Feeds RSS

Wednesday, June 24, 2009

ဆီမီးဖိုင်နယ်သို့ ရောက်သွားခြင်း

ငယ်ငယ်ကတည်းက အားမှကစားတဲ့ အားကစားကို ၀ါသနာပါပေမယ့် မအားတဲ့အတွက် မကစား ခဲ့ရပါဘူး။ ဖွားဖွားကို လုပ်ကူတာနဲ့ ဖွားဖွားကကျက်ခိုင်းတဲ့ စာတွေကိုကျက်တာနဲ့ အချိန်တွေကို ဘယ်လိုကုန်လာမှန်းမသိပါဘူး။

အဲ့လိုနဲ့ တနေ့ ပါးလုံးတို့ရပ်ကွက်မှာ အားကစား ရာသီဆိုပါတော့ မိန်းခလေးဘောလုံး အသင်း ကို နီးခါနီး နှစ်ပတ်အလိုကျမှ လူလိုက်စုတယ်။ ဟိုဘက်ကရင်ရွာနဲ့ ပြိုင်ရမယ်။ ပတ်ချာလည်ပေါ့ဗျာ။ စာရင်းလိုက်ကောက်တာက ဆရာမ။

ပါးလုံးဆိုတာကလည်း သိတဲ့အတိုင်း တန့်ကနဲ ဆိုနန့်ကနဲ။ ပါချင်တာလေ။ ဆရာမက အတင်းပါ ပါလားပြောနေတဲ့အချိန် ပါးလုံးကပါချင်တာ မပြောခင်ကတည်းက။ ဒါပေမယ့် ဖြစ်ချင်တော့ အိမ် မှာအဖေလည်းရှိ အဒေါ်လည်းရှိနေလေတော့။ အဒေါ်က မျက်စိပျူးပြ ပြဲပြ။

ဒါပေမယ့် ဘောလုံးကို ကြည့်တာဝါသနာပါသလို အရမ်းလည်းကန်ချင်တယ်လေ။ တခါမှလည်း မကန်ဖူးဘူး။ သင်လည်းသင်ပေးမယ်ဆိုတော့ ကန်ချင်တာပေါ့။ နောက်ဆုံး မျက်လုံးပြူးပြလည်း မရ ပါးစပ်ရွှဲ့ပြလည်း မရတဲ့အဆုံး ပါးလုံးအဒေါ်က ဆရာမကိုပဲ ခွင့်မပြုဘူးဆရာမရယ်။


ပြီးတော့ သူက သူများနဲ့တူတာမဟုတ်ဘူး အဆစ်အမြစ်ကလည်း ကိုက်တတ်တာဆရာမရေဆိုပြီး ပြောပါလေရော။ ပြီးတော့မှ ဆုရမရတော့မသိဘူး ဘောလုံးကွင်းမှာ သူများနင်းလို့ လိုက်ကောက်ပြီး ဆေးရုံတင်ရမှာစိုးလို့ဆရာမရေ ပြောလိုက်တော့ ပါးလုံးတို့ ဘူပိတ်သွားတယ်ဆိုပါတော့။

အဖေကလည်း ပါးလုံးနင် အေးအေးဆေးဆေးနေဆိုပြီး ပြောသေးတယ်။ ဟွန့်။ အဲ့တုန်းကတော့ အိမ်ကို စိတ်ဆိုးတယ်။ မနက်ပါးလုံးတို့ထပြေးတဲ့အချိန် ပါးလုံးသူငယ်ချင်းတွေ ဘောလုံးကန်ဖို့ ထရိန်နင်ဆင်းနေတာမြင်တော့ ရင်ထဲမှာမကောင်းဘူးဗျာ။ အဟုတ်ပါ။

