Feeds RSS

Monday, June 15, 2009

စံပြဖွားဖွား

ပါးလုံးအခုတလော စာရေးဖို့ကို ဘယ်လိုမှ စိတ်ကို စုစည်းလို့မရဘူးဖြစ်နေတယ်။ အိမ်ကို အရမ်းလွမ်းတာလည်းပါတယ်။ အထူးသဖြင့် ဖွားဖွားကိုပေါ့။ ဖုန်းခေါ်တော့လည်း ဘယ်လိုမှ ခေါ်မရဘူး။ ပါးလုံးကို စကားအရမ်းပြောချင်လို့ ဖုန်းထိုင်စောင့်နေပါတယ်ဆိုတဲ့ ဖွားဖွားကို ဖုန်းပြောမယ်ဆိုပြီး ဖုန်းကဒ် တွေဝယ်ထားတာတောင် ဘယ်လိုမှ ဖုန်းက မ၀င်ဘူး။

အင်တာနက်နဲ့ ပြောရင်လည်း မစဉ်မပြေ ကွန်နက်ရှင်ကောင်းတဲ့အချိန်ကို စောင့်ပြီးတော့ ပြောရတာဆိုတော့ ဖွားဖွားက အသက်အရမ်းကြီးနေပြီဆိုတော့ မထိုင်နိုင်ဘူးလေ။ ဖွားမြေးရယ် ဖွားကအသက်ကြီးပြီဆိုတော့ သိပ်မထိုင်နိုင်တော့ဘူး။ ဖွားမြေးနဲ့ ဖွား စကားတွေအများကြီး ပြောချင်ပါတယ်ကွယ် ဆိုတော့ ပါးလုံး မျက်ရည်မကျပဲ မနေနိုင်ပါဘူး။

ဖွားဖွားကိုအမြဲလွမ်းနေပေမယ့် အခုတလောပိုလွမ်းတယ်။ဘာလို့လည်းဆိုတော့ အခုတလော နေမကောင်းတာများလွန်းလို့လေ။ ပါးလုံးက ငယ်ငယ်ကတည်းက ခြေတွေလက်တွေ ကိုက်တတ်တယ်။ အထူးသဖြင့်အေးရင်ပေါ့။ အဲ့လိုအချိန်ဆို ဖွားဖွားက ပါးလုံးကို ဆေးတွေလိမ်းပေးတယ်။

ပါးလုံးနဲ့အတူတူ ခရီးသွားရင်လည်း ဆေးတွေဆောင်လာတယ်။ ပါးလုံးနာလို့အော်ငိုရင်လည်း သေသေချာချာနှိပ်ပေးတယ်။” မြေးလေးသက်သာသွားမှာပါ အိပ်လိုက်နော်” ဆိုတဲ့ ဖွားဖွားရဲ့စကားသံကို ကြားယောင်နေမိတယ်။



အဲ့ဒီနေ့တနေ့ကိုလည်းမှတ်မိသေးတယ်။ ပြန်စဉ်းစားတိုင်း မျက်ရည်လည်းဝဲမိတယ် ပိုလည်းလွမ်းမိတယ်။ အဲ့နေ့က ပါးလုံးတို့ညီအမလေးယောက်ရယ် ဖွားဖွားရယ်ပဲ အိမ်မှာကျန်ခဲ့တယ်။ အိမ်မှာဘယ်သူမှမရှိဘူး။ ပါးလုံးတို့ညီအမတွေကလည်း ငယ်ငယ်လေးပဲရှိသေးတယ်။ ပါးလုံးဆို သူငယ်တန်းပေါ့။

အဲ့နေ့က အိမ်မှာဘာပြဿနာဖြစ်တယ် ဆိုတာကိုတော့ ပါးလုံးလည်းမသိဘူး။ သိတာကတော့ အဖေ့ကို သူတို့ ပါးလုံးတို့နဲ့ မတွေ့နိုင်တဲ့ နေရာကို ခေါ်သွားတယ်။ ၁၃နှစ်တိတိ ပြန်မလွှတ်ပဲ ခေါ်ထားမယ်တဲ့။ သေချာတာတော့ အဖေ့ကို ချစ်လို့မဟုတ်ပါဘူး။ ပြီးတော့ ပါးလုံးတို့အိမ်ကိုလည်း ချိတ်ပိတ်လိုက်တယ်။ ပါးလုံးညီမလေးအငယ်ဆုံးဆို အဲ့အချိန်က ရှစ်လသမီးလေးပေါ့။

ပါးလုံးတို့မှာ နေစရာအိမ်မရှိပါဘူး။ အိမ်ခဏခဏ ပြောင်းရတာကိုတော့ မှတ်မိပါသေးတယ်။ ပါးလုံးတို့ အိမ်မှာခြောက်ကပ်နေတယ် ပြီးတော့လူကြီးတွေအားလုံးပျာပျာ ပျာပျာ နဲ့အားလုံးထွက်သွားကြတယ်။ ပြီးတော့ ဘုမသိဘမသိနဲ့ ပါးလုံးတို့ညီအမအားလုံးလည်း မျက်နှာတော့မကောင်းနိုင်ဘူး လူကြီးတွေဘာဖြစ်လည်းမှမသိတာ။

ဒါနဲ့ဖွားဖွားက ပါးလုံးတို့ကို ပြောတယ် အားလုံးဆုတောင်းကြမယ်တဲ့။ ပါးလုံးတို့က ညဆိုအိမ်မှာငယ်ငယ်ကလေးကတည်းက ည၀တ်ပြုတတ်ကြတယ်။ ည၀တ်ဆိုတာကတော့ ဘုရားရှီခိုးတာပေါ့နော်။ အဲ့တော့အိမ်မှာက ဆုမတောင်းခင် ဓမ္မသီချင်းဆိုတယ် ကျမ်းစာဖတ်တယ်။ ပြီးမှ အလှည့်ကျ ဆုတောင်းကြတာလေ။

ပါးလုံးတို့က ငယ်သေးတော့ ဓမ္မသီချင်းကောင်းကောင်းမဆိုတတ်သေးဘူး အဒေါ်တွေက ဦးဆောင်ဆိုနေကျဆိုတော့ အခုလိုဖွားဖွားနဲ့ ဒီလေးယောက်ဆိုဖို့က ဖွားဖွားက သီချင်းရွေးတယ်။ အဲ့သီချင်းကိုမဆိုခင်အထိ ပါးလုံးစိတ်ထဲမှာ တမျိုးဖြစ်နေတယ် ဖွားဖွားက သင်ပေးတယ်သီချင်းဆိုဖို့ နုတ်တွေပေါ့နော်။ အဲ့သီချင်းနာမည်က ” အိမ်ထောင်မှာ မေတ္တာ ” တဲ့။

ပြီးတော့ ဆုတောင်းအလှည့်ကျတာက ပါးလုံး။ ပါးလုံးလည်း ဆုတောင်းတယ် ဘာပြဿနာဖြစ်နေမှန်းမသိပေမယ့် ဆုတောင်းလိုက်တဲ့အခါ ငြိမ်သက်ခြင်းတွေ ချက်ချင်းရလာတယ်။ အဲ့လို စိတ်ညစ်တဲ့အခါတိုင်းမှာ ဘုရားကိုအားကိုးတတ်အောင်လည်း သင်ပေးခဲ့တယ်လေ။ အခုထိဘာပြဿနာဖြစ်ဖြစ်မကြောက်တာလည်း အဲ့ဒါကြောင့်ပါ။

ပြီးတော့ ဖွားဖွားက ဘာမဆိုလုပ်ချင်ကိုင်ချင်စိတ်ရှိတယ်။ ၀ါသနာမပါလို့မလုပ်ဘူးလို့ပြောတာကို သူကဘယ်တော့မှလက်မခံဘူး။ ဘာမဆိုတတ်အောင်သင် ထားရမယ်တဲ့။ ဖွားဖွားက အပင်စိုက်တာကို သဘောကျတယ်။ ပါးလုံးလည်းအတူတူပါပဲ။

