Feeds RSS

Saturday, July 18, 2009

?????????????



မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားရောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိတတ်နေပြန်သည်။

သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့် အရာမှာ
ငါ့ချစ်သူသာ ဖြစ်၏။

မှတ်ချက်။ ။ မောင်စိန်ဝင်း ပုတီးကုန်း ရဲ့ ကဗျာလေးပေါ့။ ခံစားချက်ချင်း တိုက်ဆိုင်လို့ အလွတ်မှတ်ထားမိတဲ့ ကဗျာလေးဆိုလည်းမမှားပါဘူး။ အဲ့တုန်းက စာအုပ်တအုပ်ကနေ ဖတ်မိရင်း ခံစားမိလို့ မှတ်ထားပေမယ့် နမော်နမဲ့နိုင်တဲ့ ပါးလုံး ကဗျာခေါင်းစဉ်ကိုတော့ မမှတ်မိပါဘူး။ ကိုယ့်ဟာကို ခေါင်းစဉ်ပေးရလောက်အောင်လည်း ...........ခွင့်လွှတ်ပေးကြပါနော်။ ပါးလုံးခရီးသွားရင်လည်း လက်လွတ်စပါယ် မသွားပဲ ဗဟုသုတလေးတွေလည်း ပြန်မျှဝေနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Thursday, July 16, 2009

ရင်နှင့်ရင်း၍ (တက်ဂ်ပို့စ်)



အင်း ပါးလုံးတယောက် နွေကျောင်းသုံးပတ်ပိတ်လို့ အေးအေးဆေးဆေးလေး နှပ်မယ်ဆိုပြီး အဖေ ခရီးထွက်လို့ ခေါ်တာတောင် လိုက်မသွားဖြစ်ဘူး။ ဘလော့မှာလည်း စာရေးဖို့လုံးမဝမရေးချင်။ အိမ်လည်း ကောင်းကောင်းမလည်ဖြစ် အဲ့လိုဖြစ်နေတာကို ကိုသားကြီး တယောက် အကြားအမြင် ရပုံရတယ်။ သူ့ဆီသွားပြီး ၂ ရတယ်ကွ အလုပ်ကောင်းတာ တက်ဂ်ထားပါလေရဲ့။

အမှန်ကတော့ နောက်အပတ်မှရေးမလို့ အခုတော့ အဖေက ပုံတွေပို့ပေးပြီး မလိုက်လိုက်အောင် စည်းရုံးတယ်လေ။ ပါးလုံး ခရီးထွက်မယ်ဆိုတော့ ဒီအကြွေးကြီးက တင်နေတော့မယ် ပြန်လာရင် လည်း ကျောင်းက ဖွင့်ပြီ အဲ့တော့ အကြွေးဆပ်ခဲ့တော့ နားအေးတာပေါ့ဗျာ။ အဟဲ။

ပါးလုံး ဘလော့စလုပ်တုန်းက co.cc အဲ့ လုပ်တာ။ သူငယ်ချင်းတယောက်က လုပ်ပေးတာနဲ့ ပါးလုံးစာရေးဖြစ်တယ်။ အဲ့လိုစလုပ်တဲ့အချိန်ကဆိုရင် မန့်ဖို့မပြောနဲ့ စီဘောက်စ်မှာလည်း ဘယ်သူ မှမလာဘူး။ သူများအိမ်ကို လည်ရမှန်းလည်း မသိဘူး။


အဲ့တော့ ပါးလုံးက ဒီဘလော့ကြီးကို အထီးကျန်ဆန်ဆန်မထားနိုင်လေတော့ ဦးလေးတွေ၊ သူငယ် ချင်းတွေကို ကြော်ငြာဝင်ရတာပေါ့။ အတင်းလာခိုင်း ပြီးရင် စီဘောက်စ်မှာလည်း ရေးခဲ့နော် ပြော ရတာ ပါးစပ်လည်း နားရွက်တပ်ချိတ်ခါနီးပဲ။

ဟိုဦးလေး တယောက်ဆို ဘာရေးသွားတယ်မှတ်လည်း “ ပါးလုံးရေ အတင်းလာခိုင်းလို့ လာသွား တယ် ပြန်ပြီနော်” တဲ့ လူကဘာပြောရမှန်းတောင်မသိတော့ဘူး။ ကိုယ့်အသိထဲကပဲ လာကြတယ်။ အမတယောက်ဆို အမေရိကားမှာ ကလေးတယောက်နဲ့အလုပ်များပါတယ်ဆို အတင်းကို လာခိုင်း တာ။ သူ့ခဗျာလည်း ကလေးသိပ်ပြီးတာနဲ့ အပြေးလာရှာတယ်။

တခြားဘလော့အနေနဲ့ အရင်ဆုံးပါးလုံးဆီလာတာက မမကောင်းကင် သူကစီဘောက်စ်မှာအော် သွားရင် ပါးလုံးဘယ်လိုပျော်မှန်းကိုမသိဘူး။ ပြီးတော့ မာတီဘိုးဘိုးကြီး ပါးလုံးရေးသမျှ ဒိုင်ခံအား ပေးတယ်။ ကျေးဇူးလည်းအရမ်းတင်တယ်။

အဲ့လိုနဲ့ အသိတွေလည်းများလာ မမကောင်းကင်ကနေဆင့် လျှောက်လည်ရင်းနဲ့ သူငယ်ချင်းတွေ များလာတယ်။ အဲ့ဒါ ပထမဘလော့ဖြစ်တဲ့ co.cc မှာ နော်ဝေရောက်စက ပါးလုံးကို ဒုက္ခလှလှပေး ခဲ့တဲ့ ရော့ကာဖိနပ်ကြီးအကြောင်း ရေး တဲ့ပို့စ်မှာ စပြီးတော့ ကွန်းမန့်က ရှိလာတယ်။ ဖတ်ချင်ရင် ဒီမှာ ပါ။

အဲ့လိုနဲ့ တနေ့တနေ့ ကျောင်းသွားရင်းလည်း ဘာရေးရမလည်း ဘာရေးရမလည်းပဲ။ ပြန်လာရင် အရင်ဆုံးဖွင့်တာက ဘလော့ပဲ။ နောက်တော့ တနေ့ အဲ့ဒီ co.cc ကြီးက လာနောက်ပါလေရော။ ဖွင့်လို့မရတော့ဘူး။

ပါးလုံးက ငယ်ငယ်ကတည်းက သံယောဇဉ် အရမ်းကြီးတယ်။ ပြီးတော့ အစွဲအလမ်းကြီးတယ်။ အသစ်ပေးမယ်ဆိုရင်တောင် အဟောင်းလောက် တန်ဖိုးမထားချင်ဘူး။ အဲ့လိုဆိုတော့ ဒီဘလော့ ဖွင့်မရမှတော့ ပါးလုံးဘာလုပ်ရမှန်းမသိတော့ အိမ်တွေမှာလိုက်အော်တာပေါ့။ သူတို့ဖွင့်တဲ့အချိန် ကျတော့ ရတယ်ဗျ။

သူကပါးလုံးလိုပဲ ဂေါက်ပုံရတယ်။ တခါတလေရလိုက် မရလိုက်နဲ့လေ။ ဖွင့်မရတဲ့ ညကဆို ပါးလုံးတယောက် ခြေမကိုင်မိလက်မကိုင်မိ ဖွင့်ပေးတဲ့ သူငယ်ချင်းကလည်း လိုင်းပေါ်မှာ မတွေ့ ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူး။

တညလုံးလည်း အိပ်မပျော်ဘူး။ ကျောင်းပျက်မှာ ကြောက်တဲ့ပါးလုံး ဘလော့ဖွင့်မရမှပဲ မနက်ကျတော့ ဖျားပြီး ကျောင်းမသွားနိုင်တော့ဘူး။အဲ့ဒါနောက်ဆုံး ကိုဗညားက ညီမလေးရယ် ဘလော့စပေါ့ ပဲ လုပ်လိုက် ပါတဲ့။ သူလုပ်ပေးမယ်ဆိုတာနဲ့ ဟုတ်လို့သာပြောတာ လူက အဲ့ဒီ www.chitpalone.co.cc ကိုလုံးဝ မစွန့်လွှတ်နိုင်ဘူး။

လုပ်ပေးရင်လည်း လုပ်မယ်တော့ပြောလိုက်တယ်။ သူ့ခဗျာလည်းလေ ဆိုင်မှာ သုံးပြီးမြန်မာပြည် ကွန်ကကောင်းတာမဟုတ်ပဲနဲ့ အလုပ်များတဲ့ ကြားကလုပ်ပေးရှာတာ။ တမ်းပလိတ်ကိုတော့ ပါးလုံးကို ရွေးခိုင်းတယ်။ လိုချင်တဲ့အရောင် ပုံစံ ပါးလုံးကိုမေးပြီးလုပ်တယ်။ ပါးလုံးကလည်း ဇီဇာ ကြောင်တယ်ပြောလို့ရတယ်။ စိတ်ကြိုက်ဖြစ်ဖို့ကို တပတ်ကျော်ကျော်လောက် အချိန်ယူရတယ်။

နောက်တော့ ကိုဆည်းဆာကလည်း ညီမလေးတဲ့ အကို့ဘလော့ကို ဝင်လေ့လာကြည့်ပေါ့တဲ့ သူကလည်း လိုသမျှကို ပြောပြပေးတယ်။ နောက် ကိုရီနိုကြီးကတော့ ရိမိုး လုပ်တာကို သူက ဝင်ဒေါင်းပေးပြီးတော့ လုပ်လို့ရအောင် လုပ်ပေးတယ်။ သင်ပေးတယ်။

အဲ့လိုနဲ့ ဂီးညှောင့် ဂီးညှောင့်နဲ့ ဒီဘလော့ အသစ်လေးဖြစ်လာတာ။ co.cc က ပို့စ်တချို့ကို ပြန်တင်လိုက်တယ်။ အဲ့မှာကျန်ခဲ့တဲ့ ကွန်းမန့်တွေကိုတောင် ကူးလို့ရရင် ကူးလိုက်ချင်ရဲ့ တော်တော်ကို သမျှော်တာဗျာ။ နောက်တော့ ကိုမနောဆီမှာ သွားဖတ်လိုက်လုပ်လိုက် ပြုပြင်လိုက် မွမ်းမံလိုက်နဲ့ နည်းနည်းကြည့်ပျော်ရှု့ပျော်ရှိလာတယ်။ ဒီဘလော့လေး အစဉ်ပြေကာစကျမှ ဟို co.cc ကြီးက ကျက်သရေရှိစွာ ၂၄နာရီ ဖွင့်လို့ပြန်ရသွား တယ်။

ပါးလုံးဒီဘလော့ ရပြီးကတည်းက ဟိုဘလော့လေးဆီကို မသွားတော့ဘူး ဘာဖြစ်လို့လည်းဆို တော့ ပါးလုံးအဲ့ဒါကို အရင်ဆုံး လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဘလော့ကို ဖွင့်လိုက်တာနဲ့ ရင် ထဲမှာ တနုပ်နုပ်ခံစားရတယ်။ လွမ်းသလို သမျှောသလို သူ့ဆီသွားရင် ခြောက်ကပ်နေသလို ခံစားရတယ်။

အဲ့ဒီခံစားချက်ကြီး မခံစားချင်တာနဲ့ လှည့်ကိုမကြည့်တော့ဘူး။ အခုတော့ ဒီဘလော့လေးကို ပါးလုံး သံယောဇဉ်ရှိနေပါပြီ။ တန်းပလိတ်အသစ်လေးတွေ လှတယ် ပြောင်းမလားပြောရင်တောင် ပါးလုံး ဒီပထမဆုံးစိတ်ကြိုက်ရွေးခဲ့တဲ့ တမ်းပလိတ်ကို ဘယ်တော့မှ ပြောင်းဖြစ်မှာ မဟုတ်ပါဘူး။

ဘယ်လောက်အသစ်ပေါ်ပေါ် ပါးလုံးဒီအိမ်လေးကို အခုဆို အရမ်းကိုသံယောဇဉ်ရှိနေပါပြီ။ သူ့ကြောင့် ပါးလုံးပျော်ရွှင်ရသလို သူ့ကြောင့် ပါးလုံးပီတိတွေလည်းရပါတယ်။ သူ့ကြောင့် ပါးလုံး တညလုံးမအိပ်ဖြစ်ခဲ့တဲ့ နေ့တွေရှိသလို သူ့ကြောင်း ပါးလုံး သူငယ်ချင်းတွေ အကိုတွေအမတွေ လည်း အများကြီး ရခဲ့ပါတယ်။

သူ့ကြောင့်ပါးလုံး စာတွေအများကြီးရေးဖြစ်သလို သူ့ကြောင့်ပါးလုံး စာတွေအများကြီး ဖတ်ဖြစ်ပါ တယ်။ အမှန်ဆို ဒီနိုင်ငံမှာ အထူးသဖြင့် ပါးလုံးတို့မြို့မှာ ဗမာလို ပြောရမယ့်သူငယ်ချင်း ချစ်စုမ ကလွဲရင် ဘယ်သူမှမရှိပါဘူး။

ဒါပေမယ့် သူ့အိမ်နဲ့ကလည်း ဝေးတယ်။ သူ့ကိုဖုန်းဆက်ရင်လည်း သူက ဂိမ်းဆော့နေတော့ မမနောက်မှပြောမယ်နော်ဆိုတာက လာသေးတယ်လေ။ အဲ့တော့ ဒီအိမ်လေးကသာ ပါးလုံးသူငယ်ချင်း ရင်ဖွင့်ရာ ကြည်နူးရာဖြစ်လာတော့တယ်။

ကွန်းမန့်လေးတွေများဖတ်ရရင် အားဘယ်လိုရှိမှန်းကိုမသိဘူး။ ဘာရေးရမလည်း ဘာရေးရမလည်း နဲ့ကိုနေတာပဲ။ လာလည် အားပေးကြတဲ့ ညီအကိုမောင်နှမအရင်းသဖွယ် ခင်ရသော အကိုအမ များကို ကျေးဇူးတင်ရှိပါတယ်။ များများလည်း မန့်ပေးနော်။ ဒီအိမ်လေးကဆိုရင် ပါးလုံးရဲ့ ရင်ဘတ်ထဲမှာ နေရာအကြီးကြီးယူထားတယ်ဆိုရင် မမှားပါဘူး။

ဒီလောက်ဆို ကိုသားကြီးလည်း ကျေနပ်ရောပေါ့နော်။ ပြီးတော့ ပါးလုံးဒီနှစ်ပတ် အိမ်လည်ဖြစ်မယ် မထင်ပါဘူး။ ခရီးထွက်မှာမလို့ပါ။ အချိန်ရသလောက်တော့ ရအောင်ကြိုးစားလည်ပါ့မယ်။ ဦးလေး အိမ်ကိုတော့ ကွန်ပျူတာတလုံး အပိုင်စားပေးထားရမယ်နော်လို့တော့ ကြိုညှိထား ပါတယ်။

အခုလို မကောင်းမကန်းလေးကို သည်းခံဖတ်ပေးကြသော အကိုအမများကို အထူးအထူးပင်ကျေးဖူးတင်ရှိပါတယ်ရှင်။ တက်ဂ်တာတခြား ရေးထားတာကတခြားဖြစ်နေတာတော့ သေချာတယ်။ ကိုသားကြီး ခွင့်လွှတ်နော် သွေ့ပူချီ အဟီး။ သော့မရှိလို့ ဘယ်သူ့ကိုမှ ပြန်မတက်ဂ်တော့ဘူးနော်။

အားလုံး အားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး




ဆက်ဖတ်ရန်...

Friday, July 10, 2009

ပြန်ဆုံမယ့်နေ့


ပါးလုံးဒီပို့စ်လေးကို ရေးဖို့ အားယူနေတာ သုံးလလောက်ရှိသွားပါပြီ။ ခံစားချက်တွေနဲ့ စကားလုံး တွေက ပြောင်းပြန်အချိုးကျနေပုံရတယ်။ ခံစားချက်တွေ အရမ်းပြင်းလာတော့ စကားလုံးတွေက ဘယ်လိုမှ ထွက်မလာတော့ဘူး။

ပြင်းဆို သူကလည်း အဲ့လိုခံစားချက်တွေ ပြင်းအောင်လုပ်သွားတာကိုး။ ဒီနေ့ဆို သူ ပါးလုံးကို ထားခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ နှစ်နှစ်ဆိုတဲ့ အချိန်က မနည်းပါဘူး။ ဒါပေမယ့် ပါးလုံးရင်ထဲမှာတော့ မနေ့တနေ့ကလိုပဲ မယုံကြည်နိုင်ပါဘူး။

သူငယ်ချင်းတွေနဲ့ သူ့အကြောင်းပြောဖြစ်တော့ အားလုံးမခံစား နိုင်ကြပါဘူး။ သူကတော့ ဘယ်သူ မှမသိလိုက်တဲ့ မနက်စောစော မိုးတွေအရမ်းရွာတဲ့အချိန်မှာ အားလုံးကို ထားသွားခဲ့တယ်။ ပါးလုံး ထွက်လာတော့ သူ့မျက်စိတဆုံးထိ လိုက်ပို့နှုတ်ဆက်ခဲ့ပေမယ့်၊ ပါးလုံးကတော့ သူလောကကြီးက ထွက်သွားပြီး ခြောက်လ နေမှ သူထွက်သွားတာ သိခဲ့ရတယ်။

