
ပါးလုံးဒီပို့စ်လေးကို ရေးဖို့ အားယူနေတာ သုံးလလောက်ရှိသွားပါပြီ။ ခံစားချက်တွေနဲ့ စကားလုံး တွေက ပြောင်းပြန်အချိုးကျနေပုံရတယ်။ ခံစားချက်တွေ အရမ်းပြင်းလာတော့ စကားလုံးတွေက ဘယ်လိုမှ ထွက်မလာတော့ဘူး။
ပြင်းဆို သူကလည်း အဲ့လိုခံစားချက်တွေ ပြင်းအောင်လုပ်သွားတာကိုး။ ဒီနေ့ဆို သူ ပါးလုံးကို ထားခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ နှစ်နှစ်ဆိုတဲ့ အချိန်က မနည်းပါဘူး။ ဒါပေမယ့် ပါးလုံးရင်ထဲမှာတော့ မနေ့တနေ့ကလိုပဲ မယုံကြည်နိုင်ပါဘူး။
သူငယ်ချင်းတွေနဲ့ သူ့အကြောင်းပြောဖြစ်တော့ အားလုံးမခံစား နိုင်ကြပါဘူး။ သူကတော့ ဘယ်သူ မှမသိလိုက်တဲ့ မနက်စောစော မိုးတွေအရမ်းရွာတဲ့အချိန်မှာ အားလုံးကို ထားသွားခဲ့တယ်။ ပါးလုံး ထွက်လာတော့ သူ့မျက်စိတဆုံးထိ လိုက်ပို့နှုတ်ဆက်ခဲ့ပေမယ့်၊ ပါးလုံးကတော့ သူလောကကြီးက ထွက်သွားပြီး ခြောက်လ နေမှ သူထွက်သွားတာ သိခဲ့ရတယ်။
အဲ့လိုဆိုတော့ စည်းကမ်းကြီးသလောက် ကြင်နာတတ်တဲ့ သူ့မိဘကိုလည်း သတိယမိပါတယ်။ သူလမ်းလျှောက်တတ်ခါစမှာ အပြင်းဖျားပြီး ညသန်းခေါင် ဂျီကျတာကတော့ ဘောလုံးကန်မယ်တဲ့။ သူ့အဖေနဲ့အမေ ညသန်းခေါင် ဂိုးပေါက် စောင့်ခဲ့ရတယ်။
နေမကောင်းဖြစ်ပြီး အိပ်ပျော်နေတဲ့သား နှခေါင်းပိတ်နေတော့ နိုးမှာစိုးလို့ နှပ်ချေး ကို မရွံနိုင်ပဲ ပါးစပ်နဲ့စုပ်ပေးခဲ့တဲ့ သူ့အဖေ ဘယ်လိုခံစားနေရလည်းဆိုပြီး မေးမိတယ်။ ညတိုင်း တံ ခါးမပိတ်ခင် မေ့ပြီးသူ့မိန်းမကို မေးတာကတော့ “ မေမေ လူစုံပြီလား သားကောင်းပြည့်ရော ပြန်ရောက်ပြီလား” တဲ့။
ချစ်စမ်းမောင်ကို အားကျပြီး အားတဲ့အချိန်တိုင်း ဂစ်တာတလုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ သူက “မေမေသားဂစ်တာ အောင်သူရကိုပေးလိုက်မယ်နော်။ သားဆယ်တန်းအောင်ရင် မေမေအသစ် ဝယ်ပေးမယ်မဟုတ်လား” ဆိုတော့ ပါးလုံးအံ့သြရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဂစ်တာ လေးက သူငါးတန်းထဲက တီးခဲ့တဲ့ဂစ်တာလေး။
နင်ဘာလို့ပေးချင်တာလည်း ဆိုတော့ “အောင်သူရ ဂစ်တာဝယ်ဖို့ ပိုက်ဆံစုနေတယ်။ သူကအခု မှသင်မှာ ငါဘုရားကျောင်းမှာတီးလည်း အစဉ်ပြေပါတယ်။ ပြီးတော့ အသစ်ရမှာပဲဟာ” ဆိုတော့ သူငယ်ချင်းတွေအပေါ်ထားတဲ့ သူ့စိတ်ကို လေးစားမိပါတယ်။
ပါးလုံးစိတ်ညစ်တဲ့အချိန် ရင်ဖွင့်မိတိုင်း ငါးမိနစ်အတွင်း ပြုံးလာအောင် အားပေးတတ်တဲ့ သူ့ကို ပါးလုံးဘယ်လိုမှ မေ့လို့မရပါဘူး။ ဂစ်တာမြင်တိုင်းလည်းသတိယ၊ ဘောလုံးပွဲကြည့်တိုင်းလည်း သတိယ၊ ဂိမ်းဆော့တိုင်းလည်း သတိယ၊ ဝက်သားတုတ်ထိုး စားတိုင်းလည်း သတိယ၊ သိုင်းကားကြည့်တိုင်းလည်း သတိယ၊ လက်ဘက်ရည်ဆိုင်ထိုင်တိုင်းလည်း သတိယ၊ အာပူလျှာပူ သောက်တိုင်းလည်း သတိယတဲ့ အကြောင်းတွေ သူငယ်ချင်းတွေ ပြန်ပြောမိကြတော့ အားလုံးစိတ်မကောင်းကြဘူး။
ပါးလုံးကတော့ အခုဆို ဘောလုံးပွဲလည်း မကြည့်တော့ပါဘူး။ သိုင်းကားလည်း မကြည့်တော့ပါဘူး။ အထူးသဖြင့် Birthday Cake ဆို လှည့်ကို မကြည့်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့နေ့က ခရစ္စမတ်လုပ်တယ်။ ပါးလုံး သနပ်ခါးလေး လှလှလေးလိမ်းပြီး အလုပ်ရှုပ်နေတဲ့အချိန် ကိတ်မုန့်တုံး နား ပြုံးစိစိနဲ့ သူလည်း အလုပ်များနေတယ်။
ခဏနေတော့ ကိတ်မုန့်ကခရင်မ်တွေကို ပါးလုံး ပါးမှာလာသုတ်ပါလေရော။ အဲ့နေ့မှ သနပ်ခါးကို စိတ်ရှည် လက်ရှည်လိမ်းထားတာကို သူအဲ့လို သုတ်လိုက်တော့ စိတ်ဆိုးပြီး ငိုတာပေါ့။ အဲ့တော့ သူ့အမေသူ့ကို လှမ်းရိုက်ပါလေရော။
ခဏနေတော့ သနပ်ခါးတွေပြန်သွေးပေးပြီး “နင်တကယ် စိတ်မဆိုးဘူးမဟုတ်လား။ ရော့ ပြန်လိမ်းလိုက်နော်။” ဆိုတဲ့ သူ့ပုံကို ကိတ်မုန့်က ခရင်မ်မြင်တိုင်း သတိယမိလို့ ပါးလုံး ကိတ်မုန့် ဆိုလှည့်ကို မကြည့်တော့ပါဘူး။
“ ငါလေ နင်အောင်မြင်မှုတွေနဲ့ ပြန်လာမယ့်နေ့ကို စောင့်နေမယ်” ဆိုတဲ့သူက စောင့်တော့ စောင့်နေမှာပါ။ ဒါပေမယ့် တောင်ငူမှာတော့မဟုတ်ဘူး ကောင်းကင်နိုင်ငံမှာ။
အဲ့ဒီပြန်ဆုံမယ့်နေ့မတိုင်ခင် ပါးလုံးရဲ့ ခံစားချက်တွေကို မျက်ကွယ်ပြုပြီး ဆက်ကြိုးစားရဦးမယ်။ ဒီအ ချိန်မှာ အလုပ်ချင်ဆုံးကတော့ သူ့အုတ်ဂူဖြူဖြူလေးပေါ် သွားပြီး နှင်းဆီပန်းအနီလေးတွေ သွားချချင်ခြင်းပါ။
နာရီတွေက သူ့တာဝန်ကို သူလုပ်ဆောင်နေတာဟာ မပြောင်းလည်းပေမယ့် ပါးလုံးတို့ ကမ္ဘာကြီးကတော့ ပြောင်းလည်းလာတယ်။ တခုခုကို လုပ်မိတိုင်း သတိယစေခဲ့တဲ့ သူ့ကို ဒီနေ့ထိ လွမ်းနေပေမယ့် သူကတော့ သခင့်ရင်ခွင်မှာ ပျော်နေမှာ သေချာပါတယ်။