ကိုယ်စိုက်ထားတဲ့အပင်လေးတွေများ ကြီးပြီးစိမ်းလာပြီဆိုရင် ဘယ်လိုပျော်မှန်းမသိဘူး။ မနက်တိုင်း နေမထွက်ခင် ဖွားဖွားက မြေပေါက်တယ်။ အဲ့အချိန်ဆို အစကတော့ မပေါက်ကူချင်ဘူး ဒါပေမယ့် ဖွားဖွားကိုချစ်တော့ ဖွားဖွားပင်ပန်းမှာစိုး ပြီး လိုက်ပေါက်တာ ဖွားဖွားအကြမ်း ပေါက်သွားရင် ပါးလုံးက ကအချောပေါ့။

ပြီးမှကျောင်းသွား ညနေပြန်ရောက်ရင် ပျိုးပင်လေးတွေကို ပြန်စိုက်။ ရေလောင်း။ ပျော်ဖို့တော့ကောင်းပါတယ်။ နည်းနည်းတော့ ကြွားလိုက်ဦးမယ်။ ပါးလုံးစိုက်တဲ့အပင်မှန်သမျှက မရှင်တာမရှိဘူးဟီးဟီး။ အဲ့လိုစိုက်တဲ့အချိန်မှာလည်းဖွားဖွားက သင်ပေးတယ်။ ဘယ်ရာသီမှာ ဘယ်လိုစိုက်ရကြောင်းပေါ့။

ဖွားဖွားက တကယ့်ကိုစံပြပါပဲ ပါးလုံးအတွက်တော့ သူက မနက်ဆိုအစောကြီးထတယ်။ ပြီးတော့ နေမပူခင်ထိ ခြံထဲမှာလုပ်တယ်။ ပြီး၇င်တော့ သူရေမိုးချိုးပြီးစာထိုင်လုပ်တယ် သူက ပင်စင်ယူထားပြီးပြီဆိုတော့ ကျောင်းသွားဖို့မလိုတော့ဘူးလေ။အသက်ကြီးပြီဆိုပေမယ့် အခုထိလေ့လာဆဲပါ။ ပါးလုံးတို့လေ့လာတယ်ဆိုတာ ဖွားဖွားရဲ့ခြေဖျားကိုမမှီပါဘူး သူကသူပဲလေ့လာတာမဟုတ်ဘူး။

ပါးလုံးတို့ကိုလည်း တွန်းတယ်။ နွေရာသီဆိုရင် နေ့ခင်း ပါးလုံးတို့ စာလုပ်ရတယ် စာမရရင် မဆော့ရဘူး။ အင်္ဂလိပ်စကားလုံးတွေကျက်ရတယ်။ သူပေးတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ မရရင်တော့တုတ်ပဲ။ အဲ့တုန်းက စာမလုပ်ချင်လို့ ဖိနပ်ကိုင်ပြီးထွက်ပြေးတာတောင် မှတ်မိသေးတယ်။ ဖိနပ်စီးနေရင် မမှီမှာစိုးလို့လေ။

အဲ့တုန်းကတော့ မပျော်ဘူး။ သူငယ်ချင်းတွေ ထုတ်စည်းထိုးနေတဲ့အသံကြားရင် ထိုင်မရထမရ ဆော့ချင်လို့ နွေရာသီကျောင်းပိတ်ရက်ကိုတောင်မနားခိုင်းလို့ စိတ်ညစ်မိတယ်။ နည်းနည်းမဟုတ်ဘူး တော်တော်လေးနော်။ ဖွားဖွားကနေ့ခင်းဆိုအိပ်လည်းအိပ်ခိုင်းသေးတယ်။ အိပ်ချင်ယောင်ဆောင်ပြီး ခိုးထွက်ဆော့ပြန်လာရင်အရိုက်ခံရမှာကြောက်လို့ ခါးကြားထဲ မြက်ထိုးရ တာလည်းအမော။

အဲ့တုန်းက လေ့လာခိုင်းတာတွေကို အပိုတွေလို့ထင်မိတယ်။ ပြီးတော့ ဖွားဖွားပြောနေကျစကားလည်းရှိသေးတယ်။ နင်တို့တနေ့နိုင်ငံခြားမှာ ပညာသင်ခွင့် မရဘူးလို့ ဘယ်သူပြောနိုင်လည်းတဲ့။ မမြင်ခင်ကတည်းက ကြိုတင်ကြိုးစားပါတဲ့။ အဲ့ဒါအမြဲပြောတယ်။

