Feeds RSS

Thursday, October 8, 2009

စတစ်ကာနဲ့ ရော့ကာတိုက်ပွဲ


မနက်ဖြန် ကျောင်းတက်ရမှာ ဆိုပေမယ့် အိမ်စာလည်းနည်းလို့ အခန်းရှင်းရင်း ရော့ကာ (Rocker)လေးကိုတွေ့လို့ သတိယသွားတယ်။ ဒီရော့ကာ(Rocker)မြင်တော့ ပါးလုံးရဲ့ ခြေသလုံးလေးကို တောင်ပြန်ပွတ်မိတယ်။ အဲ့ဒီအဖြစ်က ပြန်ပြောပြရမှာတောင် ကြက်သီးထတယ်။ ပါးလုံးနော်ဝေကိုမလာခင်က အမေရိကားသွားမယ့်သူငယ်ချင်းက ပြောတယ်။ "ငါအမေရိကားရောက် လို့ကတော့ရော့ကာ( Rocker) ဖိနပ်ကို ၀ယ်စီးပစ်မယ်"တဲ့။

အဲ့ဒါနဲ့ ပါးလုံးလည်း " ဟင်နင်ကလည်း တယ်လည်းအကြံကြီးပါလားပေါ့။ ကျောင်းဘယ်လိုတက်မယ်မစဉ်းစားဘူး"လို့ ပြန်ပြောလိုက်တယ်။ ပြီးတော့ သိတဲ့အတိုင်း ပါးလုံးက တောကလေးဆိုတော့ ရော့ကာ( Rocker) ဖိနပ်က ဘာပုံလည်းဆိုတာလည်း မသိဘူး။ ငယ်ငယ်ကတည်းက အဆန်းအပြားတွေစိတ်မ၀င်စားလို့လားမသိဘူး သူပြောတဲ့ ရော့ကာ(Rocker) ကို လည်း သတိမထားမိဘူး။

သူကပြောတယ်။ "နင်လည်းနော်ဝေရောက်ရင် မစီးချင်လို့မရဘူးတဲ့ အဲ့ဒါနင်အမြင့်မစီးချင်ရင်တောင် တပြေးညီစီးလို့ရတယ်တဲ့။ အရမ်းအေးတော့ ရော့ကာ( Rocker) မစီးလို့ မရဘူးတဲ့။သူပြောတဲ့ရော့ကာ( Rocker) ဖိနပ်ဆို တာက ခြေသလုံးထိရှည်တဲ့ ဖိနပ်ကိုပြောတာ။

ဒါနဲ့ စိတ်မ၀င်စားဘူးဆိုပေမယ့် ပါးလုံးရဲ့ မသိစိတ်ထဲမှာ အဲ့ရော့ကာ (Rocker)ဆိုတာကြီးက ကြီးစိုးနေတယ်ထင်တယ်။ လူမြင်ရင် ဖိနပ်လိုက်ကြည့်ရတာ အမော သူပြောတာလည်းဟုတ်တယ်။ ဒီရောက်တော့ လူတိုင်းရော့ကာ( Rocker) ဖိနပ်တွေ စီးကြတယ်။ အဲ့ဒါနဲ့ ပါးလုံးလည်း အဖေ့ကို အဲ့ရော့ကာအကြောင်းပဲ ပြောနေမိတယ်။ စိတ်ထဲမှာလည်း စီးချင်သလိုလိုပေါ့။


နှင်းတွေလည်း ကျလာရော ပါးလုံးတို့ စီးနေတဲ့ ဖိနပ်တွေက မရတော့ဘူး နှင်းကတော်တော်ထူတာဗျ အဲ့ဒါနဲ့ အဖေနဲ့ ပါးလုံးဖိနပ်ဆိုင်ကိုသွားကြတယ်။ ဖိနပ်ရှာတာပေါ့ အဲ့ဒါနဲ့ အနီရောင် ကြိုက်တဲ့ပါးလုံး ဖိနပ်အနီရောင်လေး ၀ယ်လာတယ်။ နောက်နေ့တော့ ကျောင်းကိုစီးသွားမယ်ပေါ့။ အိမ်ထဲမှာလည်း စီးပြီးလမ်းလျှောက်ကြည့်၇တာ အမော။ အထဲမှာလည်း ဂွမ်းတွေနဲ့ဆိုတော့ နွေးတယ် အိမ်ထဲမှာစီးတုန်းက တော်တော်လည်းသက်တောင့်သက်သာရှိတယ်။