မိုးတွေ အရမ်းရွာတဲ့နေ့မှာ လောကကြီးကို သူရောက်လာသလို မိုးတွေအရမ်းရွာတဲ့နေ့မှာပဲ ပြန်သွားတဲ့ သူ့ကို မိုးရွာတိုင်း လွမ်းမိတာ ပါလုံးတို့ သူငယ်ချင်း အားလုံးပါ။ ပါးလုံး သူ့အကြောင်းလေးတွေ ဆက်ရေးချင်ပါသေးတယ်။ ဒါပေမယ့် ပါးလုံးမှာ ဆက်ရေးဖို့ အင်အား မရှိတော့ပါဘူး။
ပါးလုံး တောင်ငူပြန်မယ့်နေ့မှာ သူ့ကိုဘယ်လိုအပြုံးမျိုးနဲ့ ဘယ်လိုမျက်နှာမျိုးနဲ့ တွေ့ရမလည်းလို့ အစ ကတော့ စိတ်ကူးယဉ်ခဲ့မိတယ်။ ဒါပေမယ့် အခုတော့ ကောင်းကင်နိုင်ငံမှာ ပြန်ဆုံမယ့်နေ့ကိုပဲ မျှော်လင့်ရင်း……………………
အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
Friday, July 10, 2009
ပြန်ဆုံမယ့်နေ့
Labels: ခံစားချက်လေး
Permalink 27
Read more>>
Saturday, July 4, 2009
ကျခဲ့ဖူးသော စိတ်ဓါတ်

ပါးလုံး အခုတလော စာရေးလက်စ တန်းလန်းတွေ အရမ်းကိုများနေတယ်။ ဘာလို့လည်းဆိုတော့ စာရေးတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပျောက်နေတယ်ထင်တယ်။ ပြီးတော့ အခုတလော ရေးလိုက်သမျှ စာတွေကလည်း အရေမရ အဖတ်မရလို ခံစားရတယ်။
ပါးလုံးခံစားဖူးတဲ့ စိတ်ဓါတ်ကျတဲ့ အကြောင်းလေးကို မျှဝေချင်လို့ ဒီပို့စ်လေးကို ရေးတာပါ။ အကိုတွေ အမတွေကတော့ စိတ်ဓါတ်ကျဖူးသလား မသိဘူး။ ပါးလုံးတော့ အကြီးအကျယ် စိတ်ဓါတ် တခေါက် ကျဖူးတယ်။ အကြီးအကျယ်မှ အကြီးအကျယ် အဲ့အကြောင်းလေးကို ပါးလုံး ပြန်ပြောပြဦးမယ်။
ပါးလုံးက ခုနှစ်တန်းတုန်းက ပါးလုံးမှာရည်မှန်းချက် မဟုတ်တဲ့ ရည်ရွယ်ချက် တခုရှိတယ်။ ပါးလုံး ကျမ်းစာကျောင်း တက်ချင်တယ်။ ဒါပေမယ့် ဘုရားကျောင်းမှာ ၀မ်းဆက်ဝတ်ပြီး တရားဟောရုံ တော့မလုပ်ချင်ဘူး။ တောရွာတွေ နယ်တွေကို လျှောက်သွားချင်တယ်။ အဲ့အချိန်ကတော့ အတွေး ကသေးသေးလေး။
ဒါပေမယ့် အဲ့အတွေးကို ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး။ ဆယ်တန်းအောင်တော့ ကျမ်းစာကျောင်း တက်ချင်ပေမယ့် ပါးလုံးက ဆယ်တန်းပြီးမှ နှစ်ခြင်းခံတယ်ဆိုတော့ ကျမ်းစာကျောင်းက နှစ်ခြင်းခံ ပြီးသုံးနှစ်ကျော်မှ ၀င်ခွင့်ဖြေလို့ရတယ်။
ပြီးတော့ နှစ်တိုင်းဆက်ကပ်တဲ့အချိန်ဆို ပါးလုံးကိုယ့်ကိုကိုယ် ဆက်ကပ်ထားတယ်။ ဘုရားသခင်အ အတွက် စက္ကန့်မလပ် အမှုတော် ဆောင်မယ့်သူတယောက် အဖြစ်ပေါ့။ အဲ့လိုဆက်ကပ်တော့ အိမ် ကမလုပ်နိုင်ပဲ မဆက်ကပ်ရဘူးတဲ့။ သေချာစဉ်းစားပြီးသားလားတဲ့။
အဲ့နောက်ပိုင်းမှာ ပါးလုံးတွေးလာတယ်။ ကျမ်းစာကျောင်းတက်ပြီး ဘုရားသခင်အကြောင်း လိုက်ပြောရုံလားပေါ့။ ဒါနဲ့ ပါးလုံးရဲ့စိတ်က မလုံလောက်နိုင်ဘူး ဖြစ်နေတယ်။ နောက်တော့ မာသာထရီစာ စာအုပ်ကို ဖတ်ပြီး အရမ်းအားကျလာတယ်။ မာသာထရီစာဆိုတာကတော့ အိန္ဒိယမှာ မိဘမဲ့ဂေဟာ လုပ်သွားတဲ့ မိခင်ကြီးပါ။
သူကအားလုံးကို တန်းတူလိုသဘောထားတယ်။ သူ့သားသမီးအရင်းလို သဘောထားတယ်။ သူအခက်အခဲတွေ အများကြီးကို ကျော်လွှားခဲ့ရတယ်။ သူပြန်ရတာကတော့ ပီတိပေါ့။ ပါးလုံး သူရခဲ့တဲ့ ပီတိကို ပါးလုံးအရမ်းလိုချင်တယ်။
သူဘာလုပ်လုပ်ဘုရားကို တိုင်ပင်ပြီးလုပ်တယ်။ အဲ့နောက်ပိုင်းမှာ ပါးလုံးရဲ့ ရည်ရွယ်ချက်ကနေ ရည်မှန်းချက်ရှိလာတယ်။ အဲ့ဒါကတော့ မိဘမဲ့ဂေဟာ အကြီးကြီးလုပ်မယ်။ မဖြစ်ဖြစ်အောင် ကိုလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။
ပါးလုံးအဲ့နောက်ပိုင်း ပိုကြိုးစားလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာတယ်။ ဘုရားကို လည်းပိုအားကိုးလာတယ်။ ဘာကိုမဆို သင်ယူချင်တဲ့ စိတ်တွေဖြစ်လာတယ်။ အိမ်မှာတုန်းက ချည်ထိုးလုံးဝမသင်ချင်ဘူး။ စိတ်လည်းမ၀င်စားဘူး။ ဒါပေမယ့် အဲ့လို မိဘမဲ့ဂေဟာကို လုပ်ဖို့ဆုံး ဖြတ်လိုက်တဲ့ အချိန်ကစပြီးတော့ ပါးလုံး မြင်မြင်သမျှ သင်ယူချင်စိတ်ပေါက်လာတယ်။
အဲ့တော့ ပါးလုံးချည်ထိုးလည်းသင်တယ်။ အားကစားဆိုလည်း ရသလောက် လေ့လာတယ်။ လုပ်တယ်။ ဘာသင်သင်လည်း ရည်မှန်းချက်ရှိတဲ့အတွက် ဘာလုပ်လုပ် အဓိပါယ် ရှိလာတယ်။ ဘာတခုခုသင်လိုက်တိုင်းလည်း ငါသူတို့ကို ပြန်သင်ပေးမယ်ဆိုတဲ့ အတွေးနဲ့ဆိုတော့ မောလို့မောမှန်းမသိတော့ဘူး။ မလုပ်ရသေးဘူး။
အဲ့အတွေးနဲ့တင် ပါးလုံးအရမ်းပျော်တယ်။ ပင်ပန်းသမျှ အမောပြေတယ်။ ဘာလို့လည်းဆိုတော့ ပါးလုံးလုပ်ချင်တဲ့ မိဘမဲ့ဂေဟာဆိုတာက ကလေးတွေကို ကျောင်းထားပြီး ထမင်းကျွေး အချိန်တန်တော့ ကြီးသွားမယ့် ဂေဟာမျိုး မဖြစ်ချင်ဘူး။
ကလေးတွေကို ဘက်စုံတော်တဲ့ ကလေးတွေဖြစ်စေချင်တယ်။ အားကစားဆိုလည်း သိရမယ်။ အင်္ဂလိပ်ဆိုလည်း ကောင်းရမယ်။ မြူးစစ်ပိုင်းလည်း နိုင်ရမယ်။ ပြီးတော့ အပင်ဆိုလည်း စိုက်တတ်ရမယ်။ အနုရော အကြမ်းရော အကုန်နိုင်ရမယ်ဗျာ။ အဲ့လိုလုပ်ချင်တယ်။
