Feeds RSS

Friday, September 11, 2009

ဝက်မြီး ဘယ်လိုဖမ်းရပ



သြော် ရေးမယ်ဆိုမှပဲ ဘယ်လိုစရေးရပါ့။ အင်းပါးလုံး ခရီးထွက်တဲ့အကြောင်းလေး ကပဲ ဆက်ပြောမယ်နော်။ လီလီဟန်းမားပြီးတော့ အမှန်ဆို အိမ် ပြန်ရမှာကို ခရီးကမထွက်ချင်ရှာဘူးဆိုတော့ မပြန်ပဲ ခြေစကြာဖြန့်လိုက်တယ်ဗျာ။ အဲ့ဒါ ဘယ်ထိ ရောက်သွားလည်းဆိုတော့ Oslo ထိရောက်သွားတယ်။ Oslo ဆိုတာကတော့ နော်ဝေနိုင်ငံရဲ့ မြို့ တော်ပါ။

အဲ့မြို့ကို ရထားစီးပြီးသကာလ ချီတက်တယ်ဆိုပါတော့။ မသွားခင် ညကတည်းက လာလည်မယ့် အကြောင်း ပါးလုံးဦးလေးဆီကို ဖုန်းဆက်ထားပါတယ်။ ဦးလေးမိန်းမက လာကြိုမယ် ပြီးတော့ ဘယ်မှာစောင့်မယ် ရထားစထွက်တာနဲ့ ဖုန်းဆက်ဆိုပြီးတော့ သေချာကို မှာပါတယ်။

ပါးလုံးရဲ့မကောင်းတဲ့ အကျင့်ကတော့ ဖုန်းကို လူတခြား ဖုန်းတခြားထားခြင်းပါ။ တခါတလေ အိတ်ထဲ ဒီအတိုင်း ပစ်ထည့်ထားပြီးတော့ ဖုန်းလာခါမှ လိုက်ရှာတော့ အသံကကြားပြီး ဖုန်းကို မတွေ့ အဲ့ဒါမျိုးက အကြိမ်မရေတွက်နိုင်ပါဘူး။ ဦးလေးမိန်းမကလည်း ဖုန်းကိုခဏခဏကို ခေါ်ပါတယ်။ စိတ်ပူလို့ပါ။

အဲ့လိုနဲ့ Oslo မြို့ကြီးကို ရောက်သွားရော ဦးလေးမိန်းမက ဖုန်းခေါ်တယ်။ ပါးလုံးကလည်း ရထားပေါ်ကဆင်းပြီးတော့ အေးဆေးလာတာ။ ပြီးတော့ အပြင်လည်း ထွက်ရော ဖုန်းကမြည်လာပါလေရော။


ဖုန်းကိုရှာတာ ဘယ်လိုမှမတွေ့ဘူး အိတ်ထဲက ပစ္စည်းတွေ ဆေးပုလင်းတွေ အကုန်မှအကုန် ထုတ်ရတယ်ဗျာ တခုချင်းစီ အသံကကြားပြီးတော့ ဘယ်လိုမှ ကိုင်မရဘူးလေ။ အဲ့ဒါနဲ့ ဟိုကလည်း ဆက်တိုက်ခေါ် နောက်ဆုံး လူတွေကလည်း လှည့်ကြည့်တယ်လေ။ ကြည့်ပေမပေါ့ အပေါက်ဝထိတ်မှာ ကြမ်းပြင်ပေါ် ပစ္စည်းတွေပုံချပီးတော့ ဖုန်းရှာပုံတော်ဖွင့်နေတာလေ။

အဲ့တော့မှ တကယ့်ကိုလမ်းဆုံက ဂျမ်းပုံတော့မဟုတ်ဘူး။ ကြမ်းပုံဖြစ်နေပြီလေ။ တွေ့လည်းတွေ့ ကိုင်လည်း ကိုင်လိုက်ရော အဆူခံရပါလေရော ဆူရင်လည်းဆူချင်စရာလေ ၁၂ခါမကဘူး ခေါ်ထားတာ။ အခုတော့ ဖုန်းတခြားလူတခြားမဖြစ်တော့ပါဘူး။ ဦးလေးကပြောတယ်။ ဖုန်းက ခွေးလိုက်ဆွဲရင် ခွေးခေါင်းပစ်ပေါက်ဖို့မဟုတ်ဘူးတဲ့ အရေးကြီးလို့ခေါ်ရင် ကိုင်ဖို့တဲ့။ အခုတော့ ဖုန်းကို အနားမှာပဲထားပါတော့တယ်။


အဲ့နေ့က အိမ်ကိုမခေါ်သွားခင် အာရှဆိုင်ကိုအရင်ခေါ်သွားတယ်။ ပါးလုံးဘာစားမလည်း ဘာစားချင်လည်းဆိုပြီးတော့။ ပါးလုံးတို့ကံကောင်းပုံများ အရင်ဆုံးလိုက်ရှာတာက ဂျယ်လီ တထုတ်မှကို မတွေ့ဘူး။ အဲ့ဒါနဲ့ အသီးအရွက်ကြိုက်တဲ့ပါးလုံး မြင်းခွာရွက်ရယ် ကန်စွန်းရွက်ရယ် တောင်းဆိုလိုက်တယ်။

ပါးလုံးကို လာကြိုတော့ ဦးလေးရဲ့ သားလည်းပါတယ်။ သူကတော့ အိပ်ပျော်နေလေရဲ့ လှည်းလေးထဲမှာ။ အဲ့တော့ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိသေးဘူးပေါ့ဗျာ။ ကိုယ့်အကြောင်းကတော့ သူဘယ်သိပါ့မလည်း ကလေးက ၉လပဲရှိသေးတာကိုး။ ၉လဆိုလို့ အထင်တော့မသေးလိုက်နဲ့နော် ဟဲဟဲ။

အဲ့လိုနဲ့ ပါးလုံး အဲ့နေ့ကစပြီးတော့ လည်တယ်။ ရေပေါ်မှာဆောက်ထားတဲ့ အဆောက်အဦးတွေဆီ ရောက်တယ်။ နောက်နိုဘယ်ဆုပေးတဲ့ နေရာ။ ဘုရင့်နန်းတော်ရှေ့။ ကျောင်းပြေးပြီးလည်လို့လား မသိဘူး အရသာတော်တော်ရှိတယ်။ ပြန်ရောက်မှသာ ကွန်မြူးရုံးက ခေါ်အဆူခံရတာအဟိ။ နောင်ခါလာနောင်ခါဈေးပေါ့။

အဲ့လိုဦးလေးမိန်းမက စားချင်တာကိုလည်း ချက်ကျွေးသလို သွားချင်တဲ့နေရာကိုလည်း အစုံလိုက်ပို့ ပေးတယ်။ နောက်တော့ ကိုယ်လုံးတီးပန်းခြံကိုလည်း ရောက်သေးတယ်ဗျ။ ကိုယ်လုံးတီးပန်းခြံလို့ ခေါ်ရတဲ့ အကြောင်းကတော့ ပန်းခြံထဲမှာ ရုပ်ထုတွေချည်းပဲ။ ဟိုး ဗိုက်ထဲကနေစပြီးတော့ အသက်ကြီး အဖိုးကြီး အဖွားကြီးအရွယ်အထိ လူတွေရဲ့ စိတ်ဓါတ်မျိုးစုံ ကို ရုပ်ထုထုထားတာ။ အကျီမပါဘူးဗျ ကိုယ်လုံးတီးချည်းပဲ။ ဒါကြောင့် ဗမာတွေကခေါ်လိုက်တယ် ကိုယ်လုံးတီးပန်းခြံ လို့လေ။

ပါးလုံးပုံတွေ ရိုက်ခဲ့တယ်။ ပုံတွေနဲ့လည်း ပြန်ပြောပြမယ်နော်။ အဲ့လိုလည်ပတ်ပြီး ပြန်လာတဲ့အချိန် ကျမှသိလိုက်တာက အဲ့ဒီ ကိုးလဆိုတဲ့ ကလေးအကြောင်း အရင်ကတော့ လိုင်းပေါ်မှာ စကားပြော ရင်သူတို့သားအကြောင်းပြောပြရင် အဲ့လောက်ထိလို့မထင်ဘူးဗျာ။ အခုတော့ ပါးလုံးတို့ကိုယ်တွေ့။

ပါးလုံး ငြိမ်ငြိမ်မနေလှဘူးလားမှတ်တယ်။ သူ့ကိုမြင်တော့ မျောက်အရှုံးပေးတာတော့ မဟုတ်ပါဘူး။ ပါးလုံးအရှုံးပေးလိုက်တာ။ သူတခုခုကို ဆွဲလို့ သူ့အဖေလှမ်းဆွဲလိုက်တာနဲ့ လက်နဲ့မမှီရင် ခြေထောက်နဲ့ ရအောင်ကုတ်ယူတယ်။ အဲ့တော့သူ့ထဲမှာ တခုမဟုတ်တခုက ပါလာပါလေရော။

အဲ့ဒါတနေ့ကျတော့ သူ့အမေနဲ့သူ အတူတူအိပ်နေရာကနေ သူ့အမေက မနိုးသေးပဲ သူအရင်နိုးလာ ပါလေရော။ သူ့အမေလည်းနိုးရော ကွန်ပျူတာက အေးချမ်းမေဖြစ်နေပြီ။ Web Cam လည်း သုံးစားမရတော့ဘူး နားကြပ်ကလည်းသီချင်းဆိုနေလေရဲ့ “ ဒီမှာတို့တစစီကြိုးပဲ့ခဲ့ပြီနော် ” တဲ့။ အဲ့ဒါ လမ်းမလျှောက်တတ်သေးပါဘူး။

ပါးလုံးကို မေးတယ် ဦးလေးမိန်းမက ကဲပါးလုံးနင်ပြောတယ်နော်။ ကလေးမှန်သမျှ ပါးလုံးစည်းရုံးလို့ မရတာ မရှိသေးဘူးလို့လေတဲ့။ ဘာလို့လည်းဆိုတော့ ပါးလုံးသူ့ကိုငုတ်တုတ်ပဲ ထိုင်ကြည့်နေနိုင် တော့လို့ပါ။ နောက်တချက်က ဘယ်လိုစည်းရုံးမလည်း သူက စကားလည်းမပြောတတ်သေးဘူး ကိုး။

အင်းစကားမပြောတတ်သေးဘူးဆိုလို့ အထင်တော့မသေးလိုက်လေနဲ့ သီချင်းကို သူ့ဟာသူဆိုပြီး သူ့ဟာသူသိပ်တာဗျာ။ သီချင်းလေးတအေးအေးနဲ့ အိပ်တာဗျ။ ဘာမှတ်လည်း။ ပါးလုံးတောင် တော်တော်အံ့သြသွားတယ်။ တစက်ကလေးမှကို အငြိမ်မနေတာ အဲ့လိုဆိုတော့ သူ့အဖေနဲ့ အမေက ထမင်းလည်း လက်ဆုံမစားနိုင်ရှာဘူး။ တယောက်တလှည့်ထိန်းရင်းပေါ့လေ။

ကိုယ်ဝန်လွယ်ထားတဲ့အချိန် မျောက်ကြည့်မိရင် ကလေးက အရမ်းဆော့ တယ်ကြားဖူးတယ်လေ။ ဒါနဲ့ စဉ်းစားမိတယ်။ သူ့အမေက မျောက်ကိုကြည့်ရအောင်လည်း မဖြစ်နိုင်ပါဘူးပေါ့။ မင်းစစ်ငြိမ်းကို တော့ တကယ်မနိုင်ဘူးနော်လို့လည်းပြောလိုက်ရော သူ့အမေက ဘယ်နိုင်မလည်းတဲ့ ငါသူ့ကိုယ်ဝန်နဲ့တုန်းက စားချင်တာက ဝက်မြီးနဲ့ ငါးချဥ့်တဲ့လေ။

ဝက်မြီးနဲ့ ငါးချဥ့်ကို ဘယ်လိုစားချင်မှန်းမသိဘူးတဲ့။ သူအဲ့ဒါကိုစားချင်လို့ ပါးစပ်က သရေတောင် ထွက်တယ်ဆိုပဲ။ သြော် ဝက်မြီးဆိုတာကလည်း အငြိမ်မှမနေပဲ။ ငါးချဥ့်ပါပေါင်းလိုက်တော့ အေးရော။ မျောက်ပါကြည့်မိရင်တော့ မတွေးရဲတော့ဘူး။ ကလေးက ဆော့လည်းဆော့သလို ဥာဏ်လည်းကောင်းတယ်။

အဲ့လိုဆိုတော့ သူတို့သားလေး ဆော့လွန်းလို့ ဖျက်စီးလွန်းလို့ဆိုပြီးတော့ ညည်းမယ်တော့ မထင်နဲ့နော်။ ပါးလုံးအဲ့အိမ်ရောက်တော့ ဦးလေးကို ဟ ငါ့ဦးလေး တီဗီက ဖလပ်ပြားကြီးနဲ့ပါလား မိုက်တယ်ဆိုတော့ ပါးလုံးရေတဲ့ ငါလည်းရှိလို့မဟုတ်ဘူးဟ မင်းစစ်ငြိမ်းက သူများအိမ်သွားလည် တော့ အဲ့ဒီတီဗီကိုမြင်ပြီး မထတော့ဘူးတဲ့ ခေါ်တော့ ငိုတယ်တဲ့ အဲ့ဒါနဲ့ နောက်နေ့ သူအလုပ်လုပ် ပြီးရှာထားသမျှ ပိုက်ဆံအကုန်နဲ့ သွားဝယ်ပေးလိုက်တာတဲ့။”

သြော် ဒီလိုဆိုတော့ စကားမပြောတတ်တဲ့ သားလေးက အမူအရာနဲ့တောင်းဆိုတာကိုတောင် လိုက်လျှောပေးချင်တဲ့ ဖခင်တယောက်ရဲ့ မေတ္တာကို ပါးလုံးခံစားလိုက်ရတယ်။ အဲ့လိုဆိုတော့ မင်းစစ်ငြိမ်းအမေကလည်း တားမယ်ထင်လား။ ဈေးဒီလောက်ကြီးတာ မဝယ်နဲ့လို့မတားတဲ့ အပြင် ပါးလုံးနဲ့ သွားတဲ့လမ်းတလျှောက် ငါ့သားလေးအတွက် ငါ့သားလေးအတွက်နဲ့ကို နေတာပဲ။

သြော် ဒီလိုဆိုတော့ လင်မယားနှစ်ယောက်လုံး သားကိုပဲကြည့်တယ်ထင်ဦးမယ်။ အဲ့တီဗီကြီးရဲ့ဘေးမှာ စာအုပ်စင်ကိုတွေ့တော့ ပါးလုံးက ပါးလုံးလည်း စာအုပ်တွေအတွက် စင်ဝယ်ရမယ်လို့ ပြောတော့ အဲ့စာအုပ်စင်က ရာဇဝင်နဲ့ဆိုပဲ။

စာအုပ်စင်က အကြီးကြီးဗျာ။ အဲ့ဒါကို သူ့မိန်းမက အိမ်မှာစာအုပ်တွေပွနေတာပဲ စာအုပ်စင်ကို ဒီနေ့ပဲ လိုချင်တယ်ဆိုပြီး ပူဆာတာနဲ့ အဲ့စာအုပ်စင်ကို ကျောင်းကအပြန် ဝင်ဝယ်ပြီးတော့ ထမ်းလာတယ်တဲ့လေ ဘတ်စ်ကားပေါ်မှာ လူတွေကလည်း သူ့ကိုတောင်ကြောက်ကြတယ်တဲ့ ဘယ်အချိန်သူတို့ခေါင်းပေါ် ဒီစင်ကြီး ပြုတ်ကျမလည်းဆိုပြီးတော့တဲ့လေ။ ဒီနိုင်ငံမှာ အဲ့ဒါမျိုးထမ်းပြီး သွားတဲ့သူမှ မရှိတာကိုး။ မအားတဲ့ကြားက မိန်းမက ပူဆာတော့လည်း လုပ်ပေးတာပဲ။

မိန်းမကလည်း ချစ်လိုက်ပုံများ ဈေးသွားဝယ်ရင်းနဲ့ နေဦး ငါ့ယောက်ျား ဒါတော်တော်ကြိုက်တယ် ဆိုပြီး အပြေးကလေးကို သူ့ယောက်ျားကြိုက်တာတွေ ဝယ်ကျွေးတယ်ဗျာ။ ညဆိုတော့လည်း ရယ်စရာတွေပြော ပါးစပ်ကို မစေ့ရဘူး။ တယောက်ကို တယောက်ညှာရင်း ချစ်ရင်း ဖြည့်ဆည်း ပေးရင်းနဲ့ ဒီမိသားစုဆီရောက်သွားတော့ ပါးလုံးတော်တော်လေးကို လူသစ် စိတ်သစ် ဖြစ်လာ ပါတယ်။

ဘာလို့လည်းဆိုတော့ ပါးလုံးနော်ဝေကိုရောက်ကတည်းက မိုးလင်းလာရင် ကျောင်းသွားဖို့ပြင်မယ် အချိန်ရရင် စာနည်းနည်းကြည့်မယ်။ ကျောင်းတက်မယ် ပြန်လာမယ်။ ဈေးဝယ်မယ်။ ပြန်ရောက်ရင် ကွန်ပျူတာ နည်းနည်းကိုင်မယ်။ ညစာပြင်မယ်။ စားမယ်။ တခါတလေ ဘလော့လည်မယ်။ စာကြည့်မယ်။

အခန်းရှင်းမယ်။ ဒီလိုနဲ့ လိမ့်ပတ်လည်နေတာ။ အမြဲတမ်း ဘာလုပ်လုပ် သီချင်းလေးတအေးအေးနဲ့ လုပ်တတ်တဲ့ပါးလုံး သီချင်းဆိုဖို့တောင်မေ့နေတယ်။ ဒီရောက်ပြီးကတည်းက။ သူငယ်ချင်းတွေနဲ့ အရင်ဆို ဖုန်းပြောဖြစ်ပေမယ့် ကြာလေ သူတို့ကဖုန်းခေါ်ပါပြောရင်လည်း မခေါ်ဖြစ်သလို သူတို့ဖုန်းခေါ်ရင်လည်း ငါမအားလို့နော်။ နောက်တော့ ပြန်ဆက်လိုက်မယ်ဆိုပြီး ဖြစ်လာတယ်။

လူတွေနဲ့ စကားပြောဖို့တောင် မေ့နေတာလား။ ဘာဖြစ်တာလည်းတော့မသိဘူး။ ပြောင်းလည်းလာတယ်။ လူက တိတ်ဆိတ်လာသလိုဖြစ်လာတယ်။ အဲ့တော့ ကြာလာတော့ လူက စက်ရုပ်လိုများ ဖြစ်နေသလားမသိဘူး။ တခါတလေ လမ်းလျှောက်တာကို လျှောက်တယ် ဆိုတာတောင် မေ့နေတတ်တယ်။ စိတ်ညစ်ရင်လည်း ငိုဖို့မေ့နေသလို ပျော်ရင်လည်း ရယ်ဖို့မေ့တတ်တယ်။

အဲ့လိုဖြစ်နေတဲ့ပါးလုံး အဲ့အိမ်ရောက်သွားတော့ တခါမှ မရခဲ့ဖူးတဲ့ မေတ္တာ ဆက်ဆံမှုတွေ ရခဲ့တယ်။ ပါးလုံးအဒေါ်တွေ အဖွားတွေက ပါးလုံးတို့ကို အရမ်းချစ်တယ်။ ဒါပေမယ့် ရုန်းကန်မှုတွေကြားမှာ နူးနူးညံ့ညံ့ဆိုတာကိုတော့ ဆက်ဆံမခံခဲ့ရဘူး။ မနက်ဆို ဘယ်သူမှု မနှိုးခင် ကိုယ့်ဟာကို ထခဲ့ရတယ်။

နှိုးခြင်းမခံခဲ့ရဘူး။ အဲ့အိမ်ရောက်တော့ အရမ်းပင်ပန်းလို့ နေ့ခင်းအိပ်ပျော်သွားတော့ ပါးလုံးရေ ထတော့ဆိုပြီး ည အိပ်မရပဲနေလိမ့်မယ်ဆိုပြီး မေထက်က ဆံပင်လေးသပ်ပြီးလာနှိုးတော့ ကြည်နူးမိတယ်။ တခါမှ ဒါမျိုး အနှိုးမခံရဖူးပဲကိုး။ ဆုံးမစရာရှိတာကို အေးအေးဆေးဆေး ဆုံးမသလို ပြောစရာရှိတာကိုလည်း အေးအေးဆေးဆေးပြောပြသွားတယ်။

ပါးလုံးပြန်လာတဲ့ လမ်းတလျှောက်မှာလည်း တလမ်းလုံး ပါးလုံးကိုဖုန်းခေါ်တယ်။ ဖုန်းကိုင်နော် ဆိုပြီးတော့လည်း တတွတ်တွတ်မှာတယ်။ မိဘက သားသမီးကို စိတ်ပူတဲ့ ခံစားချက်ကို ပါးလုံးခံစားလိုက်ရတယ်။ ပါးလုံးအဖေကတော့ ပါးလုံးကိုစိတ်ပဲချတာလား ယုံပဲ ယုံကြည် တာလားတော့ မသိဘူး။ ခရီးစထွက်ပါပြီဆိုကတည်းက ဖုန်းကလေးတချက်တောင် မခေါ်ဘူး။

ပါးလုံးပြန်ရောက်တော့ ကြိုးစားချင်စိတ်တွေ ပိုများလာတယ်။ မေတ္တာဆိုတဲ့ အရာနဲ့ ကင်းကွာရင် လူဆိုတာ စက်ရုပ်တရုပ်လို ဖြစ်လာတတ်ပါလားဆိုတာလည်း သိလာတယ်။ အင်း ဒါနဲ့ပဲ အရစ်က တော်တော်ရှည်သွားပြီ။


အဲ့ဒါနဲ့ နောက်နှစ်နွေရာသီ ပါးလုံးတို့စပိန်အတူတူ သွားကြမယ်တဲ့ ပြောဖြစ်ရော။ နောက်တော့ ပါးလုံးလည်း လည်ပြီးပတ်ပြီး အိမ်ပြန်ရောက်တော့ ဦးလေးက လိုင်းပေါ်မှာပြောတယ်။ ပါးလုံးတဲ့ ဝက်မြီးကို နိုင်အောင်ထိန်းနိုင်ရင် နွေရာသီ ခရီးစရိတ်ကို သူခံမယ်တဲ့။ ကဲ ဒီဝက်မြီးကို ဘယ်လိုဖမ်းရမလည်း။ ပါးလုံးလည်း မစဉ်းစားတတ်တော့ပါဘူး။

အခုတော့ ပါးလုံးတယောက် ရည်မှန်းချက် တခုတိုးလာပါပြီ။ အဲ့ဒါကတော့ တခြားမဟုတ်ဘူး။ တနေ့တနေ့ ဝက်မြီး ဘယ်လိုဖမ်းရပဆိုတာကိုပဲ တွေးနေမိတယ်။
အကိုတွေအမတွေလည်း စာလေးဖတ် ပုံလေးကြည့်ပီး ဒီအတိုင်းတော့ ပြန်မသွားနဲ့နော်။ ဝက်မြီးဖမ်းဖို့လည်း ကူစဉ်းစားပေးကြဦး ဒါမှနောက်နှစ် ပို့စ်အသစ်အဆန်းလေးတွေ တင်လို့ရမှာဗျ။
ပုံတွေကို နှိပ်ပြီးတော့ အကြီးချဲ့ကြည့်ရင်လည်း အစဉ်ပြေပါတယ်။

ဒါကတော့ နေရှင်နယ် သီရေတာရဲ့ ဘေးဘက်က အရုပ်သုံးရုပ်ပါ။ သူတို့က နာမည်ကျော် ပြဇာတ်သမားတွေပေါ့။



သူတို့တွေချည်း ၇ိုက်ခဲ့တဲ့ ပုံကလည်း မရှိ သူငယ်ချင်းတွေကိုလည်း ဗဟုသုတကလည်း ဖလှယ်ချင်ဆိုတော့ ဒီလိုပဲတင်လိုက်ပါတယ် ခွင့်လွှတ်ပေးကြပါ။

ဒါကတော့ လွှတ်တော်ရုံးပါ။

ဒါကလည်းအတူတူပဲ ဟိုဘက်ဒီဘက် စုံအောင်ရိုက်ထားတာပါ။

ဒါကလည်း နေရှင်နယ်သီရေတာကို ၇ိုက်ထားတာပါ။ ဟိုအပေါ်က လူသုံးယောက်နဲ့ ဘေးဘက်ပေါ့နော်။


ဒါကတော့ ပါးလုံးပြောတဲ့ ကိုယ်လုံးတီးပန်းခြံက angry boy ပေါ့။ သူ့ပုံက အရမ်းကိုအသက်ဝင်တယ်ဗျာ။ နေကရှိန်နေလေတော့ ရိုက်ထားတာ သိပ်တော့ မမြင်ရဘူးဖြစ်သွားတယ်။ ခွင့်လွှတ်ပေးကြပါ။

သဘာဝကျကျ ထုထားတဲ့ အရုပ်တွေကို သဘောတကျရိုက်ခဲ့တာလေးတွေ ဝေဌတာပါ။


အဘိုးကြီးအဘွားကြီးဖြစ်နေရင်တောင် အဘိုးကြီးစိတ်ညစ် စိတ်ဓါတ်ကျနေတဲ့အချိန် အဖွားကြီးက ဘေးက အားပေးနေတယ်တဲ့။ (ထင်တာကိုပြောတာ)

အင်း ဒီပုံကတော့ အမေရိကန်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်ခြင်းကို ခံရတဲ့ Red Indians လူမျိုးပါ။ ဒါက လူနည်းစုကျန်တာပါ။ သူတို့မှုတ်တာက ဝါးနဲ့လုပ်ထားတဲ့ ပုလွေလိုပေါ့ဗျာ။ ဒါပေမယ့် တချောင်းတည်းမဟုတ်ဘူး ဆက်ထားတာ လူရိုင်းကားထဲက အသံမျိုးစုံကို လုပ်နိုင်တယ်ဗျာ။ ပြီးတော့ သီချင်းဆိုတာလည်း အသံက ကောင်းနေရောဗျာ။ တချို့က ပိုက်ဆံထည့်ကြတယ် သူတို့အခွေတွေလည်း ရောင်းတယ်။ ပစ္စည်းလည်းရောင်းတယ်။ သဘောကျတယ်ဗျာ။ သနားလည်း သနားမိတယ်။ လူသားချင်းအတူတူ ဘာလို့များ ဒီလိုရက်စက်ပါလိမ့်ပေါ့။ စိတ်ထဲရှိတာကို ပြောပြတာပါ။


အင်း ဒါကတော့ ကျားချည်းပဲ သုံး (ကောင်)လို့ကတော့ ပြောလို့မရဘူးဗျ ဦးလေးကပါလေတော့ ကိုယ့်ဟာကိုသာ ဖြည့်ဖတ်သွားတော့နော်။ ဒီကျားကြီးက တော်တော်အသက်ပါတယ်ဗျ နော်ဝေနိုင်ငံကိုရောက်တဲ့ သူတိုင်း ဒီကျားရှေ့မှာ ဓါတ်ပုံရိုက်ကြတယ်။ ကျားကြီးကိုရွှေ့မယ်ဆိုတုန်းကလည်း လူထုကိုကြေငြာသလို ကျားကြီးကိုပြန်ထားမယ်ဆိုတုန်းကလည်း လူထုကိုကြေငြာတယ်။

လာပါပြီ မင်းသား ဒါကတော့ နော်ဝေအမျိုးသားနေ့မှာ ဝက်မြီး တယောက် ကျားဆိုမှကျား တနှစ်မပြည့်သေးတဲ့ကျား ကောင်မလေးကို ချိတ်နေတာလေ။ ပါးစပ်ဟလို့ သူ့ကိုမျက်နှာပေါ်အောင် ၇ိုက်ဖို့က လူကြပ်နေလို့ ၇ိုက်မရဘူးဖြစ်တာကို မှီရာကိုရိုက်ထားလိုက်တဲ့ပုံ။

ဒီပုံကတော့ သူ့အဖေနဲ့အမေ ဓါတ်ပုံ၇ိုက်လွန်းလို့ အရိုက်မခံချင်တဲ့အတွက် စိတ်ဆိုးပြီး ဆူပုပ်နေတဲ့ပုံ။

ဒါကတော့ လေညှင်းခံနေတာတဲ့လေ။

ဒါကတော့ သတင်းစာဖတ်ရင်း စတော့ဈေးကွက်ကြည့်နေတာ သူလေးလသားတုန်းကပေါ့။

အင်း မိုက်တဲ့လူထွက်ခဲ့ ကျန်တဲ့သူနဲ့ချမယ်တဲ့ စိန်ခေါ်နေတာ။ လိမ္မာရင် စာရင်းပေးခဲ့လို့ရတယ်နော်။

ဈေးခြင်းထဲလည်း ဝင်မယ်ဆိုတာချည်းပဲ။

ဒါကတော့ ဝမ်းဆက်နဲ့ ပို့စ်ပေးနေတာ။

ဘောလုံးတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဝက်မြီး

ဒီလိုလည်း ဝင်ချင်သေးတာ

အင်း ထူးခြားချက်ကတော့ အိပ်ရင် ဒီလိုပဲ မှောက်အိပ်တတ်တယ်။ ဘယ်အချိန်အိပ်အိပ် ဒီအတိုင်းပဲ။

သူအိပ်တဲ့ပုံကတော့ တပုံစံတည်းပဲ။ မနိုးမချင်း ဒီအတိုင်းပဲ။

လမ်းလျှောက်တတ်ခါစပဲရှိသေးတယ် ခေသူမဟုတ် ဌက်ဖမ်းမယ်ဆိုပဲ။

အင်း ဒီဂျေဆိုတော့လည်း ပွတ်လိုက်တာပဲ။

ဆုန်သင်းပါရ်လည်း အလွတ်မပေးဘူးလေ။

ဒါကတော့ ပါးလုံးပြောတဲ့ ဦးလေးမိသားစု ကိုယ်လုံးတီးပန်းခြံရှေ့မှာ ရိုက်ထားတဲ့ပုံပါ။

ချစ်မယ်ဆိုတာချည်းပဲ။

ချစ်ကြပါ ချစ်ကြပါ။

အခုလိုလည်း ဇိမ်ခံတတ်သေးတယ်။

သွားခဲ့သလောက်ကို မျှဝေလိုက်ပါတယ်။ အမှားပါရင်လည်း ခွင့်လွှတ်စေချင်ပါတယ်။
တယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

26 comments:

htet said...

ပါးလုံးရေ
နောက်နှစ်လာလို့ရှိရင် မရောက်လိုက်တဲ့နေရာတွေကိုလိုက်ပို့ပေးဦးမယ်နော်..
အဲခါကျရင်လဲ ပါးလုံးမသိတာတွေကို
ဝက်မှီးလိုက်ရှင်းပြပေးနိုင်လောက်ပြီပေါ့...
ကြုံရင်ကြုံသလို ပညာယူ ဗဟုသုတ ရှာတက်တာ ပါးလုံးအတွက် အမြတ်ပေါ့...ကွန်မြူးက ဖြတ်တဲ့ငွေ ခေါ်ထားတဲ့ လူပဲ ပြန်စိုက်ပေးပါမယ်လေ...
မထက်

chitpalone said...

မေထက်ကလည်းဗျာ။ အားနာစရာကြီး စိုက်ပေးတော့ကောင်းတာပေါ့ အဟိ။ နောက်တာ။ ရပါတယ်။ သူဘယ်လောက်ဖြတ်နိုင်မှာလည်း တနင်္ဂလာနေ့ ဘဏ်မှာသွားစစ်လိုက်မယ်။ နောက်နှစ်လာဦးမှာ အဟိ အားမွေးထားတယ်။
ခင်မင်လျှက်
ပါးလုံး

ဝက်ဝံလေး said...

ပါးလုံးရေ ဟိဟိ သားလေးက ချစ်ချာလေး ပြောပါနဲ့ ခေးကို ဝက်မြီးလို့ ပြောလိုက် နင့်ဦးလေးကို ငါ့ခေါ်မလားလို့ ငါကလေး ထိန်းပေးမယ်လို့ ငါ ကလေး ထိန်းအရမ်းတော်တာ နင့်ဦးလေး မသိလို့ ဟဟဟဟဟ

ကလေးတွေက အဲလိုပဲဟ မှောက်အိပ်တတ်ကြတယ် ငါ့ညီမ ငယ်ငယ်ကလဲ အဲလိုပဲ မှောက်အိပ်တယ် ဟ သိလား

ငါလေ ညနေ အိပ်ထားတော့ မျက်လုံးကြောင်နေလို့ ဘလော့ဂ်ဖွင့်လိုက်တာ ဟဟဟဟဟ

ဝက်ဝံလေး said...

ပလုံး အစုတ်ပလုတ်ရေ တွားတော့မယ် ဟွင်းးးးးး ပျော်ရွှင်ဖွယ်ရာ မိသားစုလေးပေါ့ဟယ် နင်ရော ဘယ်တော့လဲ ဟိဟိ များဂါတွေကို အဲမေးခွန်း လိုက်မေးနေတာ သွပ်ပြားတွေ နာ့ကို မြင်ပြင်းကတ်နေလောက်ပြီ သိလား ဟားဟားးးးးးးးးးးးးးးးး

အိပ်မက်ခြေရာ said...

မှီလိုက်ဘူးကွာဟင့် စာတွေဖတ်ပုံတွေကြည့်ပြီး မပြန်ချင့်ပြန်ချင်နဲ့ ပြန်သွားတယ် ကလေးက ချစ်စရာလေး အဟီးဟီး ပါးလုံး ရယ်တာကို သိနော် ဟဲဟဲ ကျွန်တော် လည်းမြင်ချင်ပါ့ ချီချင်ပါ့ ....

မိုးခါး said...

ချစ်ဖို့ကောင်းတယ် ၀က်မြီးလေးက
ပျော်ဖို့ ကောင်းတဲ့ မိသားစုလေးပဲနော် .. ဖတ်ပြီး ကျေနပ်သွားတယ် ပါးလုံးရေး)

အိုက်ခီလောက် said...

အင်းမျောက် ထက်ဆိုးတာ ပလုံးရှိနေပါသေးလားဆိုတာ သိသွားတယ်
ဝက်မြီးတော့ လွယ်ပါတယ် ကျည်တောက်လေးစွပ်ထားလိုက်
ကလေးက ချစ်ဖို့ အားကြီးကောင်းလိုက်တာ
ပုံတွေကလည်း ကောင်းမှကောင်း
ကြည့်လို့ ကောင်းနေတာပဲ မရောက်ဖူး မလာဖူးတဲ့နေရာတွေ ငေးသွားတယ်
ဘူတာရုံမှာ ပစ္စည်းတွေနဲ့ ဗရုတ်သုခဖြစ်နေမယ့်ပလုံးလေး မြင်ယောင်မိသွားတယ်
ဦးလေး တို့ နှစ်ယောက် အပြန်အလှန် ချစ်ခြင်းတွေကိုလည်း အားကျမိသွားတယ်
ဒီလိုေ၇းတတ်တဲ့ ပလုံးကိုလည်း ခေါင်းမခေါက်ချင်တော့ဘူး
ဂျယ်လီ ၊ ငှက်ပျော်သီး အဝ ကျွေးချင်နေမိတယ်
မူးလို့ ရစ်တယ်လို့ မထင်စေချင်ပါ :D

အဆိပ်ခွက် said...

လာဖတ်တယ်မလူုံးလေရ.. ဆုရ်သင်းပါ က ပါလိုက်သေး.. ပြောလိုက်ချင်ဘူးရယ်..

ခင်မင်လျှက်
အဆိပ်ခွက်

kiki said...

ပါးလုံး ရဲ့  ဝက်မြှီးလေးက ချစ်စရာ လေးတော့ ...
ပါးလုံးလဲ ကိုယ့်ဟာကိုယ် ပြန်စမ်းကြည့်ပါအုံး ..ပါ ရင် ပါနေမှာ ..
ခရီးသွား မှတ်တမ်းလေး ရေးထားတာ ကောင်းတယ် ..
ကိုယ်တိုင် တကယ်ရောက်သွားရသလိုဘဲ..
ကျောင်းပြေးပြီးတော့တောင် လျှောက်လည်ရ သလား ...ဟိဟိ ..
အမှတ်တရ ဖြစ်သွားတာ ပေါ့နော် ...
ငယ်တုံး ကဲထား ။။ သိလား ..
အမြဲတမ်း ပျော်ရွှင်နေနိုင်ပါစေ ညီမလေး ရေ...

ခင်တဲ့
ဖွား ကိ

yangonthar said...

ပါးလုံးမောင်လေးက တော်တော် မျက်နှာချိုပါတယ် ချစ်သမွေး လည်းပါပါတယ် ကျွန်တော်ကတော့ ကလေးတွေဆို တဗြဲဗြဲ အော်ရင် စိတ်သိပ်ညစ်တာ နောက်က လိုက်ဆွဲဖို့ တော့ ဝေး အဖေက ပြောတယ် မင်းမွေးမှသိမယ်တဲ့ ခုတော့ မချစ်တတ် ဘူးလုပ် နေတဲ့ ... ကလေးမချစ်တဲ့သူက မကြင်နာတတ် ဘူးတဲ့ .... အဲလို အပြောခံရသေးတယ် ဟဟ .... နော်ဝေ နိုင်ငံကို အလည်တစ်ခေါက်ရောက်သွားသလိုပဲ ကျေးဇူးတင် လိုက်တာ ပါးလုံးလေးရာ .... အဆောက်အဦတွေ အရုပ်ကြီး တွေနဲ့ အတော့်ကိုလှတာပဲ ..... ဖုန်းကို လည်ပင်းမှာ ဆွဲ ထားလေ ဟဟ ဟိုထည့်ဒီထည့်ထည့်တတ်တယ်ဆို ရင် :)) ဟိုပါးလုံးမောင်ဆရာသမားလေး ကို လွမ်းနေပြီလား မိသား စုဘဝဆိုတာ လူတစ်ယောက် အတွက် မရှိမဖြစ်လိုအပ် တယ်နော် လူတွေနဲ့ သိပ်မဝေးစေနဲ့ ဦး အထူးသဖြင့်မြန်မာ တွေနဲ့ ပေါ့ မြန်မာလူမျိုးဟာ အပြုံးနဲ့ အားပေးတဲ့နေရာ မှာ ဘယ်သူမှ မမှီတဲ့လူမျိုးဗျ ..... ပျော်ရွှင်မှုဆိုတာ မိသားစု ဘဝ မပါရင် မပြည့်စုံဘူးထင်တာပဲ (ရေးချင်တာ လျှောက် ရေးတာနော် .....) ပါးလုံးလေးက Depression တော့ ဝင်မယ့်ပုံပေါ်ပါ ဘူး ဒီလောက်ပျော်တတ်တာ .... ဟုတ် တယ်ဟုတ် ပါးလုံးရေးတဲ့ စာတွေထဲဖတ်ရင်း ပြုံးရယ်မိတာပဲ အိုကေ လျှာက အဲလို ရှည်တယ် .....
အဆင်ပြေပါစေဗျာ ဝက်မြီးဆွဲဖို့ ကြိုးစားလျှက် စပိန်နိုင်ငံကို အလည်ရောက်ပါစေ ....
ရန်ကုန်သား
အေးမြသာယာရှိပါစေ :))))

သားကြီး said...

အကောင်းဆုံးအကြံပေးမယ်
ဖဲကြိုးလှလှလေးဝယ်ပြီး ဖုန်းနဲ့ဆက် လည်ပင်းမှာချိတ်
အဲဒါတောင် အသံကြားလို့ ဘယ်နားထားမိပါလိမ့်ဆိုပြီးမရှာနိုင်ရင်တော့ ကျနော်လည်းအကြံမပေးတတ်တော့ဘူး ကလေးလေးက ချစ်စရာလေး
ဟိုအပုံက အဖွားကြီးကိုအားပေးနေတာမဟုတ်ဘူး
နင်ပဲငဆ ဒီလောက်တောင်တောင်တုံးရလားဟ ဆိုပြီးတော့ စိတ်ဆိုးပြီး အဖိုးကြီးက နဖူးချင်းတိုက်ပစ်လိုက်တာ (ဟီးး စတာပါဟာ)

သားကြီး said...

အတွေ့အကြုံတွေကို တဝကြီးဖတ်ရှုသွားတယ် ညီမလေးရေ
ရိုက်ထားတဲ့အပုံတွေလှတယ်
ပျော်ရွှင်ပါစေဗျာ

Anonymous said...

ချစ်သည်းရေ ကိုလာဖတ်သွားတယ်နော် ...၀က်မှီးလေးက ချစ်ဖို့ကောင်းတယ် မေထက်တို့နဲ့ လည်းတွေ့ ချင်တယ် စပိန်ကနေစောင့်နေချင်ပေမယ့် .ခုတော့ ပြန်မှ ဘဲ ၀င်လည်တော့မယ်နော်.
တွေ့မှ ၀က်မှီးလေးကို ဖမ်းတော့မယ် ခုတော့ မျောက်တစ်ကောင်နဲ့  ယုန်လေးတစ်ကောင် ၀ယ်ထားပြီး အဖမ်းကျင့်နေတယ်...ဟိး))

Anonymous said...

လာဖတ်သွားပါတယ်။ ကလေးလေး အိပ်နေတဲ့ပုံချစ်စရာ။ ဝက်မြီးဖမ်းဖို့ စဉ်းစားလိုက်အုန်းမယ်။

ခင်တဲ့
Winnie Pooh Gallery

mikozan said...

ပလုံး ဆုန်သင်း အစစ်လား ဟင်

g talk မှာ add ပေးဖို့ပြောပေးဟာ နော်

korea မှာလဲ ၁၉ နှစ်အောက်မဝင်ရတဲ့ပန်းခြံရှိတယ်
ကိုယ်လုံးတီး ထက်ဆိုးတယ်

ဟဲ ဟဲ ငါ့ညီမ ကလေး ချစ်တတ်နေပြီကိုး

ဒါဆို ရှေ့ရေးတွေတွေးခေါ်တတ်နေပြီ ပေါ့

ပျော်ရမယ် ထင်တဲ့ နေ. ဝမ်းနဲစရာကြားလို့ ငိုမဲ့မဲ့နဲ့ ဖြစ်နေတယ်ဟာ

thawzin said...

အမလေး ရှည်လိုက်တဲ့ပိုစ့်နော်........ ၀က်မြှင်္ီးကို ဘယ်လိုဖမ်းမလဲ အကြံမပြုတတ်ဘူး, မှောက်ပြီး အိပ်တတ်တဲ့ကလေးလေးကတော့ တကယ်ထူးဆန်းတယ်နော် အိပ်နေလိုက်တာများ အပူအပင်ကင်းပါ့။ အဲဒီမှာတော့ ကိုယ်လုံးထီးပန်းခြံပေါ့။ ဒီနိုင်ငံမှာတော့ ကိုယ်လုံးတည်း ပြတိုက်တွေ အများသားပဲ။ ဖုန်းကို ကိုယ်နဲ့မကွာထားနဲ့ ဂိမ်းကောင်းကောင်းထည့်ထားပြီး အပျင်းပြေကစားလို့ရတယ်။ ဒါမှမဟုတ် သီချင်းနားထောင်ပေါ့။ ကိုးရီယားကားထဲက မင်းသမီးလို့ လုပ်နေတာပေါ့ ဖုန်းလိုက်ရှာတဲပုံစံကလေ.... ဟင်း(သက်ပြင်းချသံပါ)

မိုးစက်အိမ် said...

ပလုံတို.ကတော. ကို.မောင်လေးကို နာမည်ဖျက်နေတယ် ၀က်မြီးဆိုပြီး
ဖုန်းက လူနဲ. ကပ်နေပြီဆိုတော. ခုရော ဘယ်လို ထားလို.လည်း လည်ပင်း
ဆွဲထားတာလား :D ... တော်သေးတယ် ပလုံရာ ပုံတွေကြည်.တာ ပလုံဦးလေး
မိန်းမက ဆုန်းသင်းပါရ် နဲ.တူလှချည်လားပေါ. အဟတ် ... ဘယ်ဟုတ်မလည်း
စာရေးထားတာတွေမှ ရှင်းတော.တယ် ဟီးးးးးးးးးးးးးးး ချောတီး ...

လင်းကြယ်ဖြူ said...

ပျော်စရာကြီးဟေးးး
ကလေးလေးက ချစ်စရာလေးနော်
တော်တော်ဆော့မယ့်ပုံပဲ..၀၀ကစ်ကစ်လေး..
အားလုံး ပျော်ပါစေနော..

Angel Shaper said...

ပါးလုံးရေ အတွေ့ အကြုံတွေ အားပါးတရဖတ်သွားပါတယ်။
မောင်လေးက ချစ်စရာလေးနော်။
ပျော်စရာကောင်းတဲ့ မိသားစုလေးပဲ။
ဘုရားရှင်ဆက်လက်ကောင်းကြီးပေးလို့  အောင်မြင်ပျော်ရွှင်ကြပါစေ။

ahphyulay said...

ဒေါ်ပါးလုံးရေ့ ..ဝက်မြီးဖမ်းချင်ရင်နောက်ကနေဖက်ပြီးဖမ်းရတာ
မဟုတ်လား။ထင်တာပြောတာပါ။ခလေးကတော့  လွှတ်ချစ်ဖို့ 
ကောင်းပါဘိခြင်း။ဘုရားသခင်ကောင်းချီးပေးပါစေဗျာ...။

သူကြီးမင်း (တုံးဖလား) said...

ညီမလေးပါးလုံးရေ
ဝက်မီးဖမ်းနည်းက လွယ်ပါတယ်။ တင်ပါး တစ်ချက်ပုတ်လိုက်ရင် အမြီးတန့်သွားလိမ့်မယ်။ အဲဒီအခါကျမှ ကျည်တောက်နဲ့စွပ်ထားလိုက်။ နောက်ဖမ်းရတာ လွယ်သွားစေရမယ်။ အဟဲ။
ကလေးကို ငြိမ်အောင် အကိုလဲ ထိန်းတတ်ဘူး။ မ၀ါဝါခိုင်မင်းကို မေးကြည့်ပါလား။ သူသိကောင်းသိနိုင်တယ်။

ဖတ်ရတာ ဗဟုသုတရတယ်။ နော်ဝေးတောင် ရောက်ဖူးချင်လာပြီ။

Anonymous said...

ပါးလုံးရေ
ဒီတစ်ခါဆို ဖုန်းringetone ကို ဟဲ့ပလုံးငါဒီမှာလေ ငါဒီမှာပါဟဲ့ပလုံးရဲ့ ဆိုပြီး ထည့်ပေးထာလိုက်ရင်တောင် အဆင်ပြေပ့ါမလားမသိဘူးနော်
ကင်မ၇ာ အသံကိုတော့ ပလုံးရေ ငါကျကျန်ခဲ့ပြီ ငါကျန်ခဲ့ပြီ ဆိုပြီးထည့်ပေးရမယ်
ဦးစိုးမိုး

Anonymous said...

အဟေဟေ.. ဦးလေးမိသားစုကိုကြည့်ပြီး အားကျနေတယ်ပေါ့လေ......။

မချစ်ရ said...

လာလည်ပါတယ်ညီမလေးရေ
တူလေးကချစ်စရာလေးနော်

အနမ်း said...

တူမလေးအတွက် ၀က်မြီးလေးကိုလာကြည့်တား)
အဆင်ပြေပျော်ရွှင်ပါစေ

Anonymous said...

ဓါတ်ပုံတွေ နောက်တခေါက်ထပ်ကြည့်သွားတယ်
ဝက်မြီးဖမ်းနည်း ပြောခဲ့မယ် ၀က်မြီးကို ငြိမ်ချင်ရင် ဘာမီတွန် နဲနဲ အမှုန်ကြိတ် ပြီးသာ တိုက်လိုက်တော့ ဒါဆို ၀က်မြီး ငြိမ်သွားမှာ :)

ကိုကြီး

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။