဝေအမျိုးသားနေ့မှာ ဝက်မြီး တယောက် ကျားဆိုမှကျား တနှစ်မပြည့်သေးတဲ့ကျား ကောင်မလေးကို ချိတ်နေတာလေ။ ပါးစပ်ဟလို့ သူ့ကိုမျက်နှာပေါ်အောင် ၇ိုက်ဖို့က လူကြပ်နေလို့ ၇ိုက်မရဘူးဖြစ်တာကို မှီရာကိုရိုက်ထားလိုက်တဲ့ပုံ။

ဒီပုံကတော့ သူ့အဖေနဲ့အမေ ဓါတ်ပုံ၇ိုက်လွန်းလို့ အရိုက်မခံချင်တဲ့အတွက် စိတ်ဆိုးပြီး ဆူပုပ်နေတဲ့ပုံ။

ဒါကတော့ လေညှင်းခံနေတာတဲ့လေ။

ဒါကတော့ သတင်းစာဖတ်ရင်း စတော့ဈေးကွက်ကြည့်နေတာ သူလေးလသားတုန်းကပေါ့။

အင်း မိုက်တဲ့လူထွက်ခဲ့ ကျန်တဲ့သူနဲ့ချမယ်တဲ့ စိန်ခေါ်နေတာ။ လိမ္မာရင် စာရင်းပေးခဲ့လို့ရတယ်နော်။

ဈေးခြင်းထဲလည်း ဝင်မယ်ဆိုတာချည်းပဲ။

ဒါကတော့ ဝမ်းဆက်နဲ့ ပို့စ်ပေးနေတာ။

ဘောလုံးတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဝက်မြီး

ဒီလိုလည်း ဝင်ချင်သေးတာ

အင်း ထူးခြားချက်ကတော့ အိပ်ရင် ဒီလိုပဲ မှောက်အိပ်တတ်တယ်။ ဘယ်အချိန်အိပ်အိပ် ဒီအတိုင်းပဲ။

သူအိပ်တဲ့ပုံကတော့ တပုံစံတည်းပဲ။ မနိုးမချင်း ဒီအတိုင်းပဲ။

လမ်းလျှောက်တတ်ခါစပဲရှိသေးတယ် ခေသူမဟုတ် ဌက်ဖမ်းမယ်ဆိုပဲ။

အင်း ဒီဂျေဆိုတော့လည်း ပွတ်လိုက်တာပဲ။

ဆုန်သင်းပါရ်လည်း အလွတ်မပေးဘူးလေ။

ဒါကတော့ ပါးလုံးပြောတဲ့ ဦးလေးမိသားစု ကိုယ်လုံးတီးပန်းခြံရှေ့မှာ ရိုက်ထားတဲ့ပုံပါ။

ချစ်မယ်ဆိုတာချည်းပဲ။

ချစ်ကြပါ ချစ်ကြပါ။

အခုလိုလည်း ဇိမ်ခံတတ်သေးတယ်။

သွားခဲ့သလောက်ကို မျှဝေလိုက်ပါတယ်။ အမှားပါရင်လည်း ခွင့်လွှတ်စေချင်ပါတယ်။
တယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Sunday, September 6, 2009

ဘယ်သူပါလိမ့်ပေါ့ ဖားပြုတ်ကြီးကိုး



အင်း မနေ့ကတည်းက ပါးလုံးဒီပို့စ်ကို တင်မလို့ပါ တင်ပြီးတော့မှ ပြန်ဖြုတ်လိုက်တာ။ ဘာလို့လည်းဆိုတော့ ရေးချင်တဲ့ ဦးတည်ချက်ကြီး ကဘာကိုဆိုလိုချင်မှန်း မပေါ်ဘူးဗျာ။ ပို့စ်ရဲ့ ဆိုလိုရင်းဘာမှန်းမသိတာမပြောနဲ့လေ ပါးလုံးကိုယ်တိုင်လည်း စိတ်က ဘယ်တိုင်းပြည်ရောက်နေမှန်းမှ မသိတာကိုနော်။ သေချာတာတော့ စိတ်က မြန်မာပြည်မှာပါ ။အပြေးတပိုင်းနဲ့ကို ပြန်ချင်မိတာပါမြန်မာပြည်ကို။ ဒါပေမယ့် အောင်မြင်မှုတခုခု မပါပဲ မပြန်ချင်လေတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးလိုက်ရတော့တယ် “ဟိုက်တင်း” ပါးလုံးရေလို့လေ။