အဲ့လိုဆိုတော့ စည်းကမ်းကြီးသလောက် ကြင်နာတတ်တဲ့ သူ့မိဘကိုလည်း သတိယမိပါတယ်။ သူလမ်းလျှောက်တတ်ခါစမှာ အပြင်းဖျားပြီး ညသန်းခေါင် ဂျီကျတာကတော့ ဘောလုံးကန်မယ်တဲ့။ သူ့အဖေနဲ့အမေ ညသန်းခေါင် ဂိုးပေါက် စောင့်ခဲ့ရတယ်။


နေမကောင်းဖြစ်ပြီး အိပ်ပျော်နေတဲ့သား နှခေါင်းပိတ်နေတော့ နိုးမှာစိုးလို့ နှပ်ချေး ကို မရွံနိုင်ပဲ ပါးစပ်နဲ့စုပ်ပေးခဲ့တဲ့ သူ့အဖေ ဘယ်လိုခံစားနေရလည်းဆိုပြီး မေးမိတယ်။ ညတိုင်း တံ ခါးမပိတ်ခင် မေ့ပြီးသူ့မိန်းမကို မေးတာကတော့ “ မေမေ လူစုံပြီလား သားကောင်းပြည့်ရော ပြန်ရောက်ပြီလား” တဲ့။

ချစ်စမ်းမောင်ကို အားကျပြီး အားတဲ့အချိန်တိုင်း ဂစ်တာတလုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ သူက “မေမေသားဂစ်တာ အောင်သူရကိုပေးလိုက်မယ်နော်။ သားဆယ်တန်းအောင်ရင် မေမေအသစ် ဝယ်ပေးမယ်မဟုတ်လား” ဆိုတော့ ပါးလုံးအံ့သြရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဂစ်တာ လေးက သူငါးတန်းထဲက တီးခဲ့တဲ့ဂစ်တာလေး။

နင်ဘာလို့ပေးချင်တာလည်း ဆိုတော့ “အောင်သူရ ဂစ်တာဝယ်ဖို့ ပိုက်ဆံစုနေတယ်။ သူကအခု မှသင်မှာ ငါဘုရားကျောင်းမှာတီးလည်း အစဉ်ပြေပါတယ်။ ပြီးတော့ အသစ်ရမှာပဲဟာ” ဆိုတော့ သူငယ်ချင်းတွေအပေါ်ထားတဲ့ သူ့စိတ်ကို လေးစားမိပါတယ်။

ပါးလုံးစိတ်ညစ်တဲ့အချိန် ရင်ဖွင့်မိတိုင်း ငါးမိနစ်အတွင်း ပြုံးလာအောင် အားပေးတတ်တဲ့ သူ့ကို ပါးလုံးဘယ်လိုမှ မေ့လို့မရပါဘူး။ ဂစ်တာမြင်တိုင်းလည်းသတိယ၊ ဘောလုံးပွဲကြည့်တိုင်းလည်း သတိယ၊ ဂိမ်းဆော့တိုင်းလည်း သတိယ၊ ဝက်သားတုတ်ထိုး စားတိုင်းလည်း သတိယ၊ သိုင်းကားကြည့်တိုင်းလည်း သတိယ၊ လက်ဘက်ရည်ဆိုင်ထိုင်တိုင်းလည်း သတိယ၊ အာပူလျှာပူ သောက်တိုင်းလည်း သတိယတဲ့ အကြောင်းတွေ သူငယ်ချင်းတွေ ပြန်ပြောမိကြတော့ အားလုံးစိတ်မကောင်းကြဘူး။

ပါးလုံးကတော့ အခုဆို ဘောလုံးပွဲလည်း မကြည့်တော့ပါဘူး။ သိုင်းကားလည်း မကြည့်တော့ပါဘူး။ အထူးသဖြင့် Birthday Cake ဆို လှည့်ကို မကြည့်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့နေ့က ခရစ္စမတ်လုပ်တယ်။ ပါးလုံး သနပ်ခါးလေး လှလှလေးလိမ်းပြီး အလုပ်ရှုပ်နေတဲ့အချိန် ကိတ်မုန့်တုံး နား ပြုံးစိစိနဲ့ သူလည်း အလုပ်များနေတယ်။

ခဏနေတော့ ကိတ်မုန့်ကခရင်မ်တွေကို ပါးလုံး ပါးမှာလာသုတ်ပါလေရော။ အဲ့နေ့မှ သနပ်ခါးကို စိတ်ရှည် လက်ရှည်လိမ်းထားတာကို သူအဲ့လို သုတ်လိုက်တော့ စိတ်ဆိုးပြီး ငိုတာပေါ့။ အဲ့တော့ သူ့အမေသူ့ကို လှမ်းရိုက်ပါလေရော။

ခဏနေတော့ သနပ်ခါးတွေပြန်သွေးပေးပြီး “နင်တကယ် စိတ်မဆိုးဘူးမဟုတ်လား။ ရော့ ပြန်လိမ်းလိုက်နော်။” ဆိုတဲ့ သူ့ပုံကို ကိတ်မုန့်က ခရင်မ်မြင်တိုင်း သတိယမိလို့ ပါးလုံး ကိတ်မုန့် ဆိုလှည့်ကို မကြည့်တော့ပါဘူး။

“ ငါလေ နင်အောင်မြင်မှုတွေနဲ့ ပြန်လာမယ့်နေ့ကို စောင့်နေမယ်” ဆိုတဲ့သူက စောင့်တော့ စောင့်နေမှာပါ။ ဒါပေမယ့် တောင်ငူမှာတော့မဟုတ်ဘူး ကောင်းကင်နိုင်ငံမှာ။

အဲ့ဒီပြန်ဆုံမယ့်နေ့မတိုင်ခင် ပါးလုံးရဲ့ ခံစားချက်တွေကို မျက်ကွယ်ပြုပြီး ဆက်ကြိုးစားရဦးမယ်။ ဒီအ ချိန်မှာ အလုပ်ချင်ဆုံးကတော့ သူ့အုတ်ဂူဖြူဖြူလေးပေါ် သွားပြီး နှင်းဆီပန်းအနီလေးတွေ သွားချချင်ခြင်းပါ။

နာရီတွေက သူ့တာဝန်ကို သူလုပ်ဆောင်နေတာဟာ မပြောင်းလည်းပေမယ့် ပါးလုံးတို့ ကမ္ဘာကြီးကတော့ ပြောင်းလည်းလာတယ်။ တခုခုကို လုပ်မိတိုင်း သတိယစေခဲ့တဲ့ သူ့ကို ဒီနေ့ထိ လွမ်းနေပေမယ့် သူကတော့ သခင့်ရင်ခွင်မှာ ပျော်နေမှာ သေချာပါတယ်။

မိုးတွေ အရမ်းရွာတဲ့နေ့မှာ လောကကြီးကို သူရောက်လာသလို မိုးတွေအရမ်းရွာတဲ့နေ့မှာပဲ ပြန်သွားတဲ့ သူ့ကို မိုးရွာတိုင်း လွမ်းမိတာ ပါလုံးတို့ သူငယ်ချင်း အားလုံးပါ။ ပါးလုံး သူ့အကြောင်းလေးတွေ ဆက်ရေးချင်ပါသေးတယ်။ ဒါပေမယ့် ပါးလုံးမှာ ဆက်ရေးဖို့ အင်အား မရှိတော့ပါဘူး။

ပါးလုံး တောင်ငူပြန်မယ့်နေ့မှာ သူ့ကိုဘယ်လိုအပြုံးမျိုးနဲ့ ဘယ်လိုမျက်နှာမျိုးနဲ့ တွေ့ရမလည်းလို့ အစ ကတော့ စိတ်ကူးယဉ်ခဲ့မိတယ်။ ဒါပေမယ့် အခုတော့ ကောင်းကင်နိုင်ငံမှာ ပြန်ဆုံမယ့်နေ့ကိုပဲ မျှော်လင့်ရင်း……………………

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Tuesday, July 7, 2009

သူငယ်ချင်း (တက်ဂ်ပို့စ်)




ပါးလုံးရေးဖို့ စဉ်းစားထားတာက တပုဒ် အဲ့တပုဒ်က တကယ်ရေးလိုက်တော့ အစဉ်မပြေဘူး။ ကိုယ်ရေးတာကို ကိုယ်တောင်မှ စိတ်မ၀င်စားလေရင် သူများစိတ်ဝင်စားဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ဗျာ။ အခုတော့ တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့ ဒီပို့စ်လေးကိုပဲ တင်လိုက်တော့မယ် ဗျာ။

တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုတာက ပါးလုံးကို ကိုလတ်ကတဂ်ထားတယ်။ သူငယ်ချင်းဆိုတဲ့ ပို့စ် လေးလေ။ ကြာပေါ့။ အားတောင်နာတယ်။ မမြင်ရတဲ့ မျက်နှာလည်းပူတယ်ဆိုပါတော။ နောက်အကြွေးတင်နေတဲ့ သူတယောက်ရှိသေးတယ်။