အဲ့ဒီနေ့မနက်က နှင်းကအရမ်းအရမ်းကို ကျတာဗျာ။ လေတွေလည်းတိုက်။ တော်တော်ဆိုးတယ်။ ဘတ်စ်ချိန်လည်းမသိတော့ ခြေလျှင်ပေါ့။ လမ်းလျှောက်ဖို့မလွယ်တာ သိပေမယ့် ပါးလုံးကတော့ နေပူပူ မိုးရွာရွာ မုန်တိုင်းလာလာ အဲ့နေ့မှာတော့ သွားမှာပဲ။ ဘာလို့လည်းဆိုတော့ ရော့ကာ (Rocker) ဖိနပ် အသစ်ကလေးကို အရမ်းစီးချင်လို့လေ။

အဲ့ဒါနဲ့ အဲ့မနက်က ကျောင်းသွားတယ်။ စောစောကိုသွားတာ ရော့ကာ(Rocker) ဖိနပ်ကို မြန်မြန်စီးချင်လွန်းလို့။ အဲ့ဒါနဲ့ အိမ်ကထွက်တုန်းကတော့ မြေကြီးနဲ့ ခြေထောင်တောင် ထိရဲ့လားမသိဘူး။ မြောက်ကြွ မြောက်ကြွနဲ့။ နောက်တော့ လမ်းထိပ်ထိက အစဉ်ပြေတယ်။

လမ်းရောက်တော့ ခြေသလုံးက နည်းနည်းစစ်ကနဲ စစ်ကနဲ နာလာသလိုပဲ အဲ့ဒါနဲ့ ဘာဖြစ်လည်းပေါ့ ဖိနပ်ပေါက်ရအောင်ကလည်း ခြေထောက်မှာမနာပဲ ခြေသလုံးမှာစပ် ကနဲ စပ်ကနဲ ဖြစ်နေတယ်။ ပါးလုံးလည်း အစပိုင်းတော့ သတိမထားမိဘူး။

ဒီမှာကအ၇မ်းအေးတော့ ဘောင်းဘီကို အတွင်းကအသားကပ်တစ်ထပ်ဝတ်ရတယ်။ ဖြစ်ချင်တော့ အဲ့နေ့မှ ၀တ်တဲ့ အသားကပ်က ခြေအိတ်ပါ တစ်ဆက်တည်း အရင်နေ့တွေကတော့ ခြေ အိတ်သတ်သတ် အတွင်းကတစ်ထပ်က ခြေသလုံးထိပဲ။ အဲ့တော့ စတစ်ကာက အသားမှာ ကပ်နေတာ။ သေသေချာချာစဉ်းစားတော့မှ အသားကပ်နဲ့ ရော့ကာတွေ့နေကြတာကိုး။

အသား ကပ်လည်း အသားကပ်ဆိုတဲ့အတိုင်း ကပ်နေတာ သူကလည်း စ၀တ်ကတည်းကအတိုင်း နေရာကို ဟိုရွှေ့ဒီရွှေ့ရွှေ့ချင်ပုံမပေါ်ဘူး။ အဲ့တော့ သူကလည်းမရွှေ့ မရွှေ့ဆိုနည်းနည်းမှကိုမရွှေ့တာ ပါးလုံးလိုပဲ ဂျစ်ကပ်ကပ် ပေစုတ်စုတ်ထင်ပါရဲ့။

နောက်တော့ ရော့ကာကလည်း ခေသူမှမဟုတ်တာ။ သူ့အထဲမှာ ပါတဲ့ အမွှေးတွေနဲ့ အသားကပ်ကို လှမ်းစပုံရ တယ်။ အဲ့တော့ ပါးလုံးခြေတလှမ်းလှမ်းတိုင်း ရော့ကာက ရွှေ့ရပီလေ။ သူကသူချည်းရွှေ့ချင်ပုံမရ ဘူး။ စတစ်ကာကိုပါခေါ်တယ်။

