Feeds RSS
Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Tuesday, June 30, 2009

ထမင်းဝိုင်း တက္ကသိုလ်

အီတလီပြည် မြောက်ပိုင်းက ရွာလေးတရွာမှာ အဖေကြီးပြင်းခဲ့စဉ်က ပညာရေးဆိုသည်မှာ လူချမ်းသာတွေ၏ အရာသာ ဖြစ်သည်။ အဖေက ဆင်းရဲသားလယ်သမား တစ်ယောက်၏ သား။ သူငယ်ငယ်တုန်းက အလုပ်မလုပ်ရတဲ့ နေ့ဟူ၍ တစ်နေ့မျှ မရှိကြောင်း အဖေ မကြာခဏ ပြော လေ့ရှိသည်။

အားအားယားယား ဆိုတာ သူ့ဘ၀နှင့် လုံးဝမသက်ဆိုင်။ စင်စစ်အားတယ်ဆိုတယ် ဆိုတာကိုပင် သူနားမလည်နိုင်။ လူဆိုတာ ဘာမှမလုပ်ဘဲ နေလို့ရသလား သူစဉ်းစားမရ။
ပဉ္စမတန်းမှာ အဖေကျောင်းထွက်ရသည်။ အဖေ့ကို ကျောင်းက နုတ်တော့ ဆရာနှင့်ရွာ ကျောင်းဘုန်းတော်ကြီးက တားကြသေးသည်။

သည်ကလေး ကျောင်းပညာဘက်မှာ ပေါက်မြောက်မည့် အလားအလာ များစွာရှိသည်ဟူ၍။ သို့သော် အဖေကတော့ အလုပ်ခွင်သို့ပင် ၀င်ခဲ့ရပါသည်။သည့်နောက်မှာတော့ လောကသည်ပင် အဖေ့အတွက် စာသင်ကျောင်းဖြစ်ခဲ့သည်။ အဖေက ဘာမဆို စိတ်ဝင်စားသည်။စာအုပ်မှန်လျှင် ဖတ်လိုက်သည်။ တွေ့သမျှ မဂ္ဂဇင်း သတင်းစာကို အလွတ်မပေး။

လူကြီးတွေ စကားဝိုင်းဖွဲ့နေကြတာတွေ့လျှင်လည်း သူဝင်နားထောင် သည်။ သူ့အရင်ဘိုးစဉ်ဘောင် ဆက်နေထိုင်ခဲ့သည်။ သည်ပစ္စ န္တရစ် အရပ်၏ ပြင်ပရှိ လောကမ္ဘာ ကြီး အကြောင်းကြား နာမှတ်သားရတာ သူသဘောကျသည်။ အဖေ၏ ပညာဗဟုသုတ မက်မောစိတ်၊ ပညာကမ္ဘာကို သိချင်မြင်ချင်စိတ်တွေသည် သူနှင့်အတူ ပင်လယ်သမုဒ္ဒရာများကို ဖြတ်သန်းကာ အမေ၇ိကားတိုက်သို့ ဆိုက်ရောက်လာခဲ့ သည်။


သည့်နောက်မှာတော့ သည်စိတ်ဓါတ်တွေသည် သူ့မိသားစု။ သူ့သားသမီး များထံသို့ပါ လက်ဆင့်ကမ်းပြန့်ပွားသွားခဲ့သည်။ အဖေ့စိတ်ထဲမှာ သူ့သားသမီး မှန်သမျှ ပညာအပြည့်အ၀ သင်ယူခွင့် ရရမည်ဟူ၍ သန္ဓိ ဌာန်ချထားသည်။ မည်သူမဆို ညအိပ်ယာဝင်ချိန်တွင် မနက်အိပ်ရာထထက် နည်းနည်းဖြစ်စေ အသိပညာ ပိုရှိနေရမည်။

အကယ်၍ ထိုသို့ရှိအောင် မလုပ်ဆောင်ပါက လူတစ်ယောက်အနေဖြင့် အကြီးမားဆုံး ပြစ်မှုကို ကျူးလွန်ရာရောက်သည်ဟူ၍ အဖေခံယူထားသည်။ ” လောကကြီးမှာ လေ့လာဆည်းပူးစရာတွေ မကုန်နိုင်အောင်ရှိတာကွ လူဆိုတာ မွေးတုန်းက ဘာပညဗဟုသုတမှ ပါလာတာမဟုတ်ပေမယ့် သေတဲ့အထိ နလပိန်းတုံးဘ၀နဲ့ နေသွားမယ် ဆိုရင်တော့ အဲ့ဒီလူဟာ လုံးဝအသုံးမကျတဲ့ လူစားဖြစ်မှာပဲ” ဟု အဖေ အမြဲ ပြောလေ့ရှိသည်။


