Feeds RSS

Friday, September 18, 2009

အပုပ်ချိန်


ပါးလုံးတို့တောင်ငူမြို့မှာ အလယ်ကျွန်းဆိုတဲ့ ရွာလေးတရွာရှိတယ်။ အလယ်ကျွန်းလို့ ဘာလို့နာမည်ပေးလည်းဆိုတော့ စစ်တောင်းမြစ် က တောင်ငူမြို့နားမှာ ကွေ့ကောက်နေတယ်။ အဲ့ဒီကွေ့ကောက်တဲ့ နေရာကနေပဲ မြစ်လက်တက်တခုက ခွဲထွက်သွားတယ်။

အရှေ့ ၂မိုင်ကျော်လောက်ကျမှ သူကစစ်တောင်းမြစ်ထဲကို ပြန်စီးဝင်သွားတယ်။ အဲ့ဒီတော့ မြစ်လက်တက်နဲ့ စစ်တောင်းမြစ်ရဲ့ကြားမှာ ကျွန်းကြီးတကျွန်း ဖြစ်ကျန်ခဲ့တယ်။ အဲ့ဒီကျွန်းပေါ်မှာ ရွာတည်ထားတယ်။ အဲ့ဒီရွာကို အလယ်ကျွန်းရွာလို့ ခေါ်ကြတယ်။

ပါးလုံးအဖေရဲ့ အမျိုးတွေက အလယ်ကျွန်းကပါ။ အဖေက အဲ့ဒီရွာမှာ အခြေချမယ်လို့ ရည်ရွယ်ပြီး ပါးလုံးတို့ ငယ်ငယ်ကတည်းက အိမ်ဆောက်ထားတယ်။ ဒါပေမယ့် ပါးလုံးခြောက်တန်းရောက်မှ အဲ့ဒီရွာကို ပြောင်းနေဖြစ်တယ်။

အဲ့ဒီရွာမှာ သင်္ကြန်မတိုင်ခင်ဆိုရင် အိမ်မိုးလေ့ရှိကြတယ်။ အောက်ပြည်ရွာမှာလို ဓနိမိုး မဟုတ်ဘူးဗျ။ သက်ကယ်တို့ အင်ဖက်တို့ မိုးကြတယ်။ သက်ကယ်ဆိုတာကတော့ မြက်ရှည်တမျိုးပါ။ သူ့ကိုပြန်ကျစ်ရတယ်။ ပါးလုံးတို့ဒေသအခေါ်ဆိုရင်တော့ သက်ကယ်ပစ်တယ်လို့ ခေါ်ကြတယ်။

အဲ့တော့ အိမ်မိုးဖို့အတွက် လေးလေးက သက်ကယ်သွားရိတ်တယ်။ လေးလေးဆိုတာကတော့ အဖေ့ညီမ တဝမ်းကွဲပါ။ တရွာတပုဒ်ဆန်းဆိုသလို အဲ့ဒီရွာမှာ အဒေါ်မှန်သမျှကို လေးလေးလို့ ခေါ်လေ့ရှိကြတယ်။ ပါးလုံးတို့လေးလေး(အဒေါ်)က အေးလည်းအေးတယ်။ တော်ရုံဆိုလည်း သူများအကြောင်း မပြောတတ်ဘူး။



လေးလေးနှစ်တိုင်း သက်သယ်ရိတ်နေကြ သက်ကယ်ခင်းနားမှာ ရဲမိသားစု နေတဲ့ အိမ်တအိမ်ရှိတယ်။ တခါတော့ လေးလေး သက်ကယ်ရိတ်ပြီး ပြန်လာတာ တလမ်းလုံး ပြုံးစိစိ ဖြစ်လာတာတွေ့တယ်လေ။

အိမ်ရောက်တော့လည်း တခုခုကို သဘောကျနေတဲ့ ပုံနဲ့ ဘယ်သူမှ မမြင်ဘူးထင်ပြီး တယောက်ထဲ ကြိတ်ရယ်နေလေရဲ့။ အဲဒီအချိန် ပါးလုံးက မလှမ်းမကမ်းမှာ စာဖတ်ရင်းနဲ့ အကဲခတ်နေမိတယ်။ဒါနဲ့ ပါးလုံးလည်း တီဘူ့ကို တိတ်တိတ်လေး သွားအကြောင်းကြား လိုက်တယ်။