အဲ့တော့ စတစ်ကာက ရမိရရာ လှမ်းဆွဲပုံရတယ်။ အဲ့တော့သူမှီတာက ပါးလုံးရဲ့ မရှိမဲ့ ရှိမဲ့ ခြေသလုံးမွှေးတွေလေ။ အဲ့တော့ သူတို့နှစ်ယောက် ကပ်တွက်တာက အရေးမကြီးဘူး ပါးလုံးတယောက် ကျောင်းကို ဘူးသီးလုံးလောက်ရှိတဲ့ မျက်ရည်တွေနဲ့ ကျောင်းကိုသွားရပြီပေါ့။ ကျောင်းက ကိုးနာရီတက်မယ်လေ။ ပါးလုံးက ပြန်လှည့်ရင်လည်း မမှီတော့ဘူး။ ဆက်သွားရင်လည်း တ၀က် ကျန်သေးတယ်။ ကျောင်းကတရက်ပျက်ရင် ဘာမှသိတော့မှာမဟုတ်ဘူး။

ဘာလုပ်ရမလည်းကိုမသိတော့ဘူး။ နောက်ဆုံးကျောင်းနောက်ကျလည်း ဆရာမကို ရှင်းပြ ရတော့မှာပေါ့။ ထုံးစံအတိုင်း ဒုက္ခရောက်ပြီဆိုတော့ “ ဘုရားသခင်ရေ သမီးကိုပစ်မထားပါနဲ့ တခုခု စီစဉ်ပေးပါ”ဆိုပြီး မျက်ရည်နဲ့မျက်ခွက် ဆုတောင်းရတော့တာပေါ့။ စဉ်းစားကြည့်လေ ပါးလုံးမျက် ရည်မကျခံနိုင်ရိုးလား။ အသားနာမှာအရမ်းကြောက်တဲ့ ပါးလုံးက တလမ်းလုံး ခြေသလုံးမွှေးကို နှုတ်ခံရတာလည်းမဟုတ် ခြေလှမ်းတိုင်း စောင့်ဆွဲခံနေရတာ။ မျက်ရည်ကျပြီပေါ့နော်။

နောက်ဆုံးတော့ ဘုရားကလည်း သနားသွားပုံရတယ်။ ကောန်းကလှမ်းခေါ်တယ်။ သူ့ကားလေးကို ပါးလုံးဘေးမှာရပ်ပြီးတော့။ ပါးလုံးလည်း သူခေါ်တိုင်း အမြဲငြင်းခဲ့သမျှ အဲ့နေ့တော့ ဘယ်လိုဘယ်လို သူ့ကားပေါ်ပါသွားတယ် မသိဘူး။ သြော် ကောန်းဆိုတာကတော့ အီသီရိုးပီးယား မလေးပါ။ သူကပါးလုံးတို့နဲ့ ကျောင်းမှာတခန်းထဲလေ။ အဲ့ဒါနဲ့ သူကထုံးစံအတိုင်း နေကောင်းလား လို့မေးတယ်။ လမ်းထိပ်မရောက်ခင်ထိ ကောင်းတယ်လို့ ပြောလိုက်တယ်။

အခုမကောင်းဘူးလို့ပြောတော့မှ သူကဟုတ်ပါရဲ့ မျက်ရည်တွေနဲ့တဲ့။ အဲ့တော့မှ ရော့ကာနဲ့ စတစ်ကာတို့ ရဲ့ တိုက်ပွဲအကြောင်းကိုပြောပြလိုက်တယ်။ သူကတော့ အရမ်းကိုရယ်တယ်လေ။ နောက်တော့ ပါးလုံးကျောင်းကို အမှီရောက်သွားတယ်။ အခန်းထဲကလူတွေကတော့ အံ့သြ ကြတယ်။ ပါးလုံးမျက်နှာကိုကြည့်ပြီးတော့။ အံ့သြတော့မပေါ့။ ပါးလုံးက အမြဲ ပြုံးပြီး ပျော်ပျော်နေ တတ်တာကိုး ပြီးတော့ ကျောင်းရောက်တာနဲ့ အားလုံးကိုလိုက်နှုတ်ဆက်တာ။