ဒါပေမယ့် အိမ်ကပြောတာမှန်တယ်ဆိုတာ ဘောလုံးပွဲနေ့မှသိလိုက်တယ်။ မနက်စောစော ထပြီး သွားကြည့်တော့ ဘောလုံးတလုံးကို ထန်းလျှက်ခဲ ပုရွက်ဆိတ်အုံသလိုပဲလေ။ ပါးလုံးတို့ရပ်ကွက် က နိးခါမှကျင့်တာကိုး ဟိုကရင်ရွာက တကယ့်ဆရာတွေလေ။

ဒီကြားထဲ ကရင်ရွာကမသွင်းခင် ပါးလုံးတို့ရပ်ကွက်က သွင်းလိုက်တယ်လေ။ ကိုယ့်ဂိုးပေါက်ကို ကိုယ်။ စုစုပေါင်း ၉ဂိုး ၀ နဲ့လေ။ ဘဲဥတော့မကွဲဘူး။ ဘောလုံးမကွဲတာလည်း ကံကောင်းအဟိ။ အဲ့တော့ ပါးလုံး ခံစားရတာလေး ပျောက်သွားတယ်ဆိုပါတော့။

အဲ့လိုနဲ့ မကြာပါဘူး။ ပါးလုံးအိမ်ရှေ့မှာထိုင်နေတုန်း အိမ်နားက မသီဆိုတဲ့ အမကြီးက လာပြီးတော့ စာရင်းကောက်ပါလေရော။ ဒီတခါတော့ ဘောလုံးမဟုတ်ဘူး။ ကြက်တောင်ပွဲအတွက်တဲ့။ ဖြစ်ချင်တော့ အိမ်မှာ လူကြီးတယောက်မှ မရှိဘူး။ ဒီတခါတော့ ပါးလုံးအလှည့်ပေါ့။

တားချင်သလောက်တား ရအောင်ကို ကစားမယ်ဆိုပြီးတော့ မျက်စိစုံမှိတ်ပြီး ပေးလိုက်တယ်။ ကြက်တောင်ရိုက်တယ်ဆိုရင်လည်း ပါးလုံးက စည်းနဲ့မဆော့ဖူးဘူးလေ။ ဟိုဘက်ဒီဘက်ရိုက် တတ်တယ်ဆိုရုံပေါ့။ ပြီးတော့ သူက ၀င်ကြေးပဲပေးရမှာ။ မေးသင့်တာအားလုံးကို မေးထားလိုက် တယ်။ တော်ကြာအိမ်ကအပျိုကြီးပြန်လာရင် မဆော့စေချင်တာနဲ့ တခုမဟုတ်တခု တားမှာသေချာနေလို့လေ။

ညကျတော့ အခြေအနေကို အကဲခတ်လိုက်တယ်။ ၀င်ထားတယ်ဆိုမှတော့ ပြောမှဖြစ်မယ်လေ။ အဲ့တော့ ပါးလုံးက ခေါ်ကြည့်လိုက်တယ်။ တီတီလို့။ ဆိုတော့ “အေး”တဲ့ အဲဒါဆိုအခြေအနေကောင်း တယ်။ တီတီလို့ခေါ်လို့ “ဘာလည်း” ဆိုရင်တော့ ဒါက ရာသီဥတု မကောင်းဘူးလေ။

အဲ့တော့ဝင်ထားတဲ့ အကြောင်းကိုပြောလိုက်တယ်။ အဖေကတော့ ပါးလုံးပြီးမှ ဟိုနားနာတယ်။ ဒီနားနာတယ်မကြားချင်ဘူးနော်တဲ့။ တီတီကတော့ နင်နော် ပြီးမှ ငါ့ဆီကဘာမှလာမတောင်းနဲ့တဲ့ ဖြစ်ရင် ကိုယ့်ဟာကိုခံတဲ့။