သူ့နာမည်ကတော့ ချစ်စုမတဲ့။ အသက်က ခုနှစ်နှစ်။ ပါးလုံးရဲ့ သူငယ်ချင်း အသစ်ပါ။ သိတာက တော့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပါ။ ဘာလို့အသစ်လို့ပြောလည်းဆိုတော့ ပါးလုံးတို့နှစ်ယောက် ငြိမ်းချမ်းရေး ရသွားတာ တလမပြည့်သေးလို့ပါ။

ပါးလုံးကလေးတိုင်းကို စည်းရုံးရေးဆင်းနိုင်တယ်။ သူတို့နဲ့ နာရီဝက်လောက် စကားပြောရရင်ကို ပါးလုံးကိုချစ်လာအောင် ပါးလုံးစည်းရုံးနိုင်တယ်။ လေ့လည်းလေ့လာထားတယ်။ ဒါပေမယ့် ဘယ် လိုမှစည်းရုံးမရတာက ချစ်စုမ။

သူနဲ့ဘယ်သူနဲ့မှ မတည့်ဘူး။ သူကဘယ်သူ့ကိုမှ သည်းမခံဘူး။ အရမ်းလည်းစွာတယ်။ ဒါပေမယ့် သူအရမ်းသည်းခံတဲ့ သူတယောက်ရှိတယ်။ သူ့နာမည်က ဟိန်းထက်တဲ့။ ချစ်စုထက်တစ်နှစ် ငယ်တယ်။



ပါးလုံးနဲ့ ဟိန်းထက်လည်း တည့်တယ်။ ပါးလုံးတို့ သုံးယောက် သေနတ်ပစ်တိုင်း ကစားကြတယ်။ အိမ်ဆောက်တိုင်းကစားကြတယ်။ ဘောလုံးကန်ကြတယ်။ စက်ဘီးပြိုင်နင်းကြတယ်။ ကာတွန်း ကား အတူတူကြည့်ကြတယ်။ အားတဲ့အ ချိန်ပေါ့။

ဟိန်းထက်က ဒေါသကြီးတယ်။ တခုခုဆို ချစ်စုမကို တွယ်ထည့်လိုက်တာပဲ။ ချစ်စုမကလည်း သူများလုပ်ရင်သာ ပြန်ချတာ ဟိန်းထက်ကိုဆို လုံးဝပြန်မလုပ်ဘူး။ “မေမေ မောင်မောင်လေး မီးကို ရိုက်တယ်” ဆိုပြီး အော်ငို တာလေ။

အဲ့အချိန်ဆို ဟိန်းထက်အမေက ဟိန်းထက်ကို အခန်းထဲမှာ ပိတ်ထားတယ်။ ဘယ်သူနဲ့မှစကား မပြောရ ငါးမိနစ်နေဆိုပြီးတော့ တခါတလေ ရေချိုးခန်းထဲမှာ ထားတယ်။ ဒါပေမယ့် ဟိန်းထက်က စိတ်ကြီးတယ်။


ချစ်စုမအမေကလည်း ဘာမှမပြောဘူး။ သူတို့နှစ်ယောက် တခါတခါ နပန်းလုံးရင် ချစ်စုမဆံပင်တွေ အထွေးလိုက်ကို ပါပါလာတာ။ ဒါပေမယ့် ချစ်စုမက ဟိန်းထက်ကို အရမ်းချစ်တော့ ဘာမှကို ပြန်မလုပ်တာ။

အဲ့လိုနဲ့ ခဏခဏဆိုတော့ ဟိန်းထက်အမေက သူ့သားကို အခန်းပိတ်ထားပြီး အပြစ်ပေးလည်း သူကစိတ်ဆိုးရင် ပြန် လုပ်တယ်ဆိုတော့ နောက်ဆုံး ချစ်စုမကို သင်တယ်။ နောက်တခါ မောင်မောင်လေးလုပ်လို့ ပြန်မလုပ်ရင် ချစ်စုမကို အန်တီရိုက်မယ်ဆိုပြီးတော့လေ။ ဟိန်းထက်အမေက ငါ့သား ပဲဆိုပြီး မရှိ ဘူး။ အမြဲတမ်း မျှမျှတတ ဆုံးဖြတ်ပေးလေ့ရှိတယ်။

အဲ့နောက်ပိုင်း နပန်းလုံးရင် နှစ်ယောက်သား တပြန်တလှန်ပြန်တွယ်ကြတယ်။ ဒါပေမယ့် သူတို့ ခဏဆိုပြန်တည့်ကြတယ်။ ရန်ဖြစ်ရင်လည်း နင်တွေငါတွေ မရှိဘူး ယဉ်ယဉ်ကျေးကျေးပဲ။ ဟိန်းထက်က စိတ်တိုလာရင် ပါးစပ်ကမပြောဘူး တွယ်ထည့်လိုက်တာ။ လက်သံကလည်း ပြောင်သလား မမေးနဲ့။


ထမင်းအတူတူစားရင်လည်း သူတို့နှစ်ယောက်ကို ထမင်းခွံကျွေးရင် မစားချင်ကြဘူးဗျ။ အဲ့တော့ ပါးလုံးတို့သုံးယောက် ထမင်းကို စားပွဲပေါ်မှာ မစားပဲနဲ့ ကြမ်းပြင်ပေါ်မှာ ပန်းကန်ထဲမှာ ထမင်းဟင်းတွေ ပုံပြီးတော့ လက်နဲ့ စားကြတယ်။ အဲ့အချိန်ဆို အဲ့နှစ်ယောက် စည်းလုံးရေး ကောင်းသလားမမေးနဲ့။

“မောင်မောင်လေး မမ မကုန်တော့ဘူး”ဆိုပြီး တိုးတိုးလေးပြောလိုက်ရင် “မမ သားသားထဲကို ထည့်လိုက် မပူနဲ့ သားသားလုပ်လိုက်မယ်” ဆိုပြီး ထမင်းတွေကို ကုတ်ဝါး ပြီးတော့ ရေသောက်သလိုနဲ့ ၀ါးထားတဲ့ ထမင်းတွေကို သွားသွားထွေးတယ်လေ။

သူတို့နှစ်ယောက် ရန်လည်းဖြစ်သလို ချစ်လည်းချစ်ကြတယ်။ ဒါပေမယ့် အခုတော့ ချစ်စုမက ပါးလုံးတို့နဲ့တမြို့တည်း။ ဟိန်းထက်ကတော့ ဟိုမှပဲ ကျန်ခဲ့တယ်လေ။ သူတို့နှစ်ယောက်လုံး သူတို့ မိဘ တွေနေတဲ့ နေရာမှာ နေရမယ်ဆိုတော့ သူတို့မခွဲချင်လည်း ခွဲကြရတယ်လေ။

တနေ့ ပါးလုံးတို့ တောင်ပေါ်ကို တက်ကြတယ်။ အဲ့နေ့ကျတော့ ဟိုးတောင်ပေါ်မှာ ရေအိုင်ရှိတယ်။ အဲ့ရေပြင် အကျယ်ကြီးက စိမ်းပြီးတော့ အရမ်းအေးချမ်းတယ်။ တောင်ပတ်လည်ကြားထဲမှာ။ အဲ့နေ့က ပါးလုံးတို့ အကင်တွေဘာတွေ ကင်စားကြတယ်။

ဒါပေမယ့် ပါးလုံးက ရေကိုမြင်တော့ အိမ်ကိုလွမ်းတယ်။ လေလေးကလည်း တိုက်နေတယ်။ သူများ တွေအကင်ကင်စားနေတဲ့ အချိန် ပါးလုံးကတော့ တခုခုကို လွမ်းနေတယ်။ အဲ့အချိန် ကျောက်တုံး နားမှာ ပါးလုံးထိုင်နေတုန်း ချစ်စုမက လာပြီးတော့ မမတဲ့ အကင်မစားဘူးလားတဲ့။

အဲ့တော့ အေးလို့ ချစ်စုယူခဲ့ပေးရင် စားမယ်လို့ပြောလိုက်တယ်။ ပြီးတော့ ချစ်စုအကြောင်းကိုလည်း ဘလော့မှာရေးပေးမယ်လို့ ပြောလိုက်တယ်။ သူက သူ့အကြောင်းကို ဘလော့မှာ တင်မယ်ဆိုရင် အရမ်းသဘောကျတာ။ သူစကားအရမ်းတတ်တဲ့ အကြောင်း “ဘာလည်းဟဲ့ရိုးရာ” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ ပါးလုံးရေးဖူးတယ်။ ဖတ်ချင်ရင် ဒီမှာ ပါ။