နောက်တော့ ခမီးလာက ပါးလုံးကိုကြည့်ပြီး ပါးလုံးဘာဖြစ်လည်းတဲ့။ အဲ့တော့ ကောန်းက ပြောပြတယ် အစအဆုံးလေ။ ခမီးလာက ပါးလုံးရဲ့ကျောကုန်းလေးကို ထုံးစံအတိုင်း လာပွတ်ပြီး အားပေးတယ်။ ခမီးလာဆိုတာကတော့ ရိုးမေးနီးယားမလေးပါ။ အခုတော့ ပါးလုံးရဲ့ အချစ်ဆုံးသူငယ်ချင်းလေးပေါ့။ နားချိန်လည်း ကျရော ပါးလုံးတို့ ကျောင်းကအားလုံးက ပါးလုံးသတင်းကို သိသွားကြတယ်။

သိတော့မပေါ့ နားချိန်ဆိုကော်ဖီသောက်ကြ စားချင်တာစားကြ အဲ့လို ကော်ဖီတွေဘာတွေ သောက်ဖို့က ပါးလုံးတို့အခန်းကိုဖြတ်ရတာ ပါးလုံးက တကျောင်းလုံးကသူတွေနဲ့ ခင်နေတာကိုး။ နောက်တော့ ပါးလုံးကရှင်းပြတယ် လေ။ ပါးလုံးတို့နိုင်ငံမှာက ပူတော့ အဲ့လိုရော့ကာလည်း မစီးတဲ့အကြောင်း ပါးလုံးလည်း တခါမှ အဲ့လို ဖိနပ်ရှုပ်ရှုပ်တွေ မစီးခဲ့ဖူးတဲ့ အကြောင်း ညှပ်ဖိနပ်ပဲစီးတဲ့အကြောင်း ပြောပြတော့ သူတို့က အားပေးကြပါတယ်။

အားပေးရုံမကဘူး အခန်းထဲမှာ လမ်းလျှောက်လေ့ကျင့်ခိုင်းသေးတယ်။ သူတို့လမ်းဖယ်ပေး မယ်ဆိုပဲ။ တော်ပါပြီ ညနေတောင်ဘယ်လိုပြန်ရမှန်းမသိဘူး။ ကော်ဖီတောင်ထမသောက်ဘူး။ လမ်းလျှောက်ရမှာစိုးလို့ ခမီးလာဖျော်လာတာကို အသင့်သောက်လိုက်တယ်အားနာနာနဲ့။

ကဲပါးလုံးရေ ဥာဏ်ရှိသမျှထုတ်ဟေ့ ဆိုပြီး ဘာလုပ်မလည်းစဉ်းစားရတော့တာပေါ့။ ဖျက်ရစီးရ ၀ါသနာပါတဲ့ပါးလုံး အသားကပ်နဲ့ခြေအိတ် ချစ်ချစ်ခင်ခင် တဆက်တည်းဖြစ်နေတာကို အိုးစားခွဲရတော့မယ်ဆိုတဲ့ အကြံရတယ်။ အဲ့ဒါနဲ့ကတ်ကြေးသွားယူပြီး ရေချိုးခန်းထဲမှာ သူတို့ချစ် ခြင်းကို မခွဲချင်ခွဲချင်နဲ့ ခွဲပစ်လိုက်တယ်။ မခွဲလို့လည်းမဖြစ်ဘူးလေ။ မဟုတ်ရင် ပါးလုံးအိမ်ဘယ်လို ပြန်ရမှန်းတောင်သိမှာမဟုတ်ဘူး။

ကောန်းကားနဲ့လည်း မလိုက်ချင်ဘူး။ ဘတ်စ်ကားနဲ့လည်းမပြန်ချင်ဘူး။ နှင်းတွေကြားထဲ လည်းလမ်းလျှောက်ချင်တယ်။ နောက်ဆုံးတော့ဒီလိုပဲဆုံးဖြတ်ရတော့မှာပေါ့။ နောက်ဆုံးညနေ အိမ်ကိုပြန်ရောက်တော့ အဖေကိုပြောပြတော့ အဖေက ပါးလုံးရဲ့ဖိနပ်ကို စိတ်ရှည်လက်ရှည် ခေါက်ပေးတယ်။ နောက်နေ့မနာတော့အောင်တဲ့။