ပါးလုံးသူတို့ အားလုံးရဲ့ မိခင်ကောင်း တယောက်ဖြစ်ချင်တယ်။ သူတို့ဘာကို ၀ါသနာပါလည်းဆို တာကို သူတို့သိပြီး တကယ်ကိုကြိုးစားချင်ရမယ်။ ပါးလုံးသူတို့အကြောင်း စဉ်းစားမိရင် ပီတိဖြစ်တယ်။ ဒါတောင်တကယ်မလုပ်ရသေးပါဘူး။
ပါးလုံးတင်ထားတဲ့ ထမင်းဝိုင်းသက္ကသိုလ်ဆိုတာကို ပါးလုံးဘာလို့ဒိုင်ယာရီထဲ ကူးထားလည်းဆို တော့ ပါးလုံးသူတို့ကို တနေ့ကျရင် အဲ့အတိုင်းကျင့်ပေးဖို့ စဉ်းစားထားလို့ပါ။ ပါးလုံးအရမ်းကို သဘောကျလွန်းလို့ပါ။ အဲ့လိုကောင်းတာလေးတွေဆို ပါးလုံးကူးပြီး သိမ်းထားတယ်။ သူတို့အတွက်။ အကြံတခုခုရပြီဆိုရင်လည်း ရေးပြီးမှတ်ထားတယ်။ လုပ်ချင်တာများတော့ မေ့သွားမှာစိုးလို့။
နောက်ပြီးတော့ အဲ့လိုရည်မှန်းချက် ရှိလာကတည်းက ပါးလုံးဝိရိယတွေ ကောင်းလာတယ်။ ဧည့်သည်လာရင်တောင် အခန်းထဲကမထွက်တော့တဲ့ပါးလုံး လူတွေကိုစိတ်ဝင်စားလာတယ်။ ပြောချင်တာကတော့ အဲ့ရည်မှန်းချက်ရှိလာတဲ့ အတွက် ပါးလုံး စိတ်ဓါတ်ကျခဲတယ်။ မကျဘူး ဆိုပါတော့။
နေမကောင်းလည်း တော်ရုံဆိုမဖြစ်ဘူး။ ဖြစ်လည်းခဏပဲ။ အိမ်မှာဆို ပါးလုံးကို အဒေါ်တွေက စပြီးတော့ ဟာဂျူလီလို့ခေါ်တယ်။ သူများဘယ်လောက်ဖျားဖျား ပါးလုံးမဖျားဘူးလေ။ ဖျားလည်း ပေတေပြီးတော့ နေတာ။ အိမ်ကမသိခင်ပဲ ပျောက်သွားတယ်လေ။
ဒါပေမယ့် တနေ့တော့ ပါးလုံးကိုယ်တွေလက်တွေ အရမ်းကိုကိုက်နေတာ။ မခံနိုင်ဘူး။ ခေါင်းဆိုတာ ကကိုက်တာမှ လှုပ်မရအောင်ကိုက်တာ။ ကွဲထွက်မတတ်ပဲ။ ဒါပေမယ့် ပါးလုံးအရင်လိုပဲ ပျောက်မှာ ပါဆိုပြီးတော့ ဓါတ်ကြမ်းကုတယ်လေ။ ရေချိုးခေါင်းလျှော်တယ်။
နောက်တနေ့ကျတော့ ပါးလုံးမခံနိုင်တော့ဘူး။ ဒါပေမယ့် ပါးလုံး အိမ်ကိုမပြောဘူး။ အ၀တ်တွေလျှော်လိုက်သေးတယ်။ ပါးလုံးအဒေါ်ဟင်းချက်နေတာကို TTMY (တောက်တိုမယ်ရ) လုပ်ပေးသေးတယ်။ ဒါပေမယ့် ဆယ်နာရီလောက်ကျတော့ မခံနိုင်တော့ဘူး။ အခန်းထဲဝင်တာနဲ့ လည်းပါလေရော။
ပါးလုံးအဒေါ်က အဲ့တော့မှသိတယ်။ သူ့လောက်ပါးလုံးကို ဂရုစိုက်တာ သူပဲ အရိပ်တကြည့်ကြည့်နဲ့နော်။ ဒါပေမယ့် ပါးလုံးကလည်း ဟန်ဆောင်ကောင်းတယ်ထင်တယ်။ လုံးဝသူမရိပ်မိဘူး။ နောက်တော့ ပါးလုံးလုံးဝဟန်မဆောင်နိုင်တော့ဘူး။
အဲ့တော့ သူကမေးတယ်။ ဆေးခန်းသွားမလားတဲ့။ မသွားဘူးလို့ ဆေးသောက်ထားတယ်လို့ ပျောက်မှာပါလို့ ပြောပြီးတော့ ဒီအတိုင်းအိပ်နေလိုက်တယ်။ နောက်တော့ ဂျယ်လီစားမလားတဲ့ ပါးလုံးကဖျားရင် ဂျယ်လီစားရင် ပျောက်နေကြလေ။ သူကဂျယ်လီ အထုတ်ကြီး တထုတ်သွားဝယ်လာတယ်။
အဲ့ဒါတရက်လည်း မပျောက် နှစ်ရက်လည်းမပျောက် တော်တော်ကိုဆိုးတယ်ဗျာ။ အဲ့အချိန်ထိ လည်း ပါးလုံးစိတ်ဓါတ်မကျသေးပါဘူး။ လူတော်တော်များများကလည်း ပါးလုံးကို ဆေးခန်းသွားဖို့ပဲ ပြောနေကြတယ်။ အိမ်ကိုလာတဲ့ တီတီ့သူငယ်ချင်းကလည်း ဆေးခန်းသွားဖို့တိုက်တွန်းတယ်။
ဒါပေမယ့် ပါးလုံးက ခေါင်းမာတယ်။ မသွားချင်ဘူးလေ။ နောက်တော့ မရတော့ဘူး။ အခြေအနေက တော်တော်ဆိုးလာတာ။ အသက်လည်းရှုလို့မရတော့ဘူး။ မျက်နှာတွေလည်း သွေးမရှိတော့ဘူး။ အဲ့အချိန်က ပါးလုံးအလုပ်တွေအကုန်လုံးကို ဘာတခုမှ လှည့်မကြည့်နိုင်ဘူး။
အားနာပေမယ့် လူကလှုပ်လို့ကိုမရတာ။ နောက်တော့ ပါးလုံးကိုအတင်းပဲ ဆေးခန်းခေါ်သွားကြတယ်။ ပါးလုံးကိုယ်တိုင်ကလည်း မြန်မြန်ပျောက်ချင်တာလည်းပါတယ်။ ။ နောက်တော့ ဆရာမက ပါးလုံးပုံကို ကြည့်ပြီးတော့ သိပ်မစိုးရိမ်ရဘူးလို့ တွက်တယ်လေ။
ခံစားနေရတာတွေကို မေးတယ်။ အဲ့တော့မှ ဖြစ်သမျှ အကုန်ပြောပြလိုက်တယ်။ မထူးတော့ဘူးလေ။ အချိန်ကလည်း တပတ်နီးနီးဖြစ်နေပြီဆိုတော့ မြန်မြန်ပျောက်ချင်ပြီ။ ငြိမ်ငြိမ်မနေချင်တဲ့ပါးလုံး အိပ်ယာထဲမှာပဲ နေနေရတယ်ဆိုတော့ သိပ်ဘ၀င်မကျဘူးပေါ့။
ဆရာမကအဲ့တော့မှ မျက်လုံးပြူးသွားတယ်။ သေသေချာချာစစ်တော့ ခြေထောက်တွေလည်း ယောင်နေတယ်။ ငယ်ငယ်ကတည်းက ဖြစ်တဲ့ လက္ခဏာကိုလည်း မေးတယ်။ နောက်တော့ လေးဘက်နာဖြစ်နေတယ်။
အသက်ကလည်း ရှုမရဘူးဆိုတော့ နှလုံးကိုလည်း စမ်းတယ်။ သူမျက်လုံးပိုပြူးသွားတယ်။ နှလုံးရောဂါတဲ့။ တော်တော်ကိုဆိုးတယ်တဲ့။ နှလုံးက ရပ်သွားလိုက် ပြီးမှ တချက်ပြန်ခုန်လိုက်။ ဖြစ်နေတယ်တဲ့။ နှလုံးနားက ကြွက်သားတွေကလည်း ရောင်နေတယ်တဲ့ နှလုံးထဲကိုလည်း ရေ၀င်နေတယ်တဲ့။
အဲ့ဒါနောက်တော့ ဆူလည်းဆူတယ်။ ရောဂါကို မွေးထားတယ်တဲ့။ အဒေါ်က ပါးလုံးကို အဲ့လိုနှလုံးရောဂါဆိုတော့ သူကငိုပါလေရော။ ပါးလုံးက ဆရာမအဲ့လိုပြောတဲ့ အထိ စိတ်ဓါတ်မကျသေးဘူး။ တီတီ့ကိုတောင် အားပေးလိုက်သေးတယ်။
ပြီးတော့ ပါးလုံးဆေးတွေလည်း အများကြီး သောက်ရတယ်။ ဆေးတွေလည်း အများကြီးထိုးရတယ်။ တင်ပါးဆိုတာ နာလွန်းလို့ မထိုင် နိုင်ဘူး။ လမ်းဖြည်းဖြည်း လျှောက်တာတောင်မောတယ်။
အဲ့တော့ ပါးလုံးကလည်း အိပ်ယာထဲမှာပဲ နေနေရတယ်လေ။ စာလည်းဖတ်မ ရဘူး။ ဆေးတွေသောက်ရလွန်းလို့ မျက်စိကလည်း လုံးဝကို မမြင်ရတာ။ စာဖတ်တာက တစ် ကြောင်းလောက်ဖတ်ပြီးရင် စာလုံးတွေကို မမြင်ရတော့ဘူး။
အဲ့တော့ လုပ်စရာလည်းမရှိ အိပ်တဲ့အလုပ်ပဲ။ စားလည်းမစားချင်ဘူးလေ။ ဒါပေမယ့် မစားလည်း မရဘူး။ ဆေးတွေဒဏ်ကိုခံနိုင်ဖို့ စားရတယ်။ အဲ့တော့ ပါးလုံးအဲ့လိုဖြစ်တာက ၂လကျော်ကျော် လောက်က အိပ်ယာထဲမှာလေ ဆေးပဲသောက်နေရတယ်။
ဒီကြားထဲ ဗိုက်က အောင့်တာ ဘာထည့်ထည့်မရဘူး ရေကလွဲပြီးကျန်တာထည့် မရဘူး။ နာတာ အနာပေါ်တုတ်ကျသလိုပဲ။ အဲ့ဒါတပတ်လောက်တော့ ကျိတ်ခံသေးတယ် ဆေးတွေထပ်တိုးမှာ စိုးလို့။ တီတီကလည်း စိုးရိမ်နေတဲ့အချိန်ဆိုတော့ မပြောချင်ဘူး။
နောက်တော့မခံနိုင်မှ ဆရာဝန်မကို ပြောပြရတယ်။ အစာအိမ်ရောင်တယ်တဲ့။ တခါမှ စိတ်ဓါတ်မကျ ဖူးတဲ့ပါးလုံး အဲ့အချိန်က အရမ်းကိုစိတ်ဓါတ်ကျတယ်။ ဒေါသလည်း ထွက်တယ်။ ဘာလို့လည်းဆို တော့ အဲ့အချိန်က ပါးလုံးလို ငယ်ငယ်ရွယ်ရွယ်တွေ အရမ်းသေကြတယ်။
မထင်မှတ်ပဲ အကောင်းကြီးကနေ ဆုံးကြတာလေ။ ပါးလုံးကသေမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ပါးလုံးကြိုးစားခဲ့သမျှ ပါးလုံးလုပ်ချင်တာ ပါးလုံးလိုချင်တာတွေ မရသေးပဲ သေမှာကိုဒေါသထွက် တာလေ။ အဲ့အချိန်က စိတ်ဓါတ်တော်တော်ကိုကျတာ။
ပြီးတော့ နော်ဝေလာခါနီးမှ ဖြစ်တာ။ ဘယ်လောက်ဆိုးလိုက်လည်းနော်။ ရည်မှန်းချက်အတွက် ကြိုးစားဖို့ လမ်းပေါ်ကိုရောက်ခါနီးမှ သေမယ်ဆိုတော့ ဒေါသထွက်တယ်။ နောက်တချက်က အဲ့မှာသေရင် ဂူကလှမှာမဟုတ်ဘူး။ သေချာတယ်။ နော်ဝေကသချိုင်းက အရမ်းလှတာ။
ဟိုမှာဆိုမလှဘူးလေ။ သချိုင်းဆို လူတိုင်းကြောက်တာ။ ဒီကသချိုင်းက အုတ်ပြားလေးတွေနဲ့ ပန်းပင်လည်း စိုက်ထားသေးတယ်။ အေးချမ်းနေရောပဲ။ ပါးလုံးဆိုဒီရောက်ပြီးတော့ စိတ်ထဲမှာ ညစ်တာနဲ့ သချိုင်းမှာ သွားသွားထိုင်တယ်။
အရမ်းကို အေးချမ်းလွန်းလို့လေ။ အဲ့တော့ အဲ့တုန်းက သေမယ်ထင်တယ်ဆိုတဲ့ အသိနဲ့ စိတ်ဓါတ်တွေ တော်တော်ကိုကျတာ။ ဘယ်လိုမှကုန်းကောက်စရာ မရှိအောင်ကျတာ။ ပြီးတော့ သေရင် ကျန်ခဲ့တဲ့သူတွေက ပူဆွေးမယ်။ ငိုမယ်။ သနားမယ်။ ဒါပဲ ပြီးပြီလေ။ နောက် တစ်နှစ်လောက်နေရင် အားလုံးက မေ့သွားကြမှာ။
ပါးလုံးအဲ့လိုအဖြစ်မခံနိုင်ဘူး။ မာသာထရီစာဆို သေသွားတာကြာပြီဖြစ်ပေမယ့် လူတိုင်းက သူ့ကိုသိကြတယ်။ သူ့နာမည်ကြားတာနဲ့ လေးစားကြတယ်။ အခုထိသူ့ကိုလူတိုင်းသိတယ်။ ပါးလုံးက အဲ့လိုမအောင်မြင်သေးပဲ မသေချင်ဘူး။ လူသိမယ်မသိဘူးဆိုတာထက် ပါးလုံးလုပ်ချင်တဲ့ ကိစ္စ သူခံစားသွားရတဲ့ ပီတိ မခံစားရသေးပဲ မသေချင်ဘူး။
ပါးလုံးက ဘာလုပ်လုပ် ဆုတောင်းပြီးမှ လုပ်တတ်တဲ့အကျင့်ရှိတယ်။ ပါးလုံးငယ်ငယ်ကတည်းက အပြင်းအထန်တောင်းတဲ့ ဆုတခုရှိတယ်။ အဲ့ဒါကတော့ သတိယတိုင်းတောင်းတာ။ “ဘုရားသခင် သမီးကိုယောက်ျားမပေးစားနဲ့နော်။ သမီးလုပ်ချင်တာမလုပ်ရမှာစိုးလို့ ”ဆိုပြီးတောင်းတာ။
ဘာဖြစ်လို့လည်းဆိုတော့ ပါးလုံးသူငယ်ချင်းတွေ ယောက်ျားရပြီး သူတို့ဘ၀က သူတို့မွေးတဲ့က လေးနဲ့ ဘဝကြီး အဆုံးသတ်သွားရတာ။ မိသားစုကိစ္စနဲ့တင် ပြီးသွားရတာ။ ပါးလုံးအဲ့ဒါမလိုချင်ဘူး။ အဲ့ဒါကြောင့် ရောင်ရန်းပြီးတောင် ယောက်ျားအရမခံနိုင်ဘူး။ ပါးလုံးလုပ်ချင်တာကို အားကြိုးမာန်တက် အချိန်ပြည့်မလုပ်ရမှာကိုကြောက်တယ်။
နေမကောင်းမဖြစ်ခင်အချိန်ထိ အဲ့ဆုကိုသာ သဲကြီးမဲကြီးတောင်းခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်တာက ငါအသက် ၇၀ကျော်ထိနေရမယ်လို့လေ။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အချိန်ကျ တော့ မရဘူး။ အဲ့ယုံကြည်မှုတွေလည်း ပျောက်ကုန်တယ်။
အဲ့တော့ ဆုတခုထပ်တိုးတောင်းရတယ်။ “ဘုရားသခင် လောကမိဘမဲ့နေတဲ့ ကလေးတွေအတွက် တာဝန်ထမ်းဆောင်ချင်တယ်။ သမီးကိုအဲ့တာဝန်ပေးပါ။ သမီးကိုမခေါ်ပါနဲ့ဦး။ သမီးလုပ်ချင်တာ လုပ်ပြီးမှ ကောင်းကင်နိုင်ငံလာပါရစေ။ သမီးအခုမလာချင်သေးဘူး ” ဆိုပြီး တောင်းတာ။
မျက်ရည်ကျပြီးတော့ သတိယတိုင်းတောင်းတယ်။ အဲ့နောက်ပိုင်း ပါးလုံးကလေးတွေကို မြင်ယောင်လာ တယ်။ အမှန်ဆိုပါးလုံး ဆေးလုံးဝမကြိုက်ဘူး။ မသောက်ချင်ဘူး။ အမြဲလွှင့်ပစ်တာ။ ဆေးသောက် ခါနီးဆို အဖေက ငါ့ရှေ့မှာသောက်ဆိုပြီး ပြောနေကြ။ ဒါပေမယ့် ပါးလုံး သူများပြောစရာမလိုပဲ များလွန်းတဲ့ ဆေးတွေကို အကုန်သောက်တယ်။
ပါးလုံးအဒေါ်က ပါးလုံးကို အစားပုံမှန်မစားတဲ့ အတွက် အမြဲဆူရတယ်။ အဲ့နောက်ပိုင်းတော့ ပါးလုံးမစားချင်လည်း အစားတွေကိုစားတယ်။ နောက်ဆုံး သုံးလလောက်နေတော့ ပါးလုံးတော် တော်လေးကို ကောင်းလာတယ်။ အရင်ဆို လမ်းတောင်ဖြည်းဖြည်းလျှောက်၇တာ။ အခုဆိုပါးလုံး ဘတ်စကတ်ဘောလုံး တောင် ကစားလို့ရပြီ။