ဖွားဖွားကလည်း စိတ်ကူးယဉ်တယ်လို့ ထင်မိတယ်။ အခုတော့ ဖွားဖွားပြောတာတွေက သွေးထွက်အောင်မှန်တယ်ဆိုတာ ကြာလေပိုသိလေ။ အဲ့တုန်းက ဖွားဖွားသာ ဖိအားမပေးခဲ့ဘူး စာတွေမကျက်ခိုင်းခဲ့ဘူးဆိုရင် လေ့ကျင့်ခန်းတွေမလုပ်ခိုင်းဘူးဆိုရင် ဒီအချိန် ပါးလုံးသူများနောက်မှာရောက်နေမှာသေချာပါတယ်။

ပါးလုံးက ညတိုင်း ဖွားဖွားကိုနင်းပေးတယ်။ အဲ့အချိန်ဆို နင်းနေရင်းနဲ့ ဖွားဖွားကို တနေ့လုံးဖြစ်ခဲ့သမျှတွေပြောပြတယ်။ ဘယ်သူ့ကဘယ်လိုပြောတာ ဘယ်သူ့ကိုဘယ်လိုပြောတာပေါ့။ သူကအေးငါ့မြေးမှန်တယ်။ မှားတယ်ဆိုရင်လည်း မှားတယ် ဘာလို့အဲ့လိုပြောတာလည်း။ တခါတလေ ပြန်ချပစ်ပါလား ပေါ့။

ပါးလုံးငယ်ငယ်က ကျောင်းခဏခဏပြောင်းရတယ်။ ပါးလုံး သူငယ်တန်းနဲ့ တစ်တန်းကို အမှတ်တစ် ကျောင်းခွဲလေးမှာနေရတယ်။ အဲ့တုန်းက တစ်တန်းကအတန်းပိုင်ဆရာမက လျှက်ဆားရောင်းတယ် ပါးလုံးက ငယ်ငယ်ကတည်း ဆေးဆို ဘာဆေးမှ သောက်ချင်တာ မဟုတ်ဘူး။

အပျော်စားဖို့ဆိုတော့ဝေးရော သူက အဲ့ဒီလျှက်ဆားဝယ်မစားလို့ဆိုပြီး ပါးလုံးနှခေါင်းကို တုတ်နဲ့ထိုးတယ်။ ဖွားဖွား သိတော့ စိတ်တိုတာပေါ့။ အဲ့အချိန်ဘွားဘွားက အမှတ်(၁) ကျောင်းမှာ အင်္ဂလိပ်စာအထက်တန်းပြ ပင်စင် မယူရသေးဘူး တခါတည်း ကျောင်းကိုလိုက်လာ တယ်လေ။

ပါးလုံးအတန်းပိုင်က ပါးလုံးကိုဘွားဘွားရဲ့မြေးမှန်းမသိတာလည်းပါတယ် ။ သူ့ဆေးဝယ်မစား လို့အမျိုးမျိုးနှိပ်စက်နေတာ ပါးလုံးကပြန်ပြောပြတော့ ဖွားဖွားက ကျောင်းအုပ်ကို လည်းသွား တိုင်တယ်။ ပြီးတော့ပါးလုံးကိုလည်း ကျောင်းပါပြောင်းလိုက်တယ်။

ပါးလုံးတို့ညီအမတွေ အဖေအမေနဲ့ မနေခဲ့ရပေမယ့် အဖွားရဲ့အရိပ်က အဖေအမေရဲ့အရိပ်ထက်ကို အေးမြပါတယ်။ ဖွားဖွားရဲ့ကျေးဇူးတွေကိုသာ ပြန်ဆပ်မယ်ဆိုရင်ဆပ်မကုန်ပါဘူး။ ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုရှိခဲ့တယ်။ အဲ့ဒါက ဘုရားကျောင်းမှာ နှစ်တိုင်း အဖေများနေ့ အမေများနေ့ ကလေးများနေ့ရှိတယ်။

အဲ့အချိန်ဆိုပါးလုံး စဉ်းစားတာက ဘာလို့ဖွားဖွားများနေ့မရှိတာလည်းပေါ့။ ပါးလုံးအလှည့်ကျရင် ဖွားဖွားများနေ့ဖြစ်ပေါ်အောင်ကို ကြိုးစားမယ်လို့လေ။ အမေများနေ့မှာပဲ ဖွားဖွားကိုလက်ဆောင်ပေးရတယ်။ အဲ့ဒါကိုမကျေနပ်ခဲ့ဘူး။

