Feeds RSS

Sunday, October 18, 2009

နည်းနည်းလေးတော့ လွဲနေတယ်

အင်း စာမရေးတာကြာတော့ ဘယ်ကနေ စရေးရမှန်းတောင် မသိချင်တော့ဘူး။ ပါးလုံးနော်ဝေ ရောက်စ အတွေ့အကြုံ လမ်းခရီး အတွေ့အကြုံ၊ အခုထိကြုံလို့ မပြီးသေးတာလေးတွေ ရေးဦးမှပဲ ဆိုပြီးတော့ စဉ်းစားမိတယ်။

ပါးလုံးတို့ထွက်လာရတာ အားလုံးပေါင်း မိသားစု သုံးစုဗျ။ ပါးလုံးတို့ သားအဖရယ်။ နောက်ပါးလုံး တို့နဲ့တမြို့တည်း နေတဲ့ ရွှေရွှေတို့ မိသားစုရယ်။ နောက် ပါးလုံးဦးလေးရဲ့ သူငယ်ချင်း မိသားစုရယ် သုံးစုထွက်လာတာဗျ။ တမြို့တည်းသားတွေ ဆိုပါတော့ဗျာ။

အဲ့ဒီဦးလေး သူငယ်ချင်းမိသားစုက ကလေးက အားလုံးလေးယောက်ဗျာ ယောက်ျားလေး ၂ယောက် မိန်းခလေးနှစ်ယောက်။ အဲ့တော့ ဘန်ကောက်လေဆိပ်ကနေ ဟာသလေးတွေ၊ အလွဲလေးတွေ တန်းစီနေတာပေါ့ဗျာ။ အခုမှသာ ပြန်တွေးရယ်နိုင်တာပါ။ အဲ့ဒီအချိန်တုန်းကတော့ မရယ်နိုင်ခဲ့ပါဘူး။

ဘန်ကောက်လေဆိပ်မှာ ပါးလုံးတို့ ရှစ်နာရီလောက် စောင့်ရတယ်။ အဲ့ဒါနဲ့ ထွက်လာခါနီးတုန်းက ပါးလုံးကို နော်ဝေရောက်တာ တစ်နှစ်ရှိပြီဖြစ်တဲ့ ဦးလေးမိန်းမက ဘာတွေသယ်ခဲ့ရမယ်။ လမ်းမှာ ရေသောက်ဖို့ကအစ အကုန်မှာတာ။ လေယာဉ်မှာ ငါးကီလိုအိတ် ကီလိုနှစ်ဆယ်အိတ် ဘယ်အိတ်ကို ဘာတွေထည့် ဆိုတာကအစ သေသေချာချာ ပြောတယ်ဗျာ။

အဲ့ဒါ ငါးကီလိုအိတ်က သွားတိုက်ဆေးတွေ ဘာတွေထည့်မရဘူးမဟုတ်လား။ အဲ့ဒါကို ပါးလုံးတို့ စာအုပ်တန်းစီတဲ့နေရာမှာ ရောက်တော့ ရွှေ့ရွှေ့မိန်းမက “ဟဲ့ ပါးလုံး နာရီတွေကိုကြည့်စမ်းပါဦး အများကြီးသာ ချိတ်ထားတာ တခုမှလည်း မမှန်ဘူးတဲ့” အဲ့တော့ ပါးလုံးလည်း နံရံကြီးကို ကြည့်လိုက်တယ်။

ဘန်ကောက်လေဆိပ်မှာ အဲ့ဒီစာအုပ်တွေတန်းစီတဲ့နေရာက နံရံမှာ နိုင်ငံပေါင်းစုံနာရီ ကပ်ထား တယ်ဗျ။ အပေါ်မှာ နိုင်ငံနာမည်ပါ ရေးထားတယ်လေ။ ဒါကိုသူကပြောတော့ ပါးလုံးက အစက တော့ အေးဟုတ်သားပေါ့။ နောက်မှ “ဟာ အန်တီမာအေးကလည်းဗျာ အဲ့ဒါနိုင်ငံတကာ စံတော်ချိန် တွေဗျ။ ” ဆိုတော့မှ ရယ်လိုက်ရတာ။

အဲ့ဒါနဲ့ အန်တီမာအေးက ဟိုဘက်မိသားစုကို လှမ်းပြီးတော့ “ဟေ့ နင်တို့ ဘီးတွေဘာတွေ ပါရင် အကုန် လုံးကိုလွှင့်ပစ်ခဲ့ သွားတိုက်ဆေးတွေပါရင် လွှင့်ပစ် စစ်နေရင်အချိန်ကြာမယ်ဆိုပြီးတော့ လွှင့်ပစ် ခိုင်းတယ်။” ဟိုမိသားစုကလည်း အကုန်လုံးကို လွှင့်ပစ်တာဗျာ။ ဘာမှမကျန်ဘူး။

ပါးလုံးကတော့ မလွှင့်ပစ်ဘူး။ နောက်ဆုံးစစ်ပြီးတော့ အဲ့ဒါတွေ လွှင့်ပစ်ဖို့မလိုပါဘူး။ အဲ့လိုနဲ့ လေယာဉ်ပေါ်ရောက်တော့ ပါးလုံးတို့အကြာကြီးစီးရတယ်။ ပါးလုံးတို့က လန်ဒန်မှာ လေယာဉ်ချိန်း တယ်လေ။ အဲ့တော့ လန်ဒန်လေဆိပ်မှာ ၇နာရီ စောင့်ရတယ်။ နော်ဝေကိုတဆင့်ပြန်စီးဖို့အတွက်။

အဲ့လိုဆိုတော့ လန်ဒန်လေဆိပ်ရောက်တော့ အကုန်လုံးက ခရီးပန်းနေကြပြီဗျာ။ အဲ့ကလေးများတဲ့ မိသားစုက သူ့သမီးလေးတွေရဲ့ ဆံပင်ကအရှည်ကြီးဗျာ ဘီးကလည်းအကုန်လွှင့်ပစ်ခဲ့ပြီလေ။ အဲ့တော့ ပါးလုံးလည်း ဟိုရောက်လို့သူတို့ ဆိုင်တွေဘာတွေ မတွေ့သေးရင် ဒုက္ခဖြစ်မှာစိုးတာနဲ့ ပါးလုံးမလွှင့်ပစ်ပဲ ချန်ထားတဲ့ ဘီးလေး ထုတ်ပေးလိုက်တယ်။