ဒါကြောင့် ပါးလုံးရည်မှန်းချက်ကို အကောင်အထည်ဖော်ရင်း ကျနေတဲ့စိတ်ဓါတ်ကို ပြန်တင်ရင်း အားအင်တွေ ပြန်ပြည့်လာပါတယ်။ ပါးလုံးနောက်မဆုတ်ပဲ ဆက်လက်အကောင်အထည် ဖော်နေပါတယ်။ ပါးလုံး သေတဲ့အထိ အဲ့အတွက် ပါးလုံးအသက်ရှင်သွားချင်ပါတယ်။ ပါးလုံး အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။
ဒါကတော့ ပါးလုံးကျခဲ့ဖူးတဲ့ စိတ်ဓါတ်ကို ပြန်ကောက်တင်ခဲ့တဲ့ အကြောင်းအရာလေးပါ။
အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။ ခင်မင်လေးစားကျေးဇူးတင်လျှက် ညီမလေး ပါးလုံး
Labels: ခံစားချက်လေး
Permalink 23
Read more>>
Monday, June 15, 2009
စံပြဖွားဖွား
ပါးလုံးအခုတလော စာရေးဖို့ကို ဘယ်လိုမှ စိတ်ကို စုစည်းလို့မရဘူးဖြစ်နေတယ်။ အိမ်ကို အရမ်းလွမ်းတာလည်းပါတယ်။ အထူးသဖြင့် ဖွားဖွားကိုပေါ့။ ဖုန်းခေါ်တော့လည်း ဘယ်လိုမှ ခေါ်မရဘူး။ ပါးလုံးကို စကားအရမ်းပြောချင်လို့ ဖုန်းထိုင်စောင့်နေပါတယ်ဆိုတဲ့ ဖွားဖွားကို ဖုန်းပြောမယ်ဆိုပြီး ဖုန်းကဒ် တွေဝယ်ထားတာတောင် ဘယ်လိုမှ ဖုန်းက မ၀င်ဘူး။
အင်တာနက်နဲ့ ပြောရင်လည်း မစဉ်မပြေ ကွန်နက်ရှင်ကောင်းတဲ့အချိန်ကို စောင့်ပြီးတော့ ပြောရတာဆိုတော့ ဖွားဖွားက အသက်အရမ်းကြီးနေပြီဆိုတော့ မထိုင်နိုင်ဘူးလေ။ ဖွားမြေးရယ် ဖွားကအသက်ကြီးပြီဆိုတော့ သိပ်မထိုင်နိုင်တော့ဘူး။ ဖွားမြေးနဲ့ ဖွား စကားတွေအများကြီး ပြောချင်ပါတယ်ကွယ် ဆိုတော့ ပါးလုံး မျက်ရည်မကျပဲ မနေနိုင်ပါဘူး။
ဖွားဖွားကိုအမြဲလွမ်းနေပေမယ့် အခုတလောပိုလွမ်းတယ်။ဘာလို့လည်းဆိုတော့ အခုတလော နေမကောင်းတာများလွန်းလို့လေ။ ပါးလုံးက ငယ်ငယ်ကတည်းက ခြေတွေလက်တွေ ကိုက်တတ်တယ်။ အထူးသဖြင့်အေးရင်ပေါ့။ အဲ့လိုအချိန်ဆို ဖွားဖွားက ပါးလုံးကို ဆေးတွေလိမ်းပေးတယ်။
ပါးလုံးနဲ့အတူတူ ခရီးသွားရင်လည်း ဆေးတွေဆောင်လာတယ်။ ပါးလုံးနာလို့အော်ငိုရင်လည်း သေသေချာချာနှိပ်ပေးတယ်။” မြေးလေးသက်သာသွားမှာပါ အိပ်လိုက်နော်” ဆိုတဲ့ ဖွားဖွားရဲ့စကားသံကို ကြားယောင်နေမိတယ်။
အဲ့ဒီနေ့တနေ့ကိုလည်းမှတ်မိသေးတယ်။ ပြန်စဉ်းစားတိုင်း မျက်ရည်လည်းဝဲမိတယ် ပိုလည်းလွမ်းမိတယ်။ အဲ့နေ့က ပါးလုံးတို့ညီအမလေးယောက်ရယ် ဖွားဖွားရယ်ပဲ အိမ်မှာကျန်ခဲ့တယ်။ အိမ်မှာဘယ်သူမှမရှိဘူး။ ပါးလုံးတို့ညီအမတွေကလည်း ငယ်ငယ်လေးပဲရှိသေးတယ်။ ပါးလုံးဆို သူငယ်တန်းပေါ့။
အဲ့နေ့က အိမ်မှာဘာပြဿနာဖြစ်တယ် ဆိုတာကိုတော့ ပါးလုံးလည်းမသိဘူး။ သိတာကတော့ အဖေ့ကို သူတို့ ပါးလုံးတို့နဲ့ မတွေ့နိုင်တဲ့ နေရာကို ခေါ်သွားတယ်။ ၁၃နှစ်တိတိ ပြန်မလွှတ်ပဲ ခေါ်ထားမယ်တဲ့။ သေချာတာတော့ အဖေ့ကို ချစ်လို့မဟုတ်ပါဘူး။ ပြီးတော့ ပါးလုံးတို့အိမ်ကိုလည်း ချိတ်ပိတ်လိုက်တယ်။ ပါးလုံးညီမလေးအငယ်ဆုံးဆို အဲ့အချိန်က ရှစ်လသမီးလေးပေါ့။
ပါးလုံးတို့မှာ နေစရာအိမ်မရှိပါဘူး။ အိမ်ခဏခဏ ပြောင်းရတာကိုတော့ မှတ်မိပါသေးတယ်။ ပါးလုံးတို့ အိမ်မှာခြောက်ကပ်နေတယ် ပြီးတော့လူကြီးတွေအားလုံးပျာပျာ ပျာပျာ နဲ့အားလုံးထွက်သွားကြတယ်။ ပြီးတော့ ဘုမသိဘမသိနဲ့ ပါးလုံးတို့ညီအမအားလုံးလည်း မျက်နှာတော့မကောင်းနိုင်ဘူး လူကြီးတွေဘာဖြစ်လည်းမှမသိတာ။
ဒါနဲ့ဖွားဖွားက ပါးလုံးတို့ကို ပြောတယ် အားလုံးဆုတောင်းကြမယ်တဲ့။ ပါးလုံးတို့က ညဆိုအိမ်မှာငယ်ငယ်ကလေးကတည်းက ည၀တ်ပြုတတ်ကြတယ်။ ည၀တ်ဆိုတာကတော့ ဘုရားရှီခိုးတာပေါ့နော်။ အဲ့တော့အိမ်မှာက ဆုမတောင်းခင် ဓမ္မသီချင်းဆိုတယ် ကျမ်းစာဖတ်တယ်။ ပြီးမှ အလှည့်ကျ ဆုတောင်းကြတာလေ။
ပါးလုံးတို့က ငယ်သေးတော့ ဓမ္မသီချင်းကောင်းကောင်းမဆိုတတ်သေးဘူး အဒေါ်တွေက ဦးဆောင်ဆိုနေကျဆိုတော့ အခုလိုဖွားဖွားနဲ့ ဒီလေးယောက်ဆိုဖို့က ဖွားဖွားက သီချင်းရွေးတယ်။ အဲ့သီချင်းကိုမဆိုခင်အထိ ပါးလုံးစိတ်ထဲမှာ တမျိုးဖြစ်နေတယ် ဖွားဖွားက သင်ပေးတယ်သီချင်းဆိုဖို့ နုတ်တွေပေါ့နော်။ အဲ့သီချင်းနာမည်က ” အိမ်ထောင်မှာ မေတ္တာ ” တဲ့။
ပြီးတော့ ဆုတောင်းအလှည့်ကျတာက ပါးလုံး။ ပါးလုံးလည်း ဆုတောင်းတယ် ဘာပြဿနာဖြစ်နေမှန်းမသိပေမယ့် ဆုတောင်းလိုက်တဲ့အခါ ငြိမ်သက်ခြင်းတွေ ချက်ချင်းရလာတယ်။ အဲ့လို စိတ်ညစ်တဲ့အခါတိုင်းမှာ ဘုရားကိုအားကိုးတတ်အောင်လည်း သင်ပေးခဲ့တယ်လေ။ အခုထိဘာပြဿနာဖြစ်ဖြစ်မကြောက်တာလည်း အဲ့ဒါကြောင့်ပါ။
ပြီးတော့ ဖွားဖွားက ဘာမဆိုလုပ်ချင်ကိုင်ချင်စိတ်ရှိတယ်။ ၀ါသနာမပါလို့မလုပ်ဘူးလို့ပြောတာကို သူကဘယ်တော့မှလက်မခံဘူး။ ဘာမဆိုတတ်အောင်သင် ထားရမယ်တဲ့။ ဖွားဖွားက အပင်စိုက်တာကို သဘောကျတယ်။ ပါးလုံးလည်းအတူတူပါပဲ။
ကိုယ်စိုက်ထားတဲ့အပင်လေးတွေများ ကြီးပြီးစိမ်းလာပြီဆိုရင် ဘယ်လိုပျော်မှန်းမသိဘူး။ မနက်တိုင်း နေမထွက်ခင် ဖွားဖွားက မြေပေါက်တယ်။ အဲ့အချိန်ဆို အစကတော့ မပေါက်ကူချင်ဘူး ဒါပေမယ့် ဖွားဖွားကိုချစ်တော့ ဖွားဖွားပင်ပန်းမှာစိုး ပြီး လိုက်ပေါက်တာ ဖွားဖွားအကြမ်း ပေါက်သွားရင် ပါးလုံးက ကအချောပေါ့။
ပြီးမှကျောင်းသွား ညနေပြန်ရောက်ရင် ပျိုးပင်လေးတွေကို ပြန်စိုက်။ ရေလောင်း။ ပျော်ဖို့တော့ကောင်းပါတယ်။ နည်းနည်းတော့ ကြွားလိုက်ဦးမယ်။ ပါးလုံးစိုက်တဲ့အပင်မှန်သမျှက မရှင်တာမရှိဘူးဟီးဟီး။ အဲ့လိုစိုက်တဲ့အချိန်မှာလည်းဖွားဖွားက သင်ပေးတယ်။ ဘယ်ရာသီမှာ ဘယ်လိုစိုက်ရကြောင်းပေါ့။
ဖွားဖွားက တကယ့်ကိုစံပြပါပဲ ပါးလုံးအတွက်တော့ သူက မနက်ဆိုအစောကြီးထတယ်။ ပြီးတော့ နေမပူခင်ထိ ခြံထဲမှာလုပ်တယ်။ ပြီး၇င်တော့ သူရေမိုးချိုးပြီးစာထိုင်လုပ်တယ် သူက ပင်စင်ယူထားပြီးပြီဆိုတော့ ကျောင်းသွားဖို့မလိုတော့ဘူးလေ။အသက်ကြီးပြီဆိုပေမယ့် အခုထိလေ့လာဆဲပါ။ ပါးလုံးတို့လေ့လာတယ်ဆိုတာ ဖွားဖွားရဲ့ခြေဖျားကိုမမှီပါဘူး သူကသူပဲလေ့လာတာမဟုတ်ဘူး။
ပါးလုံးတို့ကိုလည်း တွန်းတယ်။ နွေရာသီဆိုရင် နေ့ခင်း ပါးလုံးတို့ စာလုပ်ရတယ် စာမရရင် မဆော့ရဘူး။ အင်္ဂလိပ်စကားလုံးတွေကျက်ရတယ်။ သူပေးတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ မရရင်တော့တုတ်ပဲ။ အဲ့တုန်းက စာမလုပ်ချင်လို့ ဖိနပ်ကိုင်ပြီးထွက်ပြေးတာတောင် မှတ်မိသေးတယ်။ ဖိနပ်စီးနေရင် မမှီမှာစိုးလို့လေ။
အဲ့တုန်းကတော့ မပျော်ဘူး။ သူငယ်ချင်းတွေ ထုတ်စည်းထိုးနေတဲ့အသံကြားရင် ထိုင်မရထမရ ဆော့ချင်လို့ နွေရာသီကျောင်းပိတ်ရက်ကိုတောင်မနားခိုင်းလို့ စိတ်ညစ်မိတယ်။ နည်းနည်းမဟုတ်ဘူး တော်တော်လေးနော်။ ဖွားဖွားကနေ့ခင်းဆိုအိပ်လည်းအိပ်ခိုင်းသေးတယ်။ အိပ်ချင်ယောင်ဆောင်ပြီး ခိုးထွက်ဆော့ပြန်လာရင်အရိုက်ခံရမှာကြောက်လို့ ခါးကြားထဲ မြက်ထိုးရ တာလည်းအမော။
အဲ့တုန်းက လေ့လာခိုင်းတာတွေကို အပိုတွေလို့ထင်မိတယ်။ ပြီးတော့ ဖွားဖွားပြောနေကျစကားလည်းရှိသေးတယ်။ နင်တို့တနေ့နိုင်ငံခြားမှာ ပညာသင်ခွင့် မရဘူးလို့ ဘယ်သူပြောနိုင်လည်းတဲ့။ မမြင်ခင်ကတည်းက ကြိုတင်ကြိုးစားပါတဲ့။ အဲ့ဒါအမြဲပြောတယ်။
ဖွားဖွားကလည်း စိတ်ကူးယဉ်တယ်လို့ ထင်မိတယ်။ အခုတော့ ဖွားဖွားပြောတာတွေက သွေးထွက်အောင်မှန်တယ်ဆိုတာ ကြာလေပိုသိလေ။ အဲ့တုန်းက ဖွားဖွားသာ ဖိအားမပေးခဲ့ဘူး စာတွေမကျက်ခိုင်းခဲ့ဘူးဆိုရင် လေ့ကျင့်ခန်းတွေမလုပ်ခိုင်းဘူးဆိုရင် ဒီအချိန် ပါးလုံးသူများနောက်မှာရောက်နေမှာသေချာပါတယ်။
ပါးလုံးက ညတိုင်း ဖွားဖွားကိုနင်းပေးတယ်။ အဲ့အချိန်ဆို နင်းနေရင်းနဲ့ ဖွားဖွားကို တနေ့လုံးဖြစ်ခဲ့သမျှတွေပြောပြတယ်။ ဘယ်သူ့ကဘယ်လိုပြောတာ ဘယ်သူ့ကိုဘယ်လိုပြောတာပေါ့။ သူကအေးငါ့မြေးမှန်တယ်။ မှားတယ်ဆိုရင်လည်း မှားတယ် ဘာလို့အဲ့လိုပြောတာလည်း။ တခါတလေ ပြန်ချပစ်ပါလား ပေါ့။
ပါးလုံးငယ်ငယ်က ကျောင်းခဏခဏပြောင်းရတယ်။ ပါးလုံး သူငယ်တန်းနဲ့ တစ်တန်းကို အမှတ်တစ် ကျောင်းခွဲလေးမှာနေရတယ်။ အဲ့တုန်းက တစ်တန်းကအတန်းပိုင်ဆရာမက လျှက်ဆားရောင်းတယ် ပါးလုံးက ငယ်ငယ်ကတည်း ဆေးဆို ဘာဆေးမှ သောက်ချင်တာ မဟုတ်ဘူး။
အပျော်စားဖို့ဆိုတော့ဝေးရော သူက အဲ့ဒီလျှက်ဆားဝယ်မစားလို့ဆိုပြီး ပါးလုံးနှခေါင်းကို တုတ်နဲ့ထိုးတယ်။ ဖွားဖွား သိတော့ စိတ်တိုတာပေါ့။ အဲ့အချိန်ဘွားဘွားက အမှတ်(၁) ကျောင်းမှာ အင်္ဂလိပ်စာအထက်တန်းပြ ပင်စင် မယူရသေးဘူး တခါတည်း ကျောင်းကိုလိုက်လာ တယ်လေ။
ပါးလုံးအတန်းပိုင်က ပါးလုံးကိုဘွားဘွားရဲ့မြေးမှန်းမသိတာလည်းပါတယ် ။ သူ့ဆေးဝယ်မစား လို့အမျိုးမျိုးနှိပ်စက်နေတာ ပါးလုံးကပြန်ပြောပြတော့ ဖွားဖွားက ကျောင်းအုပ်ကို လည်းသွား တိုင်တယ်။ ပြီးတော့ပါးလုံးကိုလည်း ကျောင်းပါပြောင်းလိုက်တယ်။
ပါးလုံးတို့ညီအမတွေ အဖေအမေနဲ့ မနေခဲ့ရပေမယ့် အဖွားရဲ့အရိပ်က အဖေအမေရဲ့အရိပ်ထက်ကို အေးမြပါတယ်။ ဖွားဖွားရဲ့ကျေးဇူးတွေကိုသာ ပြန်ဆပ်မယ်ဆိုရင်ဆပ်မကုန်ပါဘူး။ ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုရှိခဲ့တယ်။ အဲ့ဒါက ဘုရားကျောင်းမှာ နှစ်တိုင်း အဖေများနေ့ အမေများနေ့ ကလေးများနေ့ရှိတယ်။
အဲ့အချိန်ဆိုပါးလုံး စဉ်းစားတာက ဘာလို့ဖွားဖွားများနေ့မရှိတာလည်းပေါ့။ ပါးလုံးအလှည့်ကျရင် ဖွားဖွားများနေ့ဖြစ်ပေါ်အောင်ကို ကြိုးစားမယ်လို့လေ။ အမေများနေ့မှာပဲ ဖွားဖွားကိုလက်ဆောင်ပေးရတယ်။ အဲ့ဒါကိုမကျေနပ်ခဲ့ဘူး။
ငယ်ငယ်ကတော့ သူများတွေက ငါ့အမေကလေ ငါ့အဖေကလေလို့ပြောရင်အားကျမိတယ်။ ဒါပေမယ့် အခုဖွားဖွားနဲ့ ဝေးပြီးသေးချာ ပြန်စဉ်းစားမိတော့မှ တကယ်လို့သာ အဖေအမေနဲ့နေခဲ့ရရင် ဖွားဖွားရဲ့မေတ္တာကိုအပြည့်အ၀သိမှာမဟုတ်ဘူးလို့လေ။
ဖွားဖွား ရဲ့သင်ကြားမှုကိုသာမခံခဲ့ရရင်လို့ ပါးလုံးမတွေးရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဖွားဖွားသင်ပေးလိုက်တဲ့အရာတွေက ပါလုံး တသက်တာအတွက် သုံးမကုန်အောင်ပဲလေ။ သူတတ်သမျှ အတတ်ပညာအမွေ၊ ပညာအမွေအားလုံးကိုပေးလိုက်တဲ့ဖွားဖွားဟာ ပါးလုံးအတွက်တော့စံပြဖွားဖွားပါပဲ။
ပါးလုံးကိုယ့်ကိုကိုခွင့်မလွှတ်နိုင်တဲ့ အပြစ်တခုလိုခံစားရတဲ့ ခံစားချက်လေးလည်းရှိတယ်။ ပါးလုံးဒီကိုလာခံနီး အချိန်မှာ ပါးလုံးက ဖွားဖွားကိုမေ့နေတယ်။ ဖွားဖွားအနားမှာနေရမယ့်အစား သူငယ်ချင်းတွေနဲ့ အလွမ်းသယ်နေတယ်။ ဖွားဖွားက သူ့မြေးလေးနဲ့နေချင်ရှာမယ်လို့မတွေးမိဘူး။
ဖွားဖွားရဲ့ခံစားချက်ကိုအမြဲနားလည်ခဲ့သမျှ အဲ့ဒါကိုမေ့နေတယ်။ စဉ်းစားတိုင်းမျက်ရည်ကျမိတယ်။ ကိုယ့်ကိုကိုလည်း မသိဘူး။ အဲ့တလော ပါးလုံးထွက်လာခါနီး ဖွားဖွားက ပါးလုံးဘာလုပ်လုပ် စိတ်တိုင်းကျပုံမပေါ်ဘူး။ ပါးလုံးကိုဆူပဲဆူနေတယ်။ ပါးလုံးလည်း စဉ်းစားတယ် ငါသွားခါနီးတောင် ဆူနေတယ်လို့လေ။
အဲ့အချိန်မှာ မသွားခင် တရက်ကျတော့မှ ပါးလုံးအဒေါ်ကပြောတယ် သူ့မြေးသွားမယ်ဆိုတော့တဲ့ သူကမသွားခင် သူ့အနားမှာနေစေချင်မှာပေါ့တဲ့ အဲ့ဒီတော့မှ ပါးလုံးသေချာစဉ်းစားမိတယ် ပါးလုံးအရမ်းကိုမှားသွားတယ် ဒါပေမယ့် ဖွားဖွားနဲ့ နေဖို့အချိန်က တရက်ပဲကျန်တော့တယ်။
ပါးလုံးအဲ့နေ့ကိုမမေ့ဘူး။ ပြန်စဉ်းစားတိုင်းမျက်ရည်ကျမိလို့ ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး။ အခုလည်းမျက်ရည်က အလိုလိုကျနေတယ်။ အဲ့လိုဖွားဖွားနားမှာ မနေခဲ့တာကို အမြဲနောင်တရနေတယ်။
ပါးလုံးမှာ အကျင့်တခုရှိတယ် မနက်တိုင်းကျောင်းသွားခါနိးတိုင်း ဖွားဖွားကိုဆုတောင်းခိုင်းတယ်။ ဖွားဖွားကခေါင်းပေါ် လက်တင်ပြီးဆုတောင်းပေးတယ်။ အဲ့လိုနေ့တွေကိုလည်း မမေ့ဘူး။ အခုတော့ ပါးလုံးမှာ ဆုတောင်းပေးမယ့်ဖွားဖွားလည်း အနားမှာမရှိ။ ဒါပေမယ့်အဝေးကနေ ပါးလုံးကိုအမြဲ ဆုတောင်း ပေးနေမယ်ဆိုတာကိုတော့ ပါးလုံးယုံကြည်ပါတယ်။
အဲ့ဒါကြောင့်ပါးလုံးဘယ်တော့မှ ဒုက္ခမရောက်ပါဘူး။ ပါးလုံးဘယ်သူ့ကြောင့်မှ မျက်ရည်မကျပေမယ့် ဖွားဖွားကိုလွမ်းတိုင်းတော့ မငိုပဲမနေနိုင်ပါဘူး။ ဒီမှာ ပါးလုံးစာလုပ်စရာတွေ များတယ်။ အဲ့လိုအချိန်မှာ နေမကောင်းတော့ စာကိုလုပ်ချင်သလောက် မလုပ်နိုင်ဘူး။ အဲ့တော့ ဖွားဖွားကို အတိုင်းမသိလွမ်းတယ်။ ခြေတွေလက်တွေကိုက်ရင်လည်း ဆေးလိမ်းပေးမယ့် ဖွားဖွားလည်း အနားမှာမရှိဘူးလေ။
ခေါင်းပေါ်လက်တင်ပြီး ဆုတောင်းပေးတတ်တဲ့ ဖွားဖွားရဲ့ ဆုတောင်းသံကိုလည်း လွမ်းမိတယ်။ဖွားဖွားဆုတောင်းပေးပြီးလို့ ဖွားဖွားနဲ့အတူတူ အာမင်လို့ မပြောရတာလည်းကြာပေါ့။ ဖုန်းထဲကနေ မြေးလေးရေ နေကောင်းလားဆိုတဲ့ အသံကိုကြားတော့ မငိုပဲမနေနိုင်ခဲ့ဘူး။
ပါးလုံးငိုတာကိုကြည့်ပြီး သူငယ်ချင်းတွေတောင် မျက်ရည်လိုက်ကျကြတယ်။ ပါးလုံးရဲ့ ဖွားဖွားတယောက် အဝေးမှာ နေကောင်းပါစေ။ အစစ အရာရာ အစဉ်ပြေပါစေလို့ ဘုရားသခင်ဆီမှာဆု အမြဲတောင်းနေပါတယ် ဖွားဖွားရယ်။
ဖွားဖွားရဲ့ မြေးလေး ပါးလုံး
အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
Labels: ခံစားချက်လေး
Permalink 19
Read more>>
Friday, May 8, 2009
အိမ်မက်ထဲက အမေ့အနမ်း

ဒီလ(၁၀)ရက်နေ့ဆိုရင် အမေများနေ့ရောက်ပြီနော်။ ပါးလုံး ဘုရားကျောင်းကိုသတိယတယ်။ ပါးလုံးတို့ ဘုရားကျောင်းမှာ အမေများနေ့ဆိုရင် အမေတွေအားလုံးကို ဘုရားကျောင်းမှာ ဂုဏ်ပြုတယ်။ လက်ဆောင်ပေးတယ်။ အသင်းတော်ကြီးအနေနဲ့ပေါ့။ ပြီးတော့ ပါးလုံးတို့ သားသမီးတိုင်းက မိဘတွေအတွက် လက်ဆောင်ကို အမေတွေမသိအောင် ကြိုတင်စီစဉ်ထားရတယ်။
အဲ့လိုအချိန်ဆိုရင်လေ ပါးလုံးတို့က ကွာယာခုံကနေ သီချင်းဆိုတယ်။ အမေတွေအတွက် ဂုဏ်ပြုတဲ့သီချင်းပေါ့။ ပလ္လင်ရှေ့မှာ မိခင်တွေရဲ့ ခြေထောက်ကို ဆေးပေးဖို့ ဇလားအသေးလေးတွေ ချထားတယ်။ ပြီးတော့ လက်သုတ်ပုဝါလေးပေါ့။ အဲ့လိုသီချင်းဆိုနေတဲ့အချိန်မှာ ကိုယ့်မိခင်ကို ကိုယ်က အဲ့ရေဇလားလေးနဲ့ ခြေသွားဆေးပေးကြတယ်။ပြီးတော့သုတ်ပေးတယ်။ ပြီးတော့ လက်ဆောင်တွေပေးကြတယ်။ နမ်းကြတယ်။
လူတိုင်းမျက်ရည်မကျပဲမနေနိုင်ဘူးလေ။ သီချင်းကလည်း တော်တော်ကိုကောင်းတယ်။ စာသားရော သံဇဉ်ပါပေါ့။ အဲ့လိုအချိန်ဆို ပါးလုံးတော်တော်ခံစား၇တယ်။ ငယ်ငယ်ကတည်းက ပါးလုံးက မိဘနဲ့မနေခဲ့ရဘူးလေ။ အဒေါ်တွေအဖွားတွေက အရမ်းကိုကောင်းပါတယ်။ မိဘတွေထက်တောင်ကောင်းတယ်။ ဒါပေမယ့် အမေလို့တော့ ခေါ်မရဘူးလေ။ အမေများနေ့ဆို ပါးလုံးကတော့ ပါးလုံးအဖွားကို သွားပေးတယ်လက်ဆောင်။