ငယ်ငယ်ကတော့ သူများတွေက ငါ့အမေကလေ ငါ့အဖေကလေလို့ပြောရင်အားကျမိတယ်။ ဒါပေမယ့် အခုဖွားဖွားနဲ့ ဝေးပြီးသေးချာ ပြန်စဉ်းစားမိတော့မှ တကယ်လို့သာ အဖေအမေနဲ့နေခဲ့ရရင် ဖွားဖွားရဲ့မေတ္တာကိုအပြည့်အ၀သိမှာမဟုတ်ဘူးလို့လေ။

ဖွားဖွား ရဲ့သင်ကြားမှုကိုသာမခံခဲ့ရရင်လို့ ပါးလုံးမတွေးရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဖွားဖွားသင်ပေးလိုက်တဲ့အရာတွေက ပါလုံး တသက်တာအတွက် သုံးမကုန်အောင်ပဲလေ။ သူတတ်သမျှ အတတ်ပညာအမွေ၊ ပညာအမွေအားလုံးကိုပေးလိုက်တဲ့ဖွားဖွားဟာ ပါးလုံးအတွက်တော့စံပြဖွားဖွားပါပဲ။

ပါးလုံးကိုယ့်ကိုကိုခွင့်မလွှတ်နိုင်တဲ့ အပြစ်တခုလိုခံစားရတဲ့ ခံစားချက်လေးလည်းရှိတယ်။ ပါးလုံးဒီကိုလာခံနီး အချိန်မှာ ပါးလုံးက ဖွားဖွားကိုမေ့နေတယ်။ ဖွားဖွားအနားမှာနေရမယ့်အစား သူငယ်ချင်းတွေနဲ့ အလွမ်းသယ်နေတယ်။ ဖွားဖွားက သူ့မြေးလေးနဲ့နေချင်ရှာမယ်လို့မတွေးမိဘူး။

ဖွားဖွားရဲ့ခံစားချက်ကိုအမြဲနားလည်ခဲ့သမျှ အဲ့ဒါကိုမေ့နေတယ်။ စဉ်းစားတိုင်းမျက်ရည်ကျမိတယ်။ ကိုယ့်ကိုကိုလည်း မသိဘူး။ အဲ့တလော ပါးလုံးထွက်လာခါနီး ဖွားဖွားက ပါးလုံးဘာလုပ်လုပ် စိတ်တိုင်းကျပုံမပေါ်ဘူး။ ပါးလုံးကိုဆူပဲဆူနေတယ်။ ပါးလုံးလည်း စဉ်းစားတယ် ငါသွားခါနီးတောင် ဆူနေတယ်လို့လေ။

အဲ့အချိန်မှာ မသွားခင် တရက်ကျတော့မှ ပါးလုံးအဒေါ်ကပြောတယ် သူ့မြေးသွားမယ်ဆိုတော့တဲ့ သူကမသွားခင် သူ့အနားမှာနေစေချင်မှာပေါ့တဲ့ အဲ့ဒီတော့မှ ပါးလုံးသေချာစဉ်းစားမိတယ် ပါးလုံးအရမ်းကိုမှားသွားတယ် ဒါပေမယ့် ဖွားဖွားနဲ့ နေဖို့အချိန်က တရက်ပဲကျန်တော့တယ်။

ပါးလုံးအဲ့နေ့ကိုမမေ့ဘူး။ ပြန်စဉ်းစားတိုင်းမျက်ရည်ကျမိလို့ ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး။ အခုလည်းမျက်ရည်က အလိုလိုကျနေတယ်။ အဲ့လိုဖွားဖွားနားမှာ မနေခဲ့တာကို အမြဲနောင်တရနေတယ်။

ပါးလုံးမှာ အကျင့်တခုရှိတယ် မနက်တိုင်းကျောင်းသွားခါနိးတိုင်း ဖွားဖွားကိုဆုတောင်းခိုင်းတယ်။ ဖွားဖွားကခေါင်းပေါ် လက်တင်ပြီးဆုတောင်းပေးတယ်။ အဲ့လိုနေ့တွေကိုလည်း မမေ့ဘူး။ အခုတော့ ပါးလုံးမှာ ဆုတောင်းပေးမယ့်ဖွားဖွားလည်း အနားမှာမရှိ။ ဒါပေမယ့်အဝေးကနေ ပါးလုံးကိုအမြဲ ဆုတောင်း ပေးနေမယ်ဆိုတာကိုတော့ ပါးလုံးယုံကြည်ပါတယ်။

အဲ့ဒါကြောင့်ပါးလုံးဘယ်တော့မှ ဒုက္ခမရောက်ပါဘူး။ ပါးလုံးဘယ်သူ့ကြောင့်မှ မျက်ရည်မကျပေမယ့် ဖွားဖွားကိုလွမ်းတိုင်းတော့ မငိုပဲမနေနိုင်ပါဘူး။ ဒီမှာ ပါးလုံးစာလုပ်စရာတွေ များတယ်။ အဲ့လိုအချိန်မှာ နေမကောင်းတော့ စာကိုလုပ်ချင်သလောက် မလုပ်နိုင်ဘူး။ အဲ့တော့ ဖွားဖွားကို အတိုင်းမသိလွမ်းတယ်။ ခြေတွေလက်တွေကိုက်ရင်လည်း ဆေးလိမ်းပေးမယ့် ဖွားဖွားလည်း အနားမှာမရှိဘူးလေ။

ခေါင်းပေါ်လက်တင်ပြီး ဆုတောင်းပေးတတ်တဲ့ ဖွားဖွားရဲ့ ဆုတောင်းသံကိုလည်း လွမ်းမိတယ်။ဖွားဖွားဆုတောင်းပေးပြီးလို့ ဖွားဖွားနဲ့အတူတူ အာမင်လို့ မပြောရတာလည်းကြာပေါ့။ ဖုန်းထဲကနေ မြေးလေးရေ နေကောင်းလားဆိုတဲ့ အသံကိုကြားတော့ မငိုပဲမနေနိုင်ခဲ့ဘူး။

ပါးလုံးငိုတာကိုကြည့်ပြီး သူငယ်ချင်းတွေတောင် မျက်ရည်လိုက်ကျကြတယ်။ ပါးလုံးရဲ့ ဖွားဖွားတယောက် အဝေးမှာ နေကောင်းပါစေ။ အစစ အရာရာ အစဉ်ပြေပါစေလို့ ဘုရားသခင်ဆီမှာဆု အမြဲတောင်းနေပါတယ် ဖွားဖွားရယ်။

ဖွားဖွားရဲ့ မြေးလေး ပါးလုံး


အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။



19 comments:

မိုးခါး said...

ပါးလုံးလေးရေ
ဒီလိုပါပဲ .. ညီမလေးရော ညီမလေးဖွားဖွားရော ကျန်းမာပျော်ရွှင်ပြီး အမြန်ဆုံး ပြန်ဆုံတွေ့နိုင်ပါစေ ဆုတောင်းပေးတယ်နော် ..
အဆင်ပြေ ပျော်ရွှင်ပါစေ ညီမလေး ..

Anonymous said...

ပါလုံးလေးရေးးးး
ဆန္ဒတိုင်းပြည့်ပါစေနော်ညီမလေး

အဆိပ်ခွက် said...

အင် အင် ကျနော် လဲအားကျပါတယ်.....

ခင်မင်လျှက်
အဆိပ်ခွက်

ဂျပန်ကောင်လေး said...

အင်း... ပါးလုံးအဖွားနဲ့ ပြန်နေနိုင်ပါစေဗျာ....

mikozan said...

ငါ တော့ ချစ်တဲ့အဖွားရှိတော့ဘူးဟာ
ညည်း အတွက်ဆုတောင်းပေးသွားတယ်

Anonymous said...