အေးဆေးပေါ့။ မနက်ကျတော့ ထရိန်နင်စဆင်းရတယ်။ တဖွဲ့ကိုသုံးယောက်ဆိုတော့ ပါးလုံးရယ်။ မသီရယ် နောက် ပါးလုံးသူငယ်ချင်း ခင်ခင်စုဆိုတဲ့ ကောင်မလေးရယ်။ သူ့ကိုလည်း ပါဖို့ ပါးလုံးပဲ စည်းရုံးတာလေ။ ဘာလို့လည်းဆိုတော့ တခြားသူနဲ့ဆို နှစ်ယောက်ဆော့တာဆိုတော့ တိုင်ပင် ကိုက်မှဖြစ်မှာလေ။

စိတ်တူကိုယ်တူဖြစ်လေအောင် စည်းရုံးရတာပေါ့။ သူ့အိမ်ကတော့ အဲ့လိုခွင့်မပြုတာမရှိဘူးလေ။
အိုကေတယ်။ ပထမနေ့ ထရိန်နင်ပြီးတော့ ပါးလုံးတို့ အကြောလျှော့ကြတယ်။ မနက်ဆိုလည်း နှစ်ယောက်သား ၀ိရိယကောင်းသလားမမေးနဲ့ ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ကိုယ့်တွက်ကိန်းနဲ့ ကိုယ် ကရင်တွေနဲ့ပြိုင်ရမှာ သူတို့ကနှစ်ရှည်လများ ဆော့လာတဲ့သူတွေ။

အဲ့လိုနဲ့ ညကျတော့ မအိပ်ခင်ထိတော့ မညည်းသေးဘူးဗျ တော်တော်နာတာဗျ မခံစားနိုင်ဘူးလေ။ ဒါပေမယ့် နာတယ်ပြောရင် အိမ်ကပါးလုံးနင်မသွားနဲ့တော့ဆိုပြီး ပါမစ်ပိတ်လိုက်ရင် သေပြီဆရာ။

အဲ့တော့ မညည်းရဲဘူး။ အိပ်ပျော်တော့မှ ပါးစပ်ကထွက်လာတာလေ။ နောက် ဒုတိယတရက်ကျ တော့ ကောင်းမလာတဲ့အပြင် ထိုင်ထတောင်လုပ်မရတော့ဘူး။ ပါးလုံးက လေးဘက်နာရှိတော့ မရဘူးဗျ။ အဆစ်တွေ အရမ်းနာတယ်။
အဲ့တော့ မညည်းဘူးဆိုပေမယ့် တကျွတ်ကျွတ်ပေါ့ဗျာ။ အဖေကတော့ ပါးလုံးတော်ပြီ နင်တော်သင့်ပြီ ဆိုပြီးတားတယ်လေ။ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ လုပ်ချင်တာကို ရအောင်လုပ်ရမှလေ။

အိမ်ကတားမရတဲ့ အဆုံးလွှတ်ထားလိုက်တယ်လေ။ အဲ့လိုနဲ့ ပြိုင်မယ်ပေါ့။ အားလုံးပေါင်း ရှစ် သင်းဗျာ။ အေနဲ့ ဘီဆိုပြီး နှစ်ဘက်လုပ်ထားတယ်။ အေက လေးသင်းပြိုင်ရမယ်။ ဘီကလေးသင်းပြိုင်ရမယ်။ ပြီးမှ နှစ်ဘက်ကနိုင်တဲ့သူတွေ တွေ့ပေါ့။ဆီမီးဖိုင်နယ်ပေါ့ဗျာ။

အဲ့တော့ ပြီးတော့ စင်ဂယ်မရှိဘူး ဒဘယ်ကြီးပဲလေ။ အားလုံး ပေါင်း နှစ်ပွဲပြတ်ရင်ပြတ် မပြတ်ရင်တော့ သုံးပွဲဆော့ရတယ်ဗျာ။ အဲ့ဒါနဲ့ ပထမနေ့သွားပြိုင်တော့ ပါးလုံးတို့နဲ့ ပြိုင်ဖို့ စာရင်းပေးထားတဲ့ အဖွဲ့က မလာဘူး။ အဲ့တော့ ပါးလုံးတို့ကို အနိုင်ပေးလိုက်တယ်။ အစောကြီးထပြိုင်ရတယ်ဗျာ။ မနက်ခြောက်နာရီစတယ်။ ပွဲက။