ပါးလုံးမှာ အဖွားကလွဲပြီး အားကိုးတိုင်ပင်ဖူးတာ မရှိခဲ့ပါဘူး။ အမေရဲ့ မေတ္တာတရားကို မရခဲ့ဖူးလို့ ပါးလုံး အမေဆိုတဲ့ ခံစားချက်ကိုမခံစားခဲ့ဖူးပါဘူး။ ဒါပေမယ့် အရမ်းကိုလိုချင်ခဲ့ဖူးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေက ငါ့အမေကလေ ငါ့အမေကလေ ဆိုတာကို သူတို့လိုလိုက်ပြောချင်တယ်။ အရမ်းအားကျတယ်။ သူတို့အမေတွေလိမ်းပေးတဲ့သနပ်ခါးက လှတဲ့အကြောင်း၊ သူတို့အမေတွေက ဆူတဲ့အကြောင်း၊ သူတို့ပြောသမျှဟာ အမေမပါရင်မပြီးသလောက်ပဲလေ။ပါးလုံးအရမ်းကိုအားကျမိပါတယ်။
သူများတွေ အမေတွေကိုကိုယ်စီလွမ်းနေကြတော့ ပါးလုံးလည်း လွမ်းချင်လာတယ်။ ဒါပေမယ့် ဘယ်လိုလွမ်းရမလည်းမသိဘူး။ နောက်ဆုံးတော့ ပါးလုံးရဲ့ မေ့မရတဲ့ အိမ်မက်ကလေးကိုပဲ လွမ်းရတော့မှာပေါ့။
အဲ့နေ့က ပါးလုံး ပထမနှစ်စာမေးပွဲဖြေခါနီးပေါ့။ စာတွေကအရမ်းများတယ်။ ဘာသာက ဆယ့်တစ်ဘာသာ။ အဲ့မတိုင်ခင် ၂လလောက်ကတည်းက အိပ်ရေးပျက်နေတာ။ နောက်တော့ စာနဲ့ပါးလုံး ပါးနဲ့စာ အိမ်က အဒေါ်တွေ အဖွားတွေကလည်း သနားကြတယ်။ စာကိုမျက်နှာနဲ့မခွာရလို့လေ။ ဒါပေမယ့် အိပ်တော့လို့တော့ မပြောကြဘူး။ မလုပ်လို့လည်း မရမှမရတာကိုး။
အဲ့အချိန်မှာ အိပ်ချင်မူးတူးပဲ ဖြစ်နေလို့လား မသိဘူး။ အသံတခုကြားတယ်။ မသိစိတ်ကတောင်းတနေတဲ့အသံလည်း ဖြစ်နိုင်ပါတယ်။ သမီးမအိပ်သေးဘူးလားတဲ့။ ပါးလုံးအိပ်တော့လေတဲ့။ ပါးလုံးစိတ်ထဲမှာ အမေကပြောနေသလိုပဲလေ။ အဲ့တော့ စာလုပ်တာကိုခဏရပ်လိုက်တယ်။ မိုးလည်းအရမ်းချုပ်နေပီလေ။ မနက်၂နာရီဆိုတော့ အဲ့အချိန်ကတိတ်ဆိတ်နေတဲ့အချိန်ပေါ့။
အဲ့ဒါနဲ့ ဆွဲလက်စ Drawing ကိုရပ်လိုက်တယ်။ ပြီးတော့ စာအုပ်တွေကို သိမ်းတောင်မသိမ်းတော့ဘူး။ သောက်လက်စကော်ဖီကိုလည်း ထားခဲ့လိုက်တယ်။ အိပ်ရင်မဖြစ်မှန်းသိတယ်။ သတ်မှတ်ထားတဲ့ စာမပြီးပဲလည်း အိပ်မပျော်တာက ပါးလုံးအကျင့်ကိုး။ အဲ့နေ့တော့ အလိုလိုနေရင်းကို အိပ်ယာပေါ်ကို ရောက်သွားတယ်။
နောက်တော့ ပါးလုံးအိပ်တာ ဘာမှမတွေးပဲ အိပ်ပျော်သွားတယ်။အဲ့လို မိခင်ကပြောတာကို နားထောင်ကြည့်ချင်တာနဲ့ အိပ်လိုက်တာလည်းဖြစ်နိုင်တယ်။ ဒါနဲ့ အိမ်မက်မက်တယ်။ အဲ့အိမ်မက်ကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အိမ်မက်ပါ။ တခါမှ အနမ်းမခံဖူးတဲ့ အမေ့ရဲ့ အနမ်းကို သမီးရလိုက်တယ်။ အရမ်းကိုအေးမြသလိုပဲ။ ပါးလုံးနားမှာ အမေအိပ်နေတယ်လေ။ ပြီးတော့လှမ်းပြီးတော့နမ်းတယ်။ ပါးလုံးနိုးလာတဲ့အချိန်မှာတော့ ပါးလုံးရဲ့ ပါးမှာမျက်ရည်တွေနဲ့ပါ။
ဘယ်လိုဘယ်လိုကျတယ်မသိဘူး။ အမေလည်းအနားမှာမရှိပါဘူး။ ဒါပေမယ့် အိမ်မက်ထဲက အမေ့အနမ်းကိုတော့ ဒီနေ့အထိ မေ့မရသေးပါဘူး။ နွေးထွေးလတ်ဆတ်ဆဲပါ။ ပါးလုံးကိုအဲ့လိုနမ်းတာ တခါမှမခံခဲ့ရဖူးဘူးလေ။ အဲ့လိုအသံမျိုးကိုလည်း ထပ်ကြားချင်သေးတယ်။ အခုတော့ ဘယ်လောက်မိုးချုပ်အောင်ထိုင်ထိုင် အမေ့ရဲ့အသံကို ပါးလုံးမကြားရတော့ပါဘူး။ အိမ်မက်ထဲကိုလည်း အမေမလာတော့ပါဘူး။ အိမ်မက်ထဲက အမေ့အနမ်းကိုလွမ်းရင်းနဲ့ပဲ……………………………………..
ဒီအောက်က ကဗျာလေးကတော့ ပါးလုံးရဲ့ သူငယ်ချင်းက မိခင်များနေ့မှာ သူ့အမေကို လွမ်းဆွတ်စွာရေးထားတဲ့ ကဗျာလေးတပုဒ်ပါ။ သူနဲ့ထပ်တူခံစားဖို့အတွက် ပါးလုံးဖော်ပြပေးလိုက်ပါတယ်။
အမေသို့
ဒီအချိန်ဆို
အမေသားကိုမျှော်နေရောပေါ့
အမေနဲ့စိတ်မဆိုးပဲအိမ်နဲ့ဝေးခဲ့
သူငယ်ချင်းတွေနဲ့ပျော်မဆုံးခင်
မှာပဲ
လမ်းခွဲနှုတ်ဆက်ခဲ့ရတယ်
ခံစားရခဲ့သမျှ ဒီအလွမ်းက
အထိအနာဆုံးပါ
ကိုယ့် ကံကြမ္မာကိုဖန်တီးချင်ခဲ့တဲ့ကျနော်
ကံကြမ္မာရဲ့ပြန်ဖန်တီးမှုအောက်မှာ
ရှုံးနိမ့်မှုအထပ်ထပ်နဲ့ပေါ့…။ ။
အမြဲလူအဖြစ်လူပီသအောင်
စိတ်ဓါတ်ကြံ့ခိုင် ယဉ်ကျေးအောင်
စိတ်ခွန်အားတွေပေးပြီး
ဂရုနာအပြုံးနဲ့သင်ပေးခဲ့တဲ့အမေ့ကို
သားဘယ်လိုပြန်ပြီး
အမေ့ကျေးဇူပြန်ဆပ်ရပါ့
အမေ့မေတ္တာရိပ်နဲ့ဝေးနေချိန်မှာ
သားလိမ္မာတတ်နေပြီဆိုတာ
အခုနေများ အမေသိခဲ့ရင်
အမေပျော်နေမလားပဲ…။ ။
အမြဲပေကပ်ဘုကန့်လန့်ကျခဲ့ကျနော်ကို
ခွင့်လွှတ့်အပြုံးနဲ့ အမြဲအလိုလိုက်ခဲ့တဲ့အမေ
ဟောဒီကမ္ဘာပေါ်မှာ
ရှိသမျှအရာအားလုံးထပ်
မိဘမေတ္တာဟာ ပိုခမ်းနားတယ်
သိခဲ့တဲ့နေ့ကဆို ရင်ထဲမှာ
အလွမ်းမီးတောက်တွေနဲ့
အမေ့ ကျေးဇူ ကိုဆပ်ခွင့်ကြုံခဲ့ရင်
နောင်ဘဝအထိ ဆပ်ခွင့်ရပါစေလို့
သားဆုတောင်းခဲ့မိတယ်
အမေရယ်…
ဒီအချိန်တွေသာလွန်ရင်တော့
အေးချမ်းတဲ့ အမေ့အိမ်လေးရှိရာ
မိုးသောက်အာရုံနဲ့အတူ
အမေ့အိမ်ကို သားပြန်ခဲ့မယ်…။ ။
Annomous
Labels: ခံစားချက်လေး
Permalink 2
Read more>>