ညီမ ပါးလုံးရေ ... ဒီလိုပါပဲ ဘဝကြီးက ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ... တရားလာဟောတာတော့ မဟုတ်ပါဘူး ... ကိုယ်တွေလည်း ခု ဒီလိုပဲ ...နေချင်တာက တစ်နေရာ ရောက်နေတာက တစ်နေရာ ..နေချင်တဲ့ လူဘေးနားမှာ နေပိုင်ခွင့်က မရ ... တစ်နေ့နေ့ပေါ့ ပါးလုံးရေ ... အနာဂတ်ကိုမျှော်ပြီး တစ်ချိန်ချိန်မှာ ပြန်လည်ဆုံဆည်းကြဖို့ မျှော်လင့်ရင်းနဲ့ အသက်ဆက်ကြတာပေါ့ ...
နေဒေးသစ်။

Anonymous said...

ချစ်ညီမလေး ချစ်သောဖွားဖွားနဲ့ ပျော်ရွှင်စွာ ပြန်လည်အတူနေနိုင်ပါစေရှင်။

s said...

ဖွားဖွားအကြောင်းစာစီထားတာ အရှည်ကြီးပဲ အရမ်းလွမ်းနေတယ်ထင်တယ် ညီမလေးက၊ တစ်နေ့တော့ပြန်ဆုံပါစေနော်၊ဆုတောင်းပေးပါတယ်။

Anonymous said...

အဖွားရဲ့ အချစ်တော်လေးပေါ့....
ဘုရားသခင် ကောင်းချီးပေး မပေးတော့ လက်တွေ့မသိဘူး, ကောင်းသော အလုပ်များလုပ်နေမယ်ဆိုရင် ကောင်းကျိုးတွေရမှာတော့ သေချာတယ်။

မိုးစက်အိမ် said...

ပါးလုံးလေး ဖြစ်ချင်တဲ. ဖွားဖွားများနေ.ကို
ပါးလုံးလေးနဲ.ဖွားဖွားတို. အမှတ်တရရှိတဲ.
နေ.လေးတခုကို သတ်မှတ်လိုက်ပေါ. ....
ဆန္ဒတွေ ပြည်.၀ပါစေ ညီမလေးရေ...

ကောင်းကင်ပြာ said...

ပါးလုံ ဖွားဖွားစိတ်ချမ်းသာအောင် ပါလုံးလေး နေကောင်းအောင်နေနော်၊ ကျန်းမာရေးဂရုစိုက်ပါ၊ အမြန်ဆုံး ဖုံးဆက်လို့ရပီး ပြန်တွေ့ရပါစေ လို့လဲ ဆုတောင်းပေးမယ်

ဆည်းဆာသံစဉ် said...

လိုအင်ဆန္ဒတွေပြည့်ဝပါစေ...ညီမလေးရေ..။

ဝသန်မိုး said...

ပါးလုံးချစ်တဲ့ ဖွားဖွားနဲ့ အမြန်ဆုံးပြန်တွေ့ ရပါစေနော်...
ခင်တဲ့
ကိုကြီးဝသန်

လင်းကြယ်ဖြူ said...

တောင်းသောဆုနဲ့ ပြည့်ပါစေ မပါးလုံးလေးရေ
အဖ္ဂားလည်းကျန်းမာပျော်ရွှင်ပါစေနော်..

ရောင်ပြန် said...

စာဖတ်ပြီး ထပ်တူခံစားရပါတယ်.. ပျော်ရွှင်ပါစေနော်.. အဆင်လည်းပြေပါစေ..

ဂျစ် said...

ခုပဲ ဇော့်အိမ်ကလာတာ....တူပြန်ပြီ....အဖွားကိုချစ်တဲ့ သူ...
ညီမလေး ပါးလုံး တောင်းတဲ့ဆုတွေ မြန်မြန်ပြည့်စေနော်....
ပျော်ရွှင်ပါစေ......လို့
ခင်တဲ့...
ဂျစ်

တလနွန် said...

အဖွားနှင့်အတူ ပျော်ရွှင်တဲ့နေ့ ရင်တွေ ပြန်လည်ရရှိနိုင်ပါစေ။

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

အဘွားနဲ့ တူတူပျှော်ရွှင်စွာနေနိုင်ပါစေနော်
ပါးလုံးလေး။


ခင်မင်လျက်
ကိုကြီး

JJ said...

nyi ma lay yae. who is ur granny coz i was a BEHS one student in TGO? i was born in TGO and i lived there till 2002. where did u live in TGO. i lived in yadanar street near kan lan and hna htet zay thit. glad to know that u r from TGO. MAY GOD BLESS YOU MY DEAR SIS.

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။