သူ့ကလေး တွေအသိပညာ မရှာဘဲ ပေါ့ပေါ့ ဆဆ နေကြမှာကို အဖေအလွန်စိုးရိမ်သည်။ ထို့ကြောင့် ကျတော်တို့အားနေ့စဉ် အနည်းဆုံး သုတ အသစ်တစ်ခုတော့ရှာဖွေမှတ်သားဖြစ်အောင် အမြဲတိုက်တွန်းကြပ်မတ်သည်၊ တနေပတာ အတွင်း ဘယ်သူဘာတွေလေ့လာမိခဲ့သလဲ စစ်ဆေးမေးမြန်းရန် နျင့် ၄င်းထံမှ ကျန်လူများ နားထောင်မှတ်သားကြရန်အတွက် အသင့်တော်ဆုံး အချိန်က ညစာထမင်းဝိုင်းမှာ အားလုံးစုဝေးမိကြသည့်အချိန်ဖြစ်နေသည်။

သည်တုန်းကမူ ကျတော်တို့ကလေးပီပီ သည်ကိစ္စကြီးကို စိတ်ညစ်ကြသည်၊ တခြားကလေးတွေနှင့် သူ့မိဘအောကာင်း ကိုယ့်မိဘအကြောင်း နှိုင်းယှဉ်ကြ၊ ဝေဖန်သုံးသပ်ကြ တော့ ကျတော်တို့အဖေက တစ်မျိုးကြီးပဲဆိုတာ ထင်ရှားနေသည်။

သို့သော် အဖေ့ကို ကျတော်တို့ ဘယ်မှာငြင်းဆန်နိုင်ပါမည်လဲ။ ဒါကြောင့် ညစာစားခါနီး ကိုယ်လက်သုတ်သင်ကြသည့်အချိန် တစ်ယောက်ကို တစ်ယောက် မင်းဒီနေ့ဘာမှတ်ထားပြီးပြီလဲ အလျင်စလို မေးမြန်းကြ၍ ကိုယ်ကပြောစရာမည်မည်ရရမရှိသေးဘူးဆိုလျှင် ထမင်းစားပွဲဝင်မထိုင် ရဲသေးဘဲ အိမ်မှာမပြတ်သုံးစွဲကြသည့် စွယ်စုံကျမ်းကို ပြေးလှန်ရသည်။

တွေ့သည့် စာတစ်ခုကမန်း ကတန်း ကောက်မှတ်ရသည် ဆိုပါတော့ ” နီပေါပြည်၏ လူဦးရေ ”
ဟုတ်ပြီ တခုခုသိပြီဆိုတော့မှ ထမင်းစားပွဲဝင်ထိုင်ရဲသည်၊ အဲ့ဒီတုန်းက ညစာထမင်းဝိုင်းကို ကျတော်မြင်ယောင်ပါသေးသည်။ စားပွဲပေါ်မှာ ပေစတာ ( အီတာလျံမုန့်ဖတ် ) ပန်းကန်အပြည့်အ မောက်ကြီး။

မုန့်ဖတ်တွေ ကွယ်နေသဖြင့် တစ်ခါတလေ ကျတော်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ကျတော့နျမမျက်နှာကိုပင် မမြင်ရ။ ထမင်းဝိုင်းက ဇွန်းသံ၊ ပန်းကန်သံအပြင် အပြန်အလှန် စကားပြောသံတွေနှင့်ပါဆိုတော့ အမြဲ ညံနေတတ်သည်၊ အမေက အင်္ဂလိပ်စကား မပြောတတ်သဖြင့် ထမင်းဝိုင်းတွင် ကျတောတို့ ကိုယ့်ဇာတိ ပိဒမွန့်စကားပဲ ပြောကြသည်၊