ပါးလုံးတော့ တလလောက် ဘီးမရှိပဲဖြတ်သန်းလိုက်ရတယ်ဆိုပါတော့။ ဘီးပေးလိုက်ရတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက အဲ့ဒီညီအမနှစ်ယောက်မှာ အကြီးမလေးက နည်းနည်း တုံးတယ်။ အငယ်မက သွက်တယ်။ အဲ့အချိန်မှာ မယ်မင်းကြီးမလေးတွေက မပါးလုံးတဲ့ အပေါ့အပါးလေး သွားချင်တယ်တဲ့လေ။

အဲ့ဒါနဲ့ အေးအေး ငါရှာပေးမယ်ဆိုပြီး အတူတူသွားကြတာ။ အဲ့ဒါအငယ်မက အကြီးမ အထာကို ကြိုသိနေတယ်ထင်တယ်။ မီးကြီးတဲ့ နင်မဝင်ခင် မပါးလုံးကို ခလုတ်တွေ ဘာတွေအရင်မေးထားတဲ့ လေ။ အဲ့တော့ သူက မပါးလုံးတဲ့ သမီးကို ပြီးရင် ဘယ်လိုနှိပ်ရမယ် ပြောပြပေးပါတဲ့ အဲ့ဒါနဲ့ ပါးလုံးလည်း သူဝင်မယ့်အိမ်သာထဲကို ဝင်ပြီးတော့ ပြတာပေါ့။

အိမ်သာတွေများသလောက် လူတွေလည်းများတယ်လေ။ တခြားအိမ်သာတွေ လွတ်တော့မှ ပါးလုံးဝင်မယ်လုပ်တော့ တံခါးလေးပဲ ပိတ်ရ သေးတယ်။ မပါးလုံးရေ မပါးလုံးရေဆိုပြီး လယ်ကွင်းထဲမှာ အော်သလို အော်ခေါ်ပါလေရော။ လူက တံခါးလေး ပြန်ဖွင့်ပြီးထွက်လာတော့ ဖလားဖလား အိမ်သာခန်းအကုန်လုံး နံဆော်နေတာပါလား နော်။

အဲ့မှာ အိမ်သာလာတက်တဲ့ နိုင်ငံခြားသားတွေလည်း တစ်ခါမှ ဒါမျိုးကြုံဖူးပုံမပေါ်ဘူး။ နံခေါင်းလေးတွေ ပိတ်ပြီး ထွက်သွားကုန်ကြတယ်။ ဘာတွေဖြစ်လည်းဆိုတော့ သူက အိမ်သာတက်ပြီး ခလုတ်မနှိပ်တက်တော့ တံခါးဖွင့်လိုက်ပြီး ပါးလုံးကိုလိုက်ရှာတာလေ။ အဲ့ဒါပါးလုံးလည်း နှခေါင်းပိတ်ပြီး သွားလုပ်ပေးရတယ်။

မီးကြီးကိုဆူမလို့ ကြည့်လိုက်တော့ သူ့ခဗျာ လည်း မလုပ်တတ်လို့ စိတ်ညစ်နေပုံရတယ်။ ဆောင်းတွင်းကြီး ချွေးတွေလည်း ရွှဲနေတာပဲ။ ဒါနဲ့မဆူပဲ တို့မီးကြီးကတော့ ရိုက်ချက်ပြင်းတယ်ဟာ လို့ ပြောပြီး အိမ်သာထဲကနေ နှစ်ယောက်သားထွက်လာခဲ့ကြတယ်လေ။

အဲ့အချိန် နယ်လီအောင် ဘယ်ရောက်နေလည်း ကြည့်လိုက်တော့ နယ်လီအောင်က မရှိတော့ဘူး။ နယ်လီအောင်ဆိုတာက အငယ်မလေးနာမည်ပါ။ နယ်လီအောင်က သူ့အမအကြောင်း သူသိပုံရ တယ်။ ပါးလုံးတို့ ထိုင်တဲ့ နေရာရောက်တော့ သေချာတာပေါ့ နယ်လီအောင်က အရင်ရောက်နှင့်နေပြီ။

ဒါနဲ့ မီးကြီးအကြောင်း သူ့အမေကိုပြောတော့ နယ်လီအောင်က ဒါကြောင့် မပါးလုံးကို အရင်သင်ပေးခိုင်း ပြောတာတဲ့လေ။ အဲ့မီးကြီးက ဘန်ကောက်လေဆိပ်မှာတုန်းကလည်း အဲ့လိုပဲ တဲ့လေ။ သမီးခံရပြီးပြီတဲ့။ ပါးလုံးလည်း ဘာမှမပြောနိုင်တော့ပါဘူး။ အဲ့တုန်းကတော့ မရယ်နိုင်ဘူး အခုတော့ တကယ်စဉ်းစားလေ ရယ်ချင်လေ။

အဲ့လိုနဲ့ အဲ့ဒီမှာ ခြောက်နာရီနားတုန်း လန်ဒန်လေဆိပ်မှာ နားရတယ်လေ။ ဓါတ်ပုံတွေ လိုက်ရိုက် လျှောက်ကြည့်။ ပါးလုံးအဲ့ လေဆိပ်မှာလည်း ဘာမှမစားထားဘူး။ လေယာဉ်ပေါ် ရောက် တော့လည်း ကျွေးတာကို မစားဘူး။ အဲ့တော့ လူက မူးနေတာ။

ဒါနဲ့ နော်ဝေလေဆိပ်ရောက်တော့ ပါးလုံးတို့ကို လာကြိုတယ်။ ဟိုကလေးတွေနဲ့ မိသားစုကတော့ လေယာဉ်ထပ်စီးစရာမလိုတော့ဘူး။ သူတို့က Oslo နားကမြို့မှာ ပဲဆိုတော့ ကားနဲ့ပဲ သွားရတယ်။ ပါးလုံးတို့က Ålesund ဆိုတော့ လေယာဉ် တဆင့်ထပ်စီးရဦးမယ်လေ။ အဲ့ဒါနဲ့ လာကြိုတဲ့ တယောက်က လမ်းကဝေးတော့ အစဉ်ပြေလားတဲ့။

ပါးလုံးကပြေတယ်လို့ ဒါပေမယ့် ငါဗိုက် မတရားသဖြင့်ကို ဆာနေတယ်လို့ ပြောတော့ အေးငါဝယ် ကျွေးမယ်တဲ့။ ဒါနဲ့ ပစ္စည်းတွေ နောက်လေယာဉ်အတွက် ချိန်းစရာရှိတာချိန်းလည်းပြီးရော သူက ဆိုင်ကို ခေါ်သွားတယ်။ ကြိုက်တာယူခိုင်းတယ်။