ပါးလုံးတို့မှာ အဒေါ်သုံးယောက်ရှိတယ်။ မာရာ၊ မာဘူ၊ မာပါဆိုပြီးတော့ပေါ။ ကချင်တွေက နာမည်ကို အဲ့လိုပေးလေ့ရှိကြတယ်။ ပါးလုံးတို့က တီရာ၊ တီဘူ၊ တီပါဆိုပြီး ခေါ်ကြတယ်။ အဲ့ဒီအဒေါ်သုံးယောက်ထဲမှာ တီဘူက စာအဖတ်ဆုံး။ ပြီးတော့ ခပ်တည်တည်နဲ့ ဟာသအရမ်းပြော တတ်တယ်။

တီဘူလည်း အိမ်ရှေ့ထွက်လာပြီး အမ နင်ဘာတွေ သဘောကျနေတာလဲ ငါ့ကိုလည်း ပြောပြ စမ်းပါဆိုပြီး မေးတော့ လေးလေးလည်း သူဒီနေ့ သက်ကယ်ရိတ် ရင်းမြင်ခဲ့ရတဲ့ ဟာသလေးတခု ပြန်ပြောပြတယ်။

ဒီနေ့နေ့လည်ဘက်မှာတဲ့ ရဲမိန်းမက အ၀တ်လျှော်ဘို့ အ၀တ်ဇလုံ ကိုင်ပြီး အိမ်ပေါ်က ဆင်းလာတယ်တဲ့ ။လှေကား ၂ ထစ်လောက်ပဲ ဆင်းရသေးတယ် သူဝတ်ထားတဲ့ထမိန်က တံခါးအောက်မှ ခုတဲ့ တုတ်ချောင်းအစထွက်နေတာကို ငြိပြီး အနောက်က ဆောင့်ဆွဲလိုက်သလို ဖြစ်တာပေါ့။ အဲ့ဒါနဲ့ အဲဒီမိန်းမလည်း လှေကားပေါ်က ဇောက်ထိုးကျပါလေရော။

လှေကားက သိပ်မမြင့်တော့ သိပ်ပြဿနာမရှိပေမယ့် အဲ့ဒီမိန်းမ ဒုက္ခရောက်သွားတာက သူ့ထမီက အပေါ်က တုတ်ချောင်းမှာ ငြိကျန်ခဲ့ပြီးတော့ အဲ့ဒီမိန်းမ ထမီမပါပဲ အောက်ကို “ အောင်မလေး” လို့ အော်ပြီး ဇောက်ထိုး ပြုတ်ကျသွားတယ်။

အဲ့မိန်းမလည်း ရှက်ရှက်နဲ့ အိမ်ပေါ် ပြန်တက်ပြေးတာ သူ့မှာကမန်းကတန်း တက်ရလို့ထင်တယ်။ လှေကားသုံးထစ်ပဲ တက်ရသေးတယ် ချော်ပြီးတော့ ပြန်ပြုတ်ကျလာတယ်။ ငါ့မှာ ပြန်ပြုတ်ကျလာတာ ကြည့်ပြီးတော့ တလမ်းလုံးရယ်နေမိတာဆိုပြီး ပြန်ပြောပြတာ ပုံပေါ်လွန်းတော့ ပါးလုံးတို့လည်း ဝိုင်းရယ်ကြတာပေါ့။

အဲ့နေ့ကစပြီး လေးလေးပြန်လာတိုင်း အဲ့ရဲမိန်းမရဲ့ နေ့စဉ်မှတ်တမ်း ဖြစ်ကြောင်းရယ်ကုန်စင်ကို လေးလေးက အိမ်မှာ ပြန်ပြောပြတယ်ဗျ။ လေးလေးပြောဖို့ မေ့နေရင်တောင် တီဘူတို့က ဝိုင်းမေးတယ် သတိတယ ရဲမိန်းမရော ဘယ်လိုလည်း ဆိုပြီးတော့ပေါ့။

အဲ့လိုနဲ့ ပါးလုံးတို့နွေရာသီကျောင်းပိတ်တော့ အဲ့အချိန်က ပဲပေါ်တဲ့အချိန် ပါးလုံးတို့ရွာမှာက အခင်းရှိတဲ့သူတွေက ပဲစိုက်တယ်။ နှမ်းစိုက်တယ်။ ပဲဆိုတာကတော့ မြေပဲပါ ဆီချက်တဲ့ မြေပဲ။ ပြုတ်စားတဲ့ သုံးစစ်ပါတဲ့ မြေပဲမဟုတ်ပါဘူး။ သူက နှစ်ဆစ်ပဲပါတယ်။