အဲ့တော့ စာရေးပေးမယ်ဆိုတော့ သူက သဘောကောင်းတယ်လေ။ ပါးလုံးကို အသားတွေ ကင်လာပြီး လာကျွေးတယ်။ ပါးလုံးနားမှာ သူလာထိုင်နေရင်းနဲ့ သူနဲ့ စကားပြောဖြစ်တယ်။ ပါးလုံးက သူ့ကို ပြောတယ်။ ချစ်စုလို့ မမတို့ တွေကလို့ ဒီမှာ သူငယ်ချင်းရနိုင်တယ်။ မှန်တယ်လို့ ဒါပေမယ့် ညီမလေးလည်း ဗမာသူငယ်ချင်း မရှိဘူး မမလည်း ဗမာသူငယ်ချင်း မရှိဘူး။

မမတို့ ဗမာလို ပြောလို့ရပြီး လွမ်းတာချင်းတူတာက ချစ်စုနဲ့မမပဲလို့ ဘယ်လောက်ခင်ခင် ရင်ခုန်သံချင်းထပ်တူကျမှ ခံစားလို့ရတာလို့။ အဲ့တော့ တို့နှစ်ယောက် ရန်မဖြစ် တော့ဘူးနော်လို့။ တို့နှစ်ယောက် ထာဝရသူငယ်ချင်း လုပ်ရအောင်ဆိုတော့ သူငြိမ်သွားတယ်။

ပြီးတော့ သူငယ်ချင်းဆိုတဲ့ အနှစ်သာရက ဘယ်လောက်ကောင်းတယ်ဆိုတာ သူ့ကို ပါးလုံးအေးအေးဆေးဆေး ရှင်းပြပြီးစည်းရုံးတယ်။ အဲ့လိုပြောပြီးမှ သူက သူငယ်ချင်းလုပ်မယ်ဆိုပြီးတော့ ကတိပေးတယ်။ နှစ်ယောက်သား တည့်သွားကြတယ်။

သူကမေးသေးတယ်။ မမလွမ်းနေတာလားတဲ့။ အဲ့တော့ ပါးလုံးက အေးလို့ ဒီနေရာက လွမ်းချင်စရာကြီးလို့ ပြောတော့ သူက သမီးလည်း မောင်မောင်လေးကို အရမ်းလွမ်းတာပဲတဲ့။ မောင်မောင်လေးနဲ့သာ ဆိုရင် ဒီနေရာမှာ ဆော့ရမှာ ပျော်စရာကြီးတဲ့။

သူ့မျက်နှာက သိသိသာသာကြီးကို ပြောင်းသွားတယ်။ အဲ့တော့မှ ပါးလုံးနားလည်လိုက်တယ်။ သူ့မှာလည်း ငယ်ပေမယ့် ရင်တွင်းခံစားချက်နဲ့ပါလားပေါ့။ ပါးလုံးလည်းခံစားဖူးပါတယ်။ သူ့လိုမျိုး။ ဒါပေမယ့် ဒီ ခုနှစ်နှစ်အရွယ်ကလည်း ခံစားတတ်လိမ့်မယ်လို့ မစဉ်းစားခဲ့မိဘူး။

အဲ့ဒါနဲ့ သူကဘယ်လောက် သတိယကြောင်း ပြောတယ်။ ပါးလုံးကလည်း သူ့ကိုလူကြီးတယောက် လိုသဘောထားပြီး ပြောပြတယ်။ ပါးလုံးတို့ အဲ့နေ့ကစကား တော်တော်ပြောဖြစ်တယ်။ နောက်တော့ ကစားကြတယ်။ အပြေးပြိုင်ကြတယ်။ သီချင်းတွေ အော်ဆိုကြတယ်။

ပြီးတော့ သူ့အဖေကို မကျေနပ်တဲ့အကြောင်းတွေပါ သူကရင်ဖွင့်တယ်လေ။ မကျေနပ်တာက တော့ တခြားမဟုတ်ပါဘူး။ သူ့အဖေနဲ့ သူကွန်ပျူတာ လုကိုင်ရတဲ့ ကိစ္စပါ။ သူ့အဖေက အသားမိုးချုပ်နဲ့ ပွားလွန်းလို့ သူမသုံးရဘူးတဲ့။ အသားမိုးချုပ်ဆိုတာကတော့ ပါးလုံးပေးထားတဲ့ နာမည်ပါ။

အသားမိုးချုပ်ရယ် အဖေရယ် ချစ်စုအဖေရယ်က သူငယ်ချင်းတွေလေ။ အဲ့တော့ အသားမိုးချုပ်နဲ့ သူ့အဖေ ပွားမယ့်အချိန်ကို မမကပွားပေးပါတဲ့ ဒါမှသာ သူ့အဖေ မပွားရတဲ့အတွက် ကွန်ပျူတာ အားမှာတဲ့လေ။

အဲ့တော့ပါးလုံးလည်း ဒါဆို အိမ်မှာလာသုံးလို့ပြောလိုက်တယ်။ အဲ့နေ့ညနေ သူအိမ်ကိုလိုက်လာ တယ်။ သူ့ကိုမုန့်တွေလည်း ကျွေး။ ကွန်ပျူတာလည်းသုံးခိုင်းတယ်။ နောက်တော့ သူကပါးလုံး ဟင်းချက်တော့ သူကလာလုပ်ကူတယ်လေ။ နေပါစေဆိုတော့ သူငယ်ချင်းပဲဟာတဲ့။ သူကပြော လိုက်သေးတယ်။

အဲ့ဒါဟင်းချက်တော့ ချစ်စုဘာဟင်းစားမလည်းဆိုတော့ ကြိုက်တာချက်တဲ့။ အဲ့ဒါပါးလုံးက ပန်းထုတ်ကြော်တော့ မမရယ်တဲ့ ဘာလို့များ မောင်မောင်လေး အရမ်းကြိုက်တဲ့ ဟင်းတွေ ကိုပဲချက်နေတာလည်းတဲ့။ ဟိန်းထက်က အသီးအရွက် အရမ်းကြိုက်တယ်။

အဲ့တော့မှ ပါးလုံးကလည်း ဟယ်ချစ်စု တော်တော်ကို လွမ်းနေလားဟင်ဆိုတော့ အင်းတဲ့။ ဒါနဲ့ ညရောက်တော့ သူ့အိမ်ကိုဖုန်းဆက်ပြီး လာခေါ်ခိုင်းတယ်လေ။ သူ့အဖေလာခေါ်တော့ သူပြန်သွား တယ်။

နောက်တော့ သူ့အမေကို ဘာပြောလည်းဆိုတော့ မေမေတဲ့ သမီးမသေခင်တော့ မောင်မောင်လေး နဲ့တွေ့ပါရစေနော်တဲ့။ ပါးလုံးတော်တော်ကို သနားသွားပါတယ်။ ဒါနဲ့ဟိုတနေ့က တွေ့တော့ ချစ်စု ဟိန်းထက်ကို မလွမ်းတော့ဘူးလားဆိုတော့ ပြုံးနေတဲ့မျက်နှာက ချက်ချင်းတည်သွားတယ်။

ပြီးတော့ ပြောလိုက်သေးတယ်။ ဘယ်သူလည်းတဲ့ မသိတော့ဘူးတဲ့။ သူ့ခံစားချက်တွေကို မသိချင်ယောင် ဆောင်လိုက်ပုံရတယ်။ ပါးလုံးလည်း ဆက်မမေးတော့ပါဘူး။ အခုတော့ ညနေဆို သူနဲ့ ပန်းခြံမှာ စက်ဘီးလျှောက်စီးတယ်။

ကျောင်းဖွင့်တဲ့နေ့တွေဆို သူ့ကျောင်းဆင်းရင် ပါးလုံးတို့ကျောင်းကို ရောက်လာတတ်တယ်။ အဲ့အချိန် ပါးလုံးအားတဲ့အချိန်ဆို သူနဲ့စကားပြောဖြစ်တယ်။ တခုခုဆို သူကသူငယ်ချင်းကလည်း သူငယ်ချင်းကလည်းနဲ့ တခါတလေလည်း မုန့်သွားစားကြတယ်။

အခုတော့ ပါးလုံးစည်းရုံးမရတဲ့ ကလေးမရှိတော့ပါဘူး။ ပြီးတော့ ပါးလုံးနဲ့သူလည်း တော်တော်လေး ကို ခင်နေကြပါပြီ။ တကယ်လို့သာ အရင်လို ပါးလုံးရယ် ချစ်စုရယ် ဟိန်းထက်ရယ် ပြန်ဆော့ခွင့် သာရမယ်ဆိုရင် ပါးလုံးတို့ သူငယ်ချင်းသုံးယောက်လုံး အတိုင်းမသိကို ပျော်မိကြမှာပါ။ အခုတော့ အဲ့နေ့ကို ပါးလုံးတို့ စောင့်နေရုံပေါ့။

ရဿတခုခုတော့ ရမယ်လို့ မျှော်လင့်မိပါတယ်။
အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Saturday, July 4, 2009

ကျခဲ့ဖူးသော စိတ်ဓါတ်




ပါးလုံး အခုတလော စာရေးလက်စ တန်းလန်းတွေ အရမ်းကိုများနေတယ်။ ဘာလို့လည်းဆိုတော့ စာရေးတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပျောက်နေတယ်ထင်တယ်။ ပြီးတော့ အခုတလော ရေးလိုက်သမျှ စာတွေကလည်း အရေမရ အဖတ်မရလို ခံစားရတယ်။

ပါးလုံးခံစားဖူးတဲ့ စိတ်ဓါတ်ကျတဲ့ အကြောင်းလေးကို မျှဝေချင်လို့ ဒီပို့စ်လေးကို ရေးတာပါ။ အကိုတွေ အမတွေကတော့ စိတ်ဓါတ်ကျဖူးသလား မသိဘူး။ ပါးလုံးတော့ အကြီးအကျယ် စိတ်ဓါတ် တခေါက် ကျဖူးတယ်။ အကြီးအကျယ်မှ အကြီးအကျယ် အဲ့အကြောင်းလေးကို ပါးလုံး ပြန်ပြောပြဦးမယ်။

ပါးလုံးက ခုနှစ်တန်းတုန်းက ပါးလုံးမှာရည်မှန်းချက် မဟုတ်တဲ့ ရည်ရွယ်ချက် တခုရှိတယ်။ ပါးလုံး ကျမ်းစာကျောင်း တက်ချင်တယ်။ ဒါပေမယ့် ဘုရားကျောင်းမှာ ၀မ်းဆက်ဝတ်ပြီး တရားဟောရုံ တော့မလုပ်ချင်ဘူး။ တောရွာတွေ နယ်တွေကို လျှောက်သွားချင်တယ်။ အဲ့အချိန်ကတော့ အတွေး ကသေးသေးလေး။

ဒါပေမယ့် အဲ့အတွေးကို ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး။ ဆယ်တန်းအောင်တော့ ကျမ်းစာကျောင်း တက်ချင်ပေမယ့် ပါးလုံးက ဆယ်တန်းပြီးမှ နှစ်ခြင်းခံတယ်ဆိုတော့ ကျမ်းစာကျောင်းက နှစ်ခြင်းခံ ပြီးသုံးနှစ်ကျော်မှ ၀င်ခွင့်ဖြေလို့ရတယ်။

ပြီးတော့ နှစ်တိုင်းဆက်ကပ်တဲ့အချိန်ဆို ပါးလုံးကိုယ့်ကိုကိုယ် ဆက်ကပ်ထားတယ်။ ဘုရားသခင်အ အတွက် စက္ကန့်မလပ် အမှုတော် ဆောင်မယ့်သူတယောက် အဖြစ်ပေါ့။ အဲ့လိုဆက်ကပ်တော့ အိမ် ကမလုပ်နိုင်ပဲ မဆက်ကပ်ရဘူးတဲ့။ သေချာစဉ်းစားပြီးသားလားတဲ့။

အဲ့နောက်ပိုင်းမှာ ပါးလုံးတွေးလာတယ်။ ကျမ်းစာကျောင်းတက်ပြီး ဘုရားသခင်အကြောင်း လိုက်ပြောရုံလားပေါ့။ ဒါနဲ့ ပါးလုံးရဲ့စိတ်က မလုံလောက်နိုင်ဘူး ဖြစ်နေတယ်။ နောက်တော့ မာသာထရီစာ စာအုပ်ကို ဖတ်ပြီး အရမ်းအားကျလာတယ်။ မာသာထရီစာဆိုတာကတော့ အိန္ဒိယမှာ မိဘမဲ့ဂေဟာ လုပ်သွားတဲ့ မိခင်ကြီးပါ။

သူကအားလုံးကို တန်းတူလိုသဘောထားတယ်။ သူ့သားသမီးအရင်းလို သဘောထားတယ်။ သူအခက်အခဲတွေ အများကြီးကို ကျော်လွှားခဲ့ရတယ်။ သူပြန်ရတာကတော့ ပီတိပေါ့။ ပါးလုံး သူရခဲ့တဲ့ ပီတိကို ပါးလုံးအရမ်းလိုချင်တယ်။


သူဘာလုပ်လုပ်ဘုရားကို တိုင်ပင်ပြီးလုပ်တယ်။ အဲ့နောက်ပိုင်းမှာ ပါးလုံးရဲ့ ရည်ရွယ်ချက်ကနေ ရည်မှန်းချက်ရှိလာတယ်။ အဲ့ဒါကတော့ မိဘမဲ့ဂေဟာ အကြီးကြီးလုပ်မယ်။ မဖြစ်ဖြစ်အောင် ကိုလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။
ပါးလုံးအဲ့နောက်ပိုင်း ပိုကြိုးစားလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာတယ်။ ဘုရားကို လည်းပိုအားကိုးလာတယ်။ ဘာကိုမဆို သင်ယူချင်တဲ့ စိတ်တွေဖြစ်လာတယ်။ အိမ်မှာတုန်းက ချည်ထိုးလုံးဝမသင်ချင်ဘူး။ စိတ်လည်းမ၀င်စားဘူး။ ဒါပေမယ့် အဲ့လို မိဘမဲ့ဂေဟာကို လုပ်ဖို့ဆုံး ဖြတ်လိုက်တဲ့ အချိန်ကစပြီးတော့ ပါးလုံး မြင်မြင်သမျှ သင်ယူချင်စိတ်ပေါက်လာတယ်။

အဲ့တော့ ပါးလုံးချည်ထိုးလည်းသင်တယ်။ အားကစားဆိုလည်း ရသလောက် လေ့လာတယ်။ လုပ်တယ်။ ဘာသင်သင်လည်း ရည်မှန်းချက်ရှိတဲ့အတွက် ဘာလုပ်လုပ် အဓိပါယ် ရှိလာတယ်။ ဘာတခုခုသင်လိုက်တိုင်းလည်း ငါသူတို့ကို ပြန်သင်ပေးမယ်ဆိုတဲ့ အတွေးနဲ့ဆိုတော့ မောလို့မောမှန်းမသိတော့ဘူး။ မလုပ်ရသေးဘူး။

အဲ့အတွေးနဲ့တင် ပါးလုံးအရမ်းပျော်တယ်။ ပင်ပန်းသမျှ အမောပြေတယ်။ ဘာလို့လည်းဆိုတော့ ပါးလုံးလုပ်ချင်တဲ့ မိဘမဲ့ဂေဟာဆိုတာက ကလေးတွေကို ကျောင်းထားပြီး ထမင်းကျွေး အချိန်တန်တော့ ကြီးသွားမယ့် ဂေဟာမျိုး မဖြစ်ချင်ဘူး။

ကလေးတွေကို ဘက်စုံတော်တဲ့ ကလေးတွေဖြစ်စေချင်တယ်။ အားကစားဆိုလည်း သိရမယ်။ အင်္ဂလိပ်ဆိုလည်း ကောင်းရမယ်။ မြူးစစ်ပိုင်းလည်း နိုင်ရမယ်။ ပြီးတော့ အပင်ဆိုလည်း စိုက်တတ်ရမယ်။ အနုရော အကြမ်းရော အကုန်နိုင်ရမယ်ဗျာ။ အဲ့လိုလုပ်ချင်တယ်။

ပါးလုံးသူတို့ အားလုံးရဲ့ မိခင်ကောင်း တယောက်ဖြစ်ချင်တယ်။ သူတို့ဘာကို ၀ါသနာပါလည်းဆို တာကို သူတို့သိပြီး တကယ်ကိုကြိုးစားချင်ရမယ်။ ပါးလုံးသူတို့အကြောင်း စဉ်းစားမိရင် ပီတိဖြစ်တယ်။ ဒါတောင်တကယ်မလုပ်ရသေးပါဘူး။

ပါးလုံးတင်ထားတဲ့ ထမင်းဝိုင်းသက္ကသိုလ်ဆိုတာကို ပါးလုံးဘာလို့ဒိုင်ယာရီထဲ ကူးထားလည်းဆို တော့ ပါးလုံးသူတို့ကို တနေ့ကျရင် အဲ့အတိုင်းကျင့်ပေးဖို့ စဉ်းစားထားလို့ပါ။ ပါးလုံးအရမ်းကို သဘောကျလွန်းလို့ပါ။ အဲ့လိုကောင်းတာလေးတွေဆို ပါးလုံးကူးပြီး သိမ်းထားတယ်။ သူတို့အတွက်။ အကြံတခုခုရပြီဆိုရင်လည်း ရေးပြီးမှတ်ထားတယ်။ လုပ်ချင်တာများတော့ မေ့သွားမှာစိုးလို့။

နောက်ပြီးတော့ အဲ့လိုရည်မှန်းချက် ရှိလာကတည်းက ပါးလုံးဝိရိယတွေ ကောင်းလာတယ်။ ဧည့်သည်လာရင်တောင် အခန်းထဲကမထွက်တော့တဲ့ပါးလုံး လူတွေကိုစိတ်ဝင်စားလာတယ်။ ပြောချင်တာကတော့ အဲ့ရည်မှန်းချက်ရှိလာတဲ့ အတွက် ပါးလုံး စိတ်ဓါတ်ကျခဲတယ်။ မကျဘူး ဆိုပါတော့။

နေမကောင်းလည်း တော်ရုံဆိုမဖြစ်ဘူး။ ဖြစ်လည်းခဏပဲ။ အိမ်မှာဆို ပါးလုံးကို အဒေါ်တွေက စပြီးတော့ ဟာဂျူလီလို့ခေါ်တယ်။ သူများဘယ်လောက်ဖျားဖျား ပါးလုံးမဖျားဘူးလေ။ ဖျားလည်း ပေတေပြီးတော့ နေတာ။ အိမ်ကမသိခင်ပဲ ပျောက်သွားတယ်လေ။

ဒါပေမယ့် တနေ့တော့ ပါးလုံးကိုယ်တွေလက်တွေ အရမ်းကိုကိုက်နေတာ။ မခံနိုင်ဘူး။ ခေါင်းဆိုတာ ကကိုက်တာမှ လှုပ်မရအောင်ကိုက်တာ။ ကွဲထွက်မတတ်ပဲ။ ဒါပေမယ့် ပါးလုံးအရင်လိုပဲ ပျောက်မှာ ပါဆိုပြီးတော့ ဓါတ်ကြမ်းကုတယ်လေ။ ရေချိုးခေါင်းလျှော်တယ်။

နောက်တနေ့ကျတော့ ပါးလုံးမခံနိုင်တော့ဘူး။ ဒါပေမယ့် ပါးလုံး အိမ်ကိုမပြောဘူး။ အ၀တ်တွေလျှော်လိုက်သေးတယ်။ ပါးလုံးအဒေါ်ဟင်းချက်နေတာကို TTMY (တောက်တိုမယ်ရ) လုပ်ပေးသေးတယ်။ ဒါပေမယ့် ဆယ်နာရီလောက်ကျတော့ မခံနိုင်တော့ဘူး။ အခန်းထဲဝင်တာနဲ့ လည်းပါလေရော။

ပါးလုံးအဒေါ်က အဲ့တော့မှသိတယ်။ သူ့လောက်ပါးလုံးကို ဂရုစိုက်တာ သူပဲ အရိပ်တကြည့်ကြည့်နဲ့နော်။ ဒါပေမယ့် ပါးလုံးကလည်း ဟန်ဆောင်ကောင်းတယ်ထင်တယ်။ လုံးဝသူမရိပ်မိဘူး။ နောက်တော့ ပါးလုံးလုံးဝဟန်မဆောင်နိုင်တော့ဘူး။

အဲ့တော့ သူကမေးတယ်။ ဆေးခန်းသွားမလားတဲ့။ မသွားဘူးလို့ ဆေးသောက်ထားတယ်လို့ ပျောက်မှာပါလို့ ပြောပြီးတော့ ဒီအတိုင်းအိပ်နေလိုက်တယ်။ နောက်တော့ ဂျယ်လီစားမလားတဲ့ ပါးလုံးကဖျားရင် ဂျယ်လီစားရင် ပျောက်နေကြလေ။ သူကဂျယ်လီ အထုတ်ကြီး တထုတ်သွားဝယ်လာတယ်။

အဲ့ဒါတရက်လည်း မပျောက် နှစ်ရက်လည်းမပျောက် တော်တော်ကိုဆိုးတယ်ဗျာ။ အဲ့အချိန်ထိ လည်း ပါးလုံးစိတ်ဓါတ်မကျသေးပါဘူး။ လူတော်တော်များများကလည်း ပါးလုံးကို ဆေးခန်းသွားဖို့ပဲ ပြောနေကြတယ်။ အိမ်ကိုလာတဲ့ တီတီ့သူငယ်ချင်းကလည်း ဆေးခန်းသွားဖို့တိုက်တွန်းတယ်။

ဒါပေမယ့် ပါးလုံးက ခေါင်းမာတယ်။ မသွားချင်ဘူးလေ။ နောက်တော့ မရတော့ဘူး။ အခြေအနေက တော်တော်ဆိုးလာတာ။ အသက်လည်းရှုလို့မရတော့ဘူး။ မျက်နှာတွေလည်း သွေးမရှိတော့ဘူး။ အဲ့အချိန်က ပါးလုံးအလုပ်တွေအကုန်လုံးကို ဘာတခုမှ လှည့်မကြည့်နိုင်ဘူး။

အားနာပေမယ့် လူကလှုပ်လို့ကိုမရတာ။ နောက်တော့ ပါးလုံးကိုအတင်းပဲ ဆေးခန်းခေါ်သွားကြတယ်။ ပါးလုံးကိုယ်တိုင်ကလည်း မြန်မြန်ပျောက်ချင်တာလည်းပါတယ်။ ။ နောက်တော့ ဆရာမက ပါးလုံးပုံကို ကြည့်ပြီးတော့ သိပ်မစိုးရိမ်ရဘူးလို့ တွက်တယ်လေ။

ခံစားနေရတာတွေကို မေးတယ်။ အဲ့တော့မှ ဖြစ်သမျှ အကုန်ပြောပြလိုက်တယ်။ မထူးတော့ဘူးလေ။ အချိန်ကလည်း တပတ်နီးနီးဖြစ်နေပြီဆိုတော့ မြန်မြန်ပျောက်ချင်ပြီ။ ငြိမ်ငြိမ်မနေချင်တဲ့ပါးလုံး အိပ်ယာထဲမှာပဲ နေနေရတယ်ဆိုတော့ သိပ်ဘ၀င်မကျဘူးပေါ့။

ဆရာမကအဲ့တော့မှ မျက်လုံးပြူးသွားတယ်။ သေသေချာချာစစ်တော့ ခြေထောက်တွေလည်း ယောင်နေတယ်။ ငယ်ငယ်ကတည်းက ဖြစ်တဲ့ လက္ခဏာကိုလည်း မေးတယ်။ နောက်တော့ လေးဘက်နာဖြစ်နေတယ်။

အသက်ကလည်း ရှုမရဘူးဆိုတော့ နှလုံးကိုလည်း စမ်းတယ်။ သူမျက်လုံးပိုပြူးသွားတယ်။ နှလုံးရောဂါတဲ့။ တော်တော်ကိုဆိုးတယ်တဲ့။ နှလုံးက ရပ်သွားလိုက် ပြီးမှ တချက်ပြန်ခုန်လိုက်။ ဖြစ်နေတယ်တဲ့။ နှလုံးနားက ကြွက်သားတွေကလည်း ရောင်နေတယ်တဲ့ နှလုံးထဲကိုလည်း ရေ၀င်နေတယ်တဲ့။

အဲ့ဒါနောက်တော့ ဆူလည်းဆူတယ်။ ရောဂါကို မွေးထားတယ်တဲ့။ အဒေါ်က ပါးလုံးကို အဲ့လိုနှလုံးရောဂါဆိုတော့ သူကငိုပါလေရော။ ပါးလုံးက ဆရာမအဲ့လိုပြောတဲ့ အထိ စိတ်ဓါတ်မကျသေးဘူး။ တီတီ့ကိုတောင် အားပေးလိုက်သေးတယ်။

ပြီးတော့ ပါးလုံးဆေးတွေလည်း အများကြီး သောက်ရတယ်။ ဆေးတွေလည်း အများကြီးထိုးရတယ်။ တင်ပါးဆိုတာ နာလွန်းလို့ မထိုင် နိုင်ဘူး။ လမ်းဖြည်းဖြည်း လျှောက်တာတောင်မောတယ်။

အဲ့တော့ ပါးလုံးကလည်း အိပ်ယာထဲမှာပဲ နေနေရတယ်လေ။ စာလည်းဖတ်မ ရဘူး။ ဆေးတွေသောက်ရလွန်းလို့ မျက်စိကလည်း လုံးဝကို မမြင်ရတာ။ စာဖတ်တာက တစ် ကြောင်းလောက်ဖတ်ပြီးရင် စာလုံးတွေကို မမြင်ရတော့ဘူး။

အဲ့တော့ လုပ်စရာလည်းမရှိ အိပ်တဲ့အလုပ်ပဲ။ စားလည်းမစားချင်ဘူးလေ။ ဒါပေမယ့် မစားလည်း မရဘူး။ ဆေးတွေဒဏ်ကိုခံနိုင်ဖို့ စားရတယ်။ အဲ့တော့ ပါးလုံးအဲ့လိုဖြစ်တာက ၂လကျော်ကျော် လောက်က အိပ်ယာထဲမှာလေ ဆေးပဲသောက်နေရတယ်။