ပါးလုံးကို ဦးလေးမိန်းမက နော်ဝေမလာခင်က ပြောထားတယ်။ နော်ဝေက ပန်းသီးက အရည်ကို ရွှမ်းနေတာပဲတဲ့။ အဲ့ကတည်းက ကြိမ်းထားတာ နော်ဝေရောက်လို့ကတော့ ပါးလုံးတို့ အရင်ဆုံးစားမှာ ပန်းသီးပဲလို့လေ။ ဒါနဲ့ ဆိုင်မှာ ပါးလုံးပန်းသီးအနီရဲရဲ တလုံးကိုရွေးလိုက်တယ်။ နောက်တော့ ရေတပုလင်း ယူလိုက်တယ်။ ဌက်ပျောသီးတလုံးနဲ့။

ကျန်တဲ့မုန့်ကတော့ လေယာဉ်ပေါ်မှာ ကျွေးကတည်းက မစားချင်တာ၊ တောကလေးဆိုတော့ မ ကြိုက်ဘူးဗျ။ ဒါနဲ့ လေယာဉ်က သုံးနာရီစောင့်ရမယ်ဆိုတော့ ခုံလည်းရရော အရည်ရွှမ်းပြီး ချိုပါ တယ်ဆိုတဲ့ ပန်းသီးကြီးကို အားရပါးရကိုက်လိုက်တာ ချဉ်တူးစုတ်ပလုပ်တုတ်နေတာပဲဗျာ။

သွားက လေတိုက်ရင်တောင် ကျိမ်းနေတာ မခံစားနိုင်ဘူးဗျာ။ အော်ပါငိုချင်တယ်။ အခုတော့ အဲ့ဒီချဉ်တူးနေတဲ့ ပန်းသီးကို သရက်သီးငါးပိချက်သလို ချက်စားပစ်တယ် ဘာရမလည်း။ ဟွန့်။ ဒါနဲ့ ဝယ်လာတဲ့ ရေပုလင်းကို အားရပါးရသောက်မယ်ဆိုပြီး မော့လိုက်တော့ ဆော်ဒါတွေ ဖြစ်နေလေရဲ့။ စိတ်နာတယ်။

ဒီမှာ ရေပုလင်းတွေက အမျိုးအစားအများကြီး ဆိုတာ အခုနောက်ပိုင်းမှ သိလာတာဗျ။ သုံးပုလင်းလောက်တော့ မှားဖူးတယ်ဗျ။ ရေဖြစ်ပါစေဆိုပြီး မေးပြီးဝယ်တာပဲ။ ဒါပေမယ့် တမျိုးမဟုတ် တမျိုး ထိတာပဲ။ ရောက် ရောက်ချင်း ဘယ်သိပါ့မလည်း။ ဒါနဲ့ မထူးတော့ပြီမို့ ဆိုပြီး ဌက်ပျောသီးကို ခွာလိုက်တာ အစိမ်းကြီးဗျ သူတို့ကမမှည့်ပဲ စားကြတယ်။

အဲ့လိုနဲ့ ပါးလုံးတို့ နေရမယ့်မြို့ကို လေယာဉ်တဆင့်ထပ်စီးရတယ်။ ည ဆယ့်တစ်နာရီလောက် ရောက်လာတယ် ဆိုပါတော့။ ပါးလုံးတို့နေရမယ့် အိမ်ကို လိုက်ပို့တယ်ဗျာ။ ဒါနဲ့ ပါးလုံးလည်း အိမ်ရောက်ရောက်ချင်း အိမ်ကိုလိုက်ကြည့် မီးဖိုထဲရောက်တော့ ဟာ ပန်းသီးတွေဆိုပြီး အားရပါးရပြေးကိုင်လိုက်တာပေါ့။

ဘယ်ကသာ ကြက်သွန်နီတွေဖြစ်နေတယ်လေ။ ပန်းသီးလောက်ကြီးတဲ့ ကြက်သွန်နီတွေ မြင်တော့ ဒီတခါစိတ်မညစ်တော့ပါဘူး။ အော်ပဲရယ်လိုက်တယ်။ တုံးလိုက်တဲ့ ငါပါလားပေါ့။ ဒီလိုနဲ့ နောက်နေ့မနက် ဝယ်စရာရှိတာတွေဝယ်မယ်ဆိုပြီး Coop ကို ရောက်လာတယ်။ Coop ဆိုတာကတော့ ဒီကဆိုင်နာမည်။

အဲ့ဒီမှာ ရွှေရွှေတို့မိသားစုကလည်း ပါးလုံးကိုအပါခေါ်တယ်။ သူတို့က နော်ဝေစကားကလည်း မတတ်သေး။ အင်္ဂလိပ်စကားလည်း မတတ်တော့ တခုခုဝယ်မယ်ဆို ပါးလုံးကို စာဖတ်ခိုင်းတယ်ဗျာ အဲဒါ အန်တီမာအေးက မျက်နှာသစ်ဆပ်ပြာတဲ့။ ပါးလုံးလည်း သေချာဖတ်ပြီးတော့ ပါးလုံးတဘူးယူ လိုက်တယ်။ သူလည်းတဘူးပေါ့။

နောက်တော့ ဟင်းရွက်တွေအတန်းမှာ လျှောက်ကြည့်တော့ ပါးလုံးပါးစပ်ဟသွားတယ်။ တရုတ် ကားထဲမှာမြင်ဖူးနေကျ တရုတ်တွေ တန်ဖိုးထားတဲ့ ဂျင်းစင်းကို ဒီဟင်းရွက်တန်းမှာ ပါကင်ပိတ်ပြီး ရောင်းနေပါလားပေါ့။

သူက လက်နှစ်လုံးခွဲလောက်ရှိတယ်ဗျ။ အမြစ်ကလေးတွေလည်း တို့လို့တွဲလောင်းမဟုတ်လား။ ဝါခြောက်ခြောက်လေး ဖြစ်နေတယ်ဗျာ။ ညစ်ညစ်ကလေးပေါ့။ ဒါနဲ့ ပါးလုံးကို ဒါကဘာ ဒါကဘာဆို ပြီးလိုက်ရှင်းပြတဲ့ နော်ဝေမကို နင်တို့ဒီဆိုင်မှာ ဂျင်စင်းလည်း ရောင်းတယ်နော်ဆိုတော့ သူက ဘာလည်း ဂျင်စင်းတဲ့။ ဒီဟာဘာလည်းဆိုတော့ မုန်လာဥအဖြူတဲ့လေ။

ဖလားဖလား ပါးလုံးတို့ရွာမှာက မုန်လာဥဆိုတာက ခြံထဲကထွက်တာ လတ်လတ်ဆတ်ဆတ် အကြီးကြီး တွေလေ။ ဒီရောက်တော့ မုန်လာဥက ဂျင်းစင်းလေးကျနေတာပဲ။ လူက ရယ်ပဲရယ်ရမလား ငိုပဲငိုရ မလားမသိတော့ပါဘူး။

အဲ့လိုနဲ့ နောက်နေ့ကျတော့ အိမ်ကိုရွှေရွှေက ရောက်လာပါလေရော။ နောက်တော့ ဟဲ့ပါးလုံးတဲ့ နင်ဝယ်ပေးလိုက်တဲ့ မျက်နှာသစ်ဆေးက အဲ့ဒါမျက်နှာသစ်တာမဟုတ်ဘူးတဲ့ မုတ်ဆိတ်ရိတ်တဲ့ အဆီတဲ့ မုတ်ဆိတ်ရိတ်ခါနီး သုံးတဲ့ဟာတဲ့။ အဲ့တော့ ပါးလုံးလည်း ရေချိုးခန်းကို ပြေးပြီး ဘူးကိုသွား ယူတာပေါ့။

ဒါနဲ့ပါးလုံးက ဟုတ်သေးပါဘူးပေါ့။ ဘာလို့လည်းလို့ အဲ့ဒီဘူးက ကြည့်ရင်တော့ အရည်ဗျာ ညှစ်လိုက်ရင် အမြှုပ်ပဲထွက်တယ်။ ဒီကမျက်နှာသစ်ဆပ်ပြာတိုင်း အဲ့လိုပဲ။ ဒါနဲ့ပါးလုံးက အမြှုပ်ပဲထွက် လို့လားလို့ မေးတော့ နင်စာလည်း သေချာဖတ်ကြည့်ဦးတဲ့။

အဲ့မှာရေးထားတာက Mousse လို့ ရေးထားတယ်ဗျာ။ အဲ့ဒါနဲ့ ပါးလုံးက ဒါအသီးကနေလုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာပါ ပေါ့။ သေချာပါတယ်စဉ်းစားတာလေ။ ဒါနဲ့ပါးလုံးလည်း ဒစ်ရှင်နရီ ပြေးယူပြီးကြည့်တော့ ပါးလုံးသိတာ မှန်ပါတယ်ပေါ့။

ဒါနဲ့မေးလိုက်တာ ရွှေရွှေ ဘာလို့ မုတ်ဆိတ် ရိတ်တဲ့ ဟာလို့ ပြောတာလည်းမေးတာ့ အဲ့မှာ မုတ်ဆိတ်လို့ရေးထားတာ နင်မတွေ့ဘူးလားတဲ့။ Mousse ကို ဆရာသမားက Burglish နည်းနဲ့ ဖတ် ပြီး ဘာသာပြန်လိုက်တာ မုတ်ဆိတ်တဲ့။

အဲ့တော့မှ ပါးလုံးတယောက် ခွက်ထိုးခွက်လန် ရယ်လိုက်ရတာ။ အစကတော့ သြော် ငါ့ကိုအားကိုး ပါတယ်ဆို ငါကအမှားချည်းပဲ ဘာသာပြန်ပေးမိလားပေါ့။ နောက်တော့မှ ဘယ်ဟုတ်မလည်း။ အဲ့တော့ ပါးလုံးက ရွှေရွှေကလည်း Toilet တခွက် ပေးလိုက်ပါထက် ဆိုးနေပြီလို့ ပြောလိုက်တယ်။

အဲ့ဒါကဒီလိုဗျ ရွှေရွှေက ထိုင်းမှာတုန်းက ဆွီဒင်အဖွဲ့ကို နို့ဖိုးကို ခေါ်သွားတယ်။ သူကအင်္ဂလိပ် စကားလည်းမပြောတတ်။ ဟိုအဖွဲ့ကလည်း ဗမာစကားမတတ်နဲ့ လမ်းမှာ လက်ဟန်ခြေဟန်နဲ့ စကား ပြောသွားတယ်တဲ့။

အဲ့ဒါ ဟိုက အေးတယ်ပြောတော့ သူက “ယား ဟိုက် မောင်တိန် မောင်တိန်” တဲ့လေ ဟိုကနား လည်ပေးတာပါတယ်။ လေပေးကတော့ လက်ဟန်ခြေဟန်နဲ့ တည့်နေတာပေါ့ဗျာ။ ဒီလိုနဲ့ နားတဲ့နေရာရောက်တော့ အဲ့အဖွဲ့က Toilet လို့မေးတော့ သူက ငါဒီအချိုရည် တခါမှမကြားဖူးပါဘူး တဲ့။ Cola တို့ ဘာတို့ပဲသိတယ်ပေါ့။

ဟိုကလည်း အိမ်သာတော်တော် တက်ချင်နေပုံရတယ်တဲ့ မေးပဲနေတော့ သူလည်းဘာလုပ်ရမှန်းမ သိတာနဲ့ ဆိုင်ကိုခေါ်သွားပြီး Toilet တခွက်ပေးလိုက်ပါဗျာတဲ့လေ။ ဟိုဗမာစကား မတောက်တ ခေါက်တတ်တဲ့ ရှမ်းမကလည်း သူ့ဆီမှာ Toilet အချိုရည်မရောင်းပါဘူးတဲ့။

အဲ့ဒါနောက်ဆုံးမှ ခရီးသွားအတူတူထဲက မေးတော့မှ အဲ့ဒါအိမ်သာသွားချင်တာဆိုတော့ သူ့မှာ ဘာပြောရမှန်းမသိတော့ဘူး။ ဟိုလူသာမကယ်ရင် ဒီဆွီဒင်သားလည်း တော်တော်ဒုက္ခဖြစ်မှာ သေချာတယ်ထင်တယ်။ သြော် ဒါနဲ့ပဲ အရစ်တွေရှည်ကုန်ပါပြီ။

ပါးလုံးတို့ ဒီ Brattvåg မြို့မှာက အာရှဆိုင်မရှိဘူး။ Ålesund ဆိုတဲ့ မြို့ကို သွားဝယ်ရတယ်။ အဲ့မြို့နဲ့ ဒီမြို့က ၄၅မိနစ် ကားစီးရတယ်။ ပါးလုံးတို့ဒီမြို့မှာက မိသားစုဆရာဝန်ရှိပေမယ့် တကယ် ဆေးစစ်တာ ဓါတ်မှန်ရိုက်တာ ဆိုရင်တော့ အဲ့မြို့ကိုသွားရတယ်။

ပါးလုံးက ဆေးရုံကို တလကို အနည်းဆုံး ၂ခေါက်တော့ သွားရတယ်။ အဲ့လိုသွားရင်းနဲ့ အဲ့ဒီ အာရှဆိုင်မှာ အပြန်ဆို ဈေးဝင်ဝယ်တယ်လေ။ အဲ့ဒါနဲ့ နှမ်းဖတ်ချဉ်ဘူးကို မြင်တော့ ပျော်လိုက်တာ။ သုတ်စားမယ်ပေါ့။

တောင်ငူမှာတုန်းကတော့ ပါးလုံးတို့ ပဲဆီကျိတ်တဲ့ ပဲစက်တွေမှာ နှမ်းဖတ်ချဉ်အပြားတွေ အလကား ယူပြီး ရေစိမ်ပြီးမှ သုတ်စားကြတယ်လေ။ အဲ့ဒီအခုဝယ်လာတဲ့ နှမ်းဖတ်ချဉ်ဘူးကပုံမှာလည်း စက်မှာ လူက လှည့်နေတဲ့ပုံပြထားတယ်ဗျာ။ ပြီးတော့ နှမ်းဖတ်ချဉ်အရောင်နဲ့ အစိမ်းဖတ်လေးတွေ ဖိုးလိုးဖတ်လတ်လေးလည်း ပါသေးတယ်။

ဒီတော့ ဝယ်လာတာပေါ့။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ တပတ်ကျော်ကျော်လောက် ကြာသွား တယ်။ ဘာလို့လည်းဆိုတော့ ပါးလုံးမသုတ်တတ်လို့။ ဒါနဲ့ ဦးလေးမိန်းမကို နှမ်းဖတ်ချဉ်သုတ်နည်း လေးမေးပြီးတော့ ကြက်သွန်တွေဘာတွေလှီး အကုန်အဆင်သင့်ဖြစ်တော့မှ နှမ်းဖတ်ချဉ်ဘူးကို ဖွင့် လိုက်တယ်။

ဒါနဲ့ ကြက်သွန်ပေါ်ကို နှမ်းဖတ်ချဉ် မထည့်ခင် အရသာလေးမြီးမယ်ဆိုပြီး ဇွန်းလေးနဲ့ကလော်တော့ မာကလောက်နေတာပဲ။ ဒါနဲ့ ပါးစပ်ထဲနည်းနည်းထည့်ကြည့်တော့ ဖလားဖလား။ ဌက်သိုက်မုန့် တွေဖြစ်နေလေရဲ့။ ကြက်သွန်မြိတ်လို့ထင်တဲ့ အစိမ်းဖိုးလိုးဖတ်လပ်က ကွာစေ့တွေ ခွာထည့်ထားတာ ဗျာ။

ဒါနဲ့ စိတ်မညစ်အားတော့ဘူး အော်ရယ်ပစ်လိုက်တာ အဖေတောင်လန့်သွားတယ်။ ညကျတော့ လိုင်းပေါ်မှာ ဦးလေးမိန်းမကမေးတယ် ငါရောက်တာကြာပြီ နှမ်းဖတ်ချဉ်တခါမှ မစားရသေးဘူးတဲ့ နင်ဘယ်က ဝယ်တာလည်းတဲ့။

အဲ့တော့မှ အဲ့ဒါနှမ်းဖတ်ချဉ်မဟုတ်ဘူး။ ဌက်သိုက်မုန့်လို့ ပြန်ပြောရတယ်။ အဲ့ဒါကြောင့် ဦးလေးက ခဏခဏပြောတာ ပါးလုံးရေ နင့်အိမ်လာရင် နော်ဝေနှမ်းဖတ်ချဉ်တော့ သုတ်မကျွေးနဲ့နော်လို့ အစခံရတာ မပြောပါနဲ့တော့။ သြော် ရောက်စကပဲ လွဲ တာလားမှတ်တယ်။ ရောက်တာ ကြာပြီဖြစ်တော့လည်း လွဲတာပဲ။ အရင်ကလည်းလွဲ အခုလည်း လွဲ နောက်လည်းလွဲဦးမယ် ထင်ပါရဲ့။

အင်းလွဲလွဲလေးလည်း ကောင်းပါတယ်ပေါ့နော်။

အခုတလောလည်း ကျောင်းနဲ့ အလုပ်နဲ့ အားဘူးဖြစ်နေတာနဲ့ အိမ်တောင် ကောင်းကောင်းမလည်ဖြစ်ဘူး။ စိတ်ဆိုးနဲ့နော် အိမ်တွေကို မလည်ဖြစ်ရင် စာမေးပွဲလည်း နီးနီး နီးလာပြီ ကျော်ကျော် ကျော်သွားမှပဲ ကောင်းကောင်း အိမ်တကာလည်နိုင်တော့မယ်ထင်ပ။ အဟိ။ အခုလို လာရောက်အားပေးတာ ကျေးဇူးအထူးပင်တင်ရှိပါတယ်။

တဦးတယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး




ဆက်ဖတ်ရန်...

Thursday, October 8, 2009

စတစ်ကာနဲ့ ရော့ကာတိုက်ပွဲ


မနက်ဖြန် ကျောင်းတက်ရမှာ ဆိုပေမယ့် အိမ်စာလည်းနည်းလို့ အခန်းရှင်းရင်း ရော့ကာ (Rocker)လေးကိုတွေ့လို့ သတိယသွားတယ်။ ဒီရော့ကာ(Rocker)မြင်တော့ ပါးလုံးရဲ့ ခြေသလုံးလေးကို တောင်ပြန်ပွတ်မိတယ်။ အဲ့ဒီအဖြစ်က ပြန်ပြောပြရမှာတောင် ကြက်သီးထတယ်။ ပါးလုံးနော်ဝေကိုမလာခင်က အမေရိကားသွားမယ့်သူငယ်ချင်းက ပြောတယ်။ "ငါအမေရိကားရောက် လို့ကတော့ရော့ကာ( Rocker) ဖိနပ်ကို ၀ယ်စီးပစ်မယ်"တဲ့။

အဲ့ဒါနဲ့ ပါးလုံးလည်း " ဟင်နင်ကလည်း တယ်လည်းအကြံကြီးပါလားပေါ့။ ကျောင်းဘယ်လိုတက်မယ်မစဉ်းစားဘူး"လို့ ပြန်ပြောလိုက်တယ်။ ပြီးတော့ သိတဲ့အတိုင်း ပါးလုံးက တောကလေးဆိုတော့ ရော့ကာ( Rocker) ဖိနပ်က ဘာပုံလည်းဆိုတာလည်း မသိဘူး။ ငယ်ငယ်ကတည်းက အဆန်းအပြားတွေစိတ်မ၀င်စားလို့လားမသိဘူး သူပြောတဲ့ ရော့ကာ(Rocker) ကို လည်း သတိမထားမိဘူး။

သူကပြောတယ်။ "နင်လည်းနော်ဝေရောက်ရင် မစီးချင်လို့မရဘူးတဲ့ အဲ့ဒါနင်အမြင့်မစီးချင်ရင်တောင် တပြေးညီစီးလို့ရတယ်တဲ့။ အရမ်းအေးတော့ ရော့ကာ( Rocker) မစီးလို့ မရဘူးတဲ့။သူပြောတဲ့ရော့ကာ( Rocker) ဖိနပ်ဆို တာက ခြေသလုံးထိရှည်တဲ့ ဖိနပ်ကိုပြောတာ။

ဒါနဲ့ စိတ်မ၀င်စားဘူးဆိုပေမယ့် ပါးလုံးရဲ့ မသိစိတ်ထဲမှာ အဲ့ရော့ကာ (Rocker)ဆိုတာကြီးက ကြီးစိုးနေတယ်ထင်တယ်။ လူမြင်ရင် ဖိနပ်လိုက်ကြည့်ရတာ အမော သူပြောတာလည်းဟုတ်တယ်။ ဒီရောက်တော့ လူတိုင်းရော့ကာ( Rocker) ဖိနပ်တွေ စီးကြတယ်။ အဲ့ဒါနဲ့ ပါးလုံးလည်း အဖေ့ကို အဲ့ရော့ကာအကြောင်းပဲ ပြောနေမိတယ်။ စိတ်ထဲမှာလည်း စီးချင်သလိုလိုပေါ့။


နှင်းတွေလည်း ကျလာရော ပါးလုံးတို့ စီးနေတဲ့ ဖိနပ်တွေက မရတော့ဘူး နှင်းကတော်တော်ထူတာဗျ အဲ့ဒါနဲ့ အဖေနဲ့ ပါးလုံးဖိနပ်ဆိုင်ကိုသွားကြတယ်။ ဖိနပ်ရှာတာပေါ့ အဲ့ဒါနဲ့ အနီရောင် ကြိုက်တဲ့ပါးလုံး ဖိနပ်အနီရောင်လေး ၀ယ်လာတယ်။ နောက်နေ့တော့ ကျောင်းကိုစီးသွားမယ်ပေါ့။ အိမ်ထဲမှာလည်း စီးပြီးလမ်းလျှောက်ကြည့်၇တာ အမော။ အထဲမှာလည်း ဂွမ်းတွေနဲ့ဆိုတော့ နွေးတယ် အိမ်ထဲမှာစီးတုန်းက တော်တော်လည်းသက်တောင့်သက်သာရှိတယ်။

အဲ့ဒီနေ့မနက်က နှင်းကအရမ်းအရမ်းကို ကျတာဗျာ။ လေတွေလည်းတိုက်။ တော်တော်ဆိုးတယ်။ ဘတ်စ်ချိန်လည်းမသိတော့ ခြေလျှင်ပေါ့။ လမ်းလျှောက်ဖို့မလွယ်တာ သိပေမယ့် ပါးလုံးကတော့ နေပူပူ မိုးရွာရွာ မုန်တိုင်းလာလာ အဲ့နေ့မှာတော့ သွားမှာပဲ။ ဘာလို့လည်းဆိုတော့ ရော့ကာ (Rocker) ဖိနပ် အသစ်ကလေးကို အရမ်းစီးချင်လို့လေ။

အဲ့ဒါနဲ့ အဲ့မနက်က ကျောင်းသွားတယ်။ စောစောကိုသွားတာ ရော့ကာ(Rocker) ဖိနပ်ကို မြန်မြန်စီးချင်လွန်းလို့။ အဲ့ဒါနဲ့ အိမ်ကထွက်တုန်းကတော့ မြေကြီးနဲ့ ခြေထောင်တောင် ထိရဲ့လားမသိဘူး။ မြောက်ကြွ မြောက်ကြွနဲ့။ နောက်တော့ လမ်းထိပ်ထိက အစဉ်ပြေတယ်။

လမ်းရောက်တော့ ခြေသလုံးက နည်းနည်းစစ်ကနဲ စစ်ကနဲ နာလာသလိုပဲ အဲ့ဒါနဲ့ ဘာဖြစ်လည်းပေါ့ ဖိနပ်ပေါက်ရအောင်ကလည်း ခြေထောက်မှာမနာပဲ ခြေသလုံးမှာစပ် ကနဲ စပ်ကနဲ ဖြစ်နေတယ်။ ပါးလုံးလည်း အစပိုင်းတော့ သတိမထားမိဘူး။

ဒီမှာကအ၇မ်းအေးတော့ ဘောင်းဘီကို အတွင်းကအသားကပ်တစ်ထပ်ဝတ်ရတယ်။ ဖြစ်ချင်တော့ အဲ့နေ့မှ ၀တ်တဲ့ အသားကပ်က ခြေအိတ်ပါ တစ်ဆက်တည်း အရင်နေ့တွေကတော့ ခြေ အိတ်သတ်သတ် အတွင်းကတစ်ထပ်က ခြေသလုံးထိပဲ။ အဲ့တော့ စတစ်ကာက အသားမှာ ကပ်နေတာ။ သေသေချာချာစဉ်းစားတော့မှ အသားကပ်နဲ့ ရော့ကာတွေ့နေကြတာကိုး။

အသား ကပ်လည်း အသားကပ်ဆိုတဲ့အတိုင်း ကပ်နေတာ သူကလည်း စ၀တ်ကတည်းကအတိုင်း နေရာကို ဟိုရွှေ့ဒီရွှေ့ရွှေ့ချင်ပုံမပေါ်ဘူး။ အဲ့တော့ သူကလည်းမရွှေ့ မရွှေ့ဆိုနည်းနည်းမှကိုမရွှေ့တာ ပါးလုံးလိုပဲ ဂျစ်ကပ်ကပ် ပေစုတ်စုတ်ထင်ပါရဲ့။

နောက်တော့ ရော့ကာကလည်း ခေသူမှမဟုတ်တာ။ သူ့အထဲမှာ ပါတဲ့ အမွှေးတွေနဲ့ အသားကပ်ကို လှမ်းစပုံရ တယ်။ အဲ့တော့ ပါးလုံးခြေတလှမ်းလှမ်းတိုင်း ရော့ကာက ရွှေ့ရပီလေ။ သူကသူချည်းရွှေ့ချင်ပုံမရ ဘူး။ စတစ်ကာကိုပါခေါ်တယ်။

အဲ့တော့ စတစ်ကာက ရမိရရာ လှမ်းဆွဲပုံရတယ်။ အဲ့တော့သူမှီတာက ပါးလုံးရဲ့ မရှိမဲ့ ရှိမဲ့ ခြေသလုံးမွှေးတွေလေ။ အဲ့တော့ သူတို့နှစ်ယောက် ကပ်တွက်တာက အရေးမကြီးဘူး ပါးလုံးတယောက် ကျောင်းကို ဘူးသီးလုံးလောက်ရှိတဲ့ မျက်ရည်တွေနဲ့ ကျောင်းကိုသွားရပြီပေါ့။ ကျောင်းက ကိုးနာရီတက်မယ်လေ။ ပါးလုံးက ပြန်လှည့်ရင်လည်း မမှီတော့ဘူး။ ဆက်သွားရင်လည်း တ၀က် ကျန်သေးတယ်။ ကျောင်းကတရက်ပျက်ရင် ဘာမှသိတော့မှာမဟုတ်ဘူး။

ဘာလုပ်ရမလည်းကိုမသိတော့ဘူး။ နောက်ဆုံးကျောင်းနောက်ကျလည်း ဆရာမကို ရှင်းပြ ရတော့မှာပေါ့။ ထုံးစံအတိုင်း ဒုက္ခရောက်ပြီဆိုတော့ “ ဘုရားသခင်ရေ သမီးကိုပစ်မထားပါနဲ့ တခုခု စီစဉ်ပေးပါ”ဆိုပြီး မျက်ရည်နဲ့မျက်ခွက် ဆုတောင်းရတော့တာပေါ့။ စဉ်းစားကြည့်လေ ပါးလုံးမျက် ရည်မကျခံနိုင်ရိုးလား။ အသားနာမှာအရမ်းကြောက်တဲ့ ပါးလုံးက တလမ်းလုံး ခြေသလုံးမွှေးကို နှုတ်ခံရတာလည်းမဟုတ် ခြေလှမ်းတိုင်း စောင့်ဆွဲခံနေရတာ။ မျက်ရည်ကျပြီပေါ့နော်။

နောက်ဆုံးတော့ ဘုရားကလည်း သနားသွားပုံရတယ်။ ကောန်းကလှမ်းခေါ်တယ်။ သူ့ကားလေးကို ပါးလုံးဘေးမှာရပ်ပြီးတော့။ ပါးလုံးလည်း သူခေါ်တိုင်း အမြဲငြင်းခဲ့သမျှ အဲ့နေ့တော့ ဘယ်လိုဘယ်လို သူ့ကားပေါ်ပါသွားတယ် မသိဘူး။ သြော် ကောန်းဆိုတာကတော့ အီသီရိုးပီးယား မလေးပါ။ သူကပါးလုံးတို့နဲ့ ကျောင်းမှာတခန်းထဲလေ။ အဲ့ဒါနဲ့ သူကထုံးစံအတိုင်း နေကောင်းလား လို့မေးတယ်။ လမ်းထိပ်မရောက်ခင်ထိ ကောင်းတယ်လို့ ပြောလိုက်တယ်။

အခုမကောင်းဘူးလို့ပြောတော့မှ သူကဟုတ်ပါရဲ့ မျက်ရည်တွေနဲ့တဲ့။ အဲ့တော့မှ ရော့ကာနဲ့ စတစ်ကာတို့ ရဲ့ တိုက်ပွဲအကြောင်းကိုပြောပြလိုက်တယ်။ သူကတော့ အရမ်းကိုရယ်တယ်လေ။ နောက်တော့ ပါးလုံးကျောင်းကို အမှီရောက်သွားတယ်။ အခန်းထဲကလူတွေကတော့ အံ့သြ ကြတယ်။ ပါးလုံးမျက်နှာကိုကြည့်ပြီးတော့။ အံ့သြတော့မပေါ့။ ပါးလုံးက အမြဲ ပြုံးပြီး ပျော်ပျော်နေ တတ်တာကိုး ပြီးတော့ ကျောင်းရောက်တာနဲ့ အားလုံးကိုလိုက်နှုတ်ဆက်တာ။

နောက်တော့ ခမီးလာက ပါးလုံးကိုကြည့်ပြီး ပါးလုံးဘာဖြစ်လည်းတဲ့။ အဲ့တော့ ကောန်းက ပြောပြတယ် အစအဆုံးလေ။ ခမီးလာက ပါးလုံးရဲ့ကျောကုန်းလေးကို ထုံးစံအတိုင်း လာပွတ်ပြီး အားပေးတယ်။ ခမီးလာဆိုတာကတော့ ရိုးမေးနီးယားမလေးပါ။ အခုတော့ ပါးလုံးရဲ့ အချစ်ဆုံးသူငယ်ချင်းလေးပေါ့။ နားချိန်လည်း ကျရော ပါးလုံးတို့ ကျောင်းကအားလုံးက ပါးလုံးသတင်းကို သိသွားကြတယ်။

သိတော့မပေါ့ နားချိန်ဆိုကော်ဖီသောက်ကြ စားချင်တာစားကြ အဲ့လို ကော်ဖီတွေဘာတွေ သောက်ဖို့က ပါးလုံးတို့အခန်းကိုဖြတ်ရတာ ပါးလုံးက တကျောင်းလုံးကသူတွေနဲ့ ခင်နေတာကိုး။ နောက်တော့ ပါးလုံးကရှင်းပြတယ် လေ။ ပါးလုံးတို့နိုင်ငံမှာက ပူတော့ အဲ့လိုရော့ကာလည်း မစီးတဲ့အကြောင်း ပါးလုံးလည်း တခါမှ အဲ့လို ဖိနပ်ရှုပ်ရှုပ်တွေ မစီးခဲ့ဖူးတဲ့ အကြောင်း ညှပ်ဖိနပ်ပဲစီးတဲ့အကြောင်း ပြောပြတော့ သူတို့က အားပေးကြပါတယ်။

အားပေးရုံမကဘူး အခန်းထဲမှာ လမ်းလျှောက်လေ့ကျင့်ခိုင်းသေးတယ်။ သူတို့လမ်းဖယ်ပေး မယ်ဆိုပဲ။ တော်ပါပြီ ညနေတောင်ဘယ်လိုပြန်ရမှန်းမသိဘူး။ ကော်ဖီတောင်ထမသောက်ဘူး။ လမ်းလျှောက်ရမှာစိုးလို့ ခမီးလာဖျော်လာတာကို အသင့်သောက်လိုက်တယ်အားနာနာနဲ့။

ကဲပါးလုံးရေ ဥာဏ်ရှိသမျှထုတ်ဟေ့ ဆိုပြီး ဘာလုပ်မလည်းစဉ်းစားရတော့တာပေါ့။ ဖျက်ရစီးရ ၀ါသနာပါတဲ့ပါးလုံး အသားကပ်နဲ့ခြေအိတ် ချစ်ချစ်ခင်ခင် တဆက်တည်းဖြစ်နေတာကို အိုးစားခွဲရတော့မယ်ဆိုတဲ့ အကြံရတယ်။ အဲ့ဒါနဲ့ကတ်ကြေးသွားယူပြီး ရေချိုးခန်းထဲမှာ သူတို့ချစ် ခြင်းကို မခွဲချင်ခွဲချင်နဲ့ ခွဲပစ်လိုက်တယ်။ မခွဲလို့လည်းမဖြစ်ဘူးလေ။ မဟုတ်ရင် ပါးလုံးအိမ်ဘယ်လို ပြန်ရမှန်းတောင်သိမှာမဟုတ်ဘူး။

ကောန်းကားနဲ့လည်း မလိုက်ချင်ဘူး။ ဘတ်စ်ကားနဲ့လည်းမပြန်ချင်ဘူး။ နှင်းတွေကြားထဲ လည်းလမ်းလျှောက်ချင်တယ်။ နောက်ဆုံးတော့ဒီလိုပဲဆုံးဖြတ်ရတော့မှာပေါ့။ နောက်ဆုံးညနေ အိမ်ကိုပြန်ရောက်တော့ အဖေကိုပြောပြတော့ အဖေက ပါးလုံးရဲ့ဖိနပ်ကို စိတ်ရှည်လက်ရှည် ခေါက်ပေးတယ်။ နောက်နေ့မနာတော့အောင်တဲ့။

ပြီးတော့ အဖေကပြောတယ်။ ပါးလုံးတဲ့ အဲ့ဒါမျိုးလေးတွေကို မှတ်ထားပြီး စာရေးတဲ့။ အဲ့ဒါနဲ့ စာအုပ်ထဲမှာ မှတ်ထားလိုက်တယ်။ စတစ်ကာနဲ့ ရော့ကာတိုက်ပွဲဆိုပြီးတော့လေ။ သူတို့နှစ်ယောက် တိုက်ပွဲဖြစ်တာက အရေးမကြီးဘူး။ ပါးလုံးတော့ တော်တော်လေးကို အထိနာသွားတယ်ဗျာ။

နာတော့မပေါ့။ စတစ်ကာနဲ့ ရော့ကာတွဲဝတ်ပြီး စတန့်ထွင်ချင်တာကိုး။ သူငယ်ချင်းတို့လည်း စတန့်ထွင်ခါနီးစဉ်းစားနော်။ သူတို့တည့်မတည့်ကိုပေါ့။

ဟဲဟဲ ဆားချက်တာ ဒီမှာနှင်းတွေ ပြန်ကျနေပြီဆိုတော့ သတိယလို့လေ ရောက်စတုန်းက အဖြစ်လေးကို ဒါနဲ့ ဆားချက်တာ ပြီးတော့ အခုတလော စာမေးပွဲပြီးလို့နားရမလားမှတ်တယ် မနားရဘူး။ နိုင်ငံတကာကျောင်းသားအစည်းအဝေး အရွေးခံရတာနဲ့ ကိုးရက်တက်ရမယ်တဲ့ လူကပြိုင်းနေတော့ လုံးဝလုံးဝကို မသွားချင်ဘူး ဒါပေမယ့် အတွေ့အကြုံတော့လည်း လိုချင်တာနဲ့ ကိုးရက်လုံးမတက်ပဲ ပြန်လာလိုက်တယ်။

ဘာလို့လည်းဆိုတော့ ပါးလုံး ပရိုက်တစ်ဆင်းရတဲ့ ကျောင်းက နှစ်တိုင်း ဈေးရောင်းပွဲလုပ်ပြီးတော့ ဆင်းရဲတဲ့နိုင်ငံတွေကို လှူတယ်။ အဲ့ဒါ ပါးလုံးက မြန်မာနိုင်ငံအကြောင်း ပြောပြထားတော့ သူတို့ဒီနှစ် မြန်မာပြည်က ကလေးတွေကို လှူသင့်မလှူသင့် ပါးလုံးကို အင်တာဗျူးတယ်။ ပါးလုံးလည်း အချက်အလက်နဲ့ ပြောပြတော့ သူတို့ဒီနှစ် မြန်မာပြည်ကိုလှူမယ်တဲ့။ လှူမယ်ဆိုရင်လည်း ဘယ်လိုလှူသင့်ကြောင်းပါ ပြောရတယ်လေ သိတယ်ဟုတ် ဖားပြုတ်အကြောင်း အဟိ။

အဲ့ဒါ သောကြာမှာ ဈေးရောင်းပွဲလုပ်မယ်ဆိုတော့ မြန်မာပြည်အတွက်ဖြစ်နေတယ်လေ ပြီးတော့ ပါးလုံးက မိဘတွေကို ရှင်းပြဖို့ပါ တာဝန်ယူထားတယ်ဆိုတော့ ပါးလုံးရှိမှကောင်းမှာပေါ့နော် ကိုယ့်နိုင်ငံအတွက် လုပ်ပေးတဲ့ကိစ္စကို ကိုယ်က ငါမအားဘူး ကျောင်းသားအစည်းရှိတယ်ပြောရင် ဘယ်ကောင်းမလည်းနော် ဒါနဲ့ပဲ ဟိုအစည်းအဝေးကို လေးရက်ပဲတက်ပြီး ပြန်လာလိုက်တာ။

ပါးလုံးတယောက် အလုပ် ရှုပ်တာလား အရှုပ်လုပ်တာလားတော့မသိဘူး။ ဒါနဲ့ပဲ ဘလော့လည်းမလည်ဖြစ် ကွန်ပျူတာကို လုံးဝမကိုင်ဖြစ်ဘူး ဖြစ်သွားတာ။ အခုတော့ ပို့စ်လည်းတင်ချင် ရောက်စကအဖြစ်ကိုလည်းသတိယတာနဲ့ ဆားချက်လိုက်တာ ခွင့်လွှတ်နော်။

ပါးလုံး အိမ်လည်ပြီး စာတွေအရမ်းကို ဖတ်ချင်တယ်။ ဒါပေမယ့် နောက်နှစ်တက်မယ့်ကျောင်းအတွက် ပါးလုံးစာမေးပွဲဖြေရမယ်လေ။ ဒါနဲ့ ပါးလုံးစာအုပ်ပုံထဲ ပိနေတယ်ဆိုပါတော့။ ဟင့်ဟင့်။ ပါးလုံး အိမ်အားလုံးကို မလည်ဖြစ်ရင်လည်း ခွင့်လွှတ်နော် ပါးလုံးအချိန်လုပြီး ရသလောက်တော့ လည်ပါ့မယ်နော်။

အားလုံးအားလုံးအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...