Feeds RSS
Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Friday, June 19, 2009

လိပ်ပြာ

အမှန်တော့ ကိုယ့်ကိုယ်ပိုင်လေးတွေကိုပဲ တင်ချင်ပါတယ်။ ဒါပေမယ့် ပါးလုံးဒီတလော စာရေးဖို့ဘယ်လိုမှ စိတ်စုစည်းလို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ငယ်ငယ်ကတည်းကအကြွေးဆို အရမ်းကိုမုန်းပါတယ်။ ဘယ်တော့မှ သူများဆီက ချေးတဲ့အလုပ်ကို မလုပ်ခဲ့ဖူးပါဘူး။

တခုခုအကြွေးတင်နေရင်လည်း မနေတတ်ခဲ့ပါဘူး။ အခုတော့ ဇော် ကတက်ဂ်ထားတဲ့ မငိုပါနဲ့ကလေးရယ်ဆိုတဲ့ ပို့စ်လေးကို အကြွေးတင်နေတာ ဆပ်ချင်ပေမယ့် ရေးစရာရှိပေမယ့် ဘယ်လိုမှ စရေးလို့မရအောင် ဖြစ်နေတဲ့အတွက် နောက်မှပဲ ရေးမယ်ဆိုတဲ့အကြောင်းပါ တခါတည်း တောင်းပန်ပါတယ်။ အစဉ်မပြေမှုတွေပဲ ဆက်တိုက်ကြုံနေရတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း ရှာမတွေ့ပါဘူး။ ကိုယ့်ကိုယ်ကိုလည်းမသိပါဘူး။

ဗိုက်ကလည်း အရမ်းကိုအောင့်ပြီးတော့ ထမနိုင်အောင် တော်တော်ခံစားရတယ်။ အခုဒီ
"လိပ်ပြာ" ကိုပါးလုံး အရမ်းကြိုက်လွန်းလို့ ပါးလုံးရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ကူးထည့်ထားတာပါ။ အထူးသဖြင့် မြန်မာမိန်းခလေးတွေအတွက် အင်အားတိုးလာသလို ကြိုးစားချင်စိတ်လည်း ဖြစ်စေမယ့် စာစဉ်လေးလို့လည်း ထင်ပါတယ်။

ဝင်းဝင်းမြင့် နန်းတော်ရှေ့ ရဲ့ ရွှေစည်းစိမ် မဂ္ဂဇင်း (၁၉၉၇၊ မတ်လ)ထုတ်မှာ တင်ထားတဲ့ ၀တ္ထုတိုလေးပါ။ အရမ်းကိုကြိုက်လို့ရှိရင် လက်နဲ့ကူးပြီးသိမ်းထားရတာကို သဘောကျတဲ့အတွက် သေသေချာချာသိမ်းထားတာပါ။ အထူးသဖြင့် ဒီထဲက ဇာတ်ကောင် ပွင့်ဝါကို အရမ်းလေးစား အားကျမိတယ်ဆိုရင် ပိုမှန်မယ်ထင်တယ်။ အခုတော့ အကိုတွေ အမတွေ အားလုံး ဖတ်ဖို့ပြန်တင်ပြပေးလိုက်ပါတယ်။


ဟိုမှာ သည်မှာနားလိုက် ၀ဲကာပျံကာ လွင့်ပါးလိုက် ‘ စိတ်က အတိတ်ဆီသို့ ရှပ်တိုက်ပြေး လွှားနေ၏။ ” သူ့ ” ကိုသတိပြုမိနေရမယ်တဲ့။ ကိုယ့်ရဲ့ ” လိပ်ပြာ” လေ လိပ်ပြာဆိုတာ ကိုယ့်ရဲ့
” ကြေးမုံ ” ပဲပေါ့ မှန်တစ်ချပ်လို ဖျတ်ခနဲ ကွဲသွားလိုက်စမ်း၊ လိပ်ပြာ မင်းကိုငါကြောက်၏။

ဘယ်သူမှလည်း အနားမှာမရှိစေရ၊ ဘာသံမှလည်း မကြားချင်သိပ်ကို လုံခြုံတဲ့ အခန်းထဲမှာ လောဘ၊ ဒေါသတွေ၊ တဏှာသောကတွေ၊ ဟန်ဆောင်မှုတွေ၊ ဂုဏ်ပကာသနတွေနဲ့ မနာလိုဝန်တို မှုတွေရော ဖြစ်ချင်တာတွေ ဖြစ်နေတာရော အားလုံး အားလုံးကို ” အလာ့ဂျစ်” ဖြစ် အနားမှာဘာမှမရှိစေရ၊ ဘာတွေမှလည်း မသိချင်။

အကွက်သဘောတွေ လွှမ်းမိုးမှုတွေ၊ အရှုံးအနိုင် တွေ၊ ကိုယ်က ချုပ်ကိုင်ထိန်းထားနိုင်တယ်ဆိုတာတွေ၊ မော်မကြည့်ရဲစေရဘူး ဆိုတာတွေလည်း ဝေးဝေးကို ရှောင်နေကြစမ်းတစ်ယောက်တည်းဆို တကယ့်ကိုတစ်ယောက်တည်း။
ဟင် ဘာတဲ့။
"အေးအေးဆေးဆေး ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်ဖူးသလား” တဲ့ တွေးမယ်ဟေ့ တွေးမယ် တွေးရဲတယ်။
ကားကို မြို့အရှေ့ဘက် အထွက်လမ်းဆီသို့ ဦးတည်၍ မောင်းလာခဲ့သည်။ ဇီးပင်၊ သရက်ပင်နှင့် အရိပ်ရအပင်ကြီးများ ဝေေ၀ဆာနေသော ခြံဝင်းကျယ်ကြိးထဲမှာ ကျောက်တုံးကြီးများဖြင့် အလှဆင်ထားသော တိုက်အိမ်ကလေးရေ……….။
ဒီတစ်ခါတော့ အဖော်မပါ ကိုယ်တစ်ယောက်တည်းပဲဟေ့။

တစ်ယောက်ယောက်ကို အရှုံးပေးပြီး ထွက်ပေါက်ရှာခဲ့တာမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့လိပ်ပြာက ရယ်မှာလား။ ရယ်မနေနဲ့။ ကြိုတင်ဖုန်းဆက်ထားသောကြောင့် ဟွန်းသံတစ်ချက်ပေးလိုက်ရုံဖြင့် အစောင့်က ပြေးလာ၊ ထွက် ကြိုပြီး ” ခေါ်မှလာ” အခုအချိန်မှာတော့ ဘာကိုမှအလိုမရှိ။ နောက်ဆုံးအဖျော်ယမကာ တစ်ခုကိုတောင်မှ အဖော်မပြုလို ရီဝေထုံထိုင်းနေသော သွေးလည်ပတ်မှုကြောင့် မှုန်ဝါးဝါး အကြည့် ဖြင့် မထင်မရှား အမြင်မှာ ” ကိုယ့်လိပ်ပြာ” ပျောက်မှာစိုး။
အင်းပွင့်ဝါ………….. ပွင့်ဝါ မင်းငါ့ကို ဆေးခါးကြီး တိုက်ခဲ့ပြီ။

အသဲကွဲဇာတ်လမ်း မဟုတ်ဘူးနော်။ ကိုယ့်ရဲ့လိပ်ပြာ ကိုယ်ပွင့်ဝါနဲ့ ပါတ်သတ်ပြီး ဘာမှထိထိရှရှ မခံစားရဘူး။ ပွင့်ဝါကို မချစ်ခဲ့ဘူး ပွင့်ဝါနဲ့ ပတ်သတ်ပြိး ဘာမှမဖြစ်ခဲ့ဘူး။ တကယ် သို့သော် ကိုယ့်အတွက် ” ထူးခြားဖြစ်စဉ် တစ်ခုဆိုတာတော့ ၀န်ခံပါမည်။
နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ ကျင်လည်လှုပ်ရှားခဲ့ပြီးနောက် ကိုယ့်မြေ ကိုယ့်ရေ အပေါ်မှာ ခြေချခဲ့ခြင်းကို ထွက်မသွားမီက ” ပို့ကုန်” လုပ်ငန်းအတွက် အသေးစိတ် အ၀ယ်အခြမ်းကအစ တာဝန်ကျေခဲ့၏။

ဘိုးစဉ်ဘောင်ဆက် ပွဲစားမျိုးရိုး၊ ပွဲရုံပိုင်ရှင်၊ စက်ပိုင်သူဌေး စသည် စသည် ဖြင့် စနစ်တွေ ခေတ်တွေ အမျိုးမျိုးပြောင်း ဈေးကွက်စီးပွားရေးစနစ် နှင့် နိုင်ငံတကာခေတ်ကြီးထဲမှာ ဖုန်အလူးလူး၊ သဲအပေပေ အညာတောသူဌေးဘ၀မှာ မပျော်ပိုက်။ အငယ်ဆုံးသားအဖြစ်လည်း မိဘ၏ ချစ်ခြင်းကို ခံယူကျဉ်းကျပ်မနေနိုင်။ နောက်ဆုံး မိဘစိတ်တိုင်းကျ ခေတ်ပညာတတ် ဆရာ ၀န်မကြီးရဲ့ ခင်ပွန်းအဖြစ်လည်း စိတ်တိုင်းမကျ။

ကမ္ဘာလှည့် ဗဟုသုတရှာ၊ အမြင်ကျယ်ကျယ်ဖြင့် ကြည့်။ လောကစည်းစိမ်ဆိုတာ ဘာလဲ ကိုယ်ဘာဖြစ်ချင်တာလဲ။ အသက်လေးဆယ်ကျော်ပြီး ဘ၀တစ်ခုကို ပီပီသသ မစလို့မဖြစ် နိုင်ငံခြားမှ စီးပွားဘက်မိတ်ဆွေများနှင့် ဖက်စပ်၍ ရှိုးရွမ်းတစ်ခု ဖွင့် ကုမဏ္ဏီတစ်ခုထောင်၊ လုပ်လက်စပို့ကုန်လုပ်ငန်းများကိုလည်း တိုးချဲ့။ များပြားလှစွာသော လုပ်ငန်းများအတွက် တစ်ယောက်တည်းနှင့် မနိုင်မနင်း
” မနိုင်မနင်းဖြစ်စရာ လုံးဝမလိုဘူး။ မင်းညွန်ကြားရုံပဲ။ အရမ်းကျွမ်းတဲ့ ဆက်ခက်ထရီတွေ ပြည့်လို့” တဲ့။


ဘဏ်လုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းကို တွဲလုပ်နေသော သူငယ်ချင်းတစ်ယောက်က အညွန်းကောင်းစွာဖြင့် မိန်းခလေးတစ်ယောက်ကို အဆက်အသွယ်ပြုပေးသည်။
” မင်းအကြောင်းကိုသိလို့ မလှမပကလေးပဲ စီစဉ်ထားတယ်။ ဒါမှ မင်းရဲ့ သမားတော်ကြီး လည်း ဟိုမှာ စိတ်ချလက်ချ စာသင်နိုင်မှာ” တဲ့။


ယောက်ျားချင်းဆိုတော့ ကွယ်ရာမှာ နှမချင်းမစာနာသော အနောက်အပြောင်လေးများ လည်းပါခဲ့၏။ ဒါတွေကလည်း စိတ်ဆိုးစိတ်ကွက်စရာမလို၊ ဖုန်းကွယ်ထားစရာလည်း မဟုတ်။ အတွေးအခေါ် အယူအဆတွေက နက်တိုင်ဘောင်းဘီတို့၏ အောက်မှာသိပ်ကို ပွင့်လင်းလွတ်လပ် သည်ဟု ခံယူခဲ့၏။ နောက်ပြီး အဲ့ဒီကိစ္စတွေကို စန်းပွင့်မှု၊ အောင်မြင်မှု ဆိုပြီး ဂုဏ်မယူနိုင်ဘူးလား။

ဘယ်သူ့ကိုမှ ဒုက္ခပေးသောနည်းနှင့် မဟုတ်ဘူးပေါ့လေ။ ဘယ်လိုပြောမလဲ၊ အရာရာမှာ ” အလဲ အလှယ်ဆိုတာ ရှိကိုရှိသည်။ ဘယ်သူငြင်းမလဲ အကြောင်းအားလျော်စွာ ဂုဏ်ရှိသော မိဘအသိုင်း အ၀ိုင်းမှာ လူဖြစ်ခဲ့ရ။ ပညာတတ် အဆင့်မြင့်ဆိုသော မိန်းမတစ်ယောက်၏ အိမ်ဦးနတ်ဖြစ်ခဲ့ရ။ လူ မှုဝန်းကျင်မှာ ဂုဏ်သရေရှိသော သူတစ်ဦးအဖြစ် ” တစ်လင်တစ်မယား” စနစ်ကြီးကိုထူထောင်။ မသိနားမလည်သူတွေ ရိုသေကြစမ်း။

လေးစားကြစမ်း ဒါပေမယ့် အလိုဆန သာယာမှု ဖျော်ဖြေမှု ဆိုတာတွေ ကျန်ရစ်ခဲ့၏။ ဟို့အတိတ်ထဲမှာ။ အခုချိန်မှာတော့ အလုပ်…….။ အလုပ်……..။ အလုပ်………..။ လုပ်ငန်းကိစ္စများကို ဦးနှောင့်အကန့်များစွာမှာ နေရာချထားပြီး ဖြစ်၏။ နောက်ပြီး ဈေးကွက်အလိုအရ အဆုတ်အတက်၊ အတိုးအလျှော့၊ အပေးအယူသဘော၊ ” မျှား” ယူခြင်းသဘော ” နိုင်ခြင်း” ဖြင့် အားလုံးကို လွှမ်းမိုးရန် အဓိက။

"လှတာမလှတာ စိတ်မ၀င်စားတော့ပါဘူးကွာ”

နောက်ပြီး မန္တလေးမြို့က လုပ်ငန်းရှင်ကြီးတွေက ကိုယ့်အလုပ်ကိုယ် နိုင်နိုင်နင်းနင်း လုပ်လေ့ရှိကြ တယ်။ တစ်ချို့က ဘ၀လက်တွဲဖော်က လုပ်ငန်းအဖြစ် ၀င်၍ကူညီသည်။ တစ်ချို့ကလည်း တူလိုသားလို အမျိုးသားငယ်များက ကူညီသည်။ ကိုယ့်ဖြစ်စဉ်ကတော့ တစ်မူထူးခြားရမှ။ ဘယ်သူတွေ ဘာမလုပ် မလုပ် ကိုယ်လုပ်၏။ ” ပွင့်ဝါ” ဆိုသော မိန်းကလေးငယ်မှာ အသားညိုညို ပိန်ပိန်ရှည်ရှည် အသံကျယ်ကျယ် စကားပြောတတ်ပြီး လှုပ်ရှားမှု မသိမ်မွေ့သည်မှအပ လုပ်ငန်းအတွက်လိုအပ်သော အရည်အချင်းများနှင့် ပြည့်စုံနေ၏။

ပြီးတော့ သူ့မိဘတွေက ရန်ကုန် မှာအရာရှိတွေ တာဝန်နှင့် ရှိနေကြသော်လည်း မန္တလေးမှာ အဖိုး၊ အဖွား အဒေါ်များရှိ၏။ ဆက်ခက်ထရီဖြစ်၇န် လုံလောက်သော သင်တန်းများအားလုံး ပြီးပြီးသည့်နောက် စကားပြော၊ ကွန်ပျူတာ၊ ရုံးလုပ်ငန်းကအစ အကုန်ကျွမ်းကျင်၏။ ကဲ မလှမပလေးရေ လုပ်ငန်း ဖေါ်အဖြစ်တော့ လက်တွဲနိုင်ပါပြီ။

ပွင့်ဝါအပေါ်မှာ ကျေနပ်ဆုံးကတော့ စီမံခန့်ခွဲတတ်မှုနှင့် လုပ်ငန်းသစ် စီမံဖန်တီးမှုပင်။ ဥာဏ်ကို ပါးပါးလွှားသုံးပြီး ချင့်ချိန်ဝေဖန်၏။ တတ်သိလိမ္မာသော ဆက်ဆံရေးကြောင့် လုပ်ငန်းများ ပို၍ အဆင်ပြေချောမွေ့လှသည်။ ကိုယ့်ထင်မြင်ယူဆချက်များကိုပင် တစ်ခါတစ်ခါ သူကလက်မခံ။ သူ့အစီအမံနျင့် မတိုက်ဆိုင်လျှင်.
” ဆရာ ကျွန်မကို အချိန်တစ်ပတ်ပေးပါ။ မအောင်မြင်နိုင်ဘူးသေချာရင် ကျွန်မဘက်က အစီအစဉ်တွေအားလုံး ဖျက်ပစ်မယ်။ ကျွန်မထင်ထားတာမှန်ရင် ဆရာ ဘယ်လိုလဲ”


စိန်ခေါ်တာမျိုးမဟုတ်သော ပြတ်သားမှုမျာဖြင့် အလုပ်လုပ်၏။ ပွင့်ဝါကြောင့်ပင် အမြတ်အစွန်းတွေ အခါခါ ပေါ်ထွန်းခဲ့ဖူးသည်။ ပွင့်ဝါက တီထွင်ဆန်းသစ်မှုများကို အလွန် ၀ါသနာပါ၏။ အသေးအမွှားကိုလည်း စိတ်ဝင်စား၏။ ရှာရှာကြံကြံ ဖွေဖွေဖွဖွ လုပ်ချင်တတ်၏။ ဆိုင်ကယ်တစ်စီးနှင့် ပြေးလွှား၊ အာပြဲပြဲနှင့် ကုမ္ပဏီမှာ ဟိန်းဟောက်၊ အ၀ယ်ဒိုင်တွေဆီ ကိုယ် တိုင်ဆင်း၊ မအားမလပ်သည့်ကြားက မုံရွာ၊ မကွေးပခုက္ကူနယ်တွေ ဘက်ကိုထွက် ပြည်ပပို့ကုန်အ ဖြစ် မြေကြီးမှာ ကပ်ပေါက်သည့်

အရွက်အပင် အမြစ်တွေကိုလည်း စုဆောင်း သိမ်းဆည်း၏။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ညာလက်ရုံးကတော့ “ပွင့်ဝါ” ပင် ဖြစ်၏။
မမျှော်လင့်စွာပင် ပွင့်ဝါက ကိုယ်နှင့်ကိုယ်လုပ်ငန်းများကို ထားရစ်ခဲ့ပြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကုမ္ပဏီမှ အပြီးအပိုင် နုတ်ထွက်တော့မည်ဆိုတော့ ကိုယ်တွေဝေရပြီ။ အရာရာများမှာ စီးပွားရေး မျက်စိဖြင့် ကြည့်တတ်ခဲ့သူဆိုတော့ လက်ရုံးအပြုတ်မခံနိုင်။ ကိုယ်ပွင့်ဝါကို စည်းရုံးရတော့မည်။ ငွေကြေး၊ ရာထူးဂုဏ်၊ လက်ဆောင်ပဏ္ဏာ၊ ပွင့်ဝါအတွက် လိုအပ်ဆုံးအရာ ဘာဖြစ်နိုင်မလဲ။

အတော်လေးစဉ်းစားရခက်၏။ ချမ်းသာကြွယ်ဝလှသူ မဟုတ်သော်လည်း ပွင့်ဝါ၏၀င်ငွေကို မိသားစုက မှီခိုနေခြင်းမရှိ။ အရာရှိအရာခံ မိဘအသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့ရသူမို့ ရာထူးဂုဏ်ထူး တစ်ခုခုဖြင့် သွေးဆောင်ရန် မဖြစ်နိုင်။ ဖြစ်နိုင်ဦးတော့ ဘယ်လိုရာထူးမျိုးကို ကိုယ်က ပေးနိုင်မှာလဲ၊ လက်ဆောင်ပဏ္ဏာကတော့ ကိုယ့်ဝန်ထမ်းများကို ကိုယ်ကပေါများပိုလျှံစွာ ပေးနေကျ။ ပေးကမ်းခြင်းသည် အောင်စေရာ မဟုတ်လား။ ဒါပေမယ့် ပွင့်ဝါကို လက်ဆောင်ပဏ္ဏာများကလည်း ဆွဲဆောင်ရန် ခက်ခဲလိမ့်မည်။


ပေးမည်ဆိုသောအခါ ဘယ်လိုလက်ဆောင်ကိုလိုလားမလဲ တွေးခက်လေစွ။ ပွင့်ဝါက အလှအပလည်း သိပ်မပြင်လှပေ။ ပွင့်ဝါကို စိတ်မ၀င်စားခြင်းသည် ထိုအ ကြောင်းအရာလည်း ပါလိမ့်မည်ထင်၏။ ပွင့်ဝါမှာ အလှအပနှင့်ဆိုတာ မရှိလှပေ။
မိန်းကလေး အတော်များများမှား သွယ်နွဲ့လှပသော လက်ကလေးများ ရှိတတ်သော်လည်း ပွင့်ဝါမှာ လက်ကအစ မလှမပ နိုင်လွန်းလှ၏။

ကိုယ့်ရှေ့မှာ စာထိုင်ရေးလျှင် ဘယ်လက်လက်ကို စားပွဲခုံပေါ်မှာ တင်ထားသော လက်ချောင်းများကိုကြည့် ကိုယ့်မှာရယ်ချင်မိ၏။ တကယ့်ကျီးကန်းခြေထောက်လေးတွေလိုပဲ။ နဖူးမောက်မောက်ကို မှန်မှာ မကြည့်မိလေရော့ သလား။ ပြောင်းတင်းတင်းသိမ်း၍ နောက်စိလုံးလုံးကလေး ပေါ်နေအောင် ဆံပင်ကို ကျစ်ကျစ်စု စည်းထားတတ်သည်။ အိုဆွဲဆောင်မှု ကင်းလေစွ ပွင့်ဝါ။
စဉ်းစားရင်း စဉ်းစားရင်း ………။ ပွင့်ဝါ၏ မျက်ဝန်းကလေးများကို ထူးထူးခြားခြား သတိ ထားမိသည်။

ကိုယ့်မှာ ချက်ချင်းအဖြေရသွား၏။ ကိုယ့်ပေါ်မှာ အလိုက်သိခဲ့တဲ့။ ကျိုးနွံခဲ့တဲ့ အောင် မြင်မှုတွေကို ကြိုးကြိုးစားစား ဖန်တီးပေးခဲ့တဲ့ မိန်းခလေး ကိုယ်ကစိတ်မ၀င်စားသော်လည်း ကိုယ့် အပေါ်မှာ စိတ်မ၀င်စားနိုင်ဘူးလား။ ကိုယ့်အပေါ်မှာ တိမ်းညွတ်မနေဘူးလား။ ကိုယ့်ဘက်ကို ညွတ် လာအောင် ကိုယ်ကမဆွဲနိုင်ဘူးလား။ ကိုယ်ပေါ်မှာ စွဲလမ်းငြိတွယ် နေပြီဆိုပါတော့။ သူကိုယ့်ကို ဘယ်အစွန့်ခွာတော့မှာလဲ…………။ အိုကေ။


စက်ရုပ်တစ်ရုပ်လို လှုပ်ရှားသွားလာနေသော ကလေးမ၏ ရင်ထဲမှာ အသည်းနှလုံးရှိ၏။ ထိုအသည်းနှလုံးက ” Brand New” ကလေး။ စီးပွားရေးတက္ကသိုလ် တက်ခဲ့သည့် တစ်လျှောက် လုံးမှာ မိန်းမလှကျွန်း၏ သိုးမည်းမကလေး ပွင့်ဝါသည် ( Roll No.1) ကိုသာ သဲကြီးမဲကြီး အာရုံ ပြုလျှက် စာအုပ်ပုံကြားမှာ အချိန်ကုန်ခဲ့၏။ ပြီးတော့ သင်တန်းတွေ သင်တန်းတွေကြားမှာ အလုပ် လုပ်လို့မဆုံး။

ကဲ………… အူရိုင်းမကလေးရေ ကိုယ်ကစိတ်မ၀င်စားခဲ့ပေမယ့် မင်းကိုယ့်ကို စိတ်ဝင် စားပေတော့။
ထိုအချိန်မှာပင် ကိုယ့်သမားတော်ကြီး ပြည်တော်ပြန်လာခဲ့၏။ ဒါပေမယ့် ကိုယ့်အိမ်ရှင်မအ ဖြစ်တော့မဟုတ်။ ယူခဲ့သော ဘွဲ့အတွက် မြန်မာနိုင်ငံမှာ သုတေသန ဆက်လုပ်ရန်၊ စာတမ်းရေးရန် ဆွေးနွေးရန်။ ကိုယ့်အိမ်ရှင်မသည် ကိုယ်နှင့်အတူ တစ်ပတ်ခန့်နေ၍ ရန်ကုန်သို့ ပြန်သွားခဲ့သည်။

သုသေသနအတွက် ရန်ကုန်နှင့်တောင်ကြီး ကူးကူးလူးလူးလုပ်လျှက် အလုပ်များနေသည်။ ပွင့်ဝါက ကိုယ့်ကို ” သုံးလလောက်တော့ ဒီကုမ္ပဏီမှာ လုပ်ဦးမှာပါ” ဟု ပြောထားသော အချိန်တိုကလေးကို ချက်ချင်းသတိရလိုက်ပြီး မနှောင့်နှေးစေရန် ကြံရန်ရှိတော့သည်။ စစဦးချင်း ကိုယ့်မိသားစု၏ နွေးထွေးပုံများကို ပုံကြီးချဲ့လို့ပေါ့………………
” ဆရာ့ကလေးတွေကို သနားပါတယ်နော်” ဆိုသော စကားတစ်ခွန်း ရသည်နှင့်………


” ကလေးတွေကိုတော့ ကိုယ့်အမျိုးသမီးဘက်က အားလုံးတာဝန်ယူထားတာ၊ ဘာမှမလို စေရဘူး။ ဖူးဖူးမှုတ်၊ လိုတာပြည့်ဝပြီးသား။ အားလုံး အဆင်ပြေတယ်။ အဆင်မပြေတာက ကိုယ်ပဲ။ သနားချင်းသနားရင် ကိုယ့်ပဲသနားတော့ ပွင့်ဝါ။”
” သနားစရာမလိုဘူး။ ဆရာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်နေတာပဲ မဟုတ်လား” တဲ့။ ကာရာအိုကေသွားတာတွေ၊ စားသောက်ဆိုင်သွားတာတွေ၊ ဘာတွေညာတွေကို ရည်ညွန်းဟန်ရှိ၏


” ဟာဒါတွေကို ပျော်စရာလို့မသတ်မှတ်ရဘူး ပွင့်ဝါရဲ့ ပျော်လိုပျော်ငြား ရှာဖွေနေရတာ။ တကယ့်ဘ၀မှာ ဒါဟာ ပြီးပြည့်စုံမှု မဟုတ်ဘူး။”

” ဟင့် ဒါဆိုဘာလဲ၊ ပျော်စရာဆိုတာ”

” သံယောဇဉ် အနှောင်အဖွဲ့၊ မေတ္တာ၊ အချစ် အဲ့ဒါတွေကို ပွင့်ဝါစိတ်ဝင်စားလားဟင်” ဆိုတော့ ကလေးမ ငြိမ်သွား၏။ ငေးကြောင်ကြောင်ဖြစ်သွားသော မျက်ဝန်းအစုံမှာ အဖြေရှာ သည်။

” ဘာတွေမှန်းမသိဘူး ရှုပ်တယ်” ဟု ရယ်ကျဲကျဲ ရှက်အမ်းအမ်းပြောပြီး အလုပ်စကားဆီ သို့ စကားလမ်းကြောင်းကို လွှဲပစ်သည်။ ကိုယ့်ပစ်မှတ်ကို နီးလာပြီဟု အားတက်ကာ ပွင့်ဝါရှေ့မှာ နေမကောင်းဖြစ်ပြရတာတွေ၊ အလုပ်ကိစ္စတွေမှာ ပွင့်ဝါပြီးမှ ပြီးရတာတွေ ကိုယ့်မှာယောက်ျားတို့ မာယာ ဘယ်နှဖြာမှန်းမသိ၊ အတော်လေးသုံးဖြုန်း ပစ်လိုက်ရသည်။ ဒီကောင်မလေး ကိုယ့်ကို ဘာ ဖြစ်လို့မကြွေရမှာလဲ။

ဒါပေမယ့် ဗြုန်းဆို ပွင့်ဝါဘက်က ပြောင်းလဲမှုစတင်ခဲ့သည်။

“ဆရာ ကျမနောက်လဆန်းလောက်မှာ အလုပ်ထွက်တော့မယ်။”

” ဘာ. ဘယ်လို” ကိုယ်က အံ့သြကြီးစွာဖြင့် ပွင့်ဝါကို စူးစိုက်ကြည့်၏။ ပြီး မျက်ဝန်းဖြင့် ညှို့၏။ မျက်လွှာချသွားသည်။ ဖြစ်ချင်တော့ အရေးတကြီး ချိန်းထားသော နိုင်ငံခြားဧည့်သည် များရောက်လာသည်။ ဆွေးနွေးရ တိုင်ပင်ရ စာချုပ်ချုပ်ရနှင့် ခရီးတွေထွက်ရတော့ နှစ်ယောက် စလုံးမအားမလပ်ခဲ့ကြ။ ညနေတိုင်း ပွင့်ဝါ အိမ်ပြန်တော့ မည်ဆိုမှ ဆယ်လူလာဖုန်းကို ထည့်ပေး လိုက်ပြီး………..

” ညကျရင် အေးအေးဆေးဆေး ဖုန်းပြောမယ်။”
ထိုညနေက ပွင့်ဝါကို စကားတွေ အများကြီးပြောဖြစ်သွားသည်။ အဓိက ကိုယ့်ကွန်ယက်က ရုန်းမထွက်စေဖို့။ ” ချစ်တယ်” ဆိုသော စကားတစ်ခွန်းမှ မပါစေရဘဲ ပွင့်ဝါရေ ခွင့်လွှတ်တော့ ကိုယ်တို့စီးပွားရေးလောကမှာ မတရားဘူးဆိုတာ ဘာမှမရှိ။
ပွင့်ဝါဘက်ကတော့ ဘာမှဝေဖန်ခြင်းမပြု၊ အတိုက်အခံသိပ်မပြော၊ အင်း…….အဲ ……..နှင့် မလှမပ။

မျက်နှာညိုညိုလေးမှာ ရှက်သွေးတွေဖြာနေလိမ့်မည်လား။ နှုတ်နည်းခြင်းသည် ရင်ခုန်နှုန်း မြန်ခြင်း၏ သင်္ကေတပေပဲ။ ဘာပဲပြောပြော ဖုန်းကို ပိတ်မပစ်ခြင်း အတွက် ကျေနပ်၏။ အားလုံး ပြောပြီးသောအခါ ပွင့်ဝါက အလုပ်မှတစ်ပတ်နားရန် ခွင့်တောင်းသည်။ ရတယ်လေ ခံစားပေတော့ မိန်းခလေးရေ စဉ်းစားပေတော့။

တစ်ပတ်ပြည့်သောနေ့မှာ ပွင့်ဝါအလုပ်ပြန်ဝင်၏။ တစ်နေကုန် ရှောင်သလို လုပ်နေသည်။ အူရိုင်းမလေးဆိုတော့ ရှက်နေမှာပေါ့။ ကိုယ်က အလိုက်သိပေးလိုက်သည်။ ပွင့်ဝါကတော့ လုပ်ငန်း ခွဲကိုယ်ယစားလှယ်များနှင့် အလုပ်ရှုပ်မဆုံးနိုင်တော့။ နေ့လည်ခင်းကော်ဖီသောက်ချိန်မှာ ထုံးစံအတိုင်း ကော်ဖီနှင့် ကော်ပြန့်ကြော်ပို့ရင်း………

” ဆရာ့ကို ညနေကျရင် အေးအေးဆေးဆေး စကားပြော ချင်တယ်။”

” ရတယ်လေ တစ်နေရာရာကို သွားကြတာပေါ့။ ပွင့်ဝါကို ကိုယ်နေ့လည်စာကျွေးမယ်။”

” အခန်းနဲ့ စားသောက်ဆိုင်မျိုးတော့ မသွားချင်ပါဘူး။”

” ဒါဆိုပွင့်ဝါစိတ်တိုင်းကျ နေရာကိုရွေးပါ။”
” ညနေခပ်စောစောပဲ တောင်သမန်အင်းစောင်းကို သွားရင် ကောင်းမလား၊ သာယာတယ် ဆရာ။”
“အိုကေ”

ထိုညနေက ကားပေါ်မှာ ဘယ်သူမှ ပါမလာသလို ငြိမ်သက်နေသည်။ ကိုယ်ကတော့ ကိုယ့် ဇာတ်ကို ဘယ်လိုဆက်ကရမလဲ၊ ဒီကလေးမ ကိုယ့်ကိုတကယ်ပဲ ငြိနေလျှင် ဘယ်လိုဆက်ပြီးစီစဉ် ရမလည်း၊ ကိုယ်စီမံဖန်တီးခဲ့သော ကိစ္စအတွက် အနည်းငယ် တွေး၍ ပူမိ၏။ ကိုယ့်ဘ၀လမ်း တလျှောက်မှာ ထိခဲ့၊ ငြိခဲ့၊ ကလိခဲ့တာတွေ အများကြီး၊ ဒါပေမယ့် ဘယ်သောအခါမှ အမျှင်တတန်း တန်းနှင့် ဇာတ်လမ်း မရှုပ်စေရ။

ပြီးပြီးပျောက်ပျောက်တွေသာ အလှပဆုံးချန်တတ်အောင် ကြံခဲ့၏။ ဒါပေမယ့်ဘယ်သူမှလည်း မနစ်နာစေရ။ ကိုလိုတာယူ၍ သူတို့လိုတာလည်း ပေးခဲ့သည်ချည်းသာ မို့ ကိုယ့်မှာဘာမှမဖြစ်။ ထားပါတော့လေ အမည်းစက်များလိုပဲ။
ပွင့်ဝါကိုတော့ အနည်းငယ် စဉ်းစားရသည်။ ကိုယ်လက်တည့်စမ်းခဲ့သော မိန်းခလေးများ ထက်အများကြီးဦးနှောက်ကောင်းသူဆိုတော့ ကိုယ့်ကွန်ယက်သည် ပွင့်ဝါတစ်ယောက်တည်း ကိုသာ ရစ်ပတ်သည်မဟုတ်ဘဲ၊ ကိုယ်ရောသူပါ ရုန်းမထွက်နိုင်လျှင် ဒုက္ခ၊ ကိုယ့်အတွေးနှင့်ကိုယ် အနည်းငယ် ထိတ်လန့်လာ၏။

ပွင့်ဝါကလည်း ဘာတွေတွေးလာမှန်းမသိ၊ ငြိမ်နေလိုက်ပုံက ကျောက်ရုပ်တမျှ၊ ခါတိုင်းဆို သူ့စကားချည်း ရေပက်မ၀င်၊ အလုပ်အကြောင်း၊ ကုန်သည်တွေအ ကြောင်း၊ ကိုယ်စားလှယ်တွေအကြောင်း၊ သိသိနိုင်လွန်း၊ ပြောပြောနိုင်လွန်း၊ ကိုယ့်မှာနားမခံ သာ၍

” ပွင့်ဝါရယ် မမောသေးဘူးလား၊ နားညောင်းလို့ ခနနားပါရစေ” ပြောယူရသည်အထိ အသံ ကလည်းသြသြကျယ်ကျယ်။ အခုတော့တေမိလုပ်လာသည်။ ကားရပ်ပြီး အင်းစောင်းကိုဆင်း ဇင်းမယ်ပင်တန်းက ကြိမ်ခုံကြီးများပေါ်မှာ ထိုင် စားစရာ ကောင်းနိုးရာရာတွေ မှာပြီးသည်အထိ တုတ်တုတ်မျှ မလှုပ်။

ဘယ်လိုလဲ၊ စကားပြောချင်ဆို ခေါ်လာပြီး၊ ဘာမှလည်း မပြောပါလား၊ ပြောလေ၊”

” ကျမ မနက်ဖြန်ကစပြီး အလုပ်မဆင်းတော့ဘူး ဆရာ။ အပြီးထွက်တော့မယ်။”

“အိုမဟုတ်တာ ပွင့်ဝါ၊ အလုပ်ကိစ္စတွေ မပြီးမပြတ်နဲ့”

” အားလုံးပြီးပြတ်ပြီဆရာ၊ ကျမအကုန်စီစဉ်ခဲ့ပါတယ်။ ဆယ်လူလာဖုန်း ဆရာပြန်မယူတော့ အလုပ်မဆင်းပေမယ့် တစ်ပတ်လုံး ဖုန်းနဲ့စီစဉ်နိုင်ခဲ့တယ်။ အိမ်ကိုလည်း လိုအပ်တဲ့လူတွေကိုခေါ်ပြီး အကုန်ပြောဖြစ်ပါတယ်။ နောက်ပြီး တစ်လစာ စီမံချက်တွေ ရေးပေးခဲ့တယ်။ အကုန်ပဲဆရာ၊ ဒီနေ့ လည်း တစ်နေ့လုံးလုပ်ငန်းခွဲတွေအားလုံးနဲ့ ဆက်သွယ်ပြီး လွှဲပေးခဲ့ပါတယ်။ စိတ်ချပါ ဆရာ အကုန် အပြီးအစီး လုပ်ခဲ့တာပါ။ ဆရာတစ်လအတွင်း အသစ်တစ်ယောက် ရှာနိုင်ရင် အိုကေပါပဲ။”

” ကိုယ် အသစ်မလိုချင်ဘူးပွင့်ဝါ။ လုပ်ငန်းတွေအတွက်အသာထားလိုက်စမ်းပါ။ ကိုယ်တို့ရဲ့ ခံစားချက်တွေအတွက် ပြောကြရအောင်။”

” ဆရာပြောချင်တာ ပြောပါ၊ ကျမတို့ရဲ့နောက်ဆုံးနေ့အဖြစ် အားလုံးကို နားထောင်ပေးပါ့ မယ့်။”

” နိုး နိုး ကိုယ့်အတွက် နောက်ဆုံးဆိုတာ ဘယ်တော့မှ မရှိစေရဘူး။ ကိုယ်ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး ပွင့်ဝါ။ အလုပ်ထွက်ပြီးရင်မင်း ဘာလုပ်မှာလဲ။ ဘာကြောင့်ထွက်ချင်ရတာလဲ၊”

” ကျမ ဂျပန်နိုင်ငံကို သွားဖို့ အားလုံးစီစဉ်ပြီးပြီပဲ ဖေဖေတို့ပဲ လုပ်ပေးတာပါ။ ဟိုမှာကျမရဲ့ အကိုကြီးလည်း ရှိနေတယ်လေ။ ဟိုမှာသွားပြီး အလုပ်လုပ်မယ်။ ပြီး ဒီပြန်လာရင် ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို လုပ်မှာပေါ့။”

“ပွင့်ဝါရယ်၊ ကိုယ့်ကိုထားခဲ့တော့မှာလား၊”

” ဆရာကလည်း ကျမတစ်သက်လုံး ဆက်ခက်ထရီပဲ လုပ်ရတော့မှာလား။”

” မဟုတ်ဘူးလေ၊ မင်းဆန္ဒရှိရင် ဂျပန်နိုင်ငံမှ မဟုတ်ဘူး၊ ဘယ်သွားမလဲ၊ လကမ္ဘာသွားဦး မလား ဘာလုပ်ချင်သလဲ ကိုယ်အကုန်ဖန်တီးပေးနိုင်ပါတယ်၊ ကိုယ်ပြောချင်တာက ကိုယ့်တစ် ယောက်တည်းကျန်ရစ်မဖြစ်နိုင်လို့ အဲ့ဒါပွင့်ဝါ နားလည်မပေးနိုင်ဘူးလာ။”

” အို အဓိပ္ပါတယ်တွေ တစ်မျိုးဖြစ်ကုန်လိမ့်မယ်ဆရာ”
” ဘာလို့ ဖြစ်ရမှာလဲ၊ ဘယ်သူမှ မသိစေရဘူး၊ကိုယ်အားလုံးတာဝန်ယူတယ် ကိုယ့်ကြောင့် ပွင့်ဝါ ဘာဆိုဘာမှ မဖြစ်စေရဘူး။ သံယောဇဉ်ဆိုတာ ပွင့်ဝါ နားလည်လားဟင်။”
” ဟင့်အင်း”
” ကိုပြောမယ်”

ကိုယ်ကို အနည်းငယ် ရှေ့ကိုင်းလျှက် ပွင့်ဝါ၏ လက်ဖျားလေးများကို ဆွဲယူရန် စိတ်ကူး၏။ ပွင့်ဝါက ကိုယ်ကိုနောက်သို့ ယိမ်းလျှက် ရှောင်သလိုပြုပြီး………
” ကျမ ပြောတာကိုနားထောင်ပါဦး” ဟုဆိုသည်။

ကိုယ်ကခေါင်းရမ်းလျှက် ” ကိုယ် ပွင့်ဝါ အတွက်စီစဉ်ထားတာတွေ အများကြီး၊ ပွင့်ဝါအတွက် ဘယ်လောက်ပဲကုန်ကျပါစေ၊ ကိုယ်တာဝန် ယူနိုင်တယ် နောက်ပြီးလွတ်လွတ်လပ်လပ် သဘောပါ။ အချစ်၏ သန့်စင်မှုဆိုတာကို ပွင့်ဝါ နားလည်စေချင်တယ်။ ကိုယ်ပွင့်ဝါကို ချစ်တယ်။ ဒါပေမယ့် အနှောင်အဖွဲ့ အကျဉ်းအကျပ် မျိုးနဲ့ မဟုတ်ဘူး။ ဘယ်သူမှ မသိစေရတဲ့ နည်းမျိုးနဲ့ပေါ့။ ကိုယ်ပွင့်ဝါကို တစ်သက်လုံး စောင့်ရှောက် သွားမယ်။ အဲ့ဒီအကူအညီတွေကို ပွင့်ဝါယူရမယ်။

“အို ရှက်စရာကြီး။”

” ဘယ်သူ့ကိုလည်း၊ ဘာကိုရှက်တာလဲ ပွင့်ဝါ၊” ကိုယ်က အသံကို တမင်တိုးညှင်းလျှက် ယု ယကြင်နာစွာ မေးတော့ နှင်းဆီရဲရဲမျက်နှာကို ငုံ့ထားသည်။

” ကျွန်မရဲ့ လိပ်ပြာကိုပါ၊”

” လိပ်ပြာ” ကို …………တဲ့၊ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွား၏။ တကယ်တမ်း လက်ဖျား ခြေ ဖျားအေးသွားတာ ကိုယ်ကိုတိုင်ပါပဲ၊ ပွင့်ဝါကို အံ့သြစွာ ငေးမောမိသည်။ တဖြည်းဖြည်း ခေါင်းပြန် မော့လာ၏၊ ရှက်သွေးများ ပျက်ပြယ်လျက် မျက်ဝန်းတို့ကလည်း ကြည်လင်တောက်ပစွာ…။

“ကျမ ဥာဏ်စွမ်းရှိသမျှ ကိုယ်စွမ်းရှိသမျှ ကြိုးစားကြည့်ချင်တာ၊ တခြားနိုင်ငံကို ထွက်တယ် ဆိုတာ သူများကို မျက်စိမှိတ်ပြီး အထင်ကြီးလို့လည်း မဟုတ်ဘူး၊ တစ်ခုခုကို ရှောင်တိမ်းချင်တဲ့ သဘောလည်း မဟုတ်ပါဘူး၊ သူတို့နိုင်ငံတွေမှာ ကျမတို့လိုလူငယ်တွေ ဘာလုပ်နေကြသလဲ၊ လက်တွေ့ကျကျသိချင်တယ်။ သူတို့လုပ်သလို လိုက်လုပ်ကြည့်ချင်တယ်။

ဆရာစဉ်းစားကြည့်ပါ။ ခုဆိုရင် ကျမတို့ တင်ပို့နေတဲ့ ကုန်ကြမ်းတွေကို သူတို့ဆီမှာ ဘာလုပ်တယ်ဆိုတာတောင် သိခွင့်၇တာမဟုတ်ဘူး။ ဂုန် လက်သည်းရွက်လိုမျိုး ခရေပွင့်ခြောက်၊ မူသကပွင့်ခြောက်တွေက အစ ဘောစကိုင်းစေ့တွေ ၀ယ်သာဝယ်တာ ဘာလုပ်မယ်လို့ ပြောဖေါ်မရဘူး။ အချိန်တန်တော့ လှလှပပ ထုတ်ပိုးပြီး ဒီပစ္စည်းတွေဟာ အသွင်တစ်မျိုးနဲ့ ကျမတို့ဆီ ပြန်ရောက်လာတာပဲ။ ကျမတို့ က ဈေးကို ဆယ်ဆလောက်ပြန်ပေးပြီး ၀ယ်ရတာပဲ။

ကျွန်မတို့မှာ နောက်ဆုံးအဆင့်ရောက်အောင် မဖန်တီးနိုင်သေးတော့ ကုန်ကြမ်းပို့ရုံလောက်နဲ့ အကျေနပ်ကြီး ကျေနပ်နေရတယ်။ အမှန်ကတော့ ကျမတို့ညံ့ကြတာ၊ အနည်းဆုံး သူများနိုင်ငံကို လက်တွေ့ကျကျ ရောက်သွားရင် ကိုယ်ဘာညံ့လည်း ဆိုတာတော့ သိလာခဲ့မှာပဲ။”


ကိုယ်ကတော့ ပွင့်ဝါကို စိတ်ကုန်စပြုလာသည်။ ဘယ်လိုငတုံးမလေးကိုမှ ညှို့မိပါလိမ့်။ ခုတ်ရာတခြား ရှရာတခြားဖြစ်ကုန်၇င် ဒုက္ခ။ ကိုယ့်သိက္ခာတွေ ပွန်းပဲ့တာပင် အဖတ်တင်တော့မည်။

“နောက်တစ်ခုက ကျမတို့ မိန်းခလေးတွေ၊ အထူးသဖြင့် မြန်မာမိန်းခလေးတွေ ဘယ်အခြေ အနေအထိ ကြိုးစားခွင့်ရှိနိုင်မလဲဆိုတဲ့ အချက်ပေါ့။ သင်တန်းတွေ တက်ခဲ့တုန်းက ကျမတို့ရဲ့ ဆရာ ဆရာမတွေ ဦးစားပေးပြီး သင်ပေးလိုက်တဲ့ အဓိက အချက်က ကိုယ့်ယဉ်ကျေးမှုနဲ့ စာရိတ္တအတွက် စိတ်ခိုင်ဖို့ပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအတွက် အလဲအထပ်ပြုရမယ့် အတိုင်းအတာကို ကန့်သတ်နိုင်ဖို့ပဲ၊ ကျမဆရာ့ကို……..”


မီးပျက်သွားသလို ရပ်တန့်သွားသော ပွင့်ဝါ၏ စကားတန်းကို မျှော်လင့်ချက် ကိုယ့်ဘက်က တိုက်ကွက်ကိုတစ်ဟုန်ထိုးဖြင့် ကျားကွက်အသွင်ဆောင်ရန် စိတ်ကူးရ၏။ကိုယ်မင်းကို အရှုံးမခံ နိုင်ဘူး ပွင့်ဝါ။”

” ပွင့်ဝါ ကိုယ့်ကို တစ်ခုတော့ ဖြေပါ၊ နော်ပွင့်ဝါ”

” ဖြေနိုင်ရင် ဖြေပါ့မယ်။”

” ပွင့်ဝါ တစ်ခါမှ မချစ်ဖူးဘူးလား။ နောက်ပြီး အချစ်ဆိုတာကိုရော သိလား။”

” အချစ်ဆိုတာ ဘာလဲ။”

” သြော် ကိုယ့်ကို ပြန်မေးနေပြန်ပြီ။ အချစ်ဆိုတာ စိတ်ရဲ့သိမ်မွေ့တဲ့ ခံစားမှုပေါ့ ကလေးရယ် အဲ့ဒါမင်းသိလားဟင် ပွင့်ဝါ။”
ကလေးမ တွေဝေသွားသည်။ မေးခွန်းတွေ ဆက်တိုက်မေးရန် ကြိုးစားရ၏။။ တစ်ဆင့်ချင်း ပေါ့။
“ဒါဆိုပွင့်ဝါကိုယ့်ကိုမုန်းလား။”
ချက်ချင်းခေါင်းရမ်းသည်။

“ဆရာ့ကို ကျမ အမြဲကျေးဇူးတင်နေမှာပါ။ ကျွန်မစိတ်ကူးရှိသမျှ အလုပ်တွေ အများကြီး လုပ်နိုင်ခဲ့တာ ဆရာပေးတဲ့ လွတ်လပ်မှုတွေ ကူညီမှုတွေကြောင့်ပါ။ အတွေးအခေါ်အရမ်းကောင်း ပြီး အကွက်ကျ ထောင့်စေ့တဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ပညာတွေလည်း ဆရာ့ဆီက အများကြီး ရခဲ့သည်။ သိပ်ကိုကျေးဇူးတင်ပါတယ် ဆရာ။
ကျမကြောင့် ဆရာဘာမှမဖြစ်စေချင်ဘူး။”

” ဒါဆိုကိုယ့်ဆန္ဒကို စဉ်းစားပေးလေ။”
“မဖြစ်နိုင်ဘူးဆရာ၊ ဆရာအခု တိုက်ပုံအင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်လိုပဲ စဉ်းစားပါ။ တစ်ခါက နက်တိုင်စီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒီအခြေအနေမျိုးနဲ့ စဉ်းစားလို့ဘယ်နည်းနဲ့မှမဖြစ်နိုင် ပါဘူး။ ဆရာပြောချင်တာတွေကို ကျမနားလည်ပါတယ်။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် လူသူလေးပါး မသိစေရအောင် သိုသိုသိပ်သိပ်နေတဲ့ ချစ်သူတွေအဖြစ် တစ်သက်လုံးနေသွားပြီး တစ်ယောက်ရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးကြဖို့မဟုတ်လား။

ကျမလိုတဲ့ ကြိုးစားကြည့်ချင် တာတွေကို ဆရာကဖြည့်စွမ်းပြီး ဆရာ့ကွက်လပ်ကို ကျမကဖြည့်ပေးရမှာပဲ မဟုတ်လား။”
တဲ့တိုးကျစွာ ပွင့်လင်းလွန်းစွာဖြင့် မေးနေသော မိန်းကလေးငယ်သည် မြန်မာပြည်မှ ဟုတ် လေစွ။ကောင်မလေးရယ် ရဲတင်းရန်ကောဟု မျက်မှောင်ကြုတ်ချင်တော့သည်။

” အောင်မြင်သူဖြစ်ချင်တဲ့ မိန်းခလေးတွေအတွက် ကျော်လွှားဖို့ အခက်ဆုံးတောင်ပါပဲ။ ဆ ရာတို့ကိုမလွန်ဆန်နိုင်ရင် ” ဘုရင်မ” ဖြစ်ချင်တဲ့ သူတွေဟာ ” မိဖုရား” ပဲဖြစ်ဖြစ်သွားကြရတယ်။
ကိုယ်ကသဲ့သဲ့ရယ်လျက် ” ပွင့်ဝါ မလွမ်းဖူးသေးလို့ပါ။”

” ဆရာရယ် လွမ်းတယ်ဆွေးတယ်ဆိုတာတွေဟာ တကယ်တော့ ဟင်းခတ်တဲ့ ဆားပါ။ အရသာအတွက် အရေးပါလှပါတယ်။ အဟာရအတွက်တော့ အရေးမကြီးလှပါဘူး။”
နောက်ဆုံးထွက်သက် အတွက် အသက်ကယ်ဆေးအဖြစ် ကိုယ်က ပြန်ပွင့်လင်းရသည်။

” ပွင့်ဝါကြောင့် ကိုယ့်ကို ဘာမှမဖြစ်စေချင်ဘူးဆိုရင် တစ်ခုတော့ စဉ်းစားပေးပါ။ ခုလိုကိုယ် ကဗြုန်းစားကြီး အလုပ်ထွက်သွားတော့ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုပြောမလဲ။ ကိုယ်တို့မှာလည်း ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ မဟုတ်လား။ ကိုယ့်ကြောင့်ပွင့်ဝါရှောင်ပြေးသွားရတယ် ဆိုတာမျိုးပြောလာကြရင် နှစ်ယောက်စလုံးရဲ့ ဂုဏ်သိက္ခာတွေ ဘယ်လိုဖြစ်သွားမလဲ။”

” သိက္ခာထက် လိပ်ပြာက ပိုအရေးကြီးပါတယ် ဆရာရယ် သူများတွေ အပြစ်တင်သံကို မကြားချင်ရင်နားပိတ်ထားလို့ရတယ်။ ကိုယ့်လိပ်ပြာက ကိုယ့်ကို အပြစ်တင်ရင် ဘယ်လိုမှ တား လို့မရနိုင်ပါဘူး။ ထားပါလေ။ ဆရာ့အတွက် သိက္ခာက အရေးကြီးတယ်လို့ ထင်ခဲ့ရင်လည်း ကျမ နဲ့ပတ်သတ်ပြီး ဆရာအစဉ်ပြေသလို ပြောနိုင်ပါတယ်။

ကျမက ဘာမှဖြေရှင်းနေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမသက်ရှိထင်ရှားရှိနေသမျှ ဆရာနဲ့ပတ်သတ်စရာအကြောင်းမှ မရှိတော့ လို့ပါပဲ။ ကျမရဲ့ လိပ်ပြာကို ကျမ ဒီနည်းနဲ့ သက်သေပြမယ်။ ဒါကျမရဲ့ ဆုံးဖြတ်ချက်ပါ။ ဆရာ့ကို ကျမဒါတွေ ပြောပြဖို့ ခေါ်လာတာ။”

” ကိုယ်ပွင့်ဝါကို အရှုံးပေးရတော့မှာလား။”
” အနိုင်အရှုံးနဲ့ မဆိုင်ပါဘူးဆရာ။ ဒီကိစ္စ ဆုံးဖြတ်ချက် အမှားအမှန်နဲ့ပဲ ဆိုင်ပါတယ်။ ဆရာ့လို တွေးကြစတမ်းဆိုရင် ကျမလည်း ရှုံးရတာပါပဲ။ ကျမတစ်သက်လုံးလေးစားခင်မင်သွား ချင်တဲ့ မိတ်ကောင်းဆွေကောင်းတစ်ယောက် ဆုံးရှုံးရတာပါပဲ။ ဒီအတွက် ကျမတကယ်ကို ၀မ်းနည်းပါတယ်။ ဒါပေမယ့် ဒီအတိုင်းပဲ ဖြစ်ရမယ်။ ကျမလုပ်စရာတွေ အများကြီးရှိသေးတယ်။ ကျမ ရုန်းကန်ကြိုးစားရဦးမယ်။”

“မင်းကို ကိုယ်လေးစားချီးကျုးပါတယ် ပွင့်ဝါရယ်။”
ပွင့်ဝါခေါင်းရမ်း၏။ ပြိုမည့်မိုးလို မျက်နှာကလည်း ညိုနေ၏။

” ကျမကို မချီးကျူးပါနဲ့ ဆရာ၊ ကျမဆရာ့အပေါ်ထားခဲ့တဲ့ ဖြူစင်အေးမြတဲ့ သစ္စာတရား ကြောင့် ကျမရဲ့ ကံကြမ္မက မျက်နှာသာပေးတာပါ တကယ်လို့သာကျမဟာ ဆွေးမျိုးမိဘ ဘိုးဘွား ရဲ့ လုံခြုံတဲ့ နွေးထွေးမှုမျိုး၊ ဘာသာတရား လူမှုရေး ကျင့်ဝတ်တွေရဲ့ အစောင့်အရှောက် ကြိုးစားချင်တဲ့ ကိစ္စတွေအတွက် လုံလောက်တဲ့ ငွေကြေး၊ အဲ့ဒါတွေထဲက တစ်ခုခုချို့တဲ့ခဲ့ရင် ဆရာ့ကို ပုံပြီး အားကိုးရမယ့် အခြေအနေမျိုးသာဖြစ်ခဲ့ရင် ခုလို ဆရာ့ကိုတုံ့ပြန်နိုင်ပါ့မလား။

ဒါဆိုရင် ဆရာရော ကျမဟာ ကြီးမားလွန်းတဲ့ ပြစ်မှုကို ကျူးလွန်ကြပြီး သံသရာမှာ အရမ်းရုပ်ဆိုး သွားကြတော့မှာ။”
ပွင့်ဝါ၏ အသံများ တဖြည်းဖြည်း တိုးတိမ်သွား၏။ မျက်ဝန်းမှာ မျက်ရည်များ ပြည့်လျှံနေ သည်။


“တကယ်လို့များ ကျမနေရာမှာ အသစ်ရောက်လာမယ့် ဆရာ့ရဲ့ လုပ်ငန်းဖေါ်ဟာမိန်းခလေး ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီမိန်းခလေးဟာ ဆရာ့ရဲ့အရိပ်ကိုပဲ အပြည့်အစုံခိုနားရမယ်ဆိုရင် ဆရာ့လိပ်ပြာ ကို ရဲရဲရင့်ရင့်စကားပြောရဲတဲ့ သစ္စာတရားနဲ့ လက်တွဲခေါ်နိုင်ပါ့မလား။ ကျမတို့မြန်မာမိန်းခလေး တွေဟာ ကမ္ဘာ့ အဆင့်မှီအောင် မြန်မာနိုင်ငံထဲမှာပဲ စမ်းသပ်ကြိုးစားနေကြတုန်းပဲ ရှိပါသေးတယ် ဆရာရယ်။ ဒါပေမယ့် ကိုယ့်လိပ်ပြာကိုယ် မလိမ်မညာရဲကြပါဘူး” တဲ့ ပွင့်ဝါငိုသည်။ ရှိုက်၍ငိုသည်။


အူရိုင်းမဟု ထင်ခဲ့သူက ပြတ်သားပြနေသည်။ ကိုယ်ကတော့ သူ့အပေါ်မှာ မပြတ်သားနိုင်။ မခံချင်စိတ်တွေ တလိပ်လိပ်ကြွလာ၏။ တကယ်ဆို ကိုယ်ကစိတ်တောင်မှ ၀င်စားခဲ့တာမဟုတ်။ ချစ်ဖို့ဆိုတာ စဉ်းစားစရာပင်မလို။ အလှအပကင်းမဲ့လှသော ခန္ဓာကလည်းဆွဲဆောင်မှုမရှိ၊ ကိုယ့်အမှားဟုပင် ပြောရတော့မှာလား။ အစတုန်းကတော့ ကိုယ့်တွက်ကိန်းနှင့်ကိုယ် ဟုတ်လို့။

ငြိရုံကလေးငြိ၍ ကိုယ်တိုင်အသုံးချသွားရန်။ ထင်ထားသည့်အတိုင်း ဖြစ်မလာဘဲ စက်သေနတ် ပစ်သလို တဝေါဝေါတိုက်ခိုက်နေတော့၏။ ဘာဖြစ်လို့များ အရှုံးပေးရမှာလဲ။ ကိုယ်က ခပ်ညံ့ညံ့ ကောင်မဟုတ်။ ဒီဇာတ်လမ်းကို သူစခဲ့တာမဟုတ်၊ ကိုယ့်ဇာတ်လမ်းကို သူ့နိဂုံးနဲ့ ဘယ်အဆုံး သတ်နိုင်လိမ့်မလဲ။


“ပွင့်ဝါ မင်းပြောတာတွေကို ကိုယ်မငြင်းလိုပါဘူး။ မင်းသိပ်တော်တယ် လိမ်လည်းလိမ္မာ တယ်။ စံပြလည်းဖြစ်တယ် ဒါပေမယ့် ဒါဖုံးကွယ်မှုတစ်မျိုးပဲ။ လူတိုင်း လူတိုင်းဖြစ်သင့်တာကို သိတယ်။ အကောင်းဆုံးကိုလည်း ကြိုက်တတ်တယ်။ ဖြစ်နေတာတွေထဲက ဖြစ်နိုင်တာနဲ့ ဖြစ်ချင်တာကို ဖန်တီးလို့ရမယ်ဆိုရင် ဖန်တီးကြမှာကြည့်ပဲ။

ကိုယ့်ဘ၀မှာ ဖြစ်သင့်တာတွေ ဖြစ်ခဲ့ပြီးပြီ၊ ကို့ဘက်က မင်းနဲ့ပတ်သတ်လို့ စိတ်ဓါတ်ရော အတွေးအခေါ်ရော အားလုံးအလိုရှိ တယ်။ ကိုယ့်ဆန္ဒအတွက် ကိုယ့်ဘက်ကလည်း ကြိုးစားရမှာပဲ။ ဒီအတွက် နောင်တဆိုတာ ဖြစ်လာ စရာအကြောင်းမရှိဘူး။ ကိုယ်အားလုံးကို ရင်ဆိုင်ရဲတယ်။


ခပ်တင်းတင်းပဲ ပြောပစ်လိုက်၏။ အမိုက်အမဲလေးကို ဒီလိုအလျှော့ပေးလို့ ဘယ်ရမလဲ။ ခြိမ်းခြောက်ပစ်လိုက်သည်။ ဒီအချိန်မှာ သူ့ဘက်က ပြန်တင်းနိုင်မလား။ နေ၀င်ရိုးရီ အချိန်မှာ တ စိမ်းယောက်ျားတစ်ယောက်နှင့်အတူရှိနေသော မိန်းခလေးက……..
” မလိုအပ်ပဲ ဘယ်သူ့ကိုမှ ရင်မဆိုင်ချင်ပါနဲ့ ဆရာရယ်၊ စွမ်းအားတွေ ဖြုန်းတီးပစ်သလို နှမြောစရာကောင်းလှပါတယ်။ တကယ်တော့ ကျတော်ဆရာ့အပေါ်မှာထားခဲ့တဲ့ လေးစားခင်မင်မှု မြတ်နိုးတွယ်တာမှုနဲ့ ဖြူစင်တဲ့မေတ္တာမျိုးကို ဆရာ့ဆီက ဘယ်နည်းနဲ့မှ ပြန်မပေးနိုင်ပါဘူး။

ဒီအတွက် ကျမနားလည်နိုင်ပါတယ်။ ခုဆိုရင် ဆရာကစီးပွားရေးနယ်မှာ ဘုရင်တစ်ဆူဖြစ်နေပြီ။ ဆရာ့မှာ တပည့်တွေအများကြီး၊ မိတ်ဆွေတွေလည်း အများကြီး အားလုံးက ချီးကျူးကြတယ်။ စာအုပ်တွေစာဆောင်တွေမှာလည်း ဆရာ့သတင်းတွေ ဝေဆာလို့ အများက၀ိုင်းပြီးချီးကျူးနေတဲ့ အချိန်မှာ မတော်တဆ ဆရာ့ရဲ့လိပ်ပြာက ဆရာ့ကို တိုးတိုးတိတ်တိတ်ကလေး များကဲ့ရဲ့နေမယ်ဆိုရင် လူမသိသူမသိ ဆရာအရှက်ရနေမှာ သိပ်ကို စိုးရိမ်မိပါတယ်။

ဆရာတစ်ယောက်တည်း အေးအေးဆေးဆေးရှိနေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင် ကျေကျေနပ်နပ်ကြီး ချီးကျူးနိုင်စေချင်တယ်။ ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ဂုဏ်ပြုရင် အရမ်းဝမ်း သာစရာကောင်းတာဆရာရဲ့။ ဆရာ့ကို ကျွန်မသိပ်ကိုပျော်ရွှင်ဝမ်းသာစေချင်လို့ပါ။”

ကိုယ်က ပွင့်ဝါကို စကားပြန်ပြောရန် ၀န်လေးသွား၏။ ပွင့်ဝါကမတ်တပ်ရပ်သည်။
” ဆရာ ကျမကို ခွင့်ပြုပါ၊ ဆရာနဲ့ စကားပြောဖို့အတွက် ကျမမိသားစုကို အသိပေးခဲ့ပါ တယ်။ ကျမရဲ့အဒေါ်နဲ့ တူလေးတွေလာကြိုနေကြပါပြီ။ သွားမယ်ဆရာ။”

ထိုအချိန်မှ ပွင့်ဝါက အပြီးအစီးနှုတ်ဆက်သွားခဲ့သည်။ ကိုယ်ကလည်း ပွင့်ဝါကို တွေ့ရန် မကြိုးစားခဲ့ပါ။ အားလုံးမေ့မေ့ပျောက်ပျောက် ဆိုပါတော့။

လိုအပ်လာတဲ့အခါမှာတော့ တစ်ယောက်တည်း အေးအေးဆေးဆေးတွေးဖြစ်၏။ တစ်ယောက်တည်း မဟုတ်ပါဘူးလေ ကိုယ်နှင်းကိုယ့်လိပ်ပြာသည် အစဉ်အမြဲ အတူတကွ ရှိနေ၏။ ကိုယ်လိမ်ညာ၍ မရသောသူသည် ကိုယ့်လိပ်ပြာသာ ဖြစ်လေသည်။

ရွှေစည်းစိမ် မဂ္ဂဇင်း (၁၉၉၇၊ မတ်လ)
ဝင်းဝင်းမြင့် နန်းတော်ရှေ့

အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Thursday, May 14, 2009

ကြွေလွင့်သွားသော အိမ်မက် (ဇာတ်သိမ်း)



သီဟတယောက်ကလည်းလေ အခုထိကိုမလာသေးဘူး။ “ ကားထွက်တော့မယ်လေ။ ကျေး ကားပေါ်မတက်သေးဘူးလား” ကျေးအဒေါ်လှမ်းခေါ်တော့မှ ကျေးတယောက် ကားပေါ်တက်ရ မှာကိုသတိယတော့သည်။ အေးလေ သူမလာတာလည်း ကောင်းပါသည်။ ကျေးမျက်ရည်မကျချင်။ ကားပေါ်တက်ခါနီး…

“ ဟေ့ ကျေး တော်သေးတာပေါ့ ငါကကားထွက်သွားပြီလားလို့ မေမေနှိုးလို့ဟ ငါမနက်လေးနာရီကျော်မှ အိပ်ပျော်သွားတယ်။ အဲ့ဒါ ငါအခုဆိုင်ကယ်အမြန်မောင်းလာတာ။ နင့်ကို ငါရန်ကုန်ထိလိုက်ပို့ချင်တာဟ၊ စာမေးပွဲနီးတော့ မေမေကမလွှတ်ဘူးဟာ နင်ဘာပဲဖြစ်ဖြစ် ရန်ကုန်ရောက်ရင်တော့ ဖုန်းတချက်ဆက်နော် သိလားမမေ့နဲ့နော် ငါဘုရားကျောင်းကနေ ပြီးပြီး ချင်း အိမ်ပြန်ပြီး နင့်ဖုန်းကိုစောင့်နေမယ် အဲ့အချိန်နင်ရန်ကုန်ရောက်နေလောက်ပြီ။သိလား နော်။ နင်ငါ့ကိုအမြဲမုန်းနေပါနော်။ ပြီးတော့ နင်ဘယ်ယောက်ျားလေးကိုမှ မျက်စောင်းမထိုးနဲ့ ပြီးတော့ မပြုံးမိစေနဲ့သိလား အဲ့အချိန်နင်က အလှဆုံးပဲ။ အဲ့လိုဆို နင့်ကိုချစ်သွားလို့ နင်ငါ့ကိုမမုန်းတော့မှာ ငါကြောက်တယ်။ မမေ့နဲ့နော်”

“ အေးပါဟာ ငါနင့်ကိုမဆက်သွယ်နိုင်ရင်တောင် ငါအမြဲတမ်းမုန်းနေမှာပါ နင်အဲ့ဒါကိုမမေ့နဲ့နော်။ ဆိုင်ကယ်ဖြည်းဖြည်းမောင်းနော် သိလား စာကြိုးစား တနေ့ပြန်ဆုံတာပေါ့နော်။ ရန်ကုန်ရောက်လို့ ငါအစဉ်ပြေရင်ဆက်မယ် နင်ဖုန်းတော့မစောင့်နဲ့နော် သိလား နင်လည်းကတိတည်နော်။ ငါ့ကိုရ အောင်ရှာမယ်ဟုတ်။ ပျော်ရွှင်ပါစေနော်”



ကားကတဖြည်းဖြည်းထွက်လာတော့သည်။ သီဟနဲ့လည်း ကောင်းကောင်းစကားမပြောဖြစ် နောက်တော့ သူက ကားထွက်တာကိုပင်မစောင့် ကားကိုကျော်ပြီး ပြန်သွားသည်။ ကျေးလည်း လိုက်မကြည့်တော့ နောက်တော့ မြို့အထွက်နားရောက်တော့ ကျေးအဒေါ်က “ ဟယ် ဟိုမှာ သီဟ နင့်ကိုလှမ်းကြည့်နေတယ်”

သြော် သီဟရယ် သူမြို့အထွက်ထိလိုက်ကြည့်နေလေရဲ့ ကျေးစိတ်ထဲမှာလည်း မခံစားနိုင်ပါဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလည်း ကျေးကပညာတတ်တယောက်ဖြစ်ချင်တာကိုး ကိုယ့်ဘ၀အတွက် ဒီလောက်တော့ ခံစားချက်ကိုရင်းရပေမပေါ့။

တောင်ငူမှ ထွက်လာပြီးကတည်းက ကျေးဖုန်းမဆက်ဖြစ် ကျေးသူ့ကိုဖုန်းမဆက်ဖြစ်တာ သူ့အသံကြားရင် ကျေးစာလည်းကောင်းကောင်းလုပ်လို့ရမှာမဟုတ်ဘူး။ သီဟရယ် ငါနင့်ကိုအရမ်းမုန်းတာပဲဟယ် နင်ဘာတွေလုပ်နေလည်း ငါသတိယပါတယ်။

ကျေးအိမ်နဲ့ဆက်သွယ်ခဲ့ပေမယ့် နှစ်နှစ်ကျော်ကျော် သီဟကိုတော့ လုံးဝမဆက်သွယ်ဖြစ်ခဲ့ပါ ထွက်လာတုန်းက ကျေး ဖုန်းနံပါတ်တွေမှတ်ထားတဲ့စာအုပ် ဘယ်မှာပျောက်သွားတယ်မသိ ထုတ်ရလွယ်အောင် အိတ်အပြင်ဘက်မှာ ထည့်ထားခါမှ ဘယ်လိုဘယ်လိုကျသွားတယ်မသိဘူး အဲ့ဒါနဲ့ သူငယ်ချင်း တွေကိုလည်း မဆက်သွယ်ဖြစ် ကျေးသီဟကိုလည်း မဆက်သွယ်ဖြစ် အိမ်ကိုလည်း မမေးချင်တာ နဲ့ ကျေးတယောက် သီဟနဲ့အဆက်အသွယ် မလုပ်ဖြစ်ခဲ့။

နှစ်နှစ်ကျော်တဲ့ ဒီဇင်ဘာလမှာ ကျေးအမက ကျေးကိုပြောတယ်။ “ ကျေးနင်စိတ်ကိုငြိမ်ငြိမ်ထား နော်နင်ခံစားရမှာငါသိပါတယ်။ သီဟလေ” သူကဘာမှဆက်မပြောသေးပဲ အသံတိမ်ဝင်သွားသည်။

“ ဘာဖြစ်လည်းဟ သူမိန်းမရသွားလို့လား ယူသွားပါစေပေါ့ဟာ ပြောမှာသာပြောစမ်းပါ သီဟဘာ ဖြစ်လို့လည်း”

“ သီဟဆုံးသွားပြီဟ ဇူလိုင်လကတည်းက ဆုံးတာ နင့်ကိုငါပြောမထွက်လို့ အဲ့ဒါငါဒီနေ့တော့ ပြောမှဖြစ်မယ် ငါနင်စိတ်မကောင်းတာနားလည်ပါတယ်။ ဒါပေမယ့် သူဆုံးသွားပြီ သူအိပ်ဆေးတွေ အရမ်းသောက်ပြီး ဆုံးသွားတာတဲ့ သူအိပ်ဆေးတွေသုံးနေတာ တစ်နှစ်လောက်ရှိပြီတဲ့ အဲ့ဒီအိပ် ဆေးက တရားဝင်ဆေး ဒါပေမယ့် သူစိတ်ညစ်အရမ်းညစ်တယ်ထင်တယ်။ သူအဲ့ဆေးကို အများကြီး သောက်ပြီးတော့ ဆုံးသွားတာ။ နင့်စိတ်ကိုထိန်းနော်။”

ကျေးကိုကျေးအမဘာတွေပြောနေသည် မသိတော့ ဘာတွေပြောနေတာလည်း သီဟတဲ့ သီဟပြောတော့ ကျေးကိုလိုက်ရှာမယ်ပြောထားသည်။ ကြိုးစားမယ်ပြောထားသည်။ ကျေး မဆက်သွယ်မိတာ ကျေးအပြစ်လား သူ့ကိုနားဝင်အောင်ပြောနိုင်တာ ကျေးတယောက်တည်း ကျေးသိသည်။ ကျေးဘာလုပ်ရမည်နည်း။ ကျေးမျက်ရည်လည်းမကျ စကားလည်းမပြောနိုင်။

“ ကျေးနင်ငိုလေ နင်ဘာလုပ်နေတာလည်း နင်ငိုလိုက်ပါဟာ နင့်အတွက်သက်သာပါတယ်။ နင်အဲ့လိုမခံစားနေပါနဲ့”

ဟုတ်သည်။ ကျေးတို့အကြောင်းကို သိသော ကျေးအမက နားလည်သည် ကျေးဘာခံစားနေရတာ သူသိတယ်။ ဒါပေမယ့် ကျေး အတွေးတွေမရှိတော့ပါ အိမ်မက်တွေမရှိတော့ပါ ကျေး ဘာလုပ်ရမည်နည်း၊

မိဘမဲ့ဂေဟာအတူတူဖွင့်မယ် ပြောသွားခဲ့တဲ့ သီဟ နှစ်ယောက်သား တက်ညီလက်ညီကလေးတွေ ကိုပြုစုပျိုးထောင်မယ်ပြောခဲ့တဲ့ သီဟ အခုတော့ ကျေးကိုဒီတာဝန်တွေနှင့် တယောက်တည်းထားခဲ့ သည်။ ကျေးမှာတော့ ကြိုးစားလိုက်ရတာ။ ကလေးများနှင့်ပတ်သတ်သမျှ စိတ်မ၀င်စားလည်း အတင်းလေ့လာသည်။ မှတ်သည်။ ကြိုးစားသည်။ အခုတော့ ကျေးကို သူရက်ရက်စက်စက် တယောက်တည်းထားခဲ့သည်။ သူရက်စက်သည်။ ကျေးဘာလုပ်ရမည်နည်း။

တွေ့ရခါနီးမှပဲ သီဟရယ် နင်ငါ့ကိုရက်ရက်စက်စက်ထားခဲ့ရလား။ ငါ နင့်ကိုကောင်းကင်နိုင်ငံ ရောက်လို့ ပြန်တွေ့လို့ကတော့ နင်မလွယ်ဘူးမှတ်။ ကျေးစိတ်ထဲမှာ ကျိန်းဝါးနေမိသည်။ ကျေးစိတ်ဆိုးလျှင် မျက်ရည်ကျမည်ပြော၍ မျက်ရည်ကျအောင် တမင်လုပ်သွားတာလား ကျေးနားလည်သည်။ သူဘယ်လို ဘယ်လောက်ခံစားရမည်ဆိုတာကို ထို့အတွက် ကျေးစိတ်မဆိုးပါ။ ကျေးငိုလျှင် စိတ်သက်သာမည်ဆိုတာ ကျေးသိသည်။

ဒါပေမယ့် ကျေးမငိုပါ ကျေးသူ့ကိုစိတ်မဆိုးပါ။ ကျေးကလွဲရင် ဘယ်သူမှနားလည်မည်မဟုတ် ကျေးသာသူ့ကိုနားလည်သည်။ သူဘာဖြစ်လို့ ကောင်းကင်နိုင်ငံကို စောစောသွားသည် ဆိုတာ ကျေးသိသည်။ ကျေးကိုသူပြောခဲ့တဲ့ သူ့သစ္စာဆိုတာ မှန်သည်ဆိုတာ ကျေးကြာလေ သိလေဖြစ်သည်။

ကျေးကိုသီဟပေးခဲ့တဲ့ လက်စွပ်က အချိန်တွေဘယ်လောက်ကြာကြာ ဟောင်းမသွားပါ။ မွဲမသွားပါ။ ကြာလေလက်လေ။ ကျေးဘယ်လက်စွပ်မှမစွပ်ပေမယ့် ကျေး သီဟပေးတဲ့ လက်စွတ်ကိုဘယ်တော့မှမချွတ်ခဲ့။ ပျောက်သွားလျှင်လည်း ဘယ်လိုဘယ်လို ပြန်ရောက်လာသည်မသိ။ ပျောက်တာလည်း အခါပေါင်း မရည်တွက်နိုင်တော့။ အလွန်ဆုံး တပတ် ပြီးလျှင်ပြန်ရောက်လာသည်ချည်းပင်။ ဒါဟာ သီဟရဲ့ သစ္စာမှန်း ကျေးသိ သည်။

ဒါပေမယ့် ကျေးသိချင်သည်က သူရဲ့ နောက်ဆုံးအချိန်မှာ သူ့လက်စွပ်လေးကို သူများတွေ ချွတ်ပစ်လိုက်လား ကျေးတော်တော်သိချင်လှသည်။ ကျေးသူ့ကို မုန်းသည်။ အရမ်းကိုမုန်းသည်။ ဒါကိုသူကောင်းကင်နိုင်ငံကနေ ကြားနိုင်ပါစေ။

အခုတော့ ကျေးရဲ့ အဖြစ်ချင်ဆုံးဆန္ဒက သူ့အုတ်ဂူအဖြူလေးဆီကို နှင်းဆီပန်းအနီလေးတွေ သွားချချင်ခြင်းပါ။ ဒါကိုကျေးကလွဲလို့ ဘယ်သူသိမှာလည်း။ နှင်းဆီအနီကြိုက်မှန်းသိလို့ နွေပိတ်တိုင်း နှင်းဆီပန်းစိုက်ရတာ အမော သီဟရယ် ဒီတခါတော့ ငါစိုက်အလှည့်ပေါ့နော်။ နင်ကငါ့ကိုတာဝန် ကောင်းကောင်းပေးသွားတာပဲနော်။

“ဟဲ့ ကျေးနင်ဘာတွေတွေးနေတာလည်း ငါခေါ်နေတာကြာပြီ။ မနက်ဖြန်နင်ခရီးထွက်မယ်ဟုတ်။ အဲ့ဒါ ဒီမှာဆေး မှားပါတယ် ရော့”

ကျေးအမလှမ်းခေါ်မှပဲ ကျေးသတိယတော့သည်။ ဟုတ်သည် ကျေးကနေကောင်းသည်မဟုတ် ဆေးကိုအမြဲဆောင်ထားရသည်။ ခရီးထွက်မည်ဆိုတော့ ပိုဆိုးသည်။ ကျေးရဲ့ သီဟနဲ့အတူတူ ကျမ်းစာကျောင်းတက်ပြီ၊ မိဘမဲ့ဂေဟာ ဖွင့်မယ်ဆိုတဲ့ ကြွေသွားတဲ့အိမ်မက်လေးကို ကျေးတယောက် နှမြောတမ်းတစွာ ပြန်တွေးမိနေသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ ကျေးခြေထောက်တွေပင် တောင့်နေသည်။

ကြွေလွင့်သွားတဲ့အိမ်မက်ကို ကျေးတယောက် တမ်းတနေ၍မဖြစ် အဲ့ဒီအိမ်မက်အဟောင်းအတွက် ကျေးကြိုးစားရမယ်။ ဟုတ်သည်။ ကျေး တယောက်တည်းလျှောက်ရမယ့် ဒီလမ်းအတွက် ကျေးကြိုးစားရမည်။ သီဟအတွက်ပါ နှစ်ဆကြိုးစားရမည်။


ပထမဆုံးရေးတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတိုလေးပါ ဆားတို့အချိုမှုန့်တို့လိုရင်လည်း ကိုယ့်ဟာကိုသာ လိုသလိုထပ်ဖြည့်ထည့်ပြီး ဖတ်ပေးကြပါနော်။ အဟိမေတ္တာရပ်ခံတာ။ ကြိုးစားပါဦးမည်။ ပျော်ရွှင်ပါစေ။
ချစ်ပါးလုံး

ဆက်ဖတ်ရန်...

Tuesday, May 12, 2009

ကြွေလွင့်သွားသော အိမ်မက် (၁)



အိမ်မက်တဲ့။ ဟုတ်တယ် ကျေးအိမ်မက်မက်နေတာလား။ သြော် ကျေးအိမ်မက်တွေ ဘယ်ရောက်ကုန်ပါလိမ့်။ အိမ်မက်တွေပျောက်ဆုံးကုန်တာ အခုဆိုရင် နှစ်တွေတောင်တော် တော်ကြာခဲ့ပြီပဲ။ အချိန်တွေတောင် တော်တော်ကြာခဲ့ပြီပဲ။
လမ်းလျှောက်ရမှာပျင်းတဲ့ ကျေးတယောက်၊ နှင်းထဲမှာအေးအေးဆေးဆေး လမ်း လျှောက်ရတာလည်းကြိုက်နေပြီ၊ မိုးရွာရင်အိပ်ဖို့သာ သတိယတဲ့ ကျေးတယောက် မိုးရွာရင် ဆွေးနေတတ်ပြီ၊ စက်ဘီးကိုအမြန်နင်းရတာကြိုက်တဲ့ကျေးတယောက် စက်ဘီးကို ဖြေးဖြေးလေး အတွေးလေးတွေ နဲ့နင်းနေတတ်ပြီ။
အပြင်မှာလည်း နှင်းတွေက အသည်းအသန်ကိုကျနေတာ။ ကျေးတို့အိမ်နောက်က တောင်ကြီးမှာလည်း မြူတွေ မှုန်ဆိုင်းလို့။ ပင်လယ်ပြင်ကြီးကတော့ ငြိမ်သက်နေလေရဲ့။ လေတချက်ချက်အဝှေ့မှာတော့ နှင်းတွေလည်း ရောက်ယက်ခတ်ကုန်သလို သူ့အတွေးနဲ့သူ ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ကြီးလည်း လှုပ်ခတ်သွားရတာပဲ။ အားလုံးသူ့အတွေးနဲ့ သူ သူ့အလုပ်နဲ့သူ ရှုပ်နေပုံရတယ်။


ကျေးတယောက်လည်း ဘ၀ပေးတာဝန်အရ အလိုလိုဝင်လာတဲ့ အတိတ်က အတွေးတွေကို မတားစီးနိုင်ပဲ ကျေကျေနပ်နပ်ကြီးပဲ အတွေးထဲမှာစီးမျှောရင်း……
“ ဟဲ့ ကျေး ဟာဒုက္ခပါပဲဟာ.. ငါတော့သေတော့မှာပဲ… ငါမသေချင်သေးဘူးဟ… နင်နဲ့နေချင်သေးတယ်…ဟဲဟဲ…. နင်ငါသေရင်ငိုမှာလား….”
“ ဟဲ့ နင်ကလည်း အစမရှိ အဆုံးမရှိ အလယ်ကဘာမှန်းမသိ။ ဘယ့်နှယ့် ဘာဖြစ်လာပြန် တာလည်း..သီဟရယ် ဖြစ်လိုက်မှဖြင့် အသည်းနဲ့အသန်”
“ ငါမေးတာသာဖြေစမ်းပါ။ နင် ငိုမှာလား မငိုဘူးလား.”
“ ဟဲ့ ငါဘယ်တုန်းက ၀မ်းနည်းပြီးငိုဖူးလို့လည်းဟ စိတ်တိုမှမျက်ရည်ကျတာကို အရူး.”
“ အေးပါ နင်ကလည်း မျက်ရည်ကျတာမကျတာထက် နင်ငိုမှာလား မငိုဘူးလား ဒါပဲပြော”
“ နင်သေတဲ့ ပုံစံပေါ်မူတည်ပြီးတော့ ငိုမှာပေါ့ဟယ် ငါစိတ်ဆိုးအောင်လုပ်ပြီး သေရင်တော့ ဒေါသထွက်ပြီး မျက်ရည်ကျချင်ကျမှာပေါ့။. ဒါနဲ့နေပါဦး နင်က သေမယ်သေမယ် ပြောနေရအောင် အခုဘာဖြစ်လာလို့လည်း..”
“ အေး ငါသေရင်တော့ နင်ဒေါသထွက်အောင် လုပ်ခဲ့ရမယ့်ပုံပဲ ဒါမှတစိမ့်စိမ့်တွေးပြီး ငါ့ကိုလွမ်းနေမှာ… ဟဲဟဲ။ မေမေမနေ့က ပြောနေတယ်ဟ မုန့်ပုန်းထဲက ပုဇွန်ခြောက်တွေ မှိုတက်နေတယ်တဲ့ ငါတော့သွားပြီ ဒါပေမယ့် ငါတယောက်တည်းတော့ မဟုတ်ဘူး ဖေဖေရော”
“ ဟဲ့ ပုဇွန်ခြောက်မှိုတက်တာနဲ့ နင်သေတာနဲ့ နင့်အဖေက အစစ်ပါသေးတယ် နင်ကလည်း ရှင်းရှင်းပြောစမ်းပါဟာ…”
“ နင်ကလည်း မှိုတက်တာတွေစားရင် ကင်ဆာဖြစ်တာ နင်မသိဘူးလား”
အခုမှပဲ ကျေးတယောက်သဘောပေါက်တော့သည်။ သီဟအိတ်ထဲမှာ အမြဲပါတာ ပုဇွန်ခြောက်ပါ သူ့အဖေနဲ့ သူအမြဲခိုးစားနေကျ ပုဇွန်ခြောက်ကြိုက်လို့ ခိုးစားခါမှ သူ့အမေက ပုဇွန်ခြောက်မှိုတတ် တယ်ပြောတော့ သီဟတယောက် ခြေမကိုင်မိ လက်မကိုင်မိ သေမှာတော့ကြောက်တတ်သား။
“ နင်ကလည်းဟယ် ငါ့နှယ် ဘာများလည်းလို့ ဆင်ကိုးစီးစားမကုန်တဲ့ နင့်ခန္ဓာကိုယ်နဲ့ မသေနိုင် ပါဘူး ပုဇွန်ခြောက်သူခိုးလေးရယ်”
ဟုတ်တယ် သီဟက အရပ်ကလည်း ရှည်တယ်။ အသားကညိုတယ်။ ပိန်လည်းမပိန် ယောက်ျားပီပီသသရုပ်နဲ့ သေမှာကြောက်နေတာကြည့်ပြီး ကျေးတယောက် တော်တော် ရယ် ချင်မိသည်။
“ အေးပါ ရယ်နေ တကယ်သေမှ မငိုနဲ့ ငါသရဲလာခြောက်မှာ”ပြောရင်းဆိုရင်း သီဟတ ယောက်သူ့လွယ်အိတ်ကို စမ်းတော့သည်။ ပုဇွန်ခြောက်စမ်းတာလေ။
“ကြောက်ပါဘူး အော်ပဲရယ်မှာ”
“ဟဲ့ ငါတို့ သင်္ကြန်ရောက်တော့မယ်။ သင်တန်းစတော့မယ်နော်။ နင်မပျော်ဘူးလား။ ငါဒီနှစ်တော့ လူပြတ်လုပ်ဖို့ပျက်လုံးတွေ အပြတ်ကို ရှာထားတယ်။သိလား။ နင်ငါနဲ့တဖွဲ့တည်း ကျပါစေသာ ဆုတောင်း သိလား ငါပါတဲ့အဖွဲ့ ဒီနှစ်တော့ ပထမရမှာသိလား။”

ဟုတ်ပ ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မည်။ သင်္ကြန်ဆို ကျေးတို့က ရေမပက်ပါ။ ဘုရားကျောင်း မှာ ကျေးတို့ကို ကမ့်သွင်းသည်။ ခရစ်ယာန် လူငယ်တော်တော်များများ သင်္ကြန်ကိုမဆော့ကြ။ ဘုရားကျောင်း တွင် အဲ့အချိန်ဆို အနယ်နယ်အရပ်ရပ်က လူငယ်များသင်တန်းလာတက်ကြသည်။

အကြိုနေ့မှစ၍ အတက်နေ့ညအထိ။ ဘုရားကျောင်းမှာပဲ အိပ်ရသည်။ အိပ်တာကတော့ ယောက်ျားလေးများက တဆောင်၊ မိန်းခလေးများက တဆောင်၊ ကျန်တဲ့အချိန်တော့ ယောက်ျားလေး မိန်းခလေးပေါင်းပြီး အသင်းသုံးသင်းခွဲထားပေးသည်။ ထိုအသင်းအလိုက် အမှတ်တွေကို တိုးသင့်ရင်တိုးပေးသည်။ အမှတ်လျှော့သည်က ပိုများသည်။

ထောင့်စုံမှ ဆရာများက အမှတ်လျှော့ဖို့သာ စောင့်နေသည်။ ရောက်ကတည်းက တာဝန်တွေကို အသင်းတိုင်းကို နေ့အလိုက် အချိန်အလိုက် ပေးထားပြီးသားဖြစ်သည်။ ကျေးတို့တော်တော်ပျော် ကြသည်။ တော်တော်လည်းပင်ပန်းသည်။ ပင်ပန်းသည်ဆို အမှတ်လျှော့မှာကြောက်ကြသည်။

တဖွဲ့က ၀တ်ပြုထမင်းပြင်ဆိုလျှင်၊ ကျန်တဖွဲ့က ပန်းကန်ဆေး( ပြီးလျှင် စနစ်တကျစီရသည်)၊ နောက်တဖွဲ့က သန့်ရှင်းရေး၊ အိမ် သာကအစတိုက်ရသည်။ အဖွဲ့သားအားလုံး စည်းစည်းလုံးလုံးနဲ့ တာဝန်ကိုယူရသည်။ ကိုယ့်တာဝန် ကိုယ်လုပ်ယုံနဲ့မပြီးသေးဘူး မြန်မြန်လုပ်ရသည်။

ဘာဖြစ်လို့လည်းဆိုတော့ ညအတွက်ဖြစ်သည်။ ညဆိုလျှင် ခြောက်နာရီမှ ကိုးနာရီထိ ပြိုင်ပွဲရှိ သည်။ အကြိုနေ့ဆိုလျှင် ကျပန်း၊ အကျနေ့ဆိုလျှင် စွမ်းရည်ပြိုင်ပွဲ( ရှိသမျှ စွမ်းရည် အစွမ်းကုန်ထုတ်ရသည်။ အဲ့အချိန်ထက်ထက်မိုးဦးဖြစ်သူဖြစ်၊ ကျော်ဟိန်းဖြစ်သူဖြစ် နှင့်၊ပျော်ဖို့ကောင်းလှသည်။)

အကြတ်နေ့ဆိုလျှင် သီချင်းဆိုပြိုင်ပွဲ( နုတ်နဲ့ တိတိကျကျကို ပြိုင်ရသည်)၊ အတက်နေ့ဆိုလျှင်တော့ ပြဇာတ် (ဇာတ်လမ်းတိုပေါ့)အကယ်ဒမီပါပေးသည်။ပြိုင်ပွဲချိန်မှာ တဖွဲ့ကို ၂၅မိနစ်သာ။ အတက်နေ့တွင် အကယ်ဒမီပေးပြီးသည်နှင့် သင်တန်းဆင်းပွဲပါ တခါတည်းလုပ်သည်။ ဆုတွေလည်းရကြသည်။

နေ့ခင်းဆိုလျှင် ကျမ်းစာသင်ရသည်။ မေးသည်။ အိပ်လည်းမငိုက်ရဲ အဖွဲ့ အမှတ်လျှော့မည်ဆိုး၍တယောက်ကိုတယောက် မျက်စိဒေါက်ထောက်ကြည့်နေရသည်။

အားကစားချိန်တွင်လည်း ထိုနည်း၎င်းပင် တယောက်ကိုတယောက် မရှက်အား အမှတ်လျှော့မည်ကိုတော့ လူတိုင်းက ကြောက်ကြသည်။

ထိုအမှတ်အတွက် သင်တန်းတပတ်လုံး အားလုံးမနားနိုင်ကြ မအိပ်နိုင်ကြ ကြိုးစားကြသည်။ အဲ့လိုမအိပ်၍ ကျေးတို့ ဆရာတွေပါ မအိပ်နိုင် ညသန်း ကောင်ထပြီး သံချပ်တိုက်သူကတိုက်၊ သန့်ရှင်းရေး အဖွဲ့ကလည်း မနက်၂နာရီထပြီး အိမ်သာသန့်ရှင်းရေး လုပ်သူကလုပ်နှင့် ကျေးတို့ဆရာက စည်းကမ်းထပ်တိုးသည်။ မအိပ်သည့် အဖွဲ့ အမှတ်လျှော့မည်ဟု ဆိုသည်။

လူတိုင်း သင်္ကြန်ဆို ပျော်ကြသည်။ ကျေးတို့လည်းပျော်သည်။ ပျော်ပုံချင်းတော့မတူ။ ကျေးတို့ ရင်ခုန် ပုံကတစ်မျိုး။ ဒါကြောင့် ကျေးအိမ်ကပြောနေကျ မသွားခင်တပတ်နားညီးသည်။ ပြန်လာလျှင်တပတ်နားညီးသည်တဲ့ သင်္ကြန်တပတ်သာ နားအေးသည်တဲ့။

ဟုတ်တော့ဟုတ်သည် ကျေးတို့မသွားခင်ကျတော့ ရောက်တော့မည့် သင်တန်းအကြောင်းကို ကြိုစိတ်ကူးယဉ်၊ ပြင်ဆင်တာနဲ့ ဆူညံ့နေသည်။ ပြန်လာသည့်တပတ်တွင်လည်း သင်တန်းအကြောင်း သူငယ်ချင်းများအကြောင်း ပြောမဆုံးပေါင် တောသုံးတောင် ပြောလွန်း၍ အိမ်ကနားညီးမည်ဆိုလည်း နားညီးချင်စရာ။ ဖြစ်နိုင်ပါသည်။

အခုသီဟတယောက် သင်တန်းအတွက် ပြင်ဆင်ထားသည်ဆိုတော့မှ ကျေးလည်း သတိယတော့သည်။ ပြုံးမိသည်။

“ ဟဲ့ ဒေါ်ရွှေကျေးမွန် ဘာတွေဒီလောက် ပြုံးနေရတာလည်းဟ ငါပြောနေတာမကြားဘူးလား။”

“ နင်ကလည်း နင်ကသင်တန်းအကြောင်းပြောတော့ ငါလည်း သတိယသွားတာပေါ့။ စွမ်းရည်ပြိုင် ပွဲအတွက် ကြော်ငြာတွေကြည့်ရအောင်လေ။ နင်သာငါနဲ့ကျပါစေဆုတောင်း သိတယ်နော်။ မိကျေးတို့က ဘယ်လိုတော်တယ်ဆိုတာ”

“ ကိုယ့်ကိုကိုပဲ မြှောက်နေ နင်သာဆုတောင်း ငါပြန်တော့မယ်ဟယ်နော် မနက်ငါ နင့်အတွက် သကြားသီးကောက်ထားမယ်နော်။ သကြားသီးတွေကြွေနေပြီဟ။ အခုတော့ငါပြန်တော့မယ် နင်နဲ့လေရှည်နေတာ။ မေမေက နင်သိတဲ့အတိုင်းပဲ။ တရားခံစစ်စစ်နေဦးမယ် နည်းနည်းနောက်ကျတာနဲ့။” ဟုတ်သည် သီဟမိဘများက အရမ်းစည်းကမ်းကြီးသည်။

ဘယ်ပစ္စည်းမဆို ယူလျှင် ယူသည့်နေရာ ပြန်ထားရသည်။ ဒီအချိန်ပြန်နေကျ ပြန်မှကြိုက်သည်။ ဘာထူးလည်းသူပဲမဟုတ် ကျေးလည်းအတူတူပါ။ ကျေးတို့မိသားစုလည်း အရမ်းကို စည်းကမ်း ကြီးသည်။ ဒါပေမယ့် သူ့မိဘတွေလောက်တော့ မဆိုး။

“ ဟယ် သကြားသီး ကြွေပြီပေါ့လေ။ ဒီတခါတော့နင်တော်သွားပြီ နင်သေရင်သတိယပါ့မယ်ဟာ သကြားသီးကောက်ပေးတာလေးကို … နင်ပြန်မယ်ဆိုပြန်တော့လေ တော်ကြာ အန်တီလွင် နင့်ကိုဆူနေဦးမယ်။ နင့်ကိုဆူမှာစိုးလို့တော့မဟုတ်ဘူး ငါပါအစစ်ပါနေမှာစိုးလို့။”

ကျေးကသကြားသီးအရမ်းကြိုက်သည်။ သီဟတို့ တဘက်ခြံတွင် သကြားသီးပင် အကြီးကြီး ရှိသည်။ တော်တော်ကိုကြီးသော အပင်ဖြစ်သည်။ ထိုအပင်မှ အသီးများကြွေလျှင် သီဟတို့ ခြံထဲ တွင် ကောက်မကုန်နိုင် စောစောကြွေသော သကြားသီးများမှာ အလွန်မှ လတ်ဆတ်လှသည်။ သီဟက ကျေးအတွက် အမြဲကောက်ပေးသည်။

သီဟနဲ့ကျေးဆိုတာက ငယ်ငယ်ကတည်းက တယောက်ကိုတယောက် အရမ်းကိုခင်ကြတဲ့ သူငယ်ချင်းတွေ၊ ချစ်လည်းချစ်ကြသည်။ သီဟတို့အမေနဲ့ ကျေးတို့ဦးလေးကလည်း ကျေးနဲ့သီဟ ခင်သလို ငယ်သူငယ်ချင်းတွေ အဲ့တော့ သီဟတို့အိမ်သွားလျှင်လည်း မိသားစုဝင်လိုဖြစ်သည်။ ကျေးတို့အိမ်လာလျှင်လည်း အတူတူပင်။

သို့နှင့် သင်တန်းကြီးစတော့သည်။ ကျေးတို့တော်တော်ပင် ပျော်ကြသည်။ ကျေးနှင့် သီဟတဖွဲ့တည်းတော့မကျ ဘာလို့လည်းဆိုတော့ ဘုရားကျောင်းမှ ဆရာ၊ ဆရာမများက ကျေးနှင့်သီဟကိုတဖွဲ့တည်းမထား နှစ်ယောက်သားတွေ့လျှင် ပြောစရာစကားမကုန်နိုင်။ ဘာတွေပြောမှန်းမသိ ငြင်းခုန်နေသည်ကများသည်။

သင်တန်းပြီးတော့လည်း သူငယ်ချင်းများနှင့် ခွဲရမည်ဆို၍ကျေးတို့ မျက်ရည်လေးတစမ်းစမ်းနှင့်။ သီဟကတော့ ဒိုင်ယာရီစာအုပ်တအုပ်နှင့် ဘာတွေအလုပ်ရှုပ်သည်မသိ အော်တိုတွေရေးခိုင်း ရှုပ်ယှက်ကိုခတ်နေတော့သည်။ ဘာပဲဖြစ်ဖြစ်ပျော်ကြသည် ၀မ်းနည်းကြသည်။

နှစ်တိုင်း ချစ်သူများနေ့ရောက်လျှင်လည်း ကျေးနဲ့ သီဟ ချစ်သူများနေ့ဆိုတာဘာမှန်းမသိ သူများချောကလတ်စားသည်ဆို၍ နှစ်ယောက်သား သကြားလုံးတထုတ်ဝယ်၍ ထိုင်စားကြသည်။ ၀က်သားတုတ်ထိုးဝယ်၍ ထိုင်စားကြသည်။ ဆိုင်မှာတော့စားလို့မရ သီဟတို့အိမ်ကလည်းမကြိုက် ကျေးတို့အိမ်ကလည်း မကြိုက် ထို့အတွက် နှစ်ယောက်သား ၀ယ်ပြီး သီဟတို့အိမ်က သနပ်ခါးပင်အောက်တွင် ခိုးစားကြရသည်။

တက္ကသိုလ်စတတ်မည့်နှစ် ချစ်သူများနေ့တွင် မထင်မှတ်ပဲ သီဟ ကျေးကိုရည်းစားစကားပြောတော့ သည်။ ကျေးမမျှော်လင့်ထားပါ။ ဘာပြောရမှန်းမသိ ကျေးကြောင်အန်းနေတော့သည်။ သီဟကိုသံယောဇဉ်ရှိတာတော့မှန်သည်။ ဒါပေမယ့် ကျေးအဲ့ဒါမျိုးမစဉ်းစားခဲ့ဖူးပေ။ ဒါနဲ့ သူအတင်းမေးတော့ ကျေးက “ နင့်ကို ငါအရမ်းမုန်းတယ် သီဟ” လို့ ဖြေလိုက်သည်။

ကျေးပြောပြီးမှအံ့သြသွားသည်။ အဲ့အချိန် သူစိတ်ထိခိုက်သွားမယ်လို့တွေးမိတုန်း “ ဟေး နင်တကယ်ပြောတာနော်”တဲ့ ကျေးပြောတာ မုန်းတယ်ပြောတာ သူဘာလို့ပျော်နေတာပါလိမ့်ပေါ့။ ထတောင်ခုန်လိုက်သေးသည်။ ပြီးမှ

“အခုမှ ပီမိုးနင်းဖတ်ရကျိုးနပ်တော့တယ် ဆရာကြီးပီမိုးနင်းကပြောတယ်။ မုန်းတယ်ပြောတာ ချစ်လို့တဲ့ ပြီးတော့ နင်က ရိုးရိုးမုန်းတာမဟုတ်ဘူး အရမ်းမုန်းတာ ဟဟ နင်ငါ့ကိုအရမ်းချစ်တာ ငါသိသွားပြီ နင်ဘာပြောပြော ပြဿနာမရှိဘူး ကဲငါပြန်တော့မယ်။ မေမေဆူနေဦးမယ် ကျေးရေ ကျေးဇူး”

ကျေးဘာပြောရမှန်းမသိအောင်ကို ဖြစ်သွားတော့တယ်။ “ကောင်စုတ် နောက်နေ့တော့တွေ့ပြီသာ မှတ်” ကျေးရင်ထဲမှာလည်း တမျိုးတော့ဖြစ်သွားတယ်။ အဲ့လိုနဲ့ သူကတော့ ချစ်တယ်ဆိုတဲ့ အဖြေကို သူ့သဘောနဲ့သူ ယူသွားသည်။

နောက်နေ့များတွင် ကျေးရော သူရော ဘာမှမပြောဖြစ်။ အရင်တိုင်းသာ တွဲသွားတွဲလာဖြစ်သည်။ ဒါနဲ့ တနေ့ ကျေးတို့နှစ်ယောက်ဝေးဖို့ဖြစ်လာတော့သည်။ “ အန်တီ သီဟရှိလား” “ ရှိတယ်သမီး”
“ ဟဲ့ သီဟ ငါနင့်ကိုပြောစရာရှိလို့ နင်ခြံထဲခဏလာခဲ့ဦး”
“ နင်ငါ့ကိုချစ်တယ်ပြောမလို့ဟုတ် ငါသိတာပေါ့”
“နင်ကတမှောက် ငါ ငါ့အဖေရှိတဲ့ နိုင်ငံကို သွားရတော့မယ်။ တနေ့သွားရမယ်ဆိုတာ ငါသိတယ် ငါ့အဖွားပြောထားလို့လေ ဒါပေမယ့် နင့်ကိုမပြောဖြစ်ဘူးဟာ နင်စိတ်ထိခိုက်မှာစိုးလို့”
“ နင်ဘယ်တော့သွားမှာလည်း”
“ ငါတနင်္ဂနွေနေ့ သွားရမယ် အိမ်ကအားလုံးစီစဉ်ပြီးပြီဟ ငါနင့်ကိုလာပြောတာ အဲ့ဒါ”
သီဟတယောက် ကျေးတို့ဆော့နေကျ မြက်ခင်းပြင်ပေါ်တွင် ပိုးလိုးပက်လက်ကို ဖြစ်သွားတော့သည်။ နှစ်ယောက်လုံး အချိန်တော်တော်ကြာကြာ စကားမပြောဖြစ်။ ကျေးလည်းဘာမှမပြောတတ်တော့။ သူက သီချင်းအော်ဆိုတော့သည် “ တို့ဝေးမယ့်အကြောင်း တွေမရှိခဲ့ ယုံကြည့်နေရင်းနဲ့ အဝေးဝေးပြီဟေ့…..” သူအော်ဆိုလိုက်ခါမှ ကျေးမျက်ရည်ပါ ကျချင်သည်။ မနည်းကိုထိန်းထားရသည်။ ပြီးတော့ သူကပြောလိုက်သေးသည်။

“ နင့်တက်လမ်းဖြစ်တဲ့အတွက် ငါမတားတော့ပါဘူး ဒါပေမယ့် ငါနင့်ကိုလိုက်ရှာမယ် အဲ့ဒါနင်မမေ့နဲ့ နင်မေ့ရင် ငါနင့်ကိုစိတ်ဆိုးမှာ ဖေဖေက ငါ့ကိုကျောင်းပြီးရင် သူလိုက်ခဲ့တဲ့ သင်္ဘောကုမဏ္ဏီမှာ ငါ့ကိုလိုက်ခိုင်းမယ်ပြောတာ ငါနင်နဲ့မခွဲနိုင်လို့ မလိုက်ချင်ဘူးပြောထားတာ အခုတော့ ငါလိုက်မယ် ဟာ ငါနင့်ကိုတွေ့အောင်ကိုရှာမယ်။ နင်သာငါ့ကိုမမေ့စေနဲ့”

“ နင်ကလည်းဟယ် ငါကမေ့စရာလား ငါတို့ဘတ်စ်ကတ်ဘောပုတ်ရအောင်ဟာ အမှတ်တရပေါ့ မပုတ်ရတာကြာပြီနော်။ “

“ အေး ငါ့ကိုနင်မမေ့ရဘူးနော်။ ပြီးတော့ နင်မနက်ဖြန် ကွင်းထဲက ကျောက်တိုင်ကိုလာခဲ့။ ညနေလေ သိလား။” ကျောက်တိုင်ကတော့ သူတို့အိမ်နဲ့ ကျေးတို့အိမ်ရဲ့ ခလယ်ဗဟိုပါ။ ဘောလုံးကွင်းထဲက အာဇာနည်ကျောက်တိုင်ကြီးပေါ့။ ဒါနဲ့ကျေးနဲ့သူ ကစားပြီး ကျေးလည်းပြန်လာ သည်။

နောက်နေ့ ကျောက်တိုင်မှာ သီဟတယောက် အရင်ရောက်နှင့်နေတယ်။ “ ကျေးရော့ ဒါနင့်အ တွက် နင်နဲ့ငါနဲ့ လက်စွတ်တယောက်တကွင်း နင်မချွတ်ပစ်နဲ့နော် ငါသစ္စာဆိုပြီးမှပေးတာ ဘယ်တော့မှပျောက်မှာမဟုတ်ဘူး အဲ့ဒါ ပျောက်သွားရင်တောင် နင်ငါ့ကိုမမေ့နဲ့နော် သိလား ပြီးတော့ နင်ကဘယ်တော့မှနှုတ်ခမ်းနီမဆိုးလို့ နှုတ်ခမ်းနီဖျော့ဖျော့လေး နင်ဆိုးချင်စိတ်ပေါက်တဲ့ နေ့ ဆိုးပေါ့။ ပြီးတော့ ဆံပင်အရှည်ထားမယ်ဆိုလို့ ဘီးအဖြူနော် နင်အဖြူကြိုက်လို့ သိလား”

ကျေးတယောက် ဘာလုပ်ရမလည်း မျက်ရည်တွေက ဘယ်လိုကျလာမှန်းမသိဘူး သူ့အတွက် ယူလာတဲ့ ကချင်လွယ်အိတ် အနီကလေးကိုပဲထုတ်ပေးပြီးတော့ “ နင်စာမေးပွဲဖြေရင် လွယ်ချင် တယ်ပြောလို့ ငါဝယ်ထားတာ နင်နဲ့ဆင်တူလေ နင့်ကိုအံ့သြအောင် မဖြေခင်တရက်မှ ပေးမလို့။ ဒါပေမယ့် အခုပဲယူလိုက်ပါတော့ စာမေးပွဲဖြေခါနီး ငါမှမရှိတော့တာ ပြီးတော့ ငါနင့်ကိုမခွဲချင် ဘူး

နင်လာမယ့်နေ့ကိုငါစောင့်နေမယ်။ ဒါမှမဟုတ် ငါပြန်လာလို့ရရင်ပြန်လာခဲ့မယ် ချက်ချင်းတော့ ပြန်လာလို့ရမှာမဟုတ်ဘူးနော်။ ဒါပေမယ့် ငါကြိုးစားမှာပါ။ ငါတို့နှစ်ယောက် ငယ်ငယ်ကတည်းက လုပ်ချင်တဲ့ မိဘမဲ့ဂေဟာကို ငါတို့တနေ့လုပ်ကြတာပေါ့။ နင်လည်းကြိုးစားနော်။ နင်ကြားချင်တဲ့ စကားလေး ငါပြန်ပြောခဲ့မယ်နော်။ ငါနင့်ကို အရမ်းမုန်းတယ်။”

“အေးပါ ငါကြိုးစားမှာပါ။ နင်လည်းကြိုးစားနော်။ နင်ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်။ နင်တနင်္ဂနွေ သွားရင်ငါလိုက်ပို့မယ်နော်သိလား၊ နင်မရှိရင် ငါအိပ်ပျော်ပါ့မလားမသိဘူး။ အားလုံးကလွမ်းစရာတွေချည်းပဲ၊ မနေ့ညကလည်း ငါတညလုံးအိပ်မပျော်ဘူးဟာ”

“ငါနားလည်ပါတယ် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတော့ကြိုးစားကြတာပေါ့၊ ကဲငါပြန်တော့မယ် ပစ္စည်းတွေထည့်ရဦးမယ် မနက်ဖြန်ဆိုတော့အချိန်မရှိတော့ဘူး ဘုရားကျောင်းလည်း တချက်သွားဦးမယ်လေ။ နင်တော့မလိုက်ပါနဲ့တော့ ကဲငါပြန်ပြီနော်”

“အေးထားခဲ့တဲ့သူနဲ့ ကျန်ခဲ့တဲ့သူ ကျန်ခဲ့တဲ့သူက ပိုခံစားရတယ်တဲ့ ငါထင်တာ နင်ငါ့ကိုဘယ် တော့မှမထားခဲ့ဘူးလို့လေ ငါနင့်ကိုမထားခဲ့ဘူးလို့ ဆုံးဖြတ်ထားတာ နင်ခံစားရမှာစိုးလို့ ငါပျော်ပါတယ် နင့်ဘ၀တက်လမ်းအတွက်ဆိုတော့ နင်ကြိုးစားနော် အေးနင်သွားတော့လေ ငါနင့်ကိုကြည့်နေမယ်”

ကျေးတယောက် စက်ဘီးစီးပြီးဘုရားကျောင်းကိုဆက်သွားခဲ့သည်။ နောက်တော့ ဆရာတော် တွေက ဆုတောင်းကောင်းချီးပေးသည်။ ကျေးတနေ့နေ့ ဒီလိုထွက်လာရမှာသိပေမယ့် တကယ်ထွက်လာရတော့ ကျေးခံစားရသည်။

ဒုတိယပိုင်းမျှော်နော်....

ပထမဆုံးရေးတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတိုလေးပါ ဆားတို့အချိုမှုန့်တို့လိုရင်လည်း ကိုယ့်ဟာကိုသာ လိုသလိုထပ်ဖြည့်ထည့်ပြီး ဖတ်ပေးကြပါနော်။ အဟိမေတ္တာရပ်ခံတာ။ ကြိုးစားပါဦးမည်။ ပျော်ရွှင်ပါစေ။
ချစ်ပါးလုံး

ဆက်ဖတ်ရန်...