ပါးလုံး မနေ့က စာရေးနေရင်းနဲ့ အကိုတယောက်က လှမ်းပို့ပေးတယ်။ ကလေးတွေ ဝါးလုံးတီးပြီး သီချင်းဆိုပြီး ပိုက်ဆံတောင်းနေတဲ့ လင့်လေးကို လှမ်းပို့ပေးတယ်။ လူက ထမင်းစားရင်းတန်းလန်းနဲ့ ဆက်လည်းမစားနိုင်တော့ဘူး။ မျက်ရည်လည်း ဝဲမိတယ်။ သိနေပေမယ့် အခုလိုကျတော့ ပိုမခံစားနိုင်ဘူးဗျာ။ ဘာလုပ်ပေးနိုင်မလည်း။ ဘယ်လိုလုပ်ပေးရမလည်း စဉ်းစားမိတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်ချင်တယ်။

အနည်းနဲ့အများတော့ ကူညီချင်မိတယ်။ ကိုကြယ်လေးကိုလည်း တော်တော်အားကျတယ်။ အလုပ်ကလည်း ရှာတာကို မရဘူးဗျာ။ လိုချင်လွန်းလို့ဖြစ်မယ်။ ကျောင်းဆင်းချိန်လေး သွားလုပ်ချင်မိတယ်။ ပင်ပန်းမယ်ဆိုတာသိပေမယ့် ကလေးတွေ ပင်ပန်းတာကို မမှီလောက်ပါဘူး။ သူတို့ကို ပါးလုံးအရမ်းသနားတယ်ဗျာ။ ဘာပြောရမှန်းကိုမသိအောင်ပဲ။ စိတ်လည်းတော်တော်မကောင်းဘူးဗျာ။

ဒီရက်ပိုင်းအတွင်း စိတ်မကောင်းဖြစ်မိတာလေးကို ပြောပြတာပါ။ ပါးလုံးသွားတဲ့ အစည်းအဝေးအကြောင်းလေးကို ပုံလေးတွေနဲ့ပဲ ပြောပြလိုက်တော့မယ်နော်။ စာရေးထားတာက ဦးတည်ချက်ပျောက်နေတယ်။ ဒါကြောင့်မတင်တော့ဘူးနော်။ ခွင့်လွှတ်ပေးကြပါနော် အကိုအမများ။ ဝက်ဝံလေးတက်ဂ်ထားတဲ့ ပို့စ်ကလည်း တင်ချင်ပေမယ့် သံခမောက် မဝယ်ရသေးလို့အဟိ။
အောက်ကပုံလေးတွေကို ရှု့စားလိုက်ဦးနော်။


ဒါက ကစားနေကြတဲ့ပုံလေ

ဒီပုံကတော့ ဆွေးနွေးနေကြတဲ့ပုံပေါ့နော်။

ဒါကတော့ ဝန်ကြီးကိုးယောက်

အဲ့နေ့က ပါးလုံးတို့နဲ့ လာဆွေးနွေးတာက အင်္ဂလန်က ဆရာ။ သူနဲ့ လူတွေရဲ့ စရိုက် ဗီဇ အကြောင်းကိုဆွေးနွေးတာပေါ့နော်။ ပါးလုံးတို့အကုန်လုံး အဲ့ဒါကို လန့်နေကြတာလေ။ လေးမယ် ဆိုပြီးတော့ပေါ့။ ရင်လည်းခုန်ကြတယ်။ အဲ့နေ့ကိုလူတိုင်း စိတ်ဝင်တစားစောင့်နေရတာကိုး။

ကဲ ငါ့တို့ဗီဇအကြောင်း လူတွေရဲ့ အကျင့်စရိုက်တွေအကြောင်း ဆွေးနွေးမယ်ဟေ့လို့ မပြောပဲ ပါးလုံးတို့ ရင်ခုန်နေတဲ့ ဗီဇဆီကို မသိမသာလေးရောက်သွားပါတယ်။ သူက မျက်နှာဖုံးတွေ အများကြီးပဲသူပါလာတယ်။ နောက်တော့ သူကမျက်နှာဖုံးတခုကိုတပ်လိုက်တယ်။ နှဖူးမှာ ပါးစပ်ပုံကြီးနဲ့။ ပြီးတော့ အဲ့ဆရာက အဲ့မျက်နှာဖုံးတပ်ပြီးတော့ စကားကိုသေအောင်များတာ။