ဒီကြားထဲ ဗိုက်က အောင့်တာ ဘာထည့်ထည့်မရဘူး ရေကလွဲပြီးကျန်တာထည့် မရဘူး။ နာတာ အနာပေါ်တုတ်ကျသလိုပဲ။ အဲ့ဒါတပတ်လောက်တော့ ကျိတ်ခံသေးတယ် ဆေးတွေထပ်တိုးမှာ စိုးလို့။ တီတီကလည်း စိုးရိမ်နေတဲ့အချိန်ဆိုတော့ မပြောချင်ဘူး။

နောက်တော့မခံနိုင်မှ ဆရာဝန်မကို ပြောပြရတယ်။ အစာအိမ်ရောင်တယ်တဲ့။ တခါမှ စိတ်ဓါတ်မကျ ဖူးတဲ့ပါးလုံး အဲ့အချိန်က အရမ်းကိုစိတ်ဓါတ်ကျတယ်။ ဒေါသလည်း ထွက်တယ်။ ဘာလို့လည်းဆို တော့ အဲ့အချိန်က ပါးလုံးလို ငယ်ငယ်ရွယ်ရွယ်တွေ အရမ်းသေကြတယ်။

မထင်မှတ်ပဲ အကောင်းကြီးကနေ ဆုံးကြတာလေ။ ပါးလုံးကသေမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ပါးလုံးကြိုးစားခဲ့သမျှ ပါးလုံးလုပ်ချင်တာ ပါးလုံးလိုချင်တာတွေ မရသေးပဲ သေမှာကိုဒေါသထွက် တာလေ။ အဲ့အချိန်က စိတ်ဓါတ်တော်တော်ကိုကျတာ။

ပြီးတော့ နော်ဝေလာခါနီးမှ ဖြစ်တာ။ ဘယ်လောက်ဆိုးလိုက်လည်းနော်။ ရည်မှန်းချက်အတွက် ကြိုးစားဖို့ လမ်းပေါ်ကိုရောက်ခါနီးမှ သေမယ်ဆိုတော့ ဒေါသထွက်တယ်။ နောက်တချက်က အဲ့မှာသေရင် ဂူကလှမှာမဟုတ်ဘူး။ သေချာတယ်။ နော်ဝေကသချိုင်းက အရမ်းလှတာ။

ဟိုမှာဆိုမလှဘူးလေ။ သချိုင်းဆို လူတိုင်းကြောက်တာ။ ဒီကသချိုင်းက အုတ်ပြားလေးတွေနဲ့ ပန်းပင်လည်း စိုက်ထားသေးတယ်။ အေးချမ်းနေရောပဲ။ ပါးလုံးဆိုဒီရောက်ပြီးတော့ စိတ်ထဲမှာ ညစ်တာနဲ့ သချိုင်းမှာ သွားသွားထိုင်တယ်။

အရမ်းကို အေးချမ်းလွန်းလို့လေ။ အဲ့တော့ အဲ့တုန်းက သေမယ်ထင်တယ်ဆိုတဲ့ အသိနဲ့ စိတ်ဓါတ်တွေ တော်တော်ကိုကျတာ။ ဘယ်လိုမှကုန်းကောက်စရာ မရှိအောင်ကျတာ။ ပြီးတော့ သေရင် ကျန်ခဲ့တဲ့သူတွေက ပူဆွေးမယ်။ ငိုမယ်။ သနားမယ်။ ဒါပဲ ပြီးပြီလေ။ နောက် တစ်နှစ်လောက်နေရင် အားလုံးက မေ့သွားကြမှာ။

ပါးလုံးအဲ့လိုအဖြစ်မခံနိုင်ဘူး။ မာသာထရီစာဆို သေသွားတာကြာပြီဖြစ်ပေမယ့် လူတိုင်းက သူ့ကိုသိကြတယ်။ သူ့နာမည်ကြားတာနဲ့ လေးစားကြတယ်။ အခုထိသူ့ကိုလူတိုင်းသိတယ်။ ပါးလုံးက အဲ့လိုမအောင်မြင်သေးပဲ မသေချင်ဘူး။ လူသိမယ်မသိဘူးဆိုတာထက် ပါးလုံးလုပ်ချင်တဲ့ ကိစ္စ သူခံစားသွားရတဲ့ ပီတိ မခံစားရသေးပဲ မသေချင်ဘူး။

ပါးလုံးက ဘာလုပ်လုပ် ဆုတောင်းပြီးမှ လုပ်တတ်တဲ့အကျင့်ရှိတယ်။ ပါးလုံးငယ်ငယ်ကတည်းက အပြင်းအထန်တောင်းတဲ့ ဆုတခုရှိတယ်။ အဲ့ဒါကတော့ သတိယတိုင်းတောင်းတာ။ “ဘုရားသခင် သမီးကိုယောက်ျားမပေးစားနဲ့နော်။ သမီးလုပ်ချင်တာမလုပ်ရမှာစိုးလို့ ”ဆိုပြီးတောင်းတာ။

ဘာဖြစ်လို့လည်းဆိုတော့ ပါးလုံးသူငယ်ချင်းတွေ ယောက်ျားရပြီး သူတို့ဘ၀က သူတို့မွေးတဲ့က လေးနဲ့ ဘဝကြီး အဆုံးသတ်သွားရတာ။ မိသားစုကိစ္စနဲ့တင် ပြီးသွားရတာ။ ပါးလုံးအဲ့ဒါမလိုချင်ဘူး။ အဲ့ဒါကြောင့် ရောင်ရန်းပြီးတောင် ယောက်ျားအရမခံနိုင်ဘူး။ ပါးလုံးလုပ်ချင်တာကို အားကြိုးမာန်တက် အချိန်ပြည့်မလုပ်ရမှာကိုကြောက်တယ်။

နေမကောင်းမဖြစ်ခင်အချိန်ထိ အဲ့ဆုကိုသာ သဲကြီးမဲကြီးတောင်းခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်တာက ငါအသက် ၇၀ကျော်ထိနေရမယ်လို့လေ။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အချိန်ကျ တော့ မရဘူး။ အဲ့ယုံကြည်မှုတွေလည်း ပျောက်ကုန်တယ်။

အဲ့တော့ ဆုတခုထပ်တိုးတောင်းရတယ်။ “ဘုရားသခင် လောကမိဘမဲ့နေတဲ့ ကလေးတွေအတွက် တာဝန်ထမ်းဆောင်ချင်တယ်။ သမီးကိုအဲ့တာဝန်ပေးပါ။ သမီးကိုမခေါ်ပါနဲ့ဦး။ သမီးလုပ်ချင်တာ လုပ်ပြီးမှ ကောင်းကင်နိုင်ငံလာပါရစေ။ သမီးအခုမလာချင်သေးဘူး ” ဆိုပြီး တောင်းတာ။

မျက်ရည်ကျပြီးတော့ သတိယတိုင်းတောင်းတယ်။ အဲ့နောက်ပိုင်း ပါးလုံးကလေးတွေကို မြင်ယောင်လာ တယ်။ အမှန်ဆိုပါးလုံး ဆေးလုံးဝမကြိုက်ဘူး။ မသောက်ချင်ဘူး။ အမြဲလွှင့်ပစ်တာ။ ဆေးသောက် ခါနီးဆို အဖေက ငါ့ရှေ့မှာသောက်ဆိုပြီး ပြောနေကြ။ ဒါပေမယ့် ပါးလုံး သူများပြောစရာမလိုပဲ များလွန်းတဲ့ ဆေးတွေကို အကုန်သောက်တယ်။

ပါးလုံးအဒေါ်က ပါးလုံးကို အစားပုံမှန်မစားတဲ့ အတွက် အမြဲဆူရတယ်။ အဲ့နောက်ပိုင်းတော့ ပါးလုံးမစားချင်လည်း အစားတွေကိုစားတယ်။ နောက်ဆုံး သုံးလလောက်နေတော့ ပါးလုံးတော် တော်လေးကို ကောင်းလာတယ်။ အရင်ဆို လမ်းတောင်ဖြည်းဖြည်းလျှောက်၇တာ။ အခုဆိုပါးလုံး ဘတ်စကတ်ဘောလုံး တောင် ကစားလို့ရပြီ။

ဒါကြောင့် ပါးလုံးရည်မှန်းချက်ကို အကောင်အထည်ဖော်ရင်း ကျနေတဲ့စိတ်ဓါတ်ကို ပြန်တင်ရင်း အားအင်တွေ ပြန်ပြည့်လာပါတယ်။ ပါးလုံးနောက်မဆုတ်ပဲ ဆက်လက်အကောင်အထည် ဖော်နေပါတယ်။ ပါးလုံး သေတဲ့အထိ အဲ့အတွက် ပါးလုံးအသက်ရှင်သွားချင်ပါတယ်။ ပါးလုံး အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒါကတော့ ပါးလုံးကျခဲ့ဖူးတဲ့ စိတ်ဓါတ်ကို ပြန်ကောက်တင်ခဲ့တဲ့ အကြောင်းအရာလေးပါ။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။ ခင်မင်လေးစားကျေးဇူးတင်လျှက် ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...