ပြီးတော့ အဖေကပြောတယ်။ ပါးလုံးတဲ့ အဲ့ဒါမျိုးလေးတွေကို မှတ်ထားပြီး စာရေးတဲ့။ အဲ့ဒါနဲ့ စာအုပ်ထဲမှာ မှတ်ထားလိုက်တယ်။ စတစ်ကာနဲ့ ရော့ကာတိုက်ပွဲဆိုပြီးတော့လေ။ သူတို့နှစ်ယောက် တိုက်ပွဲဖြစ်တာက အရေးမကြီးဘူး။ ပါးလုံးတော့ တော်တော်လေးကို အထိနာသွားတယ်ဗျာ။

နာတော့မပေါ့။ စတစ်ကာနဲ့ ရော့ကာတွဲဝတ်ပြီး စတန့်ထွင်ချင်တာကိုး။ သူငယ်ချင်းတို့လည်း စတန့်ထွင်ခါနီးစဉ်းစားနော်။ သူတို့တည့်မတည့်ကိုပေါ့။

ဟဲဟဲ ဆားချက်တာ ဒီမှာနှင်းတွေ ပြန်ကျနေပြီဆိုတော့ သတိယလို့လေ ရောက်စတုန်းက အဖြစ်လေးကို ဒါနဲ့ ဆားချက်တာ ပြီးတော့ အခုတလော စာမေးပွဲပြီးလို့နားရမလားမှတ်တယ် မနားရဘူး။ နိုင်ငံတကာကျောင်းသားအစည်းအဝေး အရွေးခံရတာနဲ့ ကိုးရက်တက်ရမယ်တဲ့ လူကပြိုင်းနေတော့ လုံးဝလုံးဝကို မသွားချင်ဘူး ဒါပေမယ့် အတွေ့အကြုံတော့လည်း လိုချင်တာနဲ့ ကိုးရက်လုံးမတက်ပဲ ပြန်လာလိုက်တယ်။

ဘာလို့လည်းဆိုတော့ ပါးလုံး ပရိုက်တစ်ဆင်းရတဲ့ ကျောင်းက နှစ်တိုင်း ဈေးရောင်းပွဲလုပ်ပြီးတော့ ဆင်းရဲတဲ့နိုင်ငံတွေကို လှူတယ်။ အဲ့ဒါ ပါးလုံးက မြန်မာနိုင်ငံအကြောင်း ပြောပြထားတော့ သူတို့ဒီနှစ် မြန်မာပြည်က ကလေးတွေကို လှူသင့်မလှူသင့် ပါးလုံးကို အင်တာဗျူးတယ်။ ပါးလုံးလည်း အချက်အလက်နဲ့ ပြောပြတော့ သူတို့ဒီနှစ် မြန်မာပြည်ကိုလှူမယ်တဲ့။ လှူမယ်ဆိုရင်လည်း ဘယ်လိုလှူသင့်ကြောင်းပါ ပြောရတယ်လေ သိတယ်ဟုတ် ဖားပြုတ်အကြောင်း အဟိ။

အဲ့ဒါ သောကြာမှာ ဈေးရောင်းပွဲလုပ်မယ်ဆိုတော့ မြန်မာပြည်အတွက်ဖြစ်နေတယ်လေ ပြီးတော့ ပါးလုံးက မိဘတွေကို ရှင်းပြဖို့ပါ တာဝန်ယူထားတယ်ဆိုတော့ ပါးလုံးရှိမှကောင်းမှာပေါ့နော် ကိုယ့်နိုင်ငံအတွက် လုပ်ပေးတဲ့ကိစ္စကို ကိုယ်က ငါမအားဘူး ကျောင်းသားအစည်းရှိတယ်ပြောရင် ဘယ်ကောင်းမလည်းနော် ဒါနဲ့ပဲ ဟိုအစည်းအဝေးကို လေးရက်ပဲတက်ပြီး ပြန်လာလိုက်တာ။