အဲ့လို ပဲပေါ်ချိန်ဆိုရင် ပဲနှုတ်တဲ့သူက နှုတ်ကြတယ်။ ပါးလုံးတို့ကတော့ ပဲခြွေတယ်။ ပဲခြွေတယ် ဆိုတာကတော့ ပဲပင်ကပဲကို ခြွေရတာပေါ့နော်။ ပြီးမှ ဆီပြန်ကျိတ်တဲ့ဆီကို ပို့ကြရတယ်။ ပဲခြွေ တယ်ဆိုလို့ အိမ်ကပဲကို ခြွေတယ်တော့မထင်နဲ့နော်။

အိမ်ကပဲကိုခြွေရင် သေချာတာက မုန့်ဖိုးမရဘူးဗျ။ အိမ်ကပဲက ဘယ်အချိန်ခြွေခြွေရတယ်လေ။ သူများအခင်းမှာ ခြွေတာက ညဘယ်ခြွေလို့ရပါ့မလည်း။ ပြီးတော့ တပြည်ကို ဘယ်လောက်ဆိုပြီးတော့ ပဲခြွေခရတယ်လေ။

အဲ့တော့ ပါးလုံးတို့ ညီမတွေရယ် ပါးလုံးအဒေါ်(တီဘူ) ကျောင်းဆရာမရယ်။ သူကလည်း ကျောင်းပိတ်တော့ ပဲလိုက်ခြွေတယ်ဗျ။ ပါးလုံးတို့မနက်ဆို အစောကြီးထပြီးတော့ ထမင်းချိုင့်ရေဘူး၊ မုန့် ယူပြီး သွားကြတယ်။ ဒါမှ နေရာကောင်းကောင်းဦးပြီး ပဲထုံးကောင်းကောင်းရမှာကိုး။ပဲနှုတ်တဲ့သူက နှုတ်ပြီး အထုံးလေးတွေ ထုံးသွားတယ်လေ။ ဥတဲ့ပဲထုံးရမှာသာ တွက်ခြေကိုက်မှာ မဟုတ်လား။ ဒါမျိုးကတော့ ကြာသလားလို့လာထား ဝိရိယက ကောင်းသလား မမေးနဲ့။

အိမ်ကပဲကိုတော့ ပါးလုံးတို့ ညကျမှ ခြွေကြတယ်။ အဲ့လိုနဲ့ ပါးလုံးတို့ ပဲခြွေနေရင်းနဲ့ တနေ့ကျတော့ မိန်းမတယောက် အဲ့ဒီအိမ်ကို လာတယ်ဗျာ။ သူ့ကိုတခါမှလည်း မမြင်ဖူးဘူး။ ဒါပေမယ့် ပါးလုံးအမကတော့ လေးလေးကပြထားတော့ သူကမြင်ဖူးနေတယ်။ ဒါနဲ့ ပါးလုံးအဒေါ်ကို တီဘူ အဲ့ဒါ လေးလေးပြောတဲ့ ရဲမိန်းမလေ ဆိုပြီးတော့ ပြောတော့ တီတီက အေးအသာနေတဲ့ နင်တို့ မရယ်နဲ့နော်တဲ့။

သူဘာလုပ်မယ်တော့ မသိဘူးလေ။ ဒါပေမယ့် အဲ့မိန်းမကိုမြင်တော့ အိမ်ပေါ်က ပြုတ်ကျတာကို မြင်ယောင်ပြီး ရယ်ချင်မိတာတော့ အမှန်ပဲဗျ။ အဲ့လိုနဲ့ အဲ့မိန်းမကလည်း ကံပဲကောင်းတာလား ကံပဲဆိုးတာလားတော့ မသိဘူး။ ဆိုက်ဆိုက်မြိုက်မြိုက် ပါးလုံးတို့ နားမှာ ပဲလာထိုင်ခြွေတယ်။

ပါးလုံးတို့နဲ့ ပဲခြွေလိုက်လာတာက လေးလေးပြောပြသမျှကို အစအဆုံး ကြားထားတဲ့ တီဘူ။ အဲ့ဒီရဲမိန်းမကလည်း တီဘူ့ကို မမြင်ဖူးသလို တီဘူကလည်း ရဲမိန်းမကို မမြင်ဖူးဘူး။ ပါးလုံးတို့ အိမ်ကလူတွေက သူများအိမ် မလည်တတ်ကြဘူး။ ကျောင်းသွား ရုံးသွား။ အိမ်အလုပ်လုပ် ဒါပဲလေ။ အဲ့တော့ အိမ်ကဒီအဒေါ်တွေကိုလည်း တော်ရုံဆို သိပ်မသိကြဘူးဗျ။

အဲ့လိုနဲ့တီဘူက အဲ့မိန်းမကို စိုက်ကြည့်ပြီးတော့ အာရုံခံနေတဲ့ပုံစံနဲ့ ကျမ မြင်နေတယ် မြင်နေတယ် ဆိုပြီးတော့ ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်။ တီဘူ့ရဲ့ ရေရွတ်သံလည်း ကြားရော ဟိုမိန်းမက တီဘူ့ကို ကြည့်တယ်။ နောက်တော့တီဘူက “အမ အမမှာလည်း ပူပင်သောကတွေနဲ့ပါလားနော်” ဆိုပြီးတော့ ပဲဆက်ခြွေနေတယ်။

အဲ့တော့ ဟိုရဲမိန်းမကလည်း ပဲဆက်မခြွေပဲ တီဘူ့ဘက်လှည့်လာတယ်။ တကယ်လည်း ရဲမိန်းမက အိမ်ထောင်ရေး အစဉ်မပြေဘူးဗျ။ လေးလေးပြောပြထားလို့ သိတာလေ။

အဲ့ဒါနဲ့ ရဲမိန်းမက မျက်လုံးလေး ပြူးပြီးတော့ ကြည့်တယ်။ ပါးလုံးအမကတော့ ရယ်ချင်တာ မထိန်းနိုင်လို့ ထထွက်သွားတယ်။ ပါးလုံးကတော့ ပဲကိုကျောပေးပြီး ခြွေနေလိုက်တယ်။ မျက်နှာမြင် ရင်ရယ်ချင်တာကိုး။ ပိုးမသတ်နိုင်ရင် တီဘူ့အကွက်တွေ အလကားဖြစ်ကုန်မှာပေါ့။ ဒါမျိုးဆို တူဝရီး တွေ အတိုင်အဖောက်ညီတယ်ဗျ။

တီဘူက ဆက်ပြောတယ်။ အမအမျိုးသားက ဝန်ထမ်းတဲ့ အပွင့်လည်း ၂ပွင့်တွေ့တယ်တဲ့။ ဟိုမိန်းမ မျက်လုံးပိုပြူးသွားတယ်။ နောက်တော့ အမမှာ ကလေး၂ယောက်ရှိတယ်တဲ့။ အမယောက်ျားက အင်္ဂါသားတဲ့။ အဲ့ဒီအင်္ဂါသားဆိုတာကတော့ ရမ်းတုတ်တာ မှန်သွားတာဗျ။ သူကဘာနေ့သားလည်း မသိပဲ ရမ်းတုတ်တာ။

ဟိုမိန်းမ အ၇မ်းကိုအံ့သြနေတာ ပဲတောင်ဆက်မခြွေနိုင်တော့ဘူး။ တီဘူက စကားတခွန်ပြောလိုက် မြင်နေတယ် မြင်နေတယ် ပြောလိုက်နဲ့ နောက်တော့ အမ အမြင့်တနေရာကလည်း ပြုတ်ကျဖူး တယ်တဲ့။ အဲ့တော့ ရဲမိန်းက ငြင်းတယ်လေ။ မကျဖူးပါဘူးတဲ့။

တီဘူက သေချာစဉ်းစားနော် မြင်နေတယ်။ အရှက်တကွဲပဲတဲ့။ ဒါပေမယ့် အမကံကောင်းတာက ဘယ်သူမှမမြင်လိုက်ဘူးတဲ့။ ထမီကတန်းမှာကျန်ခဲ့ပြီး အမပြုတ်ကျတာတဲ့ ပြီးတော့မှအမ ဘယ်သူမြင်လည်းလို့ ဟိုဒီကြည့်ပြိးတော့မှ အပေါ်ကို ပြန်ပြေးတက်ပြီးတော့ ထမီပြန်ဝတ်တာတဲ့။ မြင်နေတယ်နော် သေချာတယ် မြင်နေတယ်ဆိုတော့ ဟိုမိန်းမက သေချာစဉ်းစားပြီးတော့ မှတ်မိပြီ ကျမ လှေခါးထစ်က ပြုတ်ကျတယ်ဆိုပြီး ပြန်ပြောတယ်။

အဲ့လိုနဲ့ လေးလေးပြောပြထားသမျှကို မှင်သေသေနဲ့ တီဘူက ရွှီးနေတာ ဟိုမိန်းမကလည်း ပါးစပ်ထဲကို ယင်ဝင်ဥရင် တော်တော်ဥရမယ်။ ပါးစပ်ကို ဟလို့။ နောက်တော့ လေးလေးပြောပြထားသမျှကို သူကခပ်တည်တည်နဲ့ ပြော။ နောက်ဆုံး သူပြောစရာက ကုန်သွားပြီလေ။ လေးလေးပြောထားတာတွေ အကုန်ပြောလိုက်ပြီကိုး။

အဲ့တော့ တီဘူတယောက် အသက်ကိုဖြေးဖြေးလေး ပြန်ရှုတယ်။ ဟိုရဲမိန်းမက ဆက်မေးတယ်။ ကျမ ဘာတွေဆက်ဖြစ်မလည်း ပြောပြပေးပါတဲ့။ ဟောပေးပါ ဆရာမရယ် တဲ့ ဆရာမပြောတာ တွေမှန်လွန်းလို့ပါတဲ့။ တီဘူက ကျောင်းဆရာမမှန်း သိလို့ ဆရာမလို့ ခေါ်တာမဟုတ်ပါဘူး။ သူရည်ညွှန်းတဲ့ ဆရာမဆိုတာကတော့ ဗေဒင်ဆရာမကို ရည်ညွှန်းတာပါ။

တီဘူက အဲ့ဒါနဲ့ နာရီကို တချက်ကြည့်လိုက်တယ်။ ပြီးတော့မှ အမတဲ့ အခုက ၃နာရီဆိုတော့ အပုပ်ချိန်ရောက်သွားပြီတဲ့ အဲ့တော့ ကျမဟောလည်း မှန်ချင်မှမှန်တော့မယ်တဲ့။ ပြီးတော့ ဒီနေ့က အင်္ဂါနေ့ဆိုတော့ ဗုဒ္ဓဟူးနေ့မှာ နတ်သဘင်အစည်းအဝေး ရှိတယ်တဲ့။ နတ်တွေက မနက်ဖြန် အတွက် ပြင်ဆင်နေတော့ မအားကြဘူးတဲ့။

အမနဲ့သာ စောစောတွေ့ရင်တော့ ဆက်ဟောလို့ရတယ်တဲ့။ အခုတော့ အပုပ်ချိန် ရောက်သွားပြီတဲ့လေ။ အဲ့မိန်းမကတော့ တီဘူ့ကို ကျေးဇူးတွေတင်နေတာ။ မှန်လွန်းလို့တဲ့။ တီဘူ့ကို နောက်နေ့တွေ့ချင်တယ်တဲ့လေ။ စောစောလာပါ့မယ်တဲ့။ တီဘူတယောက် နောက်နေ့တော့ ပဲသွားမခြွေတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ရဲမိန်းမ ဘာဆက်ဖြစ်မလည်း သူမသိတော့လို့ပါ။


အဲ့နေ့က အဲ့မိန်းမ သူခြွေနေတဲ့ ပဲကို ဆက်မခြွေတော့ပဲ ပြန်သွားတယ်။ သူခြွေထားတာကိုလည်း တီဘူ့တောင်းထဲ ထည့်ပေးသွားတယ်။ ကံကောင်းတာက တီဘူက အပုပ်ချိန်နဲ့ ကိုင်ပေါက်လိုက်ပေလို့ပေါ့။ မဟုတ်ရင် အလိမ်တွေ ပေါ်ပြီး တခုခုဖြစ်တော့မှာသေချာတယ်။ ကံဆိုးရင်တော့ နပန်းတောင် ထလုံးနိုင်တယ်ထင်တယ်။

တဦးတယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစား ကျေးဇူးတင်လျှက်
ညီမလေး ပါးလုံး





34 comments:

အိပ်မက်ခြေရာ said...

နံပါတ် တစ်ကွ လာယူထားတာဘယ်ရမလဲ မအိပ်ပဲကိုထိုင် စောင့်နေတာ တစ်နာရီခွဲရှိပြီ ည....း))))

ရင်ရဲ့ ရိုးရာ said...

နံပါတ်နှစ်လည်း ယူလိုက်ပီနော် ဟဲဟဲဟဲ

ရင်ရဲ့ ရိုးရာ said...

နံပါတ်သုံးလည်း ယူဦးမယ်တော်ပါပြီ မယူတော့ဘူး အဟီး

အိပ်မက်ခြေရာ said...

အပေါ်ကနာမည်တွေ မှားကုန်လို့ နံပါတ်လေးထပ်ယူတား)) ဖတ်တော့မယ် အခုမှ အစိန်ဖတ်ပြီးမန့်မှာ ဟီးဟီး

အိပ်မက်ခြေရာ said...

အဟဲ အပုပ်ချိန်ဆိုလို့ ပါးလုံးတို့တော့ သရဲဝတ္ထုရေးပြီးထင် နေတာ ဘယ်နှယ့် အဟီး မျက်စိထဲမြင်ယောင်ကြည့်ရုံနဲ့ တင် အဟီးဟီး ပြုတ်ကျလိုက်ပြန်တက်လိုက်နဲ့ တီဘူကလည်းခပ်တည်တည်ကြီးနဲ့ လုပ်စားသွားတယ် မဆိုးဘူး နည်းလမ်းရပြီ..။ အိပ်မက်ခြေရာ ဗေဒင်ဟော ခန်းဆိုပြီးဖွင့်မှထင်တယ် နောက်ဖြစ်ဟော ဆရာ ဆိုပြီးတော့လေး))) ပါးလုံးတို့ကတော့ ဘယ်လိုရေးရေး ဖတ်ကောင်းနေတာပဲဗျို့း))

ဦးစိုးမိုး said...

ပါးလုံးရေ
သက်ကယ်အကြောင်းလေးဖတ်ရတော့ သက်ကယ်နဲ့ထုပ်ထားတဲ့ ငါးချဉ်လေးစားချင်တယ် မြေပဲပြုတ်လဲ စားချင်တယ်...စားရသမျှ အကုန်စားချင်တယ်....ငှဲငှဲ
နော်ဝေး နှမ်းဖတ်ချဉ်တော့ ချွင်းချက်နဲ့ မစားချင်ပါဘူး...
တီပါ အကြောင်းလေးလဲ ရေးပါဦး ...ဖူးမွန်းနဲ့ ရန်ဖြစ်တဲ့ အကြောင်းပေါ့နော့
ဦးစိုးမိုး ( ၀က်မှီး ပါးပါး)

Chitpalonelay said...

ဦးစိုးမိုးရေ နော်ဝေနှမ်းဖတ်ချဉ်တော့ ထပ်မပြောပါနဲ့ဗျာ ဂယ်ပဲ စိတ်နာလွန်းလို့ အဟိ။
ခင်မင်လျှက်
တူမလေး ပါးလုံး

yangonthar said...

အပုပ်ချိန်ရောက်ပြီ မမန့် တော့ဘူးအိပ်တော့မယ် :P
တောရွာဓလေ့တွေ ချစ်စရာကောင်းတယ်ဗျာ
ရယ်အောင် ရေးတတ်သူပေါ့ လေ ... ရယ်ရပြုံးရပါကြောင်း ဒေါ်ပါးလုံးလေးရေ .... တီပါးလို့ ခေါ်ရမလား တီလုံးလို့ ခေါ်ရ မလား လေးလေး လို့ ခေါ်ရမလား ပေါ့ပေါ့လို့ ခေါ်ရမလား :)
ဖတ်လို့ သိပ်ကောင်းတာပဲ အရေးကောင်တော့
ခင်မင်လျှက်
ရန်ကုန်သား
တီပါး နွေးထွေးပါစေ :)))

လင်းကြယ်ဖြူ said...

တောဓလေ့..တောအထာ..
တောရွာလေးမှာ..ပျော်စရာ..
တို့များမြို့ပြတွေမှာတော့ ...
ဖြူစင်အောင်ဆေးကြောကြရင်း မူရင်းအရောင်တွေ လွင့်ပါးနေကြလေရဲ့....

ကောင်းတယ်ညီမရေ
ပျော်ပါစေ

သူကြီးမင်း (တုံးဖလား) said...

အပုပ်ချိန်လေးက အတော်ပေါ်လွင်တယ်။ မျက်စိထဲ မြင်အောင် ရေးတတ်တယ်။

ဆက်ပြီး များများ ရေးနိုင်ပါစေ။

ဝက်ဝံလေး said...

ဟိဟိ ပလုံးရယ် ရီရတယ် ဟားဟားးးးး ငါလာတယ်နော် ပါးလုံး ငါ တကယ်မအားလို့ပါ ဟ

ဘိုင်တာ့တာ

Anonymous said...

အပုပ်ချိန်ကြီးမှာပဲ လာရောက်ဖတ်ရှုသွားပါတယ်......... ဖြစ်တတ်ပါတယ် မြန်မာလူမျိုးတွေ အ၀တ်အစားက ငြိရင်ကို ကျွတ်ကျနိုင်တယ် ခါးပတ်မှမပတ်တာကို, အခုဆို ဘောင်းဘီကို ခါးပတ်မပတ်ကျတော့ဘူး ပတ်တဲ့ခါးပတ်ကျတော့လဲ ဂွင်းသိုင်းလိုရနေပြီး...

Anonymous said...

ချွန်တွန်းလုပ်ထာပေါ့လေ..... ကောင်းပါ့ဗျာ.... ရဲမိန်းမတော့ ဆန့်အငံ့ငံ့ဖြစ်နေရှာရောပေါ့

ရွှေ ယွန်း ဝါ said...

ပါးလုံးကတောင်ငူသား ကချင်လူမျိုးလား။ သိဘူးရယ်။ လေးလေးဆိုတော့ ဦးလေးထင်တာ။ ၂ခေါက်ဖတ်မှ အဒေါ်မှန်းသိတယ်။

Anonymous said...

ညီမလေးရေ.
သက်ကယ်နဲ့ထုပ်တဲ့ ငါးချဉ်ကဘယ်လိုဟာမျိုးလဲဟင်???
မမ မြင်ဖူးတဲ့သက်ကယ်ဆိုတာက တမျိုးထင်ပါရဲ့
ဖတ်လို့ အရမ်းကောင်းတာပဲသိလား
ပျော်စရာကြီးနေမှာနော်

ခင်တဲ့
မြူးလေး

မိုးစက်အိမ် said...

ပလုံလေး စိတ်တွေကို လျော.ထား ... သိပ်မတွေးနဲ. ညနက်တဲ.
အထိလည်းမနေနဲ. အိပ်ရေး၀၀ လည်းအိပ် ... အဖြေတွေလိုက်
ရှာမနေနဲ. တစ်ခါတစ်လေ အဲအဖြေတွေက ကိုယ်.ဆီမှာဘဲရှိတယ်
ပလုံလေးရ ... ပျော်ရွှင်ပါစေညီမရေ ...

kiki said...

အပုပ်ချိန်ဆိုတာညနေ ၃ နာရီတဲ့လား ..နေတောင်မဝင်သေးဘူး ..ဘာတွေပုပ်ကုန်တာလဲ ပါးလုံးလေးရေ ..
ပျော်စရာ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ၊ပြန်တွေးတိုင်း ရယ်စရာလည်း ကောင်းသား နော် ..
ထာဝရ ပျော်ရွှင် နေနိုင်ပါစေ ညီမလေး ပါးလုံးရေ..

မချစ်ရ said...

ဟေ..ကောင်းရော
လုပ်ချလိုက်ပုံများအပုပ်ချိန်နဲ့
ဟားဟား
တော်တော်လေးရီရသွားတယ်
ညီမလေးရေ

မချစ်ရ said...

အော် ..အပုပ်ချိန်ကယ်ပေလို့သာပေါ့
နို့မို့ရင်တော့နောက်တစ်ခါ
ထမီကွင်းလုံးကျွတ်ဦးမယ် :P

မျက်မှန်လေး said...

ဟာ...ဟာ...ထမိန်ကျွတ်တဲ့ အချိန်မှာ ဘောင်းဘီပါလားဟင်...
မပါရင်တော့ ခွီးခွီး မတွေးရဲစရာဘဲ

ကိုလူထွေး said...

သူများဒုက္ခရောက်တာကို အဲလိုကြီးဝိုင်းရယ်ကြတာ ဘယ်ကောင်းမလဲးP

တီဘူက မင်သေသေနဲ့ အကြားအမြင်ဟောလွတ်လိုက်တာကိုတော့ မျက်စိထဲမြင်ပြီး ပြုံးမိတယ်...

တယ်လဲ လာတဲ့ တူဝရီးတွေ... ပျော်စရာလဲကောင်း... ချစ်စရာလဲ ကောင်းသား...

းဝ)

Chitpalonelay said...

ကိုလူထွေးကြီးရေ အဲ့လိုရယ်တာတော့ မဟုတ်ဘူးဗျ ဒါပေမယ့် သူ့အကြောင်းတွေက အူကြောင်ကြောင်နိုင်လွန်းလို့ရယ်ရတာမျိုးဗျ သမီးလည်း မပြောပြတတ်ဘူးဗျ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

မမမြူးရေ ဝက်မြီးအဖေက ဘယ်လိုထုတ်လည်း လာဖြေပါ့မယ်တဲ့ ပါးလုံးလည်း မသိဘူးဗျ ငါးရှဥ့်ထုတ်တဲ့ ဖက်ကို ပြောထားတယ်နော်သူလာဖြေရင် မမမြူးကိုခေါ်လိုက်မယ်
ခင်မင်လျှက်
ညီမလေး ပါးလုံး

သီဟသစ် said...