အပြင်မှာတော့ ကျတော်တို့ကြုံခဲ့ ကြားခဲ့သမျှ သတင်းတွေ ဖောက်သည်ချကြသည်၊ အဖေနဲပ အမေက ကျတော်တို့စကားကို အသေးအဖွဲ ကိစ္စ ဖြစ်စေ ခပ်ပေါ့ပေါ့ သဘောမထား ဂရုတစိုက်နားထောင်သည်။ ပြီးလျှင်တော့ မှတ်ချက်တစ်ခုခု ချစမြဲဖြစ်သည်။
“ ဟုတ်တယ် သားလုပ်တာသိပ်မှန်တာပေါ့ ”
“လူမိုက်၊ ဒါလောက်တောင် ညံ့ရသလား ”
“ အေး အဲ့ဒါကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံ၇တာပဲ ”
“ ဒီလိုပေါ့ကွယ်။ လောကကြီးမှာ ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ ဘယ်ရှိပါ့မလဲ။ ”
“ ကြည့်စမ်း ငတုံး အိမ်က ဒီလောက်သင်ပေးထားလျှက်နဲ့ ” စသည့် ဖြင့် မှတ်ချက်တွေက တိုတိုရှင်းရှင်း လိုရင်းသာဖြစ်သည်။

ပြောဆိုစားသောက်၍ ပြီးစီး ကြပြီဆိုတော့မှ တကယ့်ပွဲကြီးစသည်၊ အချိန်က ကျတော်တို့အကြောက်ဆုံး အချိန် တစ်နေ့တာအတွင်း အသစ်လေ့လာမှတ်သားမိခဲ့သမျှကို ဝေမျှရမည့်အချိန်။

အဖေက စားပွဲထိပ်မှာ။ သူက ကုလားထိုင်ကိုနောက်ဘက်နည်းနည်းဆုတ်ပြီး ထိုင်သည်၊ ၀ိုင်နီတစ်ဖန်ခွက်ဌဲ့ သည်။ ပြိးလျှင် အနံ့ပြင်းပြင်း အီတလီ ဆေးလိပ်မီးခိုးများကို မှုတ်ထုတ်ရင်း သူ မွေးထားသော သားသမီးများကို စေ့စေ့စပ်စပ် လိုက်ကြည့်မည်။

ကျတော်တို့ကို ကြည့်နေသည့် အဖေ့မျက်နှာကို ပြန်ကြည့်ရင်း အဖေဘာတွေပြောလိမ့်မလဲ စောင့်စားနေရသည့် အချိန်ပိုင်းကလေးမှာ ” ကျတော်တို့အတွက် အတော်အနေရအထိုင်ရခက်လှ သည်။ အဖေကတော့ ကျတော်တို့ကို သည်လိုတမင်တကာ အချိန်ယူပြီး ကြည့်ထားမှဟု ဆိုသည်။

တော်ကြာကျတ်ာတို့အားလုံး ကြီးမြင်းသွားကြလျှင် သူသေသေချာချာ မကြည့်လိုက်ရဘဲ ရှိလိမ့်မည် ပြောသည့် အတိုင်းလည်း သားသမီးတွေ မျက်နှာကို တစ်ယောက်ချင်း စေ့ဌအောင် ကြည့်တတ် သည်။ နောက်ဆုံးကျတော့မှ ကျတော်တို့အထဲမှ တစ်ယောက် ဦးစွာပထမစတင်သည်။ အကယ် ၍ ကျတော်ပဲအလှည့်ကျသည် ဆိုပါစို့။

“ ဖိလစ် ” ကျတော့်နာမည်ကို အရင်ခေါ်လိုက်မည်။ “ကဲ ငါ့သား ဒိနေ့ဘာတွေသိလာသလဲ။ ပြောစမ်းပါဦး ကွာ ”ကျတော်ပြောတုန်း အားလုံးတိတ်ဆိတ် ငြိမ်သက်နေမည်။
သည်အခါမျိုးမှာ ကျတော်အမြဲ အံ့အားသင့် ရတာ တို့အဖေကြီးက တော့ တစ်မျိုးကြီးပဲဆိုတာ အမှန်ပါပဲကွာဟု ထပ်လောင်း အတည်ပြုမိရတာ တစ်ခုရှိသည်။

ဒါက အဖေသည် ကျတော်ဘာလေးပဲပြောပြော အသေးအမွှား အလကားဟု ဘယ်တော့မှ ယူဆလေ့ မရှိသည့် အချက် ဖြစ်သည်။ ပထမဆုံးသူက ကျတော်ပြောလိုက်သည့် ကိစ္စကို ကမ္ဘာနှင့်ချီ၍ အရေးကြီးသည့်ပမာ အ လေးအနက်စဉ်းစားဟန်ပြုမည်။ “ နီပေါပြည်၏ လူဦးရေ၊ အင်းဟုတ်ပြီ။ ” သည်နောက်သူက စားပွဲစွန်းမှာ ထိုင်နေသည့် အမေ့ဆီသို့ လှမ်းကြည့် “အမေကြီးရေ မင်းသိသလားကွာ၊ နီပေါပြည်မှာ လူဦးရေ ဘယ်လောက်ရှိသလဲ ” ဟု မေးလိုက်မည်။