ပါးလုံးတယောက် အလုပ် ရှုပ်တာလား အရှုပ်လုပ်တာလားတော့မသိဘူး။ ဒါနဲ့ပဲ ဘလော့လည်းမလည်ဖြစ် ကွန်ပျူတာကို လုံးဝမကိုင်ဖြစ်ဘူး ဖြစ်သွားတာ။ အခုတော့ ပို့စ်လည်းတင်ချင် ရောက်စကအဖြစ်ကိုလည်းသတိယတာနဲ့ ဆားချက်လိုက်တာ ခွင့်လွှတ်နော်။

ပါးလုံး အိမ်လည်ပြီး စာတွေအရမ်းကို ဖတ်ချင်တယ်။ ဒါပေမယ့် နောက်နှစ်တက်မယ့်ကျောင်းအတွက် ပါးလုံးစာမေးပွဲဖြေရမယ်လေ။ ဒါနဲ့ ပါးလုံးစာအုပ်ပုံထဲ ပိနေတယ်ဆိုပါတော့။ ဟင့်ဟင့်။ ပါးလုံး အိမ်အားလုံးကို မလည်ဖြစ်ရင်လည်း ခွင့်လွှတ်နော် ပါးလုံးအချိန်လုပြီး ရသလောက်တော့ လည်ပါ့မယ်နော်။

အားလုံးအားလုံးအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

20 comments:

ဝက်ဝံလေး said...

ရော် ငါ ၁ လား ဟိဟိ ခဏ ဖတ်ဦးမယ်

yangonthar said...

ခြေသလုံးမွှေးတွေတော့ ကုန်ပါပြီ ညီမလေးပါးလုံးရေ ရော့ကာ ကြီးနဲ့  မြင်ယောင်သေးတယ်ဗျာ နှင်းတွေကြားထဲမှာ စိုရွှဲပြီး ငိုမဲ့ နေတဲ့ ညီမလေးကို ..... အဆင်ပြေပါစေ ညီမလေးရေ ကျန်းမာပါစေ
ခင်တဲ့
ရန်ကုန်သား :))

kiki said...

ခုရော ...ဘယ်လိုနေသေးလဲ .. ရော့ကာတောင် ဂရုမစိုက်တော့တဲ့  ဘလောဂ်ဂါကြီး ဖြစ်နေပြီပေါ့ နော် ....

ချမ်းချမ်းစီးစီး ရာသီဥတုကြီးကလည်း စိတ်ပျက်စရာ ပါဘဲလား ...
ကျောင်းနေပျော်ပြီး စာတော်ပါစေ .. အဆင်ပြေပါစေ နော် ပါးလုံးလေးရေ....

ဝက်ဝံလေး said...

ပါးလုံးရေ ၁ လို့အော်ပြီး ငါပျောက်သွားတာ ဟိဟိ သူများတွေတောင် မန့်ထားပြီးပြီကော ဟ ငါလေ အိုးပါးနဲ့ စကားပြောနေလို့သိလား နော် သယ်ရင်းရေ ငါသိတယ် နင် မအားတာ ငါသိတယ် ဟီးးးးးး ပြောဘူးနော်

ဝက်ဝံလေး said...

ဟဲ့ အားမွေးပြီးရင် ဘာလုပ်မှာလဲ ပြောဦး ငါ့ကို ဟားဟားးးးးးးးးးးးးးးးး ငါသိတယ်နော် နင်လဲ ငါ့အားကျလို့ ဘောလုံးအသင်းထောင်မလို့လား ဟဲဟဲ ဂရုစိုက်ပါကွယ် ငှဲငှဲ

လင်းကြယ်ဖြူ said...

ရော်ကာ နဲ့ ပျော်စရာတွေ အများကြီး တွေ့ပါစေ ညီမရေ..
စာမေးပွဲမှာလည်း အမှတ်အများဆုံးနဲ့ ဖြေဆို အောင်မြင်ပါစေ..

Angel Shaper said...

စတစ်တာနဲ့ ရော်ကာ တိုက်ပွဲကြီး လာအားပေးပါတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးး
သူငယ်ချင်းရေ....... ရော်ကာကြီးနဲ့ အိုကေပါစေနော်။
ဒီနေ့ ကိစ္စလေး အဆင်ပြေတယ်ကြားရလို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။
ပါးလုံး မပေမတေပဲ ကျန်းမာရွှင်လန်းစွာနဲ့  စာမေးပွဲတိုင်းမှာ ထူးချွန်စွာ ဖြေဆိုနိုင်ပါစေလို့ ရင်ထဲကနေ ဆုတောင်းပေးပါတယ်။ ဘုရားရှင် ဒီ့ထက်ပိုပြီးကောင်းကြီးပေးပါစေနော်။
ဂရုစိုက်ပါ။။။
Take good care always.
Kissssssssssss and Hug......

သူကြီးမင်း (တုံးဖလား) said...

အော်.. အဖြစ်က ဒီလိုကိုး။
သနားပါတယ်။ သနားစရာလေး။

မြန်မာအတွက် ဆင်းရဲသားလေးတွေကို သတိရပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။

အစစအရာရာ အဆင်ပြေပါစေ။

ဧရာဝတီသား said...

ကြိုးစားထား ပါးလုံးရေ၊ အားမှအသစ်တင်ပေါ့နော်၊ တင်တဲ့ အခါလာဖတ်ပါ့မယ်။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။ အခု အဲဒီ့မှာ စပြီးအေးနေပြီပေါ့နော။

အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ
ခင်မင်လျက်

အိုက်ခီလောက် said...

ညီမလေးပလုံးရေ လာလည်တယ်
မကောင်းတဲ့ကြားကနေလာလည်ရတာ
စတစ်ကာနဲ့ ရော့ကာဆိုလို့ 
သီချင်းအကြောင်းမှတ်နေတာ
လက်စသတ်တော့ အသားနာတဲ့အကြောင်းဖြစ်နေပါ့ပေါ့လား
ေ၇းတာကောင်းတယ် ဆွဲဆောင်သွားတယ်
ဒီလိုအကြောင်းလေးကို ကောင်းအောင်ေ၇းတတ်တယ်
ဖတ်ရတာမပျင်းဘူး ရီတောင်နေရသေးတယ် ဗျ
ကဲ ကဲ ပါးလိမ်မဆွဲတော့ဘူး ဂျယ်လီနဲ့ ငှက်ပျော်သီးကျွေးသွားတယ်

Unknown said...

ပါးလုံးတို့ကတော့ ဖြစ်ရမယ်ဆို....

အင်းလေ... အခြေအနေကြောင့်ဖြစ်မှာပါ..နော်.. လှချင်လို့မှမဟုတ်တာ.. ဟဲဟဲ...

ပါးလုံးတို့လည်း အိမ်၊ကျောင်း၊ ခရီးသွားနဲ့ အားတယ်ကိုမရှိဘူး...

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

phoechan said...

ပါးလုံးတို့ကတော့ ဟာသပဲဟေ့။

thawzin said...

မယ်မင်းကြီးမ အသက်ရှိသေးသားပဲနော် (ခင်လိုခေါ်မိတာ အခြောက်လို့မထင်နဲ့)။ အဲဒီမှာ နှင်းကျနေပြီးပေါ့။ ဒီမှာတော့ မကျသေးဘူး။ မိုးတွေရွာနေသေးတယ်။ အဲဒီဖိနပ်ကို ရော်ဂါ လိုခေါ်တာလား။ သြော် မသိပါဘူး။ ဒီကလူတွေစီးတာတော့ မြင်ဖူးပါရဲ့ နှင်းစကျချိန်ဆို စီးရတာ အဆင်ပြေနိုင်တယ်။ နှင်းခဲရင် အဆင်မပြေပါဘူး။ တဘိုင်းဘိုင်းနဲ့ လဲနေကြတာ။ တချို့ကျတော့ အရမ်းချစ်လိုက်ကြတာ တယောက်နဲ့ တယောက် လက်ကိုတွဲလို့ လမ်းသွားရင်။ လှချင်ရဲ့ စပ်စပ်ယို ဆိုသလိုမျိုး ဖြစ်နေသည်ပေါ့။ မြန်မာမလေးတွေနဲ့ မလိုက်တာအမှန်ပဲ။ ဘာလိုလဲဆိုတော့ စီးလိုက်ရင် ပေါင်ရင်းထိရောက်နေမယ်လို့ မြင်ရောင်မိလို့ပါ။ ပရဟိတအတွက် လုံးပန်နေတဲ့ သူငယ်ချင်း အရာအားလုံး အဆင်ပြေပါစေနော်။

မိုးစက်အိမ် said...