ပါးလုံးတို့ကပြောတာပေါ့ ငါတို့အစည်းအဝေးလုပ်နေတယ်။ ဝင်ဆွေးနွေးဆိုတော့ သူပြောချင်ရာကို ပဲပြောနေတယ်။ ပါးလုံးတို့က သူ့ကိုဒီအစည်းအဝေးထဲမှာ သူပါဆွေးနွေးအောင်လုပ်ရမှာလေ ဥပေက္ခာ ပြုလို့မရဘူး။ ဘယ်လိုလူပဲဖြစ်ဖြစ် တန်ဖိုးထားပြီး ရအောင်ဆွဲခေါ်ရမယ့် အနေအထားဖြစ် သွားတာပေါ့နော်။ ဒါကတော့ ဆွေးနွေးရင်းနဲ့မှသိလာတာ။

အဲ့လိုပဲ မျက်နှာဖုံးတွေ တခုပြီးတခု တပ်တယ်။ အ၇မ်းအပျင်းကြီးတဲ့ပုံတွေ ငါသိငါတတ် ငါပြောတာ အမှန်ဆိုတဲ့ ပုံတွေ တပ်တယ်ဗျာ။ အဲ့လိုတပ်ရင်းနဲ့ မျက်နှာဖုံးတခုကိုလည်း တပ်လိုက်ရော ပါးလုံး ဝင်ဆွေးနွေးဖို့တောင် မေ့သွားတယ်။ ငါဒီရုပ်ကြီး မြင်ဖူးပါတယ်ပေါ့လေ။ ဘယ်မှာမြင်ဖူးတာပါလိမ့် ပေါ့။

မျက်နှာက ပြဲပြဲဗျာ ဖားပြုတ်လိုပဲ ဖားပြုတ်ကိုတော့ အားနာပါတယ်။ နောက်တော့ အဲ့မျက်နှာဖုံးက နှဖူးမှာလည်း ကြယ်ကြီးနဲ့ ပြီးတော့ အဲ့ဒါတပ်ပြီးတော့ သူကလူတကာကို အာဏာလိုက်ပေးပြီး အနိုင်ကျင့်နေလေရဲ့ဗျာ။ သြော်အဲ့တော့မှ အမှတ်ရတယ်။ အသက်ကို နံရိုးကြားမှာ မူလီနဲ့စုတ်ထား တဲ့ ကြိမ်စာဝလေ မောင်လှလေကိုပဲကိုး။

အဲ့မျက်နှာဖုံးနဲ့ပုံကိုမြင်တော့ ပါးလုံးကလေးတွေကို သတိယတယ်။ ဒီနိုင်ငံတွေမှာက ကလေးတွေကို အရမ်းဦး စားပေးတယ်။ အဲ့ဒါဘာလို့ဦးစားပေးတာလည်းတဲ့ ပါးလုံးကို ဆရာမကမေးဖူးတယ်။ ပါးလုံးဖြေ လိုက်တာက ကလေးဆိုတာ တချိန်ချိန်မှာ လူကြီးဖြစ်လာမယ်။

အနာဂတ်ရဲ့မျိုးဆက်သစ်လို့ လူကြီးဆိုတာ အိုပြီးရင် သေမှာအဲ့တော့ တိုင်းပြည်တပြည်မှာ ကလေးတွေကို သေချာပြုစုပျိုး ထောင်မှသာ ကလေးတွေ ကြီးလာရင် ပညာတတ်တွေပေါမယ်။ ပညာတတ်တွေ ပေါမှသာ တိုင်းပြည်နောင်ရေး စိတ်အေးရပေမပေါ့လို့ ဖြေခဲ့ဖူးတယ်။

အခုတော့ ကလေးတွေက ပညာရှာဖို့မပြောနဲ့ တရက်ကို ထမင်းတနပ်စားရဖို့တောင် ဝါးလုံးကိုတီး ပြီးတော့ သီချင်းဆိုရင်း ပိုက်ဆံတောင်းစားနေရတယ်။ ဒီနိုင်ငံတွေမှာ ကလေးတွေကို စကားပြော ရင် ကလေးကမော့ကြည့်ရတာမျိုးမလုပ်ဘူး။ ကလေးတွေကို တရိုတသေလေးပြောတယ်။ အလေး ထားတယ်။ ဘယ်လောက်ငယ်တဲ့ ကလေးဖြစ်ပါစေ သူတို့ရဲ့ စိတ်ကူးကို သူတို့ရဲ့အယူအဆကို သေချာစဉ်းစားပေးတယ်။ အရေးတယူလုပ်တယ်။ ကွာပ။

သြော် ဒါတွေပြောရင်ဒေါတွေပါတယ် အဲ့တော့ ဒေါတွေမပါရအောင် ဒါတွေမပြောတော့ဘူးဗျာ။ အရစ်နည်းနည်းရှည်သွားတယ်။ ဟဲဟဲ ဒီအောက်က သုံးပုံက အဲ့ဆရာသမား သရုပ်ဆောင်နေတဲ့ပုံပါ။



အင်္ဂါနေ့ကျတော့ ပါးလုံးတို့ကို အဖွဲ့သေးလေးတွေခွဲလိုက်တယ်။ ဆွေးနွေးရမယ့်အကြောင်း အရာ ကိုပြောတယ်။ ဘာသာရေးပေါ့နော်။ ဘာလို့ယုံကြည်လည်း ဘာကိုကိုးကွယ်လည်း အဲ့နေ့က အဲ့ဒါ ဆွေးနွေးတယ်။ အဲ့လိုပြီးတော့ ညနေပိုင်းမှာ ပါးလုံးတို့ကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်တယ်။ တဖွဲ့ကတော့ ဟိုတယ်မှာနေခဲ့ရတယ်။

သူတို့ကတော့ အကြောင်းအရာတခုကို ဆွေးနွေးပေါ့နော်။ ပါးလုံးတို့အဖွဲ့ကတော့ ပြတိုက်ကိုလေ့ လာရေးသွားရတယ်။ နောက်နေ့တခြားအဖွဲ့သွားတဲ့အချိန် ပါးလုံးတို့က ဆွေးနွေးပေါ့ အဲ့လိုခွဲလိုက် တယ်။ အဲ့ဒီပြတိုက်မှာ ဓါတ်ပုံတွေရိုက်ခဲ့တယ်။ အံ့သြတာက ဒီနော်ဝေနိုင်ငံမှာ အဲ့ဒီလီလီဟန်းမား မှာ ဟိုးအရင်က စခဲ့တဲ့ နေရာပေါ့နော်။ လူတွေနေသွားတယ်။

ရွာတရွာပေါ့ အဲ့ဒါကို ဟိုးရှေးက သုံးခဲ့တဲ့အတိုင်း သမိုင်းနဲ့တကွသူတို့ထားထားတာ တွေ့ရတယ်။ ဘုရားကျောင်းတွေ နောက်တံငါရွာ နောက်တော့ ကျောင်း ဘယ်အခြမ်းက မိန်းခလေးထိုင်တာက အစ သေသေချာချာဗျာ။ ပါးလုံးတို့ကို လိုက်ရှင်းပြတယ်။

ပါးလုံးဓါတ်ပုံလေးတွေပြရင်းနဲ့ ပြန်ပြောပြမယ်နော်။ အောက်မှာ။ အဲ့လိုသွားရတော့လေ အံ့သြမိတယ်။ ပျော်လည်းပျော်တယ်။ အဲ့ခေတ် ကလူတွေက တော်တော် အရပ်ပုပုံရတယ်ဗျာ။ အိပ်ယာလေးတွေက သေးသေးလေးတွေ ပြီးတော့ အိမ်တွေကိုသူတို့က အခုထိ ထိမ်းသိမ်းထားတာတွေ့ရတယ်။