“အမေ့ထံမှ တုံ့ပြန်စကားများကလည်း သိပ်ကောင်းသည်။ တည်ကြည်လေးနက် လွန်းနေသော ကျတော်တို့ဆွေးနွေးဝိုင်းကို ပေါ့ပါးသွက်လက်သွားအောင် အမေလုပ်ပေးစမြဲ ဖြစ်သည်၊ ”
“ နီပေါပြည်တဲ့လား ဟင့်အင်း လူဦးရေသိဖို့ဝေးလို့ အဲ့ဒီတိုင်းပြည် ဘယ်နားရှိမှန်းတောင် မသိဘူး” ဟော အမေ့အဖြေကလည်း နောက်ဆုံးတော့ အဖေ့ဂွင်ထဲပဲ ၀င်သွားသည်။
“ ကဲ ဖိလစ်ရေ မင်းတို့အမေကို နီပေါပြည် ဘယ်နားမှာရှိလည်း သိရအောင် ကမ္ဘာ့မြေပုံ စာအုပ်ကြီး သွားယူစမ်းပါဦးကွာ။ ”အဲ့ဒီနောက် မိသားတစ်စုလုံး မြေပုံစာအုပ်ထဲမှာ နီပေါပြည်ကို လိုက်ရှာကြမည်။

သည်လိုပဲ တစ်ယောက်ပြီး တစ်ယောက် ကိုယ်မှတ်သားလာခဲ့တာကို အလှည့်ကျပြောရ သည်။ သည့်အပေါ်မှာ ဆွေးနွေးကြ မှတ်သားကြရသည်။ အနည်းဆုံး ဗဟုသုတ အချက်အလက် သစ် ခြောက်ခုလောက် မရဘဲနှင့်တော့ ကျတော်တို့ ထမင်းဝိုင်းသိမ်းလေ့မရှိ။

သည်နေ့စဉ် ပညာဝိုင်း၏ အံ့ဖွယ်တန်းခိုးကို ထိုစဉ်က ကျတော်တို့ မသိခဲ့ပါ။ ကလေးများ သဘာဝကျတော်တို့သည် ၀ိုင်းကို စိတ်မရှည်နိုင်ကြ ကျတော်တို့လောက် ပညာရည်မပြည့်ဝသည့် အိမ်နီးချင်း သူငယ်ချင်းများနှင့် ဆော့ကစားချင်လှပြိဖြစ်၍ ဖင်တကြွကြွ။

သည်ကနေ့ပြန်ပြောင်း စဉ်းစားမိသည့်အချိန်ကျမှ ကျတော့တို့ တစ်တွေ အသိပညာ ဖွံ့ ဖြိုး အောင် သင်ကြားပေးခဲ့သည့် အဖေ့၏ နည်းစနစ်တန်ဖိုး ရှိလှပုံကို ကျတော်မြင်မိသည်။ အဖေ့ စနစ်ကြောင့် ကျတော်တို့ညီအစ်ကို မောင်နှမတွေ အတူတကွ ကြီးပြင်းရင့်ကျက်ခွင့် ရခဲ့ကြသည်။ တစ်ဦး၏ပညာရေးတွင် တစ်ဦးက ပံ့ပိုးကူညီခွင့် အပြန်အလှန် ခံစားခွင့် ရခဲ့ကြသည်။


အဖေကား ကျတော်တို့ ဘ၀တလျှောက် သြဇာသက်ရောက်မှု အကြီးမားဆုံး ဆရာတစ် ယောက်ဖြစ်ခဲ့သည်။ ကျတော်တို့ အမူအရာကို စောင့်ကြည့်ခြင်း၊ ကျတော်တို့စကားကို နားစွင့်ခြင်း ကျတော်တို့၏ တန်ဖိုးကို အသိအမှတ်ပြုခြင်းအားဖြင့် ကျတော်တို့ရင်၌ မိမိကိုယ်ကို မိမိလေးစားယုံ ကြည်စိတ်များ ကိန်းအောင်းစေခဲ့သည်။

ကောလိပ်တက်စ စောစောပိုင်းကာလမှာပင် ပညာရေးဘက်သို့ လိုက်၇န် ကျတော်ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် သင်ကြားမှုအတတ်ပညာ၌ အထူးချွန် အထင်ရှားဆုံးဆိုသော ပုဂ္ဂိုလ်ကြီးများထံ ကျတော်နည်းခံခွင့်၇ခဲ့သည်။

သင်ကြားရေးဆိုင်ရာ အတတ်ပညာကို သဘောတရားေ၇ာ လက်တွေ့ပါ ဆည်းပူးတတ်မြောက်ခဲ့ပြီဆိုသည့်အခါတွင်မှ ကျောင်းက ကျတော့်ပါမောက္ခများ သည် ကျတော်တို့ ငယ်စဉ်က တည်းက အဖေနားလည်သိရှိခဲ့သည့် စဉ်ဆက်မပြတ်ဆည်းပူး လေ့ကျက်မှု၏ တန်ဖိုးဟူသည်ကို ကျတော်တို့ခေါင်းထဲ ထည့်သွင်းပေးနေခြင်းပါတကားဟူ၍ ကျတော်သဘောပေါက်ကာ များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။

လူသားအတွက် သင်ယူနိုင်မှုစွမ်းရည် ကြီးမားလှပုံကို အဖေသဘောပေါက်ခဲ့သည်။ အသိပညာ ဗဟုသုတ ဟူသည် အဘယ်မျှသေးမွှားသည်ဖြစ်စေ။ လူသားအား နဂိုအနေထက်တော့ ပို၍တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိသည်သာ ဖြစ်ကြောင်း သူနားလည်ခဲ့သည်။

“ လူမှာသက်တမ်းသာ အကန့်အသတ်ရှိသည်။ သင်ယူနိုင်စွမ်းကတော့ အကန့်အသတ်မရှိ ဘူး။ လူတစ်ယောက်ဘာတွေ ဘယ်လောက်သင်ယူတတ်မြောက်ခဲ့သလဲ ဆိုတဲ့ အချက်ပေါ် မူတည်ပြီး သူဘယ်သူဘယ်ဝါဆိုတာ ဖြစ်လာရတာ” ဟူ၍ အဖေပြောခဲ့သည်။

အဖေ၏ ပညာရှာဖွေပုံ နည်းစနစ်က ကျတော်ထံ၌ တစ်သက်လုံးပင် စွဲမြဲခဲ့သည်။ သည်ကနေ့ အထိ ညဘက်အိပ်ရာထဲ လှဲတော့မည် ပြုတိုင်း ” ဖိလစ် ဒီနေ့ဘာတွေသိလာသလဲ ပြောစမ်းပါဦး ” ဆိုသော အဖေ့စကားသံကို ကျတော်ပြန်ကြားယောင်စမြဲ ဖြစ်သည်။

တစ်ခါတလေ သည်နေ့ဘာလေ့လာမှတ်သားခဲ့သည်ဟူ၍ ပြောစရာတစ်ခုမျှ ပြန်စဉ်းစားမရ သည့်အခါမျိုးတွင် ကျတော်မအိပ်နိုင်။ တစ်နေ့လုံးဘယ်လောက်ပင်ပန်းခဲ့သည်ဖြစ်စေ အိပ်ရာထဲမှ လူးလဲထကာ စာအုပ်စင်ဆီပြေးသွားပြီး တစ်ခုခုရှာဖတ်သည်။ မသိသေးတာ တစ်ခုခုရှာဖွေတွေ့ရှိ မှတ်သားမိပြီဆိုတော့မှ သည်တစ်နေ့တာ ကုန်ဆုံးခြင်းသည် အချည်းနှီးအလဟသ မဟုတ်ပြီ ဟူသော အသိဖြင့် ကျတော်ရော ကျတော့အသိစိတ်အာရုံထဲက အဖေကစိတ်ချလက်ချ အိပ်စက် အနားယူနိုင်ကြတော့သည်။

ဟုတ်သည်လေ။ တစ်နေ့သောအခါ နီပေါပြည်၏ လူဦးေ၇ အကြောင်း လေ့လာထားခြင်း မျိုးမှ အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိမလာဟု မည်သူမျှ မပြောနိုင်ဘူးမဟုတ်လား။

မည်သူမဆို ညအိပ်ရာဝင်ချိန်၌ မနက်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိပညာပိုရှိနေရမည်။ အကယ်၍ ထိုသို့ရှိအောင် မလုပ်ဆောင်ပါက လူတစ်ယောက်အနေနှင့် အကြီးမားဆုံးသော ပြစ်မှုကို ကျူးလွန်ရာရောက်သည်။

မူရင်း။ ။ Leo Buscaglia ၏ Our Dinner Table University And What Did You Learn Today?
ဖေမြင့် ( ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ)

မှတ်ချက်။ ။ပါးလုံး ပို့စ်အသစ်တင်မလို့ ညက ထိုင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ညက ကိုသားကြီးနဲ့ မမကောင်းကင်ကို ပို့စ်အသစ်တင်မယ့်အကြောင်း ပြောပြီး စာဆက်ရေးနေတဲ့အချိန်မှာပဲ မိုးတွေအရမ်းကိုချုန်းပြီး လျှပ်စီးတွေ တအားကိုလက်လာပါတယ်။ ပါးလုံးက သရဲလုံးဝမကြောက်ပေမယ့် မိုးချုန်ပြီး လျှပ်စီးလက်ရင်တော့ အရမ်းကိုကြောက်တတ်ပါတယ်။

ငယ်ငယ်ကတော့ အဖွားဆီပြေးပေမယ့် အခုတော့ ပြေးပုန်းစရာ အဖွားရဲ့ရင်ခွင်လည်း မရှိပါဘူး။ နောက်ဆုံးတော့ လိုင်းပေါ်ကိုကြည့်လိုက်တဲ့အချိန်မှာ မမကောင်းကင်ကလည်း ဆင်းသွားပြီ။ ကိုသားကြီးကို ပြောတော့ တော်တော်လေးကို အားပေးပါတယ်။

ဒါပေမယ့် သူ့ခမျာလည်း လိုင်းပေါ်မှာ ဂျီပုန်းလုပ်နေတဲ့အတွက် စကားပြောလို့မရပါဘူး။ နောက်တော့ အကိုတယောက်လိုင်းပေါ်တက်လာပြီး သူ့ကိုပြောပြပြီး သူက ကျမ်းစာဘလော့တစ်ခုပေးတယ်။ ပြီးတော့ ပါးလုံး အိပ်လည်းမအိပ်ရဲ အဲ့ဒါအဲ့အကိုက ဟေ့ကောင်အိပ်တော့ဆိုပြီးတော့ ပြောတော့မှ နောက်ဆုံးပါးလုံး ကြောက်ကြောက်နဲ့ အိပ်ယာထဲဝင်သွားပါတယ်။

ပါးလုံး တခါတလေ အရမ်းအားငယ် တတ်တယ်။ ဒေါင့်လေးမှာထိုင်ပြီး ငိုနေတတ်တယ်။ ဒီရောက်ပြီးမှ အဲ့လိုအားငယ်တဲ့စိတ်တွေ ဖြစ်ဖြစ်လာတယ်။ တခါတလေ ကြိုးစားမှုတွေကိုရပ် တပ်ခေါက်ပြီး ပြန်လှည့်ချင်စိတ်တွေလည်း ပေါက်မိပါတယ်။

အဲ့ဒါပါးလုံးညီမနဲ့ ဒီမနက် စကားပြောမိတော့ မငိုပါနဲ့တဲ့။ လောကကြီးက နင့်ကိုလှောင်နေမှာ မရှက်ဘူးလားတဲ့။ ဟုတ်ပါတယ်။ ညကတော့ မိုးချုန်းလွန်းလို့ လောကကြီးလှောင်မှာကိုလည်း သတိမထားမိနိုင်ပဲ မျက်ရည်နဲ့မျက်ခွက် အိပ်ပျော်သွားပါတယ်။ မနက်ရောက်တော့ ဖျားပြီး ကျောင်းမသွားနိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပါးလုံးကိုအားပေးကြသော အကိုများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

အခုလည်း ပို့စ်ကိုဆက်ရေးချင်စိတ် မရှိတာနဲ့ အရမ်းကြိုက်လွန်းလို့ ဒိုင်ယာရီစာအုပ်ထဲ ကူးထည့်ထားတဲ့ ဒီဘာသာပြန်လေးကိုပဲ ကောက်တင်လိုက်ပါတယ်။ အားလုံးအကျိုးရှိမယ်လို့တော့ မျှော်လင့်ပါတယ်။

အားလုံး အားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...