ပြန်ရောက်တော့ အိမ်ကလူတွေက ပါးလုံးဘယ်လိုလည်းတဲ့ နိုင်လာတယ်။ တဘက်က ဇီးရိုးနဲ့လို့ ပြောလိုက်တယ်။ တယ်ဟုတ်ပါလားတဲ့။ ဟုတ်တယ်လို့ ပြိုင်မယ့်အဖွဲမလာလို့လို့ဆိုတော့မှ တနေ့လုံး အိမ်ကလူတွေပါးစပ်ထဲ ရောက်သွားတာပေါ့ဗျာ။

နောက်တနေ့ ပါးလုံးတို့သွား ပြိုင်ရတယ်။ အဲ့နေ့တော့ လာတယ်ဗျ။ ဆေးရုံက ဆရာမသုံးယောက်။ ကဲဒီနေ့တော့ စပြီပေါ့ဗျာ။ ပါးလုံးတို့က ကျင့်တာ တလတောင်အချိန်မရဘူးလေ။ အဲ့တော့ နှစ်ပွဲနဲ့ အပြတ် ခွက်ထိုးနဲ့ခွက်လန် ၉မှတ်နဲ့ ၁၅ မှတ် ပထမပွဲက ဒုတိယပွဲက ၁၀မှတ်နဲ့ ၁၅မှတ် ရှုံးလာတယ်။

အဲ့တော့ အပြန်ပျော်လာပါတယ်။ မုန့်လုပ်စားကြတယ်လေ။ ရှုံးတဲ့အထိမ်းအမှတ်ဆိုပြီးတော့။ နောက်တနေ့ သွားဆော့တယ်။ အဲ့တော့ ကျတော့လည်း ပါးလုံးတို့နဲ့ ပြိုင်မယ့်နောက်တဖွဲ့ မလာဘူးလေ။ အဲ့တော့ ပါးလုံးတို့နိုင်လာတယ်ပေါ့။

အဲ့တော့ ဒီဘက်အဖွဲ့က ပြိုင်တဲ့သူမရှိတဲ့အတွက် ပါးလုံးတို့ဆီမီးဖိုင်နယ်ကို ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး ရောက်သွားတယ်ဗျာ။ ဟိုဘက်အဖွဲ့က တက်လာတဲ့ နှစ်သင်းနဲ့ ဆော့ရတော့မယ်ပေါ့။ အဲ့နေ့ကတော့ ပတ်လည်ရိုက်ရတော့မယ်လေ။

ဟိုဘက်ဘီအဖွဲ့ဘက်ကလည်း အဲ့နေ့က တစ်သင်းပဲလာတယ်။ အဲ့တော့သုံးသင်းပဲကျန်တယ်ဗျာ။ ပါးလုံးတို့ ဆီမီးဖိုင်နယ်တောင် ရောက်သွားပြီလေ။ အခုသုံးသင်းဆိုတော့ သေချာတာက ပါးလုံးတို့ တတိယ အဟဲ။


အိမ်နားကလူတွေက ပါးလုံးအခြေအနေဘယ်လိုလည်းတဲ့။ အဖေ့ပါးစပ်ထဲကို တန်းရောက် သွားတယ်လေ။ အေးကွာတဲ့ ပါးလုံးတို့အဖွဲ့က တော်တယ်ဟတဲ့ ဆီမီးဖိုင်နယ်ရောက်သွားတယ်တဲ့။ ရောက်ပုံကဒီလိုကွဆိုပြီးတော့ ဘယ်အချိန်တည်းက ပြောချင်နေတယ်မသိဘူး။

ပယ်ပယ်နယ်နယ်ကို ထိုင်ပြောတာ။ သွားပြိုင်တိုင်း နိုင်တဲ့အကြောင်း။ ဘာလို့လည်းဆိုတော့ လာပြိုင်မယ့်သူမရှိလို့ဆိုပြီးတော့လေ။ ပြီးတော့ လာတဲ့အသင်းနဲ့မှ ရှုံးတဲ့အကြောင်း။ အဲ့ဒါကတော့ ဒီနေ့အထိ ပြောမဆုံးပါဘူးဗျာ။ အဟုတ်။

အဲ့လိုနဲ့ ပါးလုံးတို့ဆီမီးဖိုင်နယ်ရောက်ပြီး ကြက်တောင်ပြိုင်ပွဲမှာ တတိယရကြတာပါ။ နောက်ပိုင်းတော့ ပါးလုံးတို့ အရင်က မြန်မာပြည်မှာ ကြက်တောင်ချန်ပီယံ ဦးချို ဆီမှာ တပည့် လုပ်ပါရစေပြောပြီး ပါးလုံးတို့နှစ်ယောက်မနက်တိုင်းထကျင့်တာ သေချာကို သင်ပေးတော့မှပဲ။

အရင်က ကွင်းကတော်တော်ကိုကျယ်တယ်ထင်တာ ဆရာနဲ့တွေ့ပြီးနောက်ပိုင်းမှ ကွင်းက မကျယ်တော့သလိုခံစားရတော့တယ်။ အဲ့ဆရာကလည်း အရမ်းကိုမောင်းပါတယ်။ ဒရော့ချတာ စမတ်ခုတ်တာက အစ သေချာထရိန်းပေးတယ်။ သူ့တုန်းက ကျင့်ခဲ့သလို စနစ်တကျ ကိုသင်ပေးတယ်ဗျာ။

ရှုံးလို့ရှိရင် တိုင်ပင်ခုန်ရတယ်။ ပျော်လည်းပျော်သလို မောလည်းမောပါတယ်။ နောက်ပိုင်း ပါးလုံးတော့ ဆော့လို့မရတော့ဘူးလေ။ ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်မက ပြေးတောင် ပြေးခိုင်းတော့ဘူး။

အဲ့အချိန်ကဆို တော်တော်ခံစားရတယ်ဗျာ။ အရမ်းကို လေ့ကျင့်လာပြီးမှ လုံးဝကို မဆော့ရတော့ ဘူးဆိုတော့လေ။ အခုတော့ ပါးလုံးနဲ့ အတူတူဆော့ခဲ့တဲ့ သူငယ်ချင်းကတော့ ဆရာဖြစ်နေပြီ။ နောက်ရောက်လာတဲ့ အသစ်တွေကိုတောင် ပြန်ထရိန်းပေးနေရပြီလေ။

သူကတော့အားပေးပါတယ်။ ဒါပေမယ့် ဆော့ချင်လွန်းလို့ အဲ့ကွင်းနားကို မကပ်တော့ဘူး မဟုတ်ရင် မခံစားနိုင်ဘူးဗျာ။ အခုတော့ သူငယ်ချင်းက သူများမလာလို့မဟုတ်ပဲ ကြိုက်တဲ့သူလာ ပထမပဲ ရတယ်ဗျာ။

ပါးလုံးကိုယ်တိုင်လည်း အိမ်ကတားလို့မဟုတ်ပဲ မဆော့ရဲတော့တာပါ။ ဘာလို့လည်းဆိုတော့ ပါးလုံး တို့ကွင်းမှာလာလာဆော့တဲ့ ဦးကျော်မှာလည်း နှလုံးရောဂါရှိတယ်။ သူကပါးလုံးလိုပဲ လေးဘက်နာ ရော နှလုံးရောဂါရောဆိုတော့ သူကလည်း ဆော့ချင်လွန်းတော့ လာဆော့တာ ဆော့တောင် မဆော့ရသေးဘူး။