အနှံ့သွားတာတောင် မနှံဘူးဗျာ။ အချိန်ကသိပ်မရဘူး နေ့တဝက်ပဲဆိုတော့လေ။ အဲ့ဒါကို ရသ လောက် အပြေးအလွှားလည်ရတာပေါ့လေ။ ပါးလုံးရယ် Sindre ဆိုတဲ့ ပါးလုံးသူငယ်ချင်းရယ်။ သူနဲ့ကဟိုရောက်မှခင်တာပါ။ ဒါပေမယ့် တော်တော်ခင်သွားတယ်။ သူ့ကင်မယာနဲ့ပဲအကုန်ရိုက် လိုချင်တာကို ပြောပြီး၇ိုက်ခိုင်းရတယ်။ ဟိုမှာ သွားတာ လူက ၂၄ယောက်ဆိုတော့ ပြီးတော့ ကိုယ့်ဟာကို လည်ခိုင်းတယ်လေ။
ဘယ်လောက်ကျယ်လည်းဆိုတော့ အဲ့ဒီမြေပုံစာရွက်လေးကိုင်ပြီးသကာလ လျှောက်လည်ရပါတယ်။
ဒီပုံက အဲ့ဒီပြတိုက်ထဲကပေါ့နော် ဟိုးအရင်က အဲ့မြို့မှာတံငါသည်တွေက ရွာတရွာလိုပဲ သပ်သပ်နေကြတယ်။ အဲ့ဒီတံငါရွာသားတွေ တက်ခဲ့တဲ့ ဘုရားကျောင်းရှေ့မှာ ရိုက်ခဲ့တာပါ။ အိမ်ဟုတ်ဘူးနော်။ အဟိ။
ဒါကတော့ အဲ့ပြတိုက်ထဲမှာရှိတဲ့ ဟိုးအရင်က လူတွေတက်ခဲ့တဲ့ ကျောင်းပါ။ အဲ့မြေပုံက အဲ့ခေတ်ကတည်းက သုံးခဲ့တဲ့မြေပုံပါ။ အဲ့ဝတ်စုံကတော့ အဲ့ခေတ်ကလူတွေဝတ်တဲ့ ရိုးရာဝတ်စုံပါ ပြတိုက်ထဲမှာ အလုပ်လုပ်တဲ့သူတွေက အဲ့ဝတ်စုံတွေကို ဝတ်ကြရပါတယ်။
အင်း ဒီအိမ်ကတော့ အဲ့ဒီရွာမှာရှိတဲ့ ပိုက်ဆံချမ်းသာပြီး အရမ်းကို မောက်မာတဲ့ လင်မယားနှစ်ယောက်ရဲ့အိမ်ပေါ့ အခုစားပွဲက သူ့အခန်းထဲက သူ့ကုတင်ဘေးက စားပွဲပါ အဲ့ခေတ်က ကျမ်းစာအုပ်ကလေးပါ တင်ထားတယ်လေ အခုနော်ဝေစာနဲ့ မတူဘူးဗျ။
ဒါကတော့ သူအိပ်တဲ့ကုတင်ပေါ့နော်။ အရပ်ပုတယ်ထင်တယ်နော် ကုတင်မှန်သမျှ အဲ့လောက်ပဲဗျ အိမ်တိုင်းကကုတင်တွေလေ။
ဒါကတော့ သူဌေးမကြီးရဲ့မီးဖိုဆောင်ပေါ့ဗျာ။ သူသုံးခဲ့တဲ့ ပစ္စည်းလေးတွေလေ။
ဒါကတော့ သူဌေးမကြီးရဲ့ ဧည့်ခန်းပေါ့
ဒီပုံကတော့ ဘုရားကျောင်းအတွင်းပိုင်းပုံပါ။
အင်း ဒီပုံကတော့ ဘုရားကျောင်းအပြင်ပိုင်းပေါ့နော်။
ဝက်ဝံလေးရေ ငါနောက်အပတ်မှ နင့်တက်ဂ်ပို့စ်ရေးတော့မယ်နော်။ ပါးလုံးလီလီဟန်းမားပြီးတော့ ခရီးဆက်ဖြစ်တဲ့ အကြောင်းလေးပါ နောက်တော့မှရေးတော့မယ်။ ဝက်မြီးလေးတို့အိမ် ရောက်ခဲ့တဲ့အကြောင်းပေါ့။ အဟိ။

တစ်ဦးတယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လျှက်
ညီမလေး ပါးလုံး

မန့်ခဲ့နော် ကောင်းတယ်မကောင်းဘူးပေါ့နော်။

ဆက်ဖတ်ရန်...