ပါးလုံးရေ

ပါးလုံးအဒေါ်က နောက်ပါ့
သူ့တူမလေးလည်း အဲလိုနေမှာ
:)


ခင်မင်စွာဖြင့်
သီဟသစ်

Angel Shaper said...

အပုပ်ချိန်တဲ့လား ပေါက်ပေါက်ရှာရှာ ပါးလုံးရယ်။
ဟဟားးးး

သက်တန့်ချို said...

ကောင်းလိုက်တဲ့ပို့စ်လေးပါးလုံးရေ...အားပေးနေမယ်နော်...

မိုးခါး said...

ပါးလုံးအဒေါ်လို့ မပြောရဘူး :P

Anonymous said...

တီပုန်းရေ ညသန်းခေါင်ကြီး အပုပ်ချိန်ကို စောင်ခြုံပြီး လာဖတ်တာ မကြောက်ရဘဲ ရယ်ရလို့ ချွေးပါထွက်သွားတယ်။
တီပုန်းလည်း အဒေါ်လိုပဲ နေမှာနော် သတိထားဆက်ဆံရမယ်။

ကိုကြီး

ဦးစိုးမိုး said...

ပါးလုံးရေ
မြူးလေးအတွက်ဖြေပေးမယ်နော်
သက်ကယ်ဆိုတာ စပါးပင်လိုအ၇ွက်နဲ့ လူတစ်ရပ်ကျော်ရှိတဲ့ အခင်းလိုက်ပေါက်တဲ့ မျက်ရိုင်းတစ်မျိုးပေါ့ သက်ကယ်ပစ်မယ်ဆို အခြောက်လှမ်းပြီး ငါးချဉ်ထုပ်မယ်ဆို သက်ကယ်အစိမ်းကို ကောက်ရိုးခင်းသလိုဖြန့်ခင်းပြီး ထမင်းနဲ့ ငါးနယ်ကို ထည့်ကာ ဖျာလိပ်သလို လိပ်ပြီး ချိတ်ထားလျှင် အရည်များစစ်ပြီး တပတ်လောက်ဆိုရင် အလွန်စားကောင်းသော သက်ကယ်နဲ့ ထုပ်ထားသော ငါးချဉ်ကို ရရှိပါသည်.

Anonymous said...

ညလေးပါးလုံးလေးနဲ့ ဦးစိုးမိုးရေ.
ကျေးဇူးနော် မသိတာသိရလို့ လေ
မြူးလေးသိတဲ့သက်ကယ်ဆိုတာလဲ အဲ့လိုပဲ
ရှည်ရှည် လေးတွေရယ်လေ ဘယ်လိုမှ ခင်းလို့ ရမှာမဟုတ်ဖူးဆိုပြီးမေးတာပါ
တရွက်နဲ့ ဆိုရဖူးဟုတ် အများကြီးဖြန့် ခင်းရတာပေါ့ ကျေးဇူးသိလား

ခင်တဲ့
မြူးလေး

Anonymous said...

ဖတ်လို့တော့ပီးပီ မပြောတတ်ဘူး ဒါပေမဲ့ဝါကျဖွဲတာကောင်းသားပဲမဆိုးဘူး :)

မေလေး said...

ပါးလုံးအဒေါ်ဘဲနော့
ဘယ်ခေပါ့မလဲ
ဟဟ
ဒါထက်တောင်ငူမှာ ၃ နှစ်နေဖူးပေမဲ့ ပါးလုံးတို့ရွာဘက် မရောက်ဖူးဘူးကွ

Beauty Studio USA Branded Store said...

ဒေသန္ဒရဗဟုသုတတွေရသွားပါတယ် ညီမရေ။

သားကြီး said...

အပုပ်ချိန်ဆိုတော့ အခါးရည်ဆိုင်ပဲဝင်ရတော့မယ်ထင်တယ်:P
ပျော်ပျော်ပါးပါးဖတ်သွားပါကြောင်းပါးလေးရေ
ရဲမိန်းမကျွမ်းထိုးကျတာကိုမြင်ယောင်ရင်းပြုံးသွားပါကြောင်း

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။