အကြောလျှော့တုန်း အမောဖောက်ပြီး မေ့သွားလို့ မနည်းကို ဆရာဝန်မ ပြန်ကုထားရတာ။ အဲ့တော့ ပါးလုံးကိုလည်း ဆရာဝန်မက တောင်းပန်ထားတယ်လေ။ အိပ်ယာထဲလည်းတာ သုံးလ ပြီးတော့ သူမနည်းကို ကုထားရတာ။

ဒါတောင်ပါးလုံးက ဆရာမ သမီးဘယ်တော့ပြန်ဆော့ရမလည်း ခဏခဏမေးလို့ ကျေးဇူးရှင်ရယ် မဆော့ပါနဲ့ ဒီတခါဆိုရင်တော့ ဆေးကို အရင်ထက်ပိုထိုးမှာ ဆိုတာနဲ့ ပါးလုံးကိုယ်တိုင်လည်း ဆေးထိုးရတာကို မထိုးချင်တော့တာနဲ့ ပြီးတော့ ပဲလှော်စားသလို စားရတဲ့ ဆေးတွေကို မသောက်ချင် တော့တာနဲ့ မစွန့်လွှတ်ချင်ပဲ အဲ့ဒီကြက်တောင်ကို စွန့်လွှတ် လိုက်ရတယ် ဆိုပါတော့။

ဒါပေမယ့် ပါးလုံးဘ၀မှာ ကြက်တောင် ဆီမီးဖိုင်နယ်တော့ ရောက်ဖူးလိုက်တာပေါ့ဗျာ။ ဘာရယ်ညာရယ်မဟုတ်ဘူး လူရှိန်တာပေါ့။ အဟိ။

အားလုံးအားလုံး အပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး



19 comments:

ဧရာဝတီသား said...

ဆီမီးဖိုင်နယ် ရောက်တာနည်းတဲ့အဆင့်လား ပါးလုံးရဲ့။
ဘယ်နည်းနဲ့ပဲ ရောက်ရောက် ငါ့ညီမလေး တော်တယ်။ (မျက်စိမှတ်ပြီး ပြောလိုက်တာ ဟီး...ဟီး။)

ပျော်ရွှင်ပါစေ

Anonymous said...

ကြက်တောင်ဆို အကိုလည်း စိတ်ဝင်စားတယ် ကျောင်းတုန်းက ၀င်ပြိုင်ဖူးတယ် ..ပြိုင်ပွဲဝင်ပြိုင်တာတွေ က များလို့ နောက်ဆုံး ဘောလုံးဘက်ဘဲ ပြောင်းလိုက်တယ်
လာဖတ်သွားပြီ အဆင်ပြေပျော်ရွှင်ပါစေဗျာ

သားကြီး said...

ဝေဒနာတွေကလည်းစုံလှချည်လားညီမရေ :P
အတူဆော့ခဲ့တဲ့သူငယ်ချင်းကဆရာဖြစ်နေပြီ
ပါးလုံးကရော ...
ဆီမီးဖိုင်နယ်မှာတတိယရတာနည်းလား?
ဘာပဲပြောပြော လူရှိန်တာပေါ့ :)

phoechan said...

ပါးလုံးလေးရေ
ဒီကောင်ကြီးလည်းအားကစားစုံမှာ ဝါသနာထုံတယ်။ ဒါပေမယ့် ဘယ်အားကစားမှ မထွန်းပေါက်ဘူး။ အဲလိုတော်တာ။ အကိုလည်း ညီမလိုသာ ရောဂါတွေမရှိတာ။ ကားတိုက်ခံရလိုက်၊ ဆိုင်ကယ်ခဏခဏမှောက်လိုက်ဆိုတော့ ဒဏ်တွေများလို့ သူများလိုဆော့လို့ မရဘူး။ ဘောလုံးကန်ရင် ခေါင်းမတိုက်ရဲဘူး။ ဘောလီဘောပုတ်၇ငိ lift မလိုမရဘူး။ အဲလို။ ခုတော့ ဂွေပဲလှိမ့်တော့တယ်။ ပြင်းရင် ပါးလုံးလည်းလိုက်လှိမ့်လေ။

Anonymous said...

ပာားပာား....ပါလုံးတို့ကတော့လုပ်လိုက်ရင်
ရာဇဝင်နဲ့ ပဲကွ။ သူငယ်ချင်းတွေကို ပါလုံးအကြောင်း
ပြန်ပြောရဥိးမယ်။ ပါးလုံးက အိမ်ရဲ့ ဆည်းလဲလေးနဲ့တူတယ်
နော်။ ဆူလဲဆူတယ် အသံလဲသာတယ်ပေါ့။ ခုလဲ ဘလော့
ကလူတွေအားလုံးက ပါးလုံးလေးကို ချစ်ကြတယ်နော်။
ဘုရားသခင်ကောင်းချီးပေးတာပဲပေါ့။

ခင်တဲ့
ကိုကြိး

ကောင်းကင်ပြာ said...

ကဲ တပွဲတလမ်းလောက် ဆွဲလိုက်ရအောင် ပါးလုံးလေးရေ၊ :)၊ ကျန်းမာရေးဂရုစိုက်နော်

အဆိပ်ခွက် said...

လာရောက်ဖတ်ရှုသွားပါတယ်

ခင်မင်လျှက်
အဆိပ်ခွက်

ဇော် said...

ပလုံးရေ
အားတဲ့တစ်နေ့ ချိန်းပြီး ကြက်တောင်ရိုက်ကြရအောင်ဟာ။
ဒါပေမယ့် ငါလဲ လေးဘက်နာရှိတယ်ဟ။ ASO 370 တောင်။ ဟင့်။ ပလုံးလိုတော့ ငါက ကျွတ်ကျွတ်လို့ အိပ်ရင်းညည်းမှာဟုတ်ဘူး။ ၀ါးလုံးကွဲ အော်ငိုမှာ။ အဟက်။

thawzin said...

ပါးလုံးတို့များမက်သူများပါ့ဗျာ , ဆုတောင်းကောင်းတယ်ထင်ပါ့နော်,
နောက်ပြီးတော့ ပါးလုံးပါလို့နေမှာပေါ့ ပြိုင်ဘက်အသင်းက ကြောက်ပြီး မလာကြတာနေမှာပေါ့ ,

yaewoori said...

ပလုံးငယ်
ကံကောင်းပါစေ
ပျော်ရွှင်ပါစေ

နေကောင်းဖို့နဲ့ မိသားစုဘဝလှလှလေး ရဖို့
အမြဲ ဆုတောင်းပေးမယ်

အားမငယ်နဲ့

Angelhoneymoe said...

မဝါးလုံး....

ညည်းက အတော်ချစ်ဖို့ ကောင်းတဲ့ ကလေးမပဲ ...
ဝါးပင်တွေလိုပဲဖြောင့်၍ ...ဝါးလုံးအတွင်းသားများလို ဖြူစင်သော

မဝါးလုံးလေးရေ ကိုယ်စိတ်နှစ်ပါးပျော်ရွှင်ချမ်းမြေ့  ပါစေဗျာ :)

မြစ်ကျိုးအင်း said...

ပုန်းပုန်းနဲ့ငါ ဗိုလ်လုပွဲ ကစားရအောင်....
ပွဲစခါနီးမှ သနားလို့ ငါမလာဘဲ နေပေးလိုက်မယ်..
ဒါဆို ပြိုင်ဘက်မရှိ မြန်မာပြည်ချန်ပီယံ ပုန်းပုန်း လို့ နာမည်တပ်လို့ရပြီ..
..ကျန်းမာရေးက အရေးကြီးပါတယ် ညီမလေးရယ် မကစားရလို့ ဘာမှ မဖြစ်သွားပါဘူး..။ကစားချင်ရင် TV Game ကစားပေါ့

mgnge said...

ဟဟ
အရမ်းအရမ်း ကို တော်တာပါပဲ ရှင်...။
အယ်မှားလို့ 
အရမ်းအရမ်းကိုတော်တာပါပဲခင်ဗျာ
:P

ကျန်းမာရေး ပဲ ဂရုစိုက်ပါ ညီမငယ်

mikozan said...

စွယ်စုံရ ပလုံးပဲ
ငါတို့ကိုငိုအောင်ရီအောင် post ရေးနိုင်သောပလုံး

အောင်မြင်မှူများနဲ့ကျန်းမာအောင်လုပ်ပေးရမယ်
ငါလုပ်မှာဟုတ်ဘူး ဘုရားသခင်ရှိတယ်

လင်းကြယ်ဖြူ said...

Congratulations နော် ..အားရင်ကစားဦး..
တစ်ခါလောက်တော့ကြက်တောင် ရိုက်ကြည့်မလား...ပညာစမ်းမယ်လေ..
တို့က ရပ်က္ဂက် လက်ရ္ဂေးကျန် ....ဟဲ..ဟဲ...

ဂျပန်ကောင်လေး said...

ပြုံးသွားတယ်.. ဆီမီးဖိုင်နယ်၇ှင်ကြီးရယ်..း)

မိုးခါး said...

ဘယ်သူတွေ ဘာပြောပြော ပါးလုံးတော်၏ :D

Anonymous said...

ဆီမီးဖိုင်နယ်ကို သူဒီလို တက်သွားခဲ့တာကိုးးးးး
ပါးလုံးလေးရေ ... စိတ်မဆိုးပါနဲ့ ... ကိုကြီးက မျက်လုံး သိပ်မကောင်းဘူး ... ကွန်ပြူတာမှာ စာအရှည်ကြီးတွေဆို တကယ်ကို နားနားပြီး ခွဲဖတ်ရတယ် ... အဲ့ကြောင့်မို့ တက်တက်ချင်းတွေ ကောမန့် မပေးနိုင်ခဲ့တာပါ ... ပါးလုံးလေး ရေးတာတွေက ရီလည်းရီရ သဘောလည်းကျလို့ ချက်ချင်း ဖတ်လို့ မပြီးရင်တောင် ၂ ရက်လောက် ခွဲဖတ်တယ် ... သေသေချာချာ မဖတ်ရသေးပဲနဲ့လဲ ကောမန့် မရေးချင်လို့လေ ... နားလည်ပေးပါ ပါးလုံးလေးရေ ... အဆင်ပြေပျော်ရွှင်ပါစေ ... ကျန်တာလေးတွေလည်း အဲလို ဖြေးဖြေးချင်း ဖတ်သွားမယ် ...
နေဒေးသစ်။

မိုးစက်အိမ် said...

ပလုံးလေး တို.အသင်းဘာဆုရခဲ.လဲ ကွ...အနည်းဆုံးတော.
တတိယတော. သေချာသွားတာပေါ. ဘာဘဲဖြစ်ဖြစ်လေ
လူရှိန်လဲ နည်းသလား ... နော်.ညီမလေးရေ...
အကိုကတော. ကြက်တောင်ဆိုအားရပါးရ ရိုက်ချင်တာ
ဒါပေမဲ. လူတိုင်းက နိုင်ချင်စိတ်နဲ. ပိုက်နားကပ်ကပ်ချတော.
မုန်းပြီး မဆော.တော.ဘူး...ကိုက အလိုမှမဆော.ချင်တာလေ
အစ်ကို ကြက်တောင်တွေစုတ် ရော.ကတ်တံ လိမ်သွားတဲ.အထိ
အားရပါးရ ရိုက်ချင်တာ ဟီးးးးးးးး

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။