မန်.ချင်နေတာ ဟိုတစ်နေ.လာဖတ်ကတည်းက နက်မကောင်းလို.
မန်.မရလို့  ပြန်သွားတာ .... စတေကာနဲ. ရော့ ကာတိုက်ပွဲမှာ
မရှိမဲ့ရှိမဲ့ ခြေသလုံးမွှေးတွေတော.ကုန်မယ် ခဏခဏသာဝတ်ပေး :D :P
ခင်တဲ့ ပလုံ အစ်ကို :)

Khyl said...

ညီမလေးပါးလုံးရေ... ဖတ်ရင်းနဲ့ အရမ်းကိုဆွဲဆောင်မှုကောင်းလွန်းလို့ အရမ်းကြိုက်သွားတယ်.... ခုကော ရော့ကာကြီးက အိုကေသွားပြီလား.....
ဘူးသီးလုံးလောက်ရှိတဲ့ မျက်ရည်တွေနဲ့ ပါးလုံးလေးသနားစရာ ....

မြစ်ကျိုးအင်း said...

ပထမတခါ ဖတ်တုန်းက ဘယ်လိုမန့်ထားလည်း မမှတ်မိတော့ ဘူး။

မြစ်ကျိုးအင်း said...

နောက်တခါ ရော့ကာနဲ့ ဟစ်ဟော့ တိုက်ပွဲဆိုပြီး ထပ်ရေးအုံး

ဒီလိုပဲလေ ကိုယ်မကျင်လည်ဘူးတဲ့ ပါတ်ဝန်းကျင် အသစ်မှာ အဲလို အလွဲလွဲ အချော်ချော်တွေ ဖြစ်ကြတာပါပဲ။

ခုတော့ ရော့ကာကြီးနဲ့ အဆင်ပြေ သွားပြီပေါ့

မြစ်ကျိုးအင်း said...

ညီမလေး ပုန်းပုန်းရဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ လေးစား ဂုဏ်ယူပါတယ်။

ဒီလို လူငယ်တွေ များများ ပေါ်ထွက်ဘို့ အရေးကြီးတယ်

သားကြီး said...

အရင်ကတည်းကဖတ်ဖူးပြီးသားဗျ
ဒါပေမယ့်ထပ်ဖတ်လိုက်ပါတယ်
ပါးလေးပြောသလိုပဲလှူမယ်ဆိုရင်တော့ဖားပြုပ်ကြီးကို
သတိထားရမှာပေါ့
ဘယ်ရောက်ရောက် ကိုယ့်တိုင်းပြည်အရေးကိုမမေ့တတ်တဲ့
စိတ်ဓါတ်ကို ကိုယ်ဂုဏ်ယူတယ်
မျှော်မှန်းထားတာတွေ အမြန်ဖြစ်တည်ပါစေ ။

သားကြီး said...

ပါးလေးရေ
စိတ်မဆိုးပါနဲ့ အဲနေ့က ကွန်ဖွင့်ပြီးလူကအိပ်နေတယ်
နောက်ပြီး နောက်ရက်တွေကျလည်းအဲအကောင့်မသုံးဖြစ်ဘူးလေ
ပါးလေးရော ဝက်ဝံပိစိလေးကိုရော so sorry!!
ခုဝက်ဝံလေးဘလော့က ဝင်လို့မရတော့ဘူး
ဘာဖြစ်လို့ပိတ်လိုက်တာလဲ တွေ့ရင်မေးပေးဦးနော်
ပြန်ဖွင့်စေချင်တယ်လို့လည်းပြောပေးပါ

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။