Feeds RSS

Tuesday, June 30, 2009

ထမင်းဝိုင်း တက္ကသိုလ်

အီတလီပြည် မြောက်ပိုင်းက ရွာလေးတရွာမှာ အဖေကြီးပြင်းခဲ့စဉ်က ပညာရေးဆိုသည်မှာ လူချမ်းသာတွေ၏ အရာသာ ဖြစ်သည်။ အဖေက ဆင်းရဲသားလယ်သမား တစ်ယောက်၏ သား။ သူငယ်ငယ်တုန်းက အလုပ်မလုပ်ရတဲ့ နေ့ဟူ၍ တစ်နေ့မျှ မရှိကြောင်း အဖေ မကြာခဏ ပြော လေ့ရှိသည်။

အားအားယားယား ဆိုတာ သူ့ဘ၀နှင့် လုံးဝမသက်ဆိုင်။ စင်စစ်အားတယ်ဆိုတယ် ဆိုတာကိုပင် သူနားမလည်နိုင်။ လူဆိုတာ ဘာမှမလုပ်ဘဲ နေလို့ရသလား သူစဉ်းစားမရ။
ပဉ္စမတန်းမှာ အဖေကျောင်းထွက်ရသည်။ အဖေ့ကို ကျောင်းက နုတ်တော့ ဆရာနှင့်ရွာ ကျောင်းဘုန်းတော်ကြီးက တားကြသေးသည်။

သည်ကလေး ကျောင်းပညာဘက်မှာ ပေါက်မြောက်မည့် အလားအလာ များစွာရှိသည်ဟူ၍။ သို့သော် အဖေကတော့ အလုပ်ခွင်သို့ပင် ၀င်ခဲ့ရပါသည်။သည့်နောက်မှာတော့ လောကသည်ပင် အဖေ့အတွက် စာသင်ကျောင်းဖြစ်ခဲ့သည်။ အဖေက ဘာမဆို စိတ်ဝင်စားသည်။စာအုပ်မှန်လျှင် ဖတ်လိုက်သည်။ တွေ့သမျှ မဂ္ဂဇင်း သတင်းစာကို အလွတ်မပေး။

လူကြီးတွေ စကားဝိုင်းဖွဲ့နေကြတာတွေ့လျှင်လည်း သူဝင်နားထောင် သည်။ သူ့အရင်ဘိုးစဉ်ဘောင် ဆက်နေထိုင်ခဲ့သည်။ သည်ပစ္စ န္တရစ် အရပ်၏ ပြင်ပရှိ လောကမ္ဘာ ကြီး အကြောင်းကြား နာမှတ်သားရတာ သူသဘောကျသည်။ အဖေ၏ ပညာဗဟုသုတ မက်မောစိတ်၊ ပညာကမ္ဘာကို သိချင်မြင်ချင်စိတ်တွေသည် သူနှင့်အတူ ပင်လယ်သမုဒ္ဒရာများကို ဖြတ်သန်းကာ အမေ၇ိကားတိုက်သို့ ဆိုက်ရောက်လာခဲ့ သည်။


သည့်နောက်မှာတော့ သည်စိတ်ဓါတ်တွေသည် သူ့မိသားစု။ သူ့သားသမီး များထံသို့ပါ လက်ဆင့်ကမ်းပြန့်ပွားသွားခဲ့သည်။ အဖေ့စိတ်ထဲမှာ သူ့သားသမီး မှန်သမျှ ပညာအပြည့်အ၀ သင်ယူခွင့် ရရမည်ဟူ၍ သန္ဓိ ဌာန်ချထားသည်။ မည်သူမဆို ညအိပ်ယာဝင်ချိန်တွင် မနက်အိပ်ရာထထက် နည်းနည်းဖြစ်စေ အသိပညာ ပိုရှိနေရမည်။

အကယ်၍ ထိုသို့ရှိအောင် မလုပ်ဆောင်ပါက လူတစ်ယောက်အနေဖြင့် အကြီးမားဆုံး ပြစ်မှုကို ကျူးလွန်ရာရောက်သည်ဟူ၍ အဖေခံယူထားသည်။ ” လောကကြီးမှာ လေ့လာဆည်းပူးစရာတွေ မကုန်နိုင်အောင်ရှိတာကွ လူဆိုတာ မွေးတုန်းက ဘာပညဗဟုသုတမှ ပါလာတာမဟုတ်ပေမယ့် သေတဲ့အထိ နလပိန်းတုံးဘ၀နဲ့ နေသွားမယ် ဆိုရင်တော့ အဲ့ဒီလူဟာ လုံးဝအသုံးမကျတဲ့ လူစားဖြစ်မှာပဲ” ဟု အဖေ အမြဲ ပြောလေ့ရှိသည်။


သူ့ကလေး တွေအသိပညာ မရှာဘဲ ပေါ့ပေါ့ ဆဆ နေကြမှာကို အဖေအလွန်စိုးရိမ်သည်။ ထို့ကြောင့် ကျတော်တို့အားနေ့စဉ် အနည်းဆုံး သုတ အသစ်တစ်ခုတော့ရှာဖွေမှတ်သားဖြစ်အောင် အမြဲတိုက်တွန်းကြပ်မတ်သည်၊ တနေပတာ အတွင်း ဘယ်သူဘာတွေလေ့လာမိခဲ့သလဲ စစ်ဆေးမေးမြန်းရန် နျင့် ၄င်းထံမှ ကျန်လူများ နားထောင်မှတ်သားကြရန်အတွက် အသင့်တော်ဆုံး အချိန်က ညစာထမင်းဝိုင်းမှာ အားလုံးစုဝေးမိကြသည့်အချိန်ဖြစ်နေသည်။

သည်တုန်းကမူ ကျတော်တို့ကလေးပီပီ သည်ကိစ္စကြီးကို စိတ်ညစ်ကြသည်၊ တခြားကလေးတွေနှင့် သူ့မိဘအောကာင်း ကိုယ့်မိဘအကြောင်း နှိုင်းယှဉ်ကြ၊ ဝေဖန်သုံးသပ်ကြ တော့ ကျတော်တို့အဖေက တစ်မျိုးကြီးပဲဆိုတာ ထင်ရှားနေသည်။

သို့သော် အဖေ့ကို ကျတော်တို့ ဘယ်မှာငြင်းဆန်နိုင်ပါမည်လဲ။ ဒါကြောင့် ညစာစားခါနီး ကိုယ်လက်သုတ်သင်ကြသည့်အချိန် တစ်ယောက်ကို တစ်ယောက် မင်းဒီနေ့ဘာမှတ်ထားပြီးပြီလဲ အလျင်စလို မေးမြန်းကြ၍ ကိုယ်ကပြောစရာမည်မည်ရရမရှိသေးဘူးဆိုလျှင် ထမင်းစားပွဲဝင်မထိုင် ရဲသေးဘဲ အိမ်မှာမပြတ်သုံးစွဲကြသည့် စွယ်စုံကျမ်းကို ပြေးလှန်ရသည်။

တွေ့သည့် စာတစ်ခုကမန်း ကတန်း ကောက်မှတ်ရသည် ဆိုပါတော့ ” နီပေါပြည်၏ လူဦးရေ ”
ဟုတ်ပြီ တခုခုသိပြီဆိုတော့မှ ထမင်းစားပွဲဝင်ထိုင်ရဲသည်၊ အဲ့ဒီတုန်းက ညစာထမင်းဝိုင်းကို ကျတော်မြင်ယောင်ပါသေးသည်။ စားပွဲပေါ်မှာ ပေစတာ ( အီတာလျံမုန့်ဖတ် ) ပန်းကန်အပြည့်အ မောက်ကြီး။

မုန့်ဖတ်တွေ ကွယ်နေသဖြင့် တစ်ခါတလေ ကျတော်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ကျတော့နျမမျက်နှာကိုပင် မမြင်ရ။ ထမင်းဝိုင်းက ဇွန်းသံ၊ ပန်းကန်သံအပြင် အပြန်အလှန် စကားပြောသံတွေနှင့်ပါဆိုတော့ အမြဲ ညံနေတတ်သည်၊ အမေက အင်္ဂလိပ်စကား မပြောတတ်သဖြင့် ထမင်းဝိုင်းတွင် ကျတောတို့ ကိုယ့်ဇာတိ ပိဒမွန့်စကားပဲ ပြောကြသည်၊

အပြင်မှာတော့ ကျတော်တို့ကြုံခဲ့ ကြားခဲ့သမျှ သတင်းတွေ ဖောက်သည်ချကြသည်၊ အဖေနဲပ အမေက ကျတော်တို့စကားကို အသေးအဖွဲ ကိစ္စ ဖြစ်စေ ခပ်ပေါ့ပေါ့ သဘောမထား ဂရုတစိုက်နားထောင်သည်။ ပြီးလျှင်တော့ မှတ်ချက်တစ်ခုခု ချစမြဲဖြစ်သည်။
“ ဟုတ်တယ် သားလုပ်တာသိပ်မှန်တာပေါ့ ”
“လူမိုက်၊ ဒါလောက်တောင် ညံ့ရသလား ”
“ အေး အဲ့ဒါကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံ၇တာပဲ ”
“ ဒီလိုပေါ့ကွယ်။ လောကကြီးမှာ ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ ဘယ်ရှိပါ့မလဲ။ ”
“ ကြည့်စမ်း ငတုံး အိမ်က ဒီလောက်သင်ပေးထားလျှက်နဲ့ ” စသည့် ဖြင့် မှတ်ချက်တွေက တိုတိုရှင်းရှင်း လိုရင်းသာဖြစ်သည်။

ပြောဆိုစားသောက်၍ ပြီးစီး ကြပြီဆိုတော့မှ တကယ့်ပွဲကြီးစသည်၊ အချိန်က ကျတော်တို့အကြောက်ဆုံး အချိန် တစ်နေ့တာအတွင်း အသစ်လေ့လာမှတ်သားမိခဲ့သမျှကို ဝေမျှရမည့်အချိန်။

အဖေက စားပွဲထိပ်မှာ။ သူက ကုလားထိုင်ကိုနောက်ဘက်နည်းနည်းဆုတ်ပြီး ထိုင်သည်၊ ၀ိုင်နီတစ်ဖန်ခွက်ဌဲ့ သည်။ ပြိးလျှင် အနံ့ပြင်းပြင်း အီတလီ ဆေးလိပ်မီးခိုးများကို မှုတ်ထုတ်ရင်း သူ မွေးထားသော သားသမီးများကို စေ့စေ့စပ်စပ် လိုက်ကြည့်မည်။

ကျတော်တို့ကို ကြည့်နေသည့် အဖေ့မျက်နှာကို ပြန်ကြည့်ရင်း အဖေဘာတွေပြောလိမ့်မလဲ စောင့်စားနေရသည့် အချိန်ပိုင်းကလေးမှာ ” ကျတော်တို့အတွက် အတော်အနေရအထိုင်ရခက်လှ သည်။ အဖေကတော့ ကျတော်တို့ကို သည်လိုတမင်တကာ အချိန်ယူပြီး ကြည့်ထားမှဟု ဆိုသည်။

တော်ကြာကျတ်ာတို့အားလုံး ကြီးမြင်းသွားကြလျှင် သူသေသေချာချာ မကြည့်လိုက်ရဘဲ ရှိလိမ့်မည် ပြောသည့် အတိုင်းလည်း သားသမီးတွေ မျက်နှာကို တစ်ယောက်ချင်း စေ့ဌအောင် ကြည့်တတ် သည်။ နောက်ဆုံးကျတော့မှ ကျတော်တို့အထဲမှ တစ်ယောက် ဦးစွာပထမစတင်သည်။ အကယ် ၍ ကျတော်ပဲအလှည့်ကျသည် ဆိုပါစို့။

“ ဖိလစ် ” ကျတော့်နာမည်ကို အရင်ခေါ်လိုက်မည်။ “ကဲ ငါ့သား ဒိနေ့ဘာတွေသိလာသလဲ။ ပြောစမ်းပါဦး ကွာ ”ကျတော်ပြောတုန်း အားလုံးတိတ်ဆိတ် ငြိမ်သက်နေမည်။
သည်အခါမျိုးမှာ ကျတော်အမြဲ အံ့အားသင့် ရတာ တို့အဖေကြီးက တော့ တစ်မျိုးကြီးပဲဆိုတာ အမှန်ပါပဲကွာဟု ထပ်လောင်း အတည်ပြုမိရတာ တစ်ခုရှိသည်။

ဒါက အဖေသည် ကျတော်ဘာလေးပဲပြောပြော အသေးအမွှား အလကားဟု ဘယ်တော့မှ ယူဆလေ့ မရှိသည့် အချက် ဖြစ်သည်။ ပထမဆုံးသူက ကျတော်ပြောလိုက်သည့် ကိစ္စကို ကမ္ဘာနှင့်ချီ၍ အရေးကြီးသည့်ပမာ အ လေးအနက်စဉ်းစားဟန်ပြုမည်။ “ နီပေါပြည်၏ လူဦးရေ၊ အင်းဟုတ်ပြီ။ ” သည်နောက်သူက စားပွဲစွန်းမှာ ထိုင်နေသည့် အမေ့ဆီသို့ လှမ်းကြည့် “အမေကြီးရေ မင်းသိသလားကွာ၊ နီပေါပြည်မှာ လူဦးရေ ဘယ်လောက်ရှိသလဲ ” ဟု မေးလိုက်မည်။

“အမေ့ထံမှ တုံ့ပြန်စကားများကလည်း သိပ်ကောင်းသည်။ တည်ကြည်လေးနက် လွန်းနေသော ကျတော်တို့ဆွေးနွေးဝိုင်းကို ပေါ့ပါးသွက်လက်သွားအောင် အမေလုပ်ပေးစမြဲ ဖြစ်သည်၊ ”
“ နီပေါပြည်တဲ့လား ဟင့်အင်း လူဦးရေသိဖို့ဝေးလို့ အဲ့ဒီတိုင်းပြည် ဘယ်နားရှိမှန်းတောင် မသိဘူး” ဟော အမေ့အဖြေကလည်း နောက်ဆုံးတော့ အဖေ့ဂွင်ထဲပဲ ၀င်သွားသည်။
“ ကဲ ဖိလစ်ရေ မင်းတို့အမေကို နီပေါပြည် ဘယ်နားမှာရှိလည်း သိရအောင် ကမ္ဘာ့မြေပုံ စာအုပ်ကြီး သွားယူစမ်းပါဦးကွာ။ ”အဲ့ဒီနောက် မိသားတစ်စုလုံး မြေပုံစာအုပ်ထဲမှာ နီပေါပြည်ကို လိုက်ရှာကြမည်။

သည်လိုပဲ တစ်ယောက်ပြီး တစ်ယောက် ကိုယ်မှတ်သားလာခဲ့တာကို အလှည့်ကျပြောရ သည်။ သည့်အပေါ်မှာ ဆွေးနွေးကြ မှတ်သားကြရသည်။ အနည်းဆုံး ဗဟုသုတ အချက်အလက် သစ် ခြောက်ခုလောက် မရဘဲနှင့်တော့ ကျတော်တို့ ထမင်းဝိုင်းသိမ်းလေ့မရှိ။

သည်နေ့စဉ် ပညာဝိုင်း၏ အံ့ဖွယ်တန်းခိုးကို ထိုစဉ်က ကျတော်တို့ မသိခဲ့ပါ။ ကလေးများ သဘာဝကျတော်တို့သည် ၀ိုင်းကို စိတ်မရှည်နိုင်ကြ ကျတော်တို့လောက် ပညာရည်မပြည့်ဝသည့် အိမ်နီးချင်း သူငယ်ချင်းများနှင့် ဆော့ကစားချင်လှပြိဖြစ်၍ ဖင်တကြွကြွ။

သည်ကနေ့ပြန်ပြောင်း စဉ်းစားမိသည့်အချိန်ကျမှ ကျတော့တို့ တစ်တွေ အသိပညာ ဖွံ့ ဖြိုး အောင် သင်ကြားပေးခဲ့သည့် အဖေ့၏ နည်းစနစ်တန်ဖိုး ရှိလှပုံကို ကျတော်မြင်မိသည်။ အဖေ့ စနစ်ကြောင့် ကျတော်တို့ညီအစ်ကို မောင်နှမတွေ အတူတကွ ကြီးပြင်းရင့်ကျက်ခွင့် ရခဲ့ကြသည်။ တစ်ဦး၏ပညာရေးတွင် တစ်ဦးက ပံ့ပိုးကူညီခွင့် အပြန်အလှန် ခံစားခွင့် ရခဲ့ကြသည်။


အဖေကား ကျတော်တို့ ဘ၀တလျှောက် သြဇာသက်ရောက်မှု အကြီးမားဆုံး ဆရာတစ် ယောက်ဖြစ်ခဲ့သည်။ ကျတော်တို့ အမူအရာကို စောင့်ကြည့်ခြင်း၊ ကျတော်တို့စကားကို နားစွင့်ခြင်း ကျတော်တို့၏ တန်ဖိုးကို အသိအမှတ်ပြုခြင်းအားဖြင့် ကျတော်တို့ရင်၌ မိမိကိုယ်ကို မိမိလေးစားယုံ ကြည်စိတ်များ ကိန်းအောင်းစေခဲ့သည်။

ကောလိပ်တက်စ စောစောပိုင်းကာလမှာပင် ပညာရေးဘက်သို့ လိုက်၇န် ကျတော်ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် သင်ကြားမှုအတတ်ပညာ၌ အထူးချွန် အထင်ရှားဆုံးဆိုသော ပုဂ္ဂိုလ်ကြီးများထံ ကျတော်နည်းခံခွင့်၇ခဲ့သည်။

သင်ကြားရေးဆိုင်ရာ အတတ်ပညာကို သဘောတရားေ၇ာ လက်တွေ့ပါ ဆည်းပူးတတ်မြောက်ခဲ့ပြီဆိုသည့်အခါတွင်မှ ကျောင်းက ကျတော့်ပါမောက္ခများ သည် ကျတော်တို့ ငယ်စဉ်က တည်းက အဖေနားလည်သိရှိခဲ့သည့် စဉ်ဆက်မပြတ်ဆည်းပူး လေ့ကျက်မှု၏ တန်ဖိုးဟူသည်ကို ကျတော်တို့ခေါင်းထဲ ထည့်သွင်းပေးနေခြင်းပါတကားဟူ၍ ကျတော်သဘောပေါက်ကာ များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။

လူသားအတွက် သင်ယူနိုင်မှုစွမ်းရည် ကြီးမားလှပုံကို အဖေသဘောပေါက်ခဲ့သည်။ အသိပညာ ဗဟုသုတ ဟူသည် အဘယ်မျှသေးမွှားသည်ဖြစ်စေ။ လူသားအား နဂိုအနေထက်တော့ ပို၍တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိသည်သာ ဖြစ်ကြောင်း သူနားလည်ခဲ့သည်။

“ လူမှာသက်တမ်းသာ အကန့်အသတ်ရှိသည်။ သင်ယူနိုင်စွမ်းကတော့ အကန့်အသတ်မရှိ ဘူး။ လူတစ်ယောက်ဘာတွေ ဘယ်လောက်သင်ယူတတ်မြောက်ခဲ့သလဲ ဆိုတဲ့ အချက်ပေါ် မူတည်ပြီး သူဘယ်သူဘယ်ဝါဆိုတာ ဖြစ်လာရတာ” ဟူ၍ အဖေပြောခဲ့သည်။

အဖေ၏ ပညာရှာဖွေပုံ နည်းစနစ်က ကျတော်ထံ၌ တစ်သက်လုံးပင် စွဲမြဲခဲ့သည်။ သည်ကနေ့ အထိ ညဘက်အိပ်ရာထဲ လှဲတော့မည် ပြုတိုင်း ” ဖိလစ် ဒီနေ့ဘာတွေသိလာသလဲ ပြောစမ်းပါဦး ” ဆိုသော အဖေ့စကားသံကို ကျတော်ပြန်ကြားယောင်စမြဲ ဖြစ်သည်။

တစ်ခါတလေ သည်နေ့ဘာလေ့လာမှတ်သားခဲ့သည်ဟူ၍ ပြောစရာတစ်ခုမျှ ပြန်စဉ်းစားမရ သည့်အခါမျိုးတွင် ကျတော်မအိပ်နိုင်။ တစ်နေ့လုံးဘယ်လောက်ပင်ပန်းခဲ့သည်ဖြစ်စေ အိပ်ရာထဲမှ လူးလဲထကာ စာအုပ်စင်ဆီပြေးသွားပြီး တစ်ခုခုရှာဖတ်သည်။ မသိသေးတာ တစ်ခုခုရှာဖွေတွေ့ရှိ မှတ်သားမိပြီဆိုတော့မှ သည်တစ်နေ့တာ ကုန်ဆုံးခြင်းသည် အချည်းနှီးအလဟသ မဟုတ်ပြီ ဟူသော အသိဖြင့် ကျတော်ရော ကျတော့အသိစိတ်အာရုံထဲက အဖေကစိတ်ချလက်ချ အိပ်စက် အနားယူနိုင်ကြတော့သည်။

ဟုတ်သည်လေ။ တစ်နေ့သောအခါ နီပေါပြည်၏ လူဦးေ၇ အကြောင်း လေ့လာထားခြင်း မျိုးမှ အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိမလာဟု မည်သူမျှ မပြောနိုင်ဘူးမဟုတ်လား။

မည်သူမဆို ညအိပ်ရာဝင်ချိန်၌ မနက်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိပညာပိုရှိနေရမည်။ အကယ်၍ ထိုသို့ရှိအောင် မလုပ်ဆောင်ပါက လူတစ်ယောက်အနေနှင့် အကြီးမားဆုံးသော ပြစ်မှုကို ကျူးလွန်ရာရောက်သည်။

မူရင်း။ ။ Leo Buscaglia ၏ Our Dinner Table University And What Did You Learn Today?
ဖေမြင့် ( ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ)

မှတ်ချက်။ ။ပါးလုံး ပို့စ်အသစ်တင်မလို့ ညက ထိုင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ညက ကိုသားကြီးနဲ့ မမကောင်းကင်ကို ပို့စ်အသစ်တင်မယ့်အကြောင်း ပြောပြီး စာဆက်ရေးနေတဲ့အချိန်မှာပဲ မိုးတွေအရမ်းကိုချုန်းပြီး လျှပ်စီးတွေ တအားကိုလက်လာပါတယ်။ ပါးလုံးက သရဲလုံးဝမကြောက်ပေမယ့် မိုးချုန်ပြီး လျှပ်စီးလက်ရင်တော့ အရမ်းကိုကြောက်တတ်ပါတယ်။

ငယ်ငယ်ကတော့ အဖွားဆီပြေးပေမယ့် အခုတော့ ပြေးပုန်းစရာ အဖွားရဲ့ရင်ခွင်လည်း မရှိပါဘူး။ နောက်ဆုံးတော့ လိုင်းပေါ်ကိုကြည့်လိုက်တဲ့အချိန်မှာ မမကောင်းကင်ကလည်း ဆင်းသွားပြီ။ ကိုသားကြီးကို ပြောတော့ တော်တော်လေးကို အားပေးပါတယ်။

ဒါပေမယ့် သူ့ခမျာလည်း လိုင်းပေါ်မှာ ဂျီပုန်းလုပ်နေတဲ့အတွက် စကားပြောလို့မရပါဘူး။ နောက်တော့ အကိုတယောက်လိုင်းပေါ်တက်လာပြီး သူ့ကိုပြောပြပြီး သူက ကျမ်းစာဘလော့တစ်ခုပေးတယ်။ ပြီးတော့ ပါးလုံး အိပ်လည်းမအိပ်ရဲ အဲ့ဒါအဲ့အကိုက ဟေ့ကောင်အိပ်တော့ဆိုပြီးတော့ ပြောတော့မှ နောက်ဆုံးပါးလုံး ကြောက်ကြောက်နဲ့ အိပ်ယာထဲဝင်သွားပါတယ်။

ပါးလုံး တခါတလေ အရမ်းအားငယ် တတ်တယ်။ ဒေါင့်လေးမှာထိုင်ပြီး ငိုနေတတ်တယ်။ ဒီရောက်ပြီးမှ အဲ့လိုအားငယ်တဲ့စိတ်တွေ ဖြစ်ဖြစ်လာတယ်။ တခါတလေ ကြိုးစားမှုတွေကိုရပ် တပ်ခေါက်ပြီး ပြန်လှည့်ချင်စိတ်တွေလည်း ပေါက်မိပါတယ်။

အဲ့ဒါပါးလုံးညီမနဲ့ ဒီမနက် စကားပြောမိတော့ မငိုပါနဲ့တဲ့။ လောကကြီးက နင့်ကိုလှောင်နေမှာ မရှက်ဘူးလားတဲ့။ ဟုတ်ပါတယ်။ ညကတော့ မိုးချုန်းလွန်းလို့ လောကကြီးလှောင်မှာကိုလည်း သတိမထားမိနိုင်ပဲ မျက်ရည်နဲ့မျက်ခွက် အိပ်ပျော်သွားပါတယ်။ မနက်ရောက်တော့ ဖျားပြီး ကျောင်းမသွားနိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပါးလုံးကိုအားပေးကြသော အကိုများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

အခုလည်း ပို့စ်ကိုဆက်ရေးချင်စိတ် မရှိတာနဲ့ အရမ်းကြိုက်လွန်းလို့ ဒိုင်ယာရီစာအုပ်ထဲ ကူးထည့်ထားတဲ့ ဒီဘာသာပြန်လေးကိုပဲ ကောက်တင်လိုက်ပါတယ်။ အားလုံးအကျိုးရှိမယ်လို့တော့ မျှော်လင့်ပါတယ်။

အားလုံး အားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Friday, June 26, 2009

ရာဇ၀င်များနဲ့ ပါးလုံး(၁)

ပါးလုံးဆိုတဲ့ အမျိုးက ငြိမ်ငြိမ် လုံးဝမနေတတ်ပါဘူး။ တကယ် တခုမဟုတ် တခုကို လုပ်နေရမှ။ ပြီးတော့ အိမ်ပွနေရင် မနေတတ်ဘူး။ ထမင်းဟင်းချက် မီးပူတိုက်ကတော့ လုံးဝကို မလုပ်ချင်တာ။ ငြိမ်ငြိမ်လုပ်ရတဲ့ အလုပ်မလို့လေ။ အဲ့ဒီ ထဲကမှ မှတ်မှတ်ရရလေး နည်းနည်းလောက်ကို ပြောပြပါဦးမယ်။

အိမ်မှာ အဖေက တယူသန်ဗျာ သူက တခုခုဆို ဟောင်းနေပါစေ။ သုံးချင်တုန်းဗျာ။ အဲ့လိုဆိုတော့ အိမ်ပွရင် မနေတတ်တဲ့ ပါးလုံးနဲ့ တွေ့ကြပြီပေါ့ဗျာ။ ပါးလုံးအိမ်ရှင်းပြီဆိုရင် အကုန်လွှင့်ပစ်တာဗျ။ သူက သူ့အမှတ်အ သားနဲ့ သူထားတာဆိုပဲ။

အဲ့ဒီတုန်းကဗျာ မှတ်မှတ်ရရ သူ့ခြင်ထောင် အစုတ်ကြီးဗျာ ဘယ်လောက်လျှော်လျှော် အရောင်မထွက်တော့ တဲ့ခြင်ထောင်၊ ဒီကြားထဲ လျှော်လွန်းလို့ ကျုံ့ဝင်နေတာ တဖြည်းဖြည်းသေးလာတာ သူ့ခြေထောက်တောင် မလွတ်တော့ဘူး။

ခြင်ထောင် အမိုးကလည်း နှခေါင်းနဲ့ထိတော့မယ်။ အဲ့တော့ အဖေရေ အသစ်ရှိတယ်။ အဲ့ဒါထောင်ပါပြော တယ်။ ပြောတာ ပါးစပ်လည်း နားရွက်တက်ချိတ်တော့မယ်။ ဒီအဖေက ပါးလုံးရယ်ပဲ။ ပါးလုံးလည်း တော်တော်အမြင် ကတ်နေတာ အဲ့ခြင်ထောင်ကြီးကို။



အဲ့တော့ ပြောပါများတော့ အဖေက သူ့သမီးအကြောင်းသိတယ်။ အိမ်မှာဘယ်သူမှလည်းမရှိရော အဖေက အပြင်ထွက်ခါနီး ပါးလုံးနင် မဟုတ်ကဟုတ်က ဘာမှမလုပ်ထားနဲ့နော်တဲ့ အိမ်မှာလေ။ အဲ့တော့ ဘာမှတော့ ပြန်မပြောလိုက်ဘူး။ အဖေထွက်သွားတာ သေချာတာနဲ့ အဲ့ခြင်ထောင်ကြီးကို ကပ်ကြေးနဲ့ ညှပ်ပစ်လိုက် တယ်လေ။

အဖေက ပြန်လာတော့ မသိသေးဘူး ညကျမှ ပါးလုံးငါ့ခြင်ထောင်ရောတဲ့ အဲ့မှာလို့ ဆိုတော့ အသစ်ထုတ် ပေးထားတယ်။ ဟိုခြင်ထောင်တဲ့။ သူ့အစုတ်ကြီးကိုလေ။ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပြီလို့ ပြောတော့မှ အ ဖေလည်း ဘာပြောရမှန်းမသိတော့ဘူး။ နင်ကတော့လေတဲ့။

အရင်ကတော့ အိမ်က အရမ်းပြောတယ်။ နင်ကလေ ဒီဟာမလုပ်နဲ့ပြောရင် ဒီတခုကိုတော့ မလုပ်တော့ပါဘူး။ ဒါပေမယ့် ဟိုဟာလုပ်တယ်။ ဟိုဟာမလုပ် နဲ့ပြောရင် ဟိုးနောက်တခုလုပ်တယ်တဲ့ အိမ် မှာအမြဲပြောနေကျ။ နောက်တော့ သူတို့မပြောနိုင်တော့ဘူးဗျ။ အဲ့တော့ ဟယ်ပါးလုံးရယ်ပေါ့ ထုံးစံအတိုင်း။

အိမ်မှာ ထိုင်နေရင် ပါးလုံးတို့ထိုင်ရင် ရိုးရိုးမထိုင်ဘူး။ မျက်စိက ဘယ်နားပွနေလည်း လိုက်ကြည့်နေတာ။ အဲ့တော့ အိမ်ကဧည့်ခန်းထဲမှာ ခင်းထားတဲ့ ကော်ဇောကြီးလေ အဲ့ဒါကြီးက နည်းနည်းထွက်နေတယ်လေ။

အဲ့ဒါအဖေ့ကို အဖေလို့ ကော်ဇောကြီးက ရှည်နေတယ်နော်လို့ ဒီလောက်ဆိုအတော်ပဲဆိုတော့ အဖေက ပါးလုံးနင်နော်တဲ့။ သိနေတယ်လေ အဖေက။ ဘာလုပ်မယ်ဆိုတာကို။

အဲ့ဒါနဲ့ ပါးလုံးဘာမှမပြောဘူးလေ။ ထုံးစံအတိုင်း အိမ်မှာလူမရှိတဲ့အချိန်ကျမှ အဲ့ကော်ဇောကြီးကို ကပ် ကြေးနဲ့ အတိညှပ်ပစ်လိုက်တာပေါ့။ အဖေပြန်လာတော့ ဟယ် ပါးလုံး နင်တော့နော်။ ငါမပြောချင်တော့ဘူး။ တဲ့ နောက်ဆုံးသူလည်း ထပ်မပြောနိုင်တော့ဘူး။

အဲ့တော့ အိမ်မှာ ညှပ်စရာတွေလည်းမရှိ ဘာမှကိုလုပ်စရာမရှိတော့တာ ပြီးတော့ အဲ့အချိန်က အင်္ဂလိပ်စာကို အရူးအမူး မဟုတ်သေးတော့ အားနေတယ်ပေါ့ဗျာ။ ပါးလုံးတို့အိမ်မျက်စောင်း ထိုးလောက်မှာ အခင်း သေးသေးလေး တခင်းရှိတယ်ဗျာ။ သူကရေစင်နဲ့လည်း နီးတယ်။

အဲ့အခင်းကို လုပ်နေတဲ့ လူကြီးက သူကဈေးလည်းရောင်းတယ်။ အစုံပတ်ရောင်းတာ။ မိသားစုများတော့ အလုပ်တော်တော်လုပ်တယ်ဗျာ။ အဲ့တလောက သူကဈေးအရမ်းရောင်းနေရတော့ သူ့ခြံ ကြီးကို ပစ်ထားတယ်။ ဆက်မလုပ်တော့ မြက်ခင်းကြီးပေါ့ဗျာ။ အဲ့ဒီအခင်းကြီးကို ပါးလုံးက မျက်စိကျနေတာလေ။ အားနေလို့။

အဲ့လူကြီးနဲ့လည်းခင်တယ်။ ပါးလုံးကိုကတော့ မသိတဲ့သူမရှိသလောက်ပါ။ အဖေ့ကိုတောင် လူတွေက အဖေ နာမည်ကိုသာမသိရင်မသိမယ်။ ပါးလုံးတို့အဖေဆို သိတယ်။ တခုခုဆို ပါးလုံးတို့အဖေလေဆိုတာ မျိုး။ ဦးဇင်းတော်တော်များများဆိုလည်း ပါးလုံးကိုခင်ကြတယ်။ မုန့်စားရတယ်ဗျ ဦးဇင်းတွေနဲ့ခင်တာက။

ဦးဇင်းတွေနဲ့လည်း စနောက်နေတော့ အိမ်ကပြောတယ်။ နင်နောက်တာ ဦးဇင်းတွေတော့ ချမ်းသာပေးလိုက် ပါပါးလုံးရယ်တဲ့။ ဒါနဲ့ပဲ လိုရင်းမရောက်တော့ အရစ်က ရှည်နေတာ။ အဟိ။ အဲ့ဒီခြံကို စိုက်တဲ့လူကြီးနဲ့ ခင်တာကလည်း သူကဈေးရောင်းရင် အရှေ့က အော် ပါးလုံးက အနောက်က လိုက်ပြတ်တယ်လေ။

အဲ့တော့ ပါးလုံးတို့အိမ်ရှေ့ရောက်ရင် သူက ကြည့်သေးတယ်။ ပါးစပ်ဟပြီး ပါးလုံးမရှိမှထအော်တာလေ။ သူကလည်း အော်ရင် ကာရံနဘေနဲ့ဗျ။ အဲ့တော့ စနောက်နေတော့ ခင်တယ်ဗျာ။ အဲ့လိုနဲ့ သူ့ကိုပြောတာပေါ့ ဦးချစ်ဖေ အဲ့ဒီ ခြံကိုမလုပ်ရင် သမီးကိုပေးဆိုတော့ သူက တူမကြီးနင်ဘာလုပ်မလို့လည်းတဲ့။

အပင်စိုက်မယ်လို့ပြောတော့။ တကယ်လုပ်မယ်ဆို ယူတဲ့။ ပါးလုံးက အပင်စိုက်တာ ၀ါသနာပါတယ်။ အပင် လေးတွေ စိမ်းနေရင် အရမ်းပျော်တာပဲလေ။ အဲ့တော့ အိုကေ ကျေးဇူးဆိုပြီးတော့ သူ့ဆီက မျိုးစေ့လည်း ပေးသေးတယ်။

အဲ့ဒါနဲ့ လုပ်ငန်းစမယ်ပေါ့ မနက်စောစောထပြီးတော့ပေါ့။ အိမ်ကတော့ ပါးလုံး နင်ဘာလုပ်ပြန်ပြီလည်းပေါ့။ ထုံးစံအတိုင်း။ အဖေကတော့ နေပါစေတဲ့။ ပေါက်တူးနဲ့ ဓါးကိုလည်း သေသေချာချာ ပြင်ထားတယ်ဗျာ။ အဲ့ လိုလုပ်ချင်တာများ လုပ်ရမယ်ဆိုရင် ပါးလုံးတို့ ၀ိရိယကောင်းသလား မမေးနဲ့။

အိမ်ကတော့ ပြီးမှ လာမညီးနဲ့တဲ့။ တကယ်ဟုတ်မဟုတ် စောင့်ကြည့်လိုက်မယ်ဆိုပဲ။ အဲ့ဒါနဲ့ မနက်ကျတော့ ၄ခွဲထတယ်ဗျာ။ မျက်နှာသစ်တာဘာတာနဲ့ ၅နာရီထိုးသွားတယ်။ ပြီးတော့ ဆောင်းတွင်းကြီးဗျာ။ အရမ်း အေးသလို မနက်ခင်းက မှောင်တယ်ဗျာ။

ပြီးတော့ ပါးလုံးတို့ အိမ်ရှေ့မှာနေတာက အကိုတွေ သူတို့က ပါးလုံးကို ညီမလေးအရင်းလိုပဲ ချစ်ကြတယ်။ ပါးလုံးကို သူတို့လည်း စောင့်ကြည့်နေကြတယ်။ ဒီပါးလုံးတယောက် ဘာလုပ်မလည်းဆိုပြီးတော့လေ။ သူတို့လည်း နိုင်မှမနိုင်ပဲ။ အဲ့တော့ ပြောမရတော့ စောင့်ကြည့်နေကြတယ်လေ။

ဒါပေမယ့် အဲ့ဒီမနက်ဆိုတာက ဘယ်သူမှမထချင်ဘူးလေ။ ဆောင်းတွင်းဆိုတော့ ပါးလုံးကတော့ သူများထ လာတာနဲ့ ငါ့ခြံကို ဒီနေ့မြက်အားလုံးရှင်းစေရမယ်ပေါ့။ အဲ့တော့ မြက်တွေကိုရှင်းတယ်ဗျာ။ အဲ့ဒီနေ့က မြက်အားလုံး ရှင်းသွားတယ်။

နောက်တနေ့ အဲ့လိုပဲ စောစောထတယ်။ အိမ်ကလူတွေကတော့ ပထမတရက်ကတော့ သူတို့သိပ်အိပ် မပျော်ကြဘူး။ ပါးလုံးဘာဖြစ်မလည်းဆိုပြီးတော့လေ။ သူတို့နိုးတော့ တကယ်ပဲ ခြံကရှင်းနေတယ်ဆိုတော့ နောက်တနေ့တော့ သူတို့ စိတ်ချလက်ချ အိပ်ကြတယ်ဗျာ။

အိမ်ရှေ့က အကိုတွေကလည်း အလယ့် ပါးလုံးကတယ်ဟုတ်ပါလားပေါ့။ အဲ့တော့ သူတို့လည်း နှစ်နှစ်ခြိုက် ခြိုက်ကို အိပ်နေကြတာလေ။ အဲ့ဒါနဲ့ ပါးလုံးလည်း ဘောင်လုပ်တယ်။ အဲ့ဒါစိုက်ဖို့ လှလှလေးပေါ့ဗျာ။ ကိုယ့် ကိုကိုယ်သာ အလှပြင်ရမှာ ၀ါသနာမပါတာ။ မျက်စိကတော့ ကဗျာဆန်ဆန် အေးအေးချမ်းချမ်းလေး ကြိုက်တယ်ဗျ။

အဲ့တော့ အဲ့လိုလုပ်ရင်းနဲ့ အတွေးလေးနဲ့ပေါ့ဗျာ။ ပါးလုံးတို့ရပ်ကွက်ကို ရေပေးတဲ့ ပိုက်က အဲ့ဒီခြံကဖြတ်တာ ဗျ။ အဲ့ဒါသေချာရှောင်ပြီး မြေကြီးကို ပေါက်ခါမှ သေချာကို အဲ့ပိုက်ကြီးကို ပေါက်မိတယ်ဗျာ။ ပိုက်လုံးက အကြီးကြီးဗျာ။

အဲ့တော့ ဘာလုပ်ရတော့မလည်း။ အော်တာပေါ့။ အဖေရေ ဒယ်ဒီဒက်ရေ ဆိုတာက ဘယ်နှစ်ခါမှန်း မသိတော့ဘူး။ ဒယ်ဒီဒက်ဆိုတာကတော့ အဖေ့ကိုစပြီးခေါ်နေကြကနေ ခေါ်ဖြစ်သွားတာ။ အဲ့ဒါ ကယ်ကြပါကပါသေးတယ်။ အခုရေးရင်းတောင်ရယ်ချင်တယ်။ အခုမှရယ်နိုင်တာပါ အဲ့တုန်း ကတော့ ဆောင်းတွင်းကြီး ခြွေးတွေဆိုတာ တဒီးဒီးကျနေတာ။

အဲ့လိုအော်တော့ အိမ်ရှေ့အိမ်က အကိုတွေက အိပ်နေတာကနေ ပါးလုံးပေါက်တူးထိပြီ ထင်ပြီး ပုဆိုး စွန်တောင်ဆွဲပြီး ဆင်းလာကြတာလေ။ အမှန်ကပိုက်ပေါက်တာ။ အဲ့လိုအေးနေတဲ့အချိန်မှာလေ ရေတွေနဲ့ စိုရွှဲနေတဲ့ ပါးလုံးကို ကြည့်ပြီးတော့ သူတို့ ဘာလုပ်ရမှန်းမသိဘူး။

အဲ့ဒါနောက်တော့ ရေကဒလဟောကျလာတာ။ အဲ့ဒိရေတွေက ရက်ကွက်နှစ်ဟိုးအောက်ထိ စီးတာလေ။ ရေတွေကြီးသလားမှတ်ရတယ်လေ။ ရပ်ကွက်လူကြီး အိမ်ရှေ့ကို ရေကရောက်နေပြီဗျ။ အဲ့တော့ အိမ်ရှေ့ ကအကိုတွေက ပိုက်ကို ကျွတ်ကျွတ်အိတ်နဲ့ လတ်တလော ပိတ်ကြတယ်။

အဲ့တော့ ပါးလုံးလည်း ချက်ချင်းပဲ သတိယလိုက်တယ်။ ကရင်ရွာကလူတွေက အဲ့ဒီပိုက်တွေ ကိုပြင်တာလေ။ အဲ့တော့ အဲ့ဒါပါးလုံးတို့အိမ်ကိုလာနေကြ ဦးစိုးမိုးဆိုတာက ကရင်ပဲ။ သူ့အိမ်ကို တချိုးတည်းပြေးတာပေါ့။ သူ့ကကရင်ရွာက ပိုက်ပြင်တဲ့ သူနဲ့ခင်တယ်ဆိုတာ ကြားဖူးထားလို့ ပြေးပြောတာ။

သူကလည်း အဲ့အချိန်မှ အိပ်ယာက နိုးပီးည၀တ်ဘောင်းဘီကြီးနဲ့ အပြင်ကို ထွက်ထိုင်တုန်း သန်းနေတုန်းကို အတင်းဆွဲပြီးတော့ ဦးအခုသွားပေး အခုသွားပေးဆိုပြီး စက်ဗိုင်းရပ်စ်ကိုက်တုန်းက တွေ့တဲ့သူတိုင်းကို ဂျီကျသလိုပေါ့ဗျာ။ ဂျီကျတာ။ သူလည်း အဲ့ဘောင်းဘီကြီးနဲ့ ချက်ချင်းကို ထွက်သွားရတယ်လေ။

သူထွက်သွားတော့ ခြံကိုပြန်ပြေးကြည့်တော့ ဟိုမှာ ဟိုအကိုတွေ အကုန်လုံး အဖေရော ရေတွေ တကိုယ် လုံးစိုရွှဲနေကြပြီလေ။ ပါးလုံးကတော်သေးတယ်လေ။ မြေပေါက်ထားတော့ ပူနေတယ်။ သူတို့က အိပ်ယာက ထလာတာလေ။

အဲ့အချိန် ရပ်ကွက်လူကြီးအသစ်ကလည်း သူကြီးဘစီဒီဇိုင်းနဲ့ သူကတော့ ခြောက်လုံးပြူးမဟုတ်ဘူး။ တုတ် တချောင်းနဲ့ ဗိုက်ကြီးရှေ့ပစ်ပီးတော့ ရောက်လာပါလေရော။ သူပါဝင်လုပ်တော့ သူလည်းရေစိုပေါ့ဗျာ။ အဲ့နောက်ပိုင်း ပါးလုံးကို မြင်ရင် အဲ့သူကြီးက ရေပိုက်ပေါက်တဲ့ ကောင်မလေးလို့ ခေါ်တယ်။

အင်း အဲ့ရက်ကွက်လူကြီးအကြောင်းလည်း နောက်မှရေးဦးမယ်။ ပါးလုံးကြောင့် သူအလုပ်တော်တော်များ သွားပုံပေါ့။ အဲ့ဒါနဲ့ ပါးလုံးတို့ ရပ်ကွက်အောက်ပိုင်းတခုလုံး ဆောင်းတွင်းကြီး ရေကြီးကုန်တာပေါ့ဗျာ။

လူကြီး တွေလည်း ရေအကုန်စို နောက်ဆုံး အေအာစီက လာတော့မှပဲ ရေပိုက်တွေသူတို့ ဟိုးအရင်းကပိတ်ပြီးတော့ မှ ရေပိုက်တွေပြန်ဆက် အဲ့တော့မှ အစဉ်ပြေသွားတော့တယ်။ မနက် ၆ခွဲလောက်ကနေ ၁၀ခွဲသွားတယ်။

အိမ်ကအဒေါ်ကတော့ ရေပိုက်လုပ်ပေးတဲ့ လူတွေကို ရေနွေးတွေဘာတွေတိုက်ပေါ့။ ပြီးတော့ အားနာ ကြောင်းပြောပေါ့။ ရေကြီးကုန်လို့ လာမေးကြတဲ့သူတွေလည်း အိမ်မှာ အပြည့်ပဲလေ။ ဈေးနေ့ကလည်း ဖြစ်လေတော့ လူကိုစည်နေတာပဲလေ။

ဟို အတင်း လွှတ်လို့ ည၀တ်ဘောင်းဘီကြီးနဲ့ ကရင်ရွာထိသွားရတဲ့ ဦးလေးလည်း ပြန်လာတော့ ပုဆိုးနဲ့။ သူမနက်က ဘာဝတ်သွားလည်း ပါးလုံးလည်း သတိမထားမိပါဘူး။ ကိုယ့်အပူနဲ့ကိုယ်မလို့။ သူကပြောတော့မှ ပါးလုံးတို့ ရိုက်ချက်ကတော့ ပြင်းတယ်တဲ့။

ငါ့မှာ ည၀တ်ဘောင်းဘီကြီးနဲ့ ကရင်ရွာထိရောက်သွားတယ်တဲ့။ သူ့ကို ဂျီကျတော့ သူကဘာလုပ်ရမှန်းမသိ သူလည်း မေ့ပြီး ပြေးတာလေ။ အဲ့ဒါပြန်လာတော့ သူရှက်လည်းရှက်တာနဲ့ သူ့သူငယ်ချင်းပုဆိုးဌားဝတ်လာ ရတယ်တဲ့လေ။

နောက်ဆုံး အဲ့ခြံကို ပါးလုံးအိမ်ရှေ့က အကိုတွေက ပါးလုံးရယ် နင်လတ်လတ်ဆတ်ဆတ် စားချင်ရင် စားရပါစေမယ်။ ငါတို့စိုက်ပါ့မယ်။ မယ်မင်းကြီးမရယ် အိမ်မှာပဲ အေးအေးဆေးဆေးလေး နေပါတဲ့ဆိုပြီး နောက်ဆုံး ခြံစိုက်ဖို့ တခါမှစိတ်ကူးမရှိတဲ့ အိမ်ရှေ့က အကိုတွေ အားတဲ့အချိန် ဂျူတီခွဲပြီး အပင်စိုက်တဲ့ အလုပ်ရသွားတယ်လေ။

နောက်ဆုံးတော့ သူတို့ စိုက်တာကို ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး စားရုံပေါ့ဗျာ။ အဟဲ။ အဲ့ဒါ ပါးလုံးနဲ့ သိတဲ့ သူမှန်းသမျှက အစပိုင်းတော့ ဝေဖန် ပြစ်တင် ပြောနိုင်တယ်။ နောက်ပိုင်းသူတို့ပဲ မောလာတာလားတော့ မသိဘူး။ ဟယ်ပါးလုံးရယ် ပဲပြောနိုင်တော့တယ်။ လုပ်လိုက်မှဖြင့် အရာရာနဲ့ အကြောင်းကြောင်းပဲမလို့လေ။

နောက်မှပဲ အဲ့လို ရာဇ၀င်များနဲ့ မဆုံးနိုင်တဲ့ ပါးလုံးအကြောင်းကို ပြောပြဦးမယ်နော်။ အခုတော့ တခန်းရပ်လိုက်ပြီနော်။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး



ဆက်ဖတ်ရန်...

Wednesday, June 24, 2009

ဆီမီးဖိုင်နယ်သို့ ရောက်သွားခြင်း

ငယ်ငယ်ကတည်းက အားမှကစားတဲ့ အားကစားကို ၀ါသနာပါပေမယ့် မအားတဲ့အတွက် မကစား ခဲ့ရပါဘူး။ ဖွားဖွားကို လုပ်ကူတာနဲ့ ဖွားဖွားကကျက်ခိုင်းတဲ့ စာတွေကိုကျက်တာနဲ့ အချိန်တွေကို ဘယ်လိုကုန်လာမှန်းမသိပါဘူး။

အဲ့လိုနဲ့ တနေ့ ပါးလုံးတို့ရပ်ကွက်မှာ အားကစား ရာသီဆိုပါတော့ မိန်းခလေးဘောလုံး အသင်း ကို နီးခါနီး နှစ်ပတ်အလိုကျမှ လူလိုက်စုတယ်။ ဟိုဘက်ကရင်ရွာနဲ့ ပြိုင်ရမယ်။ ပတ်ချာလည်ပေါ့ဗျာ။ စာရင်းလိုက်ကောက်တာက ဆရာမ။

ပါးလုံးဆိုတာကလည်း သိတဲ့အတိုင်း တန့်ကနဲ ဆိုနန့်ကနဲ။ ပါချင်တာလေ။ ဆရာမက အတင်းပါ ပါလားပြောနေတဲ့အချိန် ပါးလုံးကပါချင်တာ မပြောခင်ကတည်းက။ ဒါပေမယ့် ဖြစ်ချင်တော့ အိမ် မှာအဖေလည်းရှိ အဒေါ်လည်းရှိနေလေတော့။ အဒေါ်က မျက်စိပျူးပြ ပြဲပြ။

ဒါပေမယ့် ဘောလုံးကို ကြည့်တာဝါသနာပါသလို အရမ်းလည်းကန်ချင်တယ်လေ။ တခါမှလည်း မကန်ဖူးဘူး။ သင်လည်းသင်ပေးမယ်ဆိုတော့ ကန်ချင်တာပေါ့။ နောက်ဆုံး မျက်လုံးပြူးပြလည်း မရ ပါးစပ်ရွှဲ့ပြလည်း မရတဲ့အဆုံး ပါးလုံးအဒေါ်က ဆရာမကိုပဲ ခွင့်မပြုဘူးဆရာမရယ်။


ပြီးတော့ သူက သူများနဲ့တူတာမဟုတ်ဘူး အဆစ်အမြစ်ကလည်း ကိုက်တတ်တာဆရာမရေဆိုပြီး ပြောပါလေရော။ ပြီးတော့မှ ဆုရမရတော့မသိဘူး ဘောလုံးကွင်းမှာ သူများနင်းလို့ လိုက်ကောက်ပြီး ဆေးရုံတင်ရမှာစိုးလို့ဆရာမရေ ပြောလိုက်တော့ ပါးလုံးတို့ ဘူပိတ်သွားတယ်ဆိုပါတော့။

အဖေကလည်း ပါးလုံးနင် အေးအေးဆေးဆေးနေဆိုပြီး ပြောသေးတယ်။ ဟွန့်။ အဲ့တုန်းကတော့ အိမ်ကို စိတ်ဆိုးတယ်။ မနက်ပါးလုံးတို့ထပြေးတဲ့အချိန် ပါးလုံးသူငယ်ချင်းတွေ ဘောလုံးကန်ဖို့ ထရိန်နင်ဆင်းနေတာမြင်တော့ ရင်ထဲမှာမကောင်းဘူးဗျာ။ အဟုတ်ပါ။

ဒါပေမယ့် အိမ်ကပြောတာမှန်တယ်ဆိုတာ ဘောလုံးပွဲနေ့မှသိလိုက်တယ်။ မနက်စောစော ထပြီး သွားကြည့်တော့ ဘောလုံးတလုံးကို ထန်းလျှက်ခဲ ပုရွက်ဆိတ်အုံသလိုပဲလေ။ ပါးလုံးတို့ရပ်ကွက် က နိးခါမှကျင့်တာကိုး ဟိုကရင်ရွာက တကယ့်ဆရာတွေလေ။

ဒီကြားထဲ ကရင်ရွာကမသွင်းခင် ပါးလုံးတို့ရပ်ကွက်က သွင်းလိုက်တယ်လေ။ ကိုယ့်ဂိုးပေါက်ကို ကိုယ်။ စုစုပေါင်း ၉ဂိုး ၀ နဲ့လေ။ ဘဲဥတော့မကွဲဘူး။ ဘောလုံးမကွဲတာလည်း ကံကောင်းအဟိ။ အဲ့တော့ ပါးလုံး ခံစားရတာလေး ပျောက်သွားတယ်ဆိုပါတော့။

အဲ့လိုနဲ့ မကြာပါဘူး။ ပါးလုံးအိမ်ရှေ့မှာထိုင်နေတုန်း အိမ်နားက မသီဆိုတဲ့ အမကြီးက လာပြီးတော့ စာရင်းကောက်ပါလေရော။ ဒီတခါတော့ ဘောလုံးမဟုတ်ဘူး။ ကြက်တောင်ပွဲအတွက်တဲ့။ ဖြစ်ချင်တော့ အိမ်မှာ လူကြီးတယောက်မှ မရှိဘူး။ ဒီတခါတော့ ပါးလုံးအလှည့်ပေါ့။

တားချင်သလောက်တား ရအောင်ကို ကစားမယ်ဆိုပြီးတော့ မျက်စိစုံမှိတ်ပြီး ပေးလိုက်တယ်။ ကြက်တောင်ရိုက်တယ်ဆိုရင်လည်း ပါးလုံးက စည်းနဲ့မဆော့ဖူးဘူးလေ။ ဟိုဘက်ဒီဘက်ရိုက် တတ်တယ်ဆိုရုံပေါ့။ ပြီးတော့ သူက ၀င်ကြေးပဲပေးရမှာ။ မေးသင့်တာအားလုံးကို မေးထားလိုက် တယ်။ တော်ကြာအိမ်ကအပျိုကြီးပြန်လာရင် မဆော့စေချင်တာနဲ့ တခုမဟုတ်တခု တားမှာသေချာနေလို့လေ။

ညကျတော့ အခြေအနေကို အကဲခတ်လိုက်တယ်။ ၀င်ထားတယ်ဆိုမှတော့ ပြောမှဖြစ်မယ်လေ။ အဲ့တော့ ပါးလုံးက ခေါ်ကြည့်လိုက်တယ်။ တီတီလို့။ ဆိုတော့ “အေး”တဲ့ အဲဒါဆိုအခြေအနေကောင်း တယ်။ တီတီလို့ခေါ်လို့ “ဘာလည်း” ဆိုရင်တော့ ဒါက ရာသီဥတု မကောင်းဘူးလေ။

အဲ့တော့ဝင်ထားတဲ့ အကြောင်းကိုပြောလိုက်တယ်။ အဖေကတော့ ပါးလုံးပြီးမှ ဟိုနားနာတယ်။ ဒီနားနာတယ်မကြားချင်ဘူးနော်တဲ့။ တီတီကတော့ နင်နော် ပြီးမှ ငါ့ဆီကဘာမှလာမတောင်းနဲ့တဲ့ ဖြစ်ရင် ကိုယ့်ဟာကိုခံတဲ့။

အေးဆေးပေါ့။ မနက်ကျတော့ ထရိန်နင်စဆင်းရတယ်။ တဖွဲ့ကိုသုံးယောက်ဆိုတော့ ပါးလုံးရယ်။ မသီရယ် နောက် ပါးလုံးသူငယ်ချင်း ခင်ခင်စုဆိုတဲ့ ကောင်မလေးရယ်။ သူ့ကိုလည်း ပါဖို့ ပါးလုံးပဲ စည်းရုံးတာလေ။ ဘာလို့လည်းဆိုတော့ တခြားသူနဲ့ဆို နှစ်ယောက်ဆော့တာဆိုတော့ တိုင်ပင် ကိုက်မှဖြစ်မှာလေ။

စိတ်တူကိုယ်တူဖြစ်လေအောင် စည်းရုံးရတာပေါ့။ သူ့အိမ်ကတော့ အဲ့လိုခွင့်မပြုတာမရှိဘူးလေ။
အိုကေတယ်။ ပထမနေ့ ထရိန်နင်ပြီးတော့ ပါးလုံးတို့ အကြောလျှော့ကြတယ်။ မနက်ဆိုလည်း နှစ်ယောက်သား ၀ိရိယကောင်းသလားမမေးနဲ့ ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ကိုယ့်တွက်ကိန်းနဲ့ ကိုယ် ကရင်တွေနဲ့ပြိုင်ရမှာ သူတို့ကနှစ်ရှည်လများ ဆော့လာတဲ့သူတွေ။

အဲ့လိုနဲ့ ညကျတော့ မအိပ်ခင်ထိတော့ မညည်းသေးဘူးဗျ တော်တော်နာတာဗျ မခံစားနိုင်ဘူးလေ။ ဒါပေမယ့် နာတယ်ပြောရင် အိမ်ကပါးလုံးနင်မသွားနဲ့တော့ဆိုပြီး ပါမစ်ပိတ်လိုက်ရင် သေပြီဆရာ။

အဲ့တော့ မညည်းရဲဘူး။ အိပ်ပျော်တော့မှ ပါးစပ်ကထွက်လာတာလေ။ နောက် ဒုတိယတရက်ကျ တော့ ကောင်းမလာတဲ့အပြင် ထိုင်ထတောင်လုပ်မရတော့ဘူး။ ပါးလုံးက လေးဘက်နာရှိတော့ မရဘူးဗျ။ အဆစ်တွေ အရမ်းနာတယ်။
အဲ့တော့ မညည်းဘူးဆိုပေမယ့် တကျွတ်ကျွတ်ပေါ့ဗျာ။ အဖေကတော့ ပါးလုံးတော်ပြီ နင်တော်သင့်ပြီ ဆိုပြီးတားတယ်လေ။ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ လုပ်ချင်တာကို ရအောင်လုပ်ရမှလေ။

အိမ်ကတားမရတဲ့ အဆုံးလွှတ်ထားလိုက်တယ်လေ။ အဲ့လိုနဲ့ ပြိုင်မယ်ပေါ့။ အားလုံးပေါင်း ရှစ် သင်းဗျာ။ အေနဲ့ ဘီဆိုပြီး နှစ်ဘက်လုပ်ထားတယ်။ အေက လေးသင်းပြိုင်ရမယ်။ ဘီကလေးသင်းပြိုင်ရမယ်။ ပြီးမှ နှစ်ဘက်ကနိုင်တဲ့သူတွေ တွေ့ပေါ့။ဆီမီးဖိုင်နယ်ပေါ့ဗျာ။

အဲ့တော့ ပြီးတော့ စင်ဂယ်မရှိဘူး ဒဘယ်ကြီးပဲလေ။ အားလုံး ပေါင်း နှစ်ပွဲပြတ်ရင်ပြတ် မပြတ်ရင်တော့ သုံးပွဲဆော့ရတယ်ဗျာ။ အဲ့ဒါနဲ့ ပထမနေ့သွားပြိုင်တော့ ပါးလုံးတို့နဲ့ ပြိုင်ဖို့ စာရင်းပေးထားတဲ့ အဖွဲ့က မလာဘူး။ အဲ့တော့ ပါးလုံးတို့ကို အနိုင်ပေးလိုက်တယ်။ အစောကြီးထပြိုင်ရတယ်ဗျာ။ မနက်ခြောက်နာရီစတယ်။ ပွဲက။

ပြန်ရောက်တော့ အိမ်ကလူတွေက ပါးလုံးဘယ်လိုလည်းတဲ့ နိုင်လာတယ်။ တဘက်က ဇီးရိုးနဲ့လို့ ပြောလိုက်တယ်။ တယ်ဟုတ်ပါလားတဲ့။ ဟုတ်တယ်လို့ ပြိုင်မယ့်အဖွဲမလာလို့လို့ဆိုတော့မှ တနေ့လုံး အိမ်ကလူတွေပါးစပ်ထဲ ရောက်သွားတာပေါ့ဗျာ။

နောက်တနေ့ ပါးလုံးတို့သွား ပြိုင်ရတယ်။ အဲ့နေ့တော့ လာတယ်ဗျ။ ဆေးရုံက ဆရာမသုံးယောက်။ ကဲဒီနေ့တော့ စပြီပေါ့ဗျာ။ ပါးလုံးတို့က ကျင့်တာ တလတောင်အချိန်မရဘူးလေ။ အဲ့တော့ နှစ်ပွဲနဲ့ အပြတ် ခွက်ထိုးနဲ့ခွက်လန် ၉မှတ်နဲ့ ၁၅ မှတ် ပထမပွဲက ဒုတိယပွဲက ၁၀မှတ်နဲ့ ၁၅မှတ် ရှုံးလာတယ်။

အဲ့တော့ အပြန်ပျော်လာပါတယ်။ မုန့်လုပ်စားကြတယ်လေ။ ရှုံးတဲ့အထိမ်းအမှတ်ဆိုပြီးတော့။ နောက်တနေ့ သွားဆော့တယ်။ အဲ့တော့ ကျတော့လည်း ပါးလုံးတို့နဲ့ ပြိုင်မယ့်နောက်တဖွဲ့ မလာဘူးလေ။ အဲ့တော့ ပါးလုံးတို့နိုင်လာတယ်ပေါ့။

အဲ့တော့ ဒီဘက်အဖွဲ့က ပြိုင်တဲ့သူမရှိတဲ့အတွက် ပါးလုံးတို့ဆီမီးဖိုင်နယ်ကို ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး ရောက်သွားတယ်ဗျာ။ ဟိုဘက်အဖွဲ့က တက်လာတဲ့ နှစ်သင်းနဲ့ ဆော့ရတော့မယ်ပေါ့။ အဲ့နေ့ကတော့ ပတ်လည်ရိုက်ရတော့မယ်လေ။

ဟိုဘက်ဘီအဖွဲ့ဘက်ကလည်း အဲ့နေ့က တစ်သင်းပဲလာတယ်။ အဲ့တော့သုံးသင်းပဲကျန်တယ်ဗျာ။ ပါးလုံးတို့ ဆီမီးဖိုင်နယ်တောင် ရောက်သွားပြီလေ။ အခုသုံးသင်းဆိုတော့ သေချာတာက ပါးလုံးတို့ တတိယ အဟဲ။


အိမ်နားကလူတွေက ပါးလုံးအခြေအနေဘယ်လိုလည်းတဲ့။ အဖေ့ပါးစပ်ထဲကို တန်းရောက် သွားတယ်လေ။ အေးကွာတဲ့ ပါးလုံးတို့အဖွဲ့က တော်တယ်ဟတဲ့ ဆီမီးဖိုင်နယ်ရောက်သွားတယ်တဲ့။ ရောက်ပုံကဒီလိုကွဆိုပြီးတော့ ဘယ်အချိန်တည်းက ပြောချင်နေတယ်မသိဘူး။

ပယ်ပယ်နယ်နယ်ကို ထိုင်ပြောတာ။ သွားပြိုင်တိုင်း နိုင်တဲ့အကြောင်း။ ဘာလို့လည်းဆိုတော့ လာပြိုင်မယ့်သူမရှိလို့ဆိုပြီးတော့လေ။ ပြီးတော့ လာတဲ့အသင်းနဲ့မှ ရှုံးတဲ့အကြောင်း။ အဲ့ဒါကတော့ ဒီနေ့အထိ ပြောမဆုံးပါဘူးဗျာ။ အဟုတ်။

အဲ့လိုနဲ့ ပါးလုံးတို့ဆီမီးဖိုင်နယ်ရောက်ပြီး ကြက်တောင်ပြိုင်ပွဲမှာ တတိယရကြတာပါ။ နောက်ပိုင်းတော့ ပါးလုံးတို့ အရင်က မြန်မာပြည်မှာ ကြက်တောင်ချန်ပီယံ ဦးချို ဆီမှာ တပည့် လုပ်ပါရစေပြောပြီး ပါးလုံးတို့နှစ်ယောက်မနက်တိုင်းထကျင့်တာ သေချာကို သင်ပေးတော့မှပဲ။

အရင်က ကွင်းကတော်တော်ကိုကျယ်တယ်ထင်တာ ဆရာနဲ့တွေ့ပြီးနောက်ပိုင်းမှ ကွင်းက မကျယ်တော့သလိုခံစားရတော့တယ်။ အဲ့ဆရာကလည်း အရမ်းကိုမောင်းပါတယ်။ ဒရော့ချတာ စမတ်ခုတ်တာက အစ သေချာထရိန်းပေးတယ်။ သူ့တုန်းက ကျင့်ခဲ့သလို စနစ်တကျ ကိုသင်ပေးတယ်ဗျာ။

ရှုံးလို့ရှိရင် တိုင်ပင်ခုန်ရတယ်။ ပျော်လည်းပျော်သလို မောလည်းမောပါတယ်။ နောက်ပိုင်း ပါးလုံးတော့ ဆော့လို့မရတော့ဘူးလေ။ ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်မက ပြေးတောင် ပြေးခိုင်းတော့ဘူး။

အဲ့အချိန်ကဆို တော်တော်ခံစားရတယ်ဗျာ။ အရမ်းကို လေ့ကျင့်လာပြီးမှ လုံးဝကို မဆော့ရတော့ ဘူးဆိုတော့လေ။ အခုတော့ ပါးလုံးနဲ့ အတူတူဆော့ခဲ့တဲ့ သူငယ်ချင်းကတော့ ဆရာဖြစ်နေပြီ။ နောက်ရောက်လာတဲ့ အသစ်တွေကိုတောင် ပြန်ထရိန်းပေးနေရပြီလေ။

သူကတော့အားပေးပါတယ်။ ဒါပေမယ့် ဆော့ချင်လွန်းလို့ အဲ့ကွင်းနားကို မကပ်တော့ဘူး မဟုတ်ရင် မခံစားနိုင်ဘူးဗျာ။ အခုတော့ သူငယ်ချင်းက သူများမလာလို့မဟုတ်ပဲ ကြိုက်တဲ့သူလာ ပထမပဲ ရတယ်ဗျာ။

ပါးလုံးကိုယ်တိုင်လည်း အိမ်ကတားလို့မဟုတ်ပဲ မဆော့ရဲတော့တာပါ။ ဘာလို့လည်းဆိုတော့ ပါးလုံး တို့ကွင်းမှာလာလာဆော့တဲ့ ဦးကျော်မှာလည်း နှလုံးရောဂါရှိတယ်။ သူကပါးလုံးလိုပဲ လေးဘက်နာ ရော နှလုံးရောဂါရောဆိုတော့ သူကလည်း ဆော့ချင်လွန်းတော့ လာဆော့တာ ဆော့တောင် မဆော့ရသေးဘူး။

အကြောလျှော့တုန်း အမောဖောက်ပြီး မေ့သွားလို့ မနည်းကို ဆရာဝန်မ ပြန်ကုထားရတာ။ အဲ့တော့ ပါးလုံးကိုလည်း ဆရာဝန်မက တောင်းပန်ထားတယ်လေ။ အိပ်ယာထဲလည်းတာ သုံးလ ပြီးတော့ သူမနည်းကို ကုထားရတာ။

ဒါတောင်ပါးလုံးက ဆရာမ သမီးဘယ်တော့ပြန်ဆော့ရမလည်း ခဏခဏမေးလို့ ကျေးဇူးရှင်ရယ် မဆော့ပါနဲ့ ဒီတခါဆိုရင်တော့ ဆေးကို အရင်ထက်ပိုထိုးမှာ ဆိုတာနဲ့ ပါးလုံးကိုယ်တိုင်လည်း ဆေးထိုးရတာကို မထိုးချင်တော့တာနဲ့ ပြီးတော့ ပဲလှော်စားသလို စားရတဲ့ ဆေးတွေကို မသောက်ချင် တော့တာနဲ့ မစွန့်လွှတ်ချင်ပဲ အဲ့ဒီကြက်တောင်ကို စွန့်လွှတ် လိုက်ရတယ် ဆိုပါတော့။

ဒါပေမယ့် ပါးလုံးဘ၀မှာ ကြက်တောင် ဆီမီးဖိုင်နယ်တော့ ရောက်ဖူးလိုက်တာပေါ့ဗျာ။ ဘာရယ်ညာရယ်မဟုတ်ဘူး လူရှိန်တာပေါ့။ အဟိ။

အားလုံးအားလုံး အပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး



ဆက်ဖတ်ရန်...

Sunday, June 21, 2009

ပါးလုံးနှင့် စီးတော်ယာဉ်များ



လိပ်ပြာဆိုတဲ့ တပုဒ်ကို ကြိုက်လွန်းလို့ မျှဝေချင်လွန်း လို့သာတင်လိုက်တာ။ တော်တော်ရှည်သွားတာကို အားတောင်နာမိပါတယ်။ အရှည်ကြီးကို စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ အကိုအမတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အပင်မှာပွေး လူမှာအကြွေးဆိုပြီး ကိုငချမ်းကောင် ပြောသလိုပဲ ပါးလုံးလည်း လေးလေးပင်ပင်လေး ရှိဖူးသည်ရှိအောင် ကိုလတ်တဂ်ထားတဲ့ တပုဒ်ကို မရေးသေးဘူးနော် အဟဲ။ ကုန်ကြမ်းရှာမရသေးလို့။ တောင်းပန်ထားတယ်နော်။ မကြာမှီလာမည် မျှော်ပေါ့ဗျာ။

မနက်ဖြန်ကျောင်းသွားရမယ်ဆိုပေမယ့် အိမ်စာလုံးဝမရှိဘူးဆိုပါတော့။ အချိန်ငါးမိနစ်ရရင် တောင်ငါးမိနစ် အိမ်စာပေးချင်တဲ့ဆရာမလည်း မပေးတော့ဘူး။ အဲ့ဒါလည်း ပါးလုံးလက်ချက်လေ။

ဆရာမကို အိမ်မက်မက်တယ်လို့။ အိမ်မက်ထဲမှာ ပါးလုံးတို့ ပျော်ပွဲစားထွက်တုန်း ပျော်နေတာကို ဆရာမက အိမ်စာလာပေးလို့ စိတ်တော်တော်ညစ်သွားတယ်လို့။ သူများပျော်နေတာကိုလို့ပြော လိုက်တာ။ သူလည်း တအားရယ်ပြီး အခုဆို အိမ်စာသိပ်မပေးတော့ဘူး။ အိမ်စာပေးခါနီးတိုင်း လည်းရယ်ပြီးတော့ ပါးလုံးကို ကြည့်တယ်။

အရစ်ရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ ဒီလိုဗျ ပါးလုံး တောင်ငူမှာတုန်းက အဖေက အလုပ်က ပြန်လာပြီဆိုရင် ပြောတယ်။ နင်တို့ဆိုင်ကယ်စီးသင်တဲ့။ ပါးလုံးတို့ညီအမတွေ တယောက်မှမလှုပ်ဘူး။ စက်ဘီးကိုပဲ စိတ်ဝင်စားကြတယ်။ သင်လည်းမသင်ချင်ကြဘူး။

စက်ဘီးဆိုရင် လွယ်တယ်ဗျာ။ ပါးလုံးက ငယ်ငယ်ကတည်းက ကျောင်းသွားရင် စက်ဘီးနဲ့ လွယ်အိတ်ထဲမှာလည်း မူလီတို့ ၀က်အူလှည့်တို့ ဘောကျွတ်တို့ အကုန်ပါတယ်။ ဘာလို့လည်း ဆိုတော့ မြန်မာပြည်လမ်းက သိတဲ့အတိုင်း အရမ်းကို ချောလွန်းတော့ မူလီတွေခဏခဏပြုတ် အသံက တီးဝိုင်းဌားစရာမလိုဘူးလေ။



စက်ဘီးကို မလှရင်မလှပါစေ။ အသံတိတ်ပြီး စီးလို့ညက်နေရင် ကျေနပ်တယ်လေ။ အဲ့တော့ လမ်းမှာ မူလီချောင်လည်း ကိုယ့်ဟာကိုကြတ်လိုက်တာပဲ။ စက်ဘီးပြင်ဆိုင်မှာဆိုလည်း စက်ဘီး ထားခဲ့ပြီးဘယ်တော့မှ ပြန်မလာဘူး။ သူဘာလုပ်လည်း ဘယ်နားဘာဖြစ်လည်း ကြည့် မေးအဲ့လိုဆို တော့ စက်ဘီးက ဘာဖြစ်သလည်း အသံကြားတာနဲ့ သိတယ်ဗျာ။

အခုဆိုင်ကယ်ဆိုတာက ဘာမှသိတာလည်းမဟုတ်။ တွန်းရင်လည်း အလေးကြီး အဲ့တော့ မသင်ချင်ဘူး။ အဖေသင်ခိုင်းတော့ လိုက်တော့မစီးဖြစ်ဘူး။ ဂီယာချိန်းတာ ဘာတာလေးကို မေးထားလိုက်တယ်။ အဖေကတော့ ဒီဟာက ဘာ ဒီဟာကဘာ ပြောပြတယ်။ သွားစီးကျင့်ခိုင်းတော့ မစီးဘူးလေ။

အဲ့လိုနဲ့ တောင်ငူက ထွက်လာပြီးတော့ မစီးလို့မရတော့ဘူး။ ကျောင်းတက်လည်း အိမ်ကလိုက်ပို့ရတယ်။ အစဉ်မပြေဘူးလေ။ ကြာတော့။ ပြီးတော့ ရုံးသွားဖို့လည်း အခက်အခဲဖြစ်လာတယ်။ အဲ့ဒါနဲ့ ပါးလုံးတို့ကို ဦးလေးက ဆိုင်ကယ်စီးသင်ခိုင်းတယ်။ ဆိုင်ကယ်လည်း တယောက်တစီးလုပ်ပေး ထားတယ်။

အဲ့ဒါနဲ့ ဆိုင်ကယ်ကိုစီးသင်ပါလေရော။ အဖေပြောပြထားတဲ့ အရှိန်လေးလည်း ရှိနေလေတော့ ပါးလုံးအမက လိုက်သင်ပေးတယ်။ ပါးလုံးအမက ပါးလုံးထက်သေးတယ်။ ပါးလုံးရယ် ပါးလုံးညီအမရင်းလို ချစ်တဲ့သူငယ်ချင်း ဖောလွဲမူးရယ်။ နှစ်ယောက်လုံးကို သင်ပေးရော။ နှစ်ယောက်လုံး တဟီးဟီးနဲ့ မြင်းဟီသလိုပဲ ပျော်နေတာ။

ဘာဖြစ်လို့လည်းဆိုတော့ ဈေးသွားမယ်ဆိုလည်း ပါးလုံးတို့က သူများပါမှ။ မုန့်စားချင်လည်း သူများပါမှ အဲ့ဘ၀က လွတ်ချင်ကြပြီလေ။ အဲ့ဒါနဲ့ ပါးလုံးတို့ ပျော်ကြတာပေါ့။ သွားစီးသင်တော့ ဖောလွဲက အေးဆေးပဲ။ စီးတာအမှန်အကန် အဲ့ဒါနဲ့ မမွန်က ခြေထောက်ထောက်တာတွေရော ဘာတွေရော အကုန်သင်ပေးတယ်။

အဲ့အချိန်က ပါးလုံးနဲ့ဖောလွဲက စာကြည့်တိုက်ကို တာဝန်ယူထားတယ်။ အဲ့တော့ ရုံးကနေ ဆယ့်နှစ်နာရီဆို ဒီနေ့ပါးလုံးဆို နောက်နေ့သူပေါ့။ အစကတော့ ရုံးကတယောက်ယောက် လိုက်ပို့တယ်။ မစီးတတ်သေးဘူးလေ။ အဲ့ဒါစီးသင်ပြီးနောက်တနေ့က ပါးလုံးနေ့ဂျူတီလေ။

အဲ့တော့ လူကလည်း စီးတတ်ခါစ၊ ညနေကပဲသင်ထားတာ။ အဲ့နေ့က ပါးလုံးဦးလေးကလည်း ရုံးကို ရောက်နေတယ်။ ပါးလုံးက တဟီးဟီးနဲ့ သမီးစီးသွားမယ်လို့ လိုက်ပို့နေကျသူငယ်ချင်း ကိုတောင်မှ ငါ့ဟာငါသွားမယ်လို့ပြောလိုက်တာ။ ဦးလေးက ကြည့်လုပ်နော်တဲ့။

အေးဆေး Child Play ဆိုပြီး လစ်ရော။ အဲ့တော့ အားလုံးအိုကေတယ်ပေါ့။ မအိုကေတာက မြန်မာပြည်မှာဆို ဆိုင်ကယ်တော်တော်များများ က စတတ်နဲ့နှိုးရုံပဲ။ ဂီယာချိန်းစရာမလိုတဲ့ ဆိုင်ကယ်တွေလောက်ပဲ လက်နဲ့နှိုးတာလေ။ အခုက ကစ်နဲ့ချရတာ။ အဲ့တော့ ပြဿနာလေ။ လက်ဦးဆရာမြည်ထိုက်စွာ ဆိုသလိုပဲ။ ပါးလုံးတို့ အမကိုယ်တိုင်က ဆိုင်ကယ်နှိုးရင် အဲ့ဒီ ကစ်ကြီးကို ဆိုင်ကယ်ပေါ်တက်ပြီးမနှိုးတက်ဘူး။

အဲ့တော့ သူက အနောက်ကနေ ပတ်၊ ပြီးတော့ ပါးလုံးက အရှေ့ကနေ လီဗာကို ဆွဲပေး အဲ့လိုနှိုးတာ။ သူကကစ်ပေါ့။ အဲ့လိုနဲ့ နှိုးတာ။ သူကသင်ပေးလေတော့ ပါးလုံးတို့ စသင်ကတည်းက ဆိုင်ကယ်ပေါ်ထိုင်ပြီးမနှိုးတတ်ဘူးဗျ။ အဲ့တော့ ပါးလုံးလည်း သူများကိုနှိုးခိုင်းပြီးစီးလာပါလေရော။

အမှန်အကန် စာကြည့်တိုက်ကိုရောက်သွားတယ်။ အပြန်ကျတော့ အဲ့ကလူတယောက်ကို ပေါ်တာဆွဲပြီးတော့ နှိုးခိုင်းတယ်လေ။ သူတို့နှိုးပေးကြတယ်။ ဒါပေမယ့် လမ်းမှာရပ်သွားပါလေရော။ တွန်းလို့လည်းမရ။ စက်လည်း မနှိုးတတ်။ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူးလေ။

စီးချင်ဇောနဲ့ လစ်လာတာ ဖုန်းလည်း ကျန်ခဲ့တယ်။ ပိုက်ဆံအိတ်လည်း ပါမလာဘူး။ အိတ်ကပ်ထဲမှာလည်း တဘတ်မှကို မရှိဘူး။ အဲ့တော့ ဘာလုပ်ရတော့မလည်း။ အဲ့တော့ လမ်းမှာတွေ့တဲ့ လူတယောက်ကိုတား။ ပိုက်ဆံတဘတ်တောင်း။လမ်းဘေးဖုန်းဆီပြေး။ သူ့ကိုဆိုင်ကယ်ခဏစောင့်ခိုင်း သူခိုးကလည်း ခိုးမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ နှိုးလို့လည်းမရ တွန်းလို့လည်းမရလေ။ ခိုးပြီးရင်တောင် ထိုင်ငိုမယ်။

ကျေးဇူးတော်ပဲ။ ဖုန်းနံပါတ်တွေကို အလွတ်ရနေလေတော့ ဦးလေးကလည်း ရုံးမှာရှိနေတော့ သူ့ဖုန်းကို လမ်းဘေးဖုန်းကနေဆက်။ ပြီးတော့ လာခေါ်ခိုင်းတာ။ အဲ့ဒါရုံးကနေ လာခေါ်တယ်လေ နေပူထဲမှာ မတ်တပ်လေး။ ဦးလေးကလည်း ရုံးက တယောက်ကိုလွှတ်ပေးလိုက်တယ်။

ပြီးတော့ ပါးလုံးတွန်းမရတာက ဆိုင်ကယ်က ဂီယာဝင်နေတာလေ နောက်မှသိတာ။ စက်ရပ်သွားတာကတော့ ဆီကုန်သွားလို့။ အဲ့လိုနဲ့ ပါးလုံးတို့ဆိုင်ကယ်စစီးတယ်ဆိုပါတော့။ အဲ့ဒါနဲ့ ညနေကျတော့ ရုံးဆင်းတော့ ပါးလုံးအမရယ်၊ ဖောလွဲရယ် သူတို့နှစ်ယောက်က တစီး။ ဖောလွဲကိုမောင်းခိုင်းတယ်။

အဲ့တော့ ဖောလွဲမူးတို့ မောင်းလိုက်တာ။ လီဗာသေအောင်ဆွဲပြီးတော့ ဆိုင်ကယ်က အဲ့နားက ခြံစည်းရိုးတွေ သူများစိုက်ထားတဲ့ အပင်တွေ အကုန်လုံးကိုကျော်ဖြတ်ပြီးသကာလ ဌက်ပျော်ပင်မှာ ဆိုင်ကယ်က သွားစိုက်ပါလေရော။ ပါးလုံးအမက တက်မယ်လုပ်တုန်း သူကထွက်သွားတာ။ ပါးလုံးအမကတော့ ကျန်ခဲ့တယ်လေ။ အိတ်ကလေးနဲ့။

အဲ့တော့ ရုံးကလူကြီးတွေလည်း အုန်းခနဲ့ ဆူညံကုန်တော့ လန့်ကုန်တာပေါ့။ တော်သေးတယ် ဘာမှမဖြစ်ဘူး။ သူလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်သွားရော။ အဲ့ကတည်းက သူဆိုင်ကယ်ကို မမောင်းရဲတော့ဘူး။

ပါးလုံးကတော့ မောင်းရဲတယ်။ ဒါပေမယ့် စက်မနှိုးတတ်ဘူးဗျာ။ အနောက်ကပဲ ပတ်နှိုးနှိုး အရှေ့ကပဲ နှိုးနှိုး ဘယ်လိုမှမနှိုးတတ်ဘူး။ ဖောလွဲကတော့ စက်နှိုးတဲ့နေရာမှာ ဆရာပဲ။ အဲ့တော့ နောက်ဆုံး ပါးလုံးနဲ့သူ နှစ်လွှာတရွက်ဖြစ်လာ တယ်လေ။ သူက အနောက်ကနေစက်နှိုး ပါးလုံးက အရှေ့က လီဗာကိုဆွဲပေါ့။ ပြီးတော့မှ ပါးလုံးက မောင်းပေါ့။

ဘယ်သွားသွား လူတိုင်းဝိုင်းကြည့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စက်နှိုးခါနီးကျရင် နှစ်ယောက်သား အရမ်းအလုပ်ရှုပ်တာလေ။ သူက ဒေါက်မြင့်ဖိနပ်ကြိုက်တယ်။ ပါးလုံးကတော့ ရိုးရိုးပဲစီးတယ်။ အဲ့တော့ ဒေါက်မြင့်နဲ့ သူစက်နှိုးလို့ ပြတ်ပေါင်းများပြီလေ။ အဲ့တော့ စက်နှိုးခါနီး သူနှိုးမယ့် ဖိနပ်တခြမ်းကို ပါးလုံးက ဌားရတယ်။

သူနှိုးပြီးရင် ဖိနပ်ပြန်လည်း တခါတလေ ပြီးလို့ဆိုင်ကယ်ပေါ်တက်ခါမှ စက်ကရပ်သွားတဲ့အခါ ရပ်သွား။ အစကပြန်နှိုး။ အဲ့တော့ လူတွေဝိုင်းကြည့်တာပေါ့ဗျာ။ နောက်တော့ ပါးလုံးစီးတဲ့ ဆိုင်ကယ်က ပါးလုံးတို့မစီးခင်က ဖရီးဒါ ဆိုတဲ့ ဆွီဒင်မကို ဌားထားတာ။

အဲ့တယောက်လည်း ကတ်စေးဘယ်လောက်နည်းလည်းဆိုရင် အလကားရတာတောင်မှ သော့ကို အပျက်ကြီးနဲ့ အဲ့တိုင်းစီးတယ်။ သော့က မရှိဘူးဗျာ။ အဲ့ဒါဘာနဲ့လှည့်လှည့်ရတယ်။ အဲ့တော့ စက်နှိုးခါနီး တယောက်ယောက်သော့ကိုဌားပြီးတော့ လှည့်တာပေါ့ဗျာ။

စက်ရပ်ခါနီးလည်း အဲ့လိုလှည့်ရတယ်။ သော့မရှိရင် ငါးဘတ်စေ့နဲ့လှည့်တယ်။ တနေ့ ဖောလွဲကနေမကောင်းလို့ ရုံးကိုတယောက်တည်းလည်းသွားရရော အသွားကတော့ အိမ်က နှိုးပေးလိုက်တယ်။

ရုံးရောက်တော့ ဥက္ကဌက အရှေ့မှာထိုင်နေတယ်။ ပါးလုံးက သော့မရှိတော့ ဆိုင်ကယ်ကို စက်ရပ်လို့မရဘူးလေ။ အဲ့ဒါရုံးထဲဝင်ပြီးသော့ရှာတာပေါ့။ ဥက္ကက ဆူပါလေရော။ အပျင်းကိုကြီးတယ်တဲ့ တခါတည်း ပိတ်ခဲ့ပါလားတဲ့။ သူက မဟာဆိုင်ကယ်ကြီးအကြောင်းမှ မသိတာကိုး။

အဲ့တော့ ပါးလုံးလည်း ပိတ်စေချင်ရင် သော့ရှာကူလို့ပြောတော့ “ ဟင်” တဲ့။ နောက်တော့ သော့တချောင်းရှာပြီးပိတ်တော့မှ သူလည်းရယ်ပါလေရော။ ညနေကျတော့ ဖောလွဲလည်း မလာတော့ သူ့အလုပ်ပါလုပ်ပေးရင်းနဲ့ အပြန်နောက်ကျတယ်။ စက်နှိုးပေးမယ့်သူ တယောက်မှ မရှိဘူးလေ။ကျန်နေတဲ့ မဟာကံထူးရှင်က ဥက္ကဌ။ အဲ့ဒါနဲ့ ဥက္ကဌကိုနှိုးခိုင်းရတော့မယ်လေ။

မနှိုးခိုင်းရင်လည်း မဖြစ်တော့ဘူး။ သူကတော့ ထိုင်ပြီးဘာတွေတွေးနေတယ်မသိဘူး။ ဆီဆိုင်ကလူတွေတောင် ပါးလုံးအကြောင်းသိပေမယ့် သူကတော့ ပါးလုံးအကြောင်းမသိဘူးလေ။ ဆီဖြည့်ပြီးတာနဲ့ သူတို့စက်နှိုးပေးလိုက်တယ်။ အဲ့တော့ ပါးလုံးလည်း တခါမှ ဟန်ဆောင်မနှိုးဖူးတာ။ သူ့အရှေ့မှာ ဒီနေ့မှ စက်ကိုနှိုးမရသလိုနဲ့ ဟန်ဆောင်နှိုးရတာပေါ့။

နောက်တော့ ဥက္ကဌ သမီးစက်နှိုးမရဘူးဆိုတော့မှ ညည်းကလည်းအေတဲ့ ရအောင်နှိုးတဲ့။ မရပါဘူးဆိုလို့ပြောတော့မှ သူကလာနှိုးပေးတယ်။ သူလည်းဘေးကပဲဗျ နှိုးပေးတာဗျ။ နောက်တော့ သူက နှိုးပေးပြီး ခြံစည်းရိုးတံခါးကြီးက မဖွင့်ရသေးတော့ ပါးလုံးက လီဗာလွှတ်လိုက်ရင် သူပြန်နှိုးပေးရမှာသိနေတော့ နောက်ဆုံးသူပဲ တံခါးပါအစစ်ဖွင့်ပေးလိုက်သေးတယ်။

ပါးလုံးနဲ့ ဆိုင်ကယ်စီးချင်တဲ့သူမှန်သမျှက အနောက်ကနေ စက်နှိုးတတ်ရတယ်ဗျ။ သူငယ်ချင်းနဲ့ လည်မယ်ဆိုလည်း သူ့ကိုနှိုးတတ်လား မေးပြီးမှ သွားတယ်။ လာခဲ့ဖို့ခေါ်တဲ့သူဆိုလည်း နှိုးပေးမလား မေးပြီးမှလစ်တယ်။ အဲ့တော့ အကိုတွေအမတွေလည်း ပါးလုံးနဲ့ ဆိုင်ကယ် စီးချင်တယ်ဆိုရင်တော့ အဟဲ စက်နှိုးတက်မှရလိမ့်မယ်နော်။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ

ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး


ဆက်ဖတ်ရန်...

Friday, June 19, 2009

လိပ်ပြာ

အမှန်တော့ ကိုယ့်ကိုယ်ပိုင်လေးတွေကိုပဲ တင်ချင်ပါတယ်။ ဒါပေမယ့် ပါးလုံးဒီတလော စာရေးဖို့ဘယ်လိုမှ စိတ်စုစည်းလို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ငယ်ငယ်ကတည်းကအကြွေးဆို အရမ်းကိုမုန်းပါတယ်။ ဘယ်တော့မှ သူများဆီက ချေးတဲ့အလုပ်ကို မလုပ်ခဲ့ဖူးပါဘူး။

တခုခုအကြွေးတင်နေရင်လည်း မနေတတ်ခဲ့ပါဘူး။ အခုတော့ ဇော် ကတက်ဂ်ထားတဲ့ မငိုပါနဲ့ကလေးရယ်ဆိုတဲ့ ပို့စ်လေးကို အကြွေးတင်နေတာ ဆပ်ချင်ပေမယ့် ရေးစရာရှိပေမယ့် ဘယ်လိုမှ စရေးလို့မရအောင် ဖြစ်နေတဲ့အတွက် နောက်မှပဲ ရေးမယ်ဆိုတဲ့အကြောင်းပါ တခါတည်း တောင်းပန်ပါတယ်။ အစဉ်မပြေမှုတွေပဲ ဆက်တိုက်ကြုံနေရတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း ရှာမတွေ့ပါဘူး။ ကိုယ့်ကိုယ်ကိုလည်းမသိပါဘူး။

ဗိုက်ကလည်း အရမ်းကိုအောင့်ပြီးတော့ ထမနိုင်အောင် တော်တော်ခံစားရတယ်။ အခုဒီ
"လိပ်ပြာ" ကိုပါးလုံး အရမ်းကြိုက်လွန်းလို့ ပါးလုံးရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ကူးထည့်ထားတာပါ။ အထူးသဖြင့် မြန်မာမိန်းခလေးတွေအတွက် အင်အားတိုးလာသလို ကြိုးစားချင်စိတ်လည်း ဖြစ်စေမယ့် စာစဉ်လေးလို့လည်း ထင်ပါတယ်။

ဝင်းဝင်းမြင့် နန်းတော်ရှေ့ ရဲ့ ရွှေစည်းစိမ် မဂ္ဂဇင်း (၁၉၉၇၊ မတ်လ)ထုတ်မှာ တင်ထားတဲ့ ၀တ္ထုတိုလေးပါ။ အရမ်းကိုကြိုက်လို့ရှိရင် လက်နဲ့ကူးပြီးသိမ်းထားရတာကို သဘောကျတဲ့အတွက် သေသေချာချာသိမ်းထားတာပါ။ အထူးသဖြင့် ဒီထဲက ဇာတ်ကောင် ပွင့်ဝါကို အရမ်းလေးစား အားကျမိတယ်ဆိုရင် ပိုမှန်မယ်ထင်တယ်။ အခုတော့ အကိုတွေ အမတွေ အားလုံး ဖတ်ဖို့ပြန်တင်ပြပေးလိုက်ပါတယ်။


ဟိုမှာ သည်မှာနားလိုက် ၀ဲကာပျံကာ လွင့်ပါးလိုက် ‘ စိတ်က အတိတ်ဆီသို့ ရှပ်တိုက်ပြေး လွှားနေ၏။ ” သူ့ ” ကိုသတိပြုမိနေရမယ်တဲ့။ ကိုယ့်ရဲ့ ” လိပ်ပြာ” လေ လိပ်ပြာဆိုတာ ကိုယ့်ရဲ့
” ကြေးမုံ ” ပဲပေါ့ မှန်တစ်ချပ်လို ဖျတ်ခနဲ ကွဲသွားလိုက်စမ်း၊ လိပ်ပြာ မင်းကိုငါကြောက်၏။

ဘယ်သူမှလည်း အနားမှာမရှိစေရ၊ ဘာသံမှလည်း မကြားချင်သိပ်ကို လုံခြုံတဲ့ အခန်းထဲမှာ လောဘ၊ ဒေါသတွေ၊ တဏှာသောကတွေ၊ ဟန်ဆောင်မှုတွေ၊ ဂုဏ်ပကာသနတွေနဲ့ မနာလိုဝန်တို မှုတွေရော ဖြစ်ချင်တာတွေ ဖြစ်နေတာရော အားလုံး အားလုံးကို ” အလာ့ဂျစ်” ဖြစ် အနားမှာဘာမှမရှိစေရ၊ ဘာတွေမှလည်း မသိချင်။

အကွက်သဘောတွေ လွှမ်းမိုးမှုတွေ၊ အရှုံးအနိုင် တွေ၊ ကိုယ်က ချုပ်ကိုင်ထိန်းထားနိုင်တယ်ဆိုတာတွေ၊ မော်မကြည့်ရဲစေရဘူး ဆိုတာတွေလည်း ဝေးဝေးကို ရှောင်နေကြစမ်းတစ်ယောက်တည်းဆို တကယ့်ကိုတစ်ယောက်တည်း။
ဟင် ဘာတဲ့။
"အေးအေးဆေးဆေး ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်ဖူးသလား” တဲ့ တွေးမယ်ဟေ့ တွေးမယ် တွေးရဲတယ်။
ကားကို မြို့အရှေ့ဘက် အထွက်လမ်းဆီသို့ ဦးတည်၍ မောင်းလာခဲ့သည်။ ဇီးပင်၊ သရက်ပင်နှင့် အရိပ်ရအပင်ကြီးများ ဝေေ၀ဆာနေသော ခြံဝင်းကျယ်ကြိးထဲမှာ ကျောက်တုံးကြီးများဖြင့် အလှဆင်ထားသော တိုက်အိမ်ကလေးရေ……….။
ဒီတစ်ခါတော့ အဖော်မပါ ကိုယ်တစ်ယောက်တည်းပဲဟေ့။

တစ်ယောက်ယောက်ကို အရှုံးပေးပြီး ထွက်ပေါက်ရှာခဲ့တာမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့လိပ်ပြာက ရယ်မှာလား။ ရယ်မနေနဲ့။ ကြိုတင်ဖုန်းဆက်ထားသောကြောင့် ဟွန်းသံတစ်ချက်ပေးလိုက်ရုံဖြင့် အစောင့်က ပြေးလာ၊ ထွက် ကြိုပြီး ” ခေါ်မှလာ” အခုအချိန်မှာတော့ ဘာကိုမှအလိုမရှိ။ နောက်ဆုံးအဖျော်ယမကာ တစ်ခုကိုတောင်မှ အဖော်မပြုလို ရီဝေထုံထိုင်းနေသော သွေးလည်ပတ်မှုကြောင့် မှုန်ဝါးဝါး အကြည့် ဖြင့် မထင်မရှား အမြင်မှာ ” ကိုယ့်လိပ်ပြာ” ပျောက်မှာစိုး။
အင်းပွင့်ဝါ………….. ပွင့်ဝါ မင်းငါ့ကို ဆေးခါးကြီး တိုက်ခဲ့ပြီ။

အသဲကွဲဇာတ်လမ်း မဟုတ်ဘူးနော်။ ကိုယ့်ရဲ့လိပ်ပြာ ကိုယ်ပွင့်ဝါနဲ့ ပါတ်သတ်ပြီး ဘာမှထိထိရှရှ မခံစားရဘူး။ ပွင့်ဝါကို မချစ်ခဲ့ဘူး ပွင့်ဝါနဲ့ ပတ်သတ်ပြိး ဘာမှမဖြစ်ခဲ့ဘူး။ တကယ် သို့သော် ကိုယ့်အတွက် ” ထူးခြားဖြစ်စဉ် တစ်ခုဆိုတာတော့ ၀န်ခံပါမည်။
နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ ကျင်လည်လှုပ်ရှားခဲ့ပြီးနောက် ကိုယ့်မြေ ကိုယ့်ရေ အပေါ်မှာ ခြေချခဲ့ခြင်းကို ထွက်မသွားမီက ” ပို့ကုန်” လုပ်ငန်းအတွက် အသေးစိတ် အ၀ယ်အခြမ်းကအစ တာဝန်ကျေခဲ့၏။

ဘိုးစဉ်ဘောင်ဆက် ပွဲစားမျိုးရိုး၊ ပွဲရုံပိုင်ရှင်၊ စက်ပိုင်သူဌေး စသည် စသည် ဖြင့် စနစ်တွေ ခေတ်တွေ အမျိုးမျိုးပြောင်း ဈေးကွက်စီးပွားရေးစနစ် နှင့် နိုင်ငံတကာခေတ်ကြီးထဲမှာ ဖုန်အလူးလူး၊ သဲအပေပေ အညာတောသူဌေးဘ၀မှာ မပျော်ပိုက်။ အငယ်ဆုံးသားအဖြစ်လည်း မိဘ၏ ချစ်ခြင်းကို ခံယူကျဉ်းကျပ်မနေနိုင်။ နောက်ဆုံး မိဘစိတ်တိုင်းကျ ခေတ်ပညာတတ် ဆရာ ၀န်မကြီးရဲ့ ခင်ပွန်းအဖြစ်လည်း စိတ်တိုင်းမကျ။

ကမ္ဘာလှည့် ဗဟုသုတရှာ၊ အမြင်ကျယ်ကျယ်ဖြင့် ကြည့်။ လောကစည်းစိမ်ဆိုတာ ဘာလဲ ကိုယ်ဘာဖြစ်ချင်တာလဲ။ အသက်လေးဆယ်ကျော်ပြီး ဘ၀တစ်ခုကို ပီပီသသ မစလို့မဖြစ် နိုင်ငံခြားမှ စီးပွားဘက်မိတ်ဆွေများနှင့် ဖက်စပ်၍ ရှိုးရွမ်းတစ်ခု ဖွင့် ကုမဏ္ဏီတစ်ခုထောင်၊ လုပ်လက်စပို့ကုန်လုပ်ငန်းများကိုလည်း တိုးချဲ့။ များပြားလှစွာသော လုပ်ငန်းများအတွက် တစ်ယောက်တည်းနှင့် မနိုင်မနင်း
” မနိုင်မနင်းဖြစ်စရာ လုံးဝမလိုဘူး။ မင်းညွန်ကြားရုံပဲ။ အရမ်းကျွမ်းတဲ့ ဆက်ခက်ထရီတွေ ပြည့်လို့” တဲ့။


ဘဏ်လုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းကို တွဲလုပ်နေသော သူငယ်ချင်းတစ်ယောက်က အညွန်းကောင်းစွာဖြင့် မိန်းခလေးတစ်ယောက်ကို အဆက်အသွယ်ပြုပေးသည်။
” မင်းအကြောင်းကိုသိလို့ မလှမပကလေးပဲ စီစဉ်ထားတယ်။ ဒါမှ မင်းရဲ့ သမားတော်ကြီး လည်း ဟိုမှာ စိတ်ချလက်ချ စာသင်နိုင်မှာ” တဲ့။


ယောက်ျားချင်းဆိုတော့ ကွယ်ရာမှာ နှမချင်းမစာနာသော အနောက်အပြောင်လေးများ လည်းပါခဲ့၏။ ဒါတွေကလည်း စိတ်ဆိုးစိတ်ကွက်စရာမလို၊ ဖုန်းကွယ်ထားစရာလည်း မဟုတ်။ အတွေးအခေါ် အယူအဆတွေက နက်တိုင်ဘောင်းဘီတို့၏ အောက်မှာသိပ်ကို ပွင့်လင်းလွတ်လပ် သည်ဟု ခံယူခဲ့၏။ နောက်ပြီး အဲ့ဒီကိစ္စတွေကို စန်းပွင့်မှု၊ အောင်မြင်မှု ဆိုပြီး ဂုဏ်မယူနိုင်ဘူးလား။

ဘယ်သူ့ကိုမှ ဒုက္ခပေးသောနည်းနှင့် မဟုတ်ဘူးပေါ့လေ။ ဘယ်လိုပြောမလဲ၊ အရာရာမှာ ” အလဲ အလှယ်ဆိုတာ ရှိကိုရှိသည်။ ဘယ်သူငြင်းမလဲ အကြောင်းအားလျော်စွာ ဂုဏ်ရှိသော မိဘအသိုင်း အ၀ိုင်းမှာ လူဖြစ်ခဲ့ရ။ ပညာတတ် အဆင့်မြင့်ဆိုသော မိန်းမတစ်ယောက်၏ အိမ်ဦးနတ်ဖြစ်ခဲ့ရ။ လူ မှုဝန်းကျင်မှာ ဂုဏ်သရေရှိသော သူတစ်ဦးအဖြစ် ” တစ်လင်တစ်မယား” စနစ်ကြီးကိုထူထောင်။ မသိနားမလည်သူတွေ ရိုသေကြစမ်း။

လေးစားကြစမ်း ဒါပေမယ့် အလိုဆန သာယာမှု ဖျော်ဖြေမှု ဆိုတာတွေ ကျန်ရစ်ခဲ့၏။ ဟို့အတိတ်ထဲမှာ။ အခုချိန်မှာတော့ အလုပ်…….။ အလုပ်……..။ အလုပ်………..။ လုပ်ငန်းကိစ္စများကို ဦးနှောင့်အကန့်များစွာမှာ နေရာချထားပြီး ဖြစ်၏။ နောက်ပြီး ဈေးကွက်အလိုအရ အဆုတ်အတက်၊ အတိုးအလျှော့၊ အပေးအယူသဘော၊ ” မျှား” ယူခြင်းသဘော ” နိုင်ခြင်း” ဖြင့် အားလုံးကို လွှမ်းမိုးရန် အဓိက။

"လှတာမလှတာ စိတ်မ၀င်စားတော့ပါဘူးကွာ”

နောက်ပြီး မန္တလေးမြို့က လုပ်ငန်းရှင်ကြီးတွေက ကိုယ့်အလုပ်ကိုယ် နိုင်နိုင်နင်းနင်း လုပ်လေ့ရှိကြ တယ်။ တစ်ချို့က ဘ၀လက်တွဲဖော်က လုပ်ငန်းအဖြစ် ၀င်၍ကူညီသည်။ တစ်ချို့ကလည်း တူလိုသားလို အမျိုးသားငယ်များက ကူညီသည်။ ကိုယ့်ဖြစ်စဉ်ကတော့ တစ်မူထူးခြားရမှ။ ဘယ်သူတွေ ဘာမလုပ် မလုပ် ကိုယ်လုပ်၏။ ” ပွင့်ဝါ” ဆိုသော မိန်းကလေးငယ်မှာ အသားညိုညို ပိန်ပိန်ရှည်ရှည် အသံကျယ်ကျယ် စကားပြောတတ်ပြီး လှုပ်ရှားမှု မသိမ်မွေ့သည်မှအပ လုပ်ငန်းအတွက်လိုအပ်သော အရည်အချင်းများနှင့် ပြည့်စုံနေ၏။

ပြီးတော့ သူ့မိဘတွေက ရန်ကုန် မှာအရာရှိတွေ တာဝန်နှင့် ရှိနေကြသော်လည်း မန္တလေးမှာ အဖိုး၊ အဖွား အဒေါ်များရှိ၏။ ဆက်ခက်ထရီဖြစ်၇န် လုံလောက်သော သင်တန်းများအားလုံး ပြီးပြီးသည့်နောက် စကားပြော၊ ကွန်ပျူတာ၊ ရုံးလုပ်ငန်းကအစ အကုန်ကျွမ်းကျင်၏။ ကဲ မလှမပလေးရေ လုပ်ငန်း ဖေါ်အဖြစ်တော့ လက်တွဲနိုင်ပါပြီ။

ပွင့်ဝါအပေါ်မှာ ကျေနပ်ဆုံးကတော့ စီမံခန့်ခွဲတတ်မှုနှင့် လုပ်ငန်းသစ် စီမံဖန်တီးမှုပင်။ ဥာဏ်ကို ပါးပါးလွှားသုံးပြီး ချင့်ချိန်ဝေဖန်၏။ တတ်သိလိမ္မာသော ဆက်ဆံရေးကြောင့် လုပ်ငန်းများ ပို၍ အဆင်ပြေချောမွေ့လှသည်။ ကိုယ့်ထင်မြင်ယူဆချက်များကိုပင် တစ်ခါတစ်ခါ သူကလက်မခံ။ သူ့အစီအမံနျင့် မတိုက်ဆိုင်လျှင်.
” ဆရာ ကျွန်မကို အချိန်တစ်ပတ်ပေးပါ။ မအောင်မြင်နိုင်ဘူးသေချာရင် ကျွန်မဘက်က အစီအစဉ်တွေအားလုံး ဖျက်ပစ်မယ်။ ကျွန်မထင်ထားတာမှန်ရင် ဆရာ ဘယ်လိုလဲ”


စိန်ခေါ်တာမျိုးမဟုတ်သော ပြတ်သားမှုမျာဖြင့် အလုပ်လုပ်၏။ ပွင့်ဝါကြောင့်ပင် အမြတ်အစွန်းတွေ အခါခါ ပေါ်ထွန်းခဲ့ဖူးသည်။ ပွင့်ဝါက တီထွင်ဆန်းသစ်မှုများကို အလွန် ၀ါသနာပါ၏။ အသေးအမွှားကိုလည်း စိတ်ဝင်စား၏။ ရှာရှာကြံကြံ ဖွေဖွေဖွဖွ လုပ်ချင်တတ်၏။ ဆိုင်ကယ်တစ်စီးနှင့် ပြေးလွှား၊ အာပြဲပြဲနှင့် ကုမ္ပဏီမှာ ဟိန်းဟောက်၊ အ၀ယ်ဒိုင်တွေဆီ ကိုယ် တိုင်ဆင်း၊ မအားမလပ်သည့်ကြားက မုံရွာ၊ မကွေးပခုက္ကူနယ်တွေ ဘက်ကိုထွက် ပြည်ပပို့ကုန်အ ဖြစ် မြေကြီးမှာ ကပ်ပေါက်သည့်

အရွက်အပင် အမြစ်တွေကိုလည်း စုဆောင်း သိမ်းဆည်း၏။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ညာလက်ရုံးကတော့ “ပွင့်ဝါ” ပင် ဖြစ်၏။
မမျှော်လင့်စွာပင် ပွင့်ဝါက ကိုယ်နှင့်ကိုယ်လုပ်ငန်းများကို ထားရစ်ခဲ့ပြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကုမ္ပဏီမှ အပြီးအပိုင် နုတ်ထွက်တော့မည်ဆိုတော့ ကိုယ်တွေဝေရပြီ။ အရာရာများမှာ စီးပွားရေး မျက်စိဖြင့် ကြည့်တတ်ခဲ့သူဆိုတော့ လက်ရုံးအပြုတ်မခံနိုင်။ ကိုယ်ပွင့်ဝါကို စည်းရုံးရတော့မည်။ ငွေကြေး၊ ရာထူးဂုဏ်၊ လက်ဆောင်ပဏ္ဏာ၊ ပွင့်ဝါအတွက် လိုအပ်ဆုံးအရာ ဘာဖြစ်နိုင်မလဲ။

အတော်လေးစဉ်းစားရခက်၏။ ချမ်းသာကြွယ်ဝလှသူ မဟုတ်သော်လည်း ပွင့်ဝါ၏၀င်ငွေကို မိသားစုက မှီခိုနေခြင်းမရှိ။ အရာရှိအရာခံ မိဘအသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့ရသူမို့ ရာထူးဂုဏ်ထူး တစ်ခုခုဖြင့် သွေးဆောင်ရန် မဖြစ်နိုင်။ ဖြစ်နိုင်ဦးတော့ ဘယ်လိုရာထူးမျိုးကို ကိုယ်က ပေးနိုင်မှာလဲ၊ လက်ဆောင်ပဏ္ဏာကတော့ ကိုယ့်ဝန်ထမ်းများကို ကိုယ်ကပေါများပိုလျှံစွာ ပေးနေကျ။ ပေးကမ်းခြင်းသည် အောင်စေရာ မဟုတ်လား။ ဒါပေမယ့် ပွင့်ဝါကို လက်ဆောင်ပဏ္ဏာများကလည်း ဆွဲဆောင်ရန် ခက်ခဲလိမ့်မည်။


ပေးမည်ဆိုသောအခါ ဘယ်လိုလက်ဆောင်ကိုလိုလားမလဲ တွေးခက်လေစွ။ ပွင့်ဝါက အလှအပလည်း သိပ်မပြင်လှပေ။ ပွင့်ဝါကို စိတ်မ၀င်စားခြင်းသည် ထိုအ ကြောင်းအရာလည်း ပါလိမ့်မည်ထင်၏။ ပွင့်ဝါမှာ အလှအပနှင့်ဆိုတာ မရှိလှပေ။
မိန်းကလေး အတော်များများမှား သွယ်နွဲ့လှပသော လက်ကလေးများ ရှိတတ်သော်လည်း ပွင့်ဝါမှာ လက်ကအစ မလှမပ နိုင်လွန်းလှ၏။

ကိုယ့်ရှေ့မှာ စာထိုင်ရေးလျှင် ဘယ်လက်လက်ကို စားပွဲခုံပေါ်မှာ တင်ထားသော လက်ချောင်းများကိုကြည့် ကိုယ့်မှာရယ်ချင်မိ၏။ တကယ့်ကျီးကန်းခြေထောက်လေးတွေလိုပဲ။ နဖူးမောက်မောက်ကို မှန်မှာ မကြည့်မိလေရော့ သလား။ ပြောင်းတင်းတင်းသိမ်း၍ နောက်စိလုံးလုံးကလေး ပေါ်နေအောင် ဆံပင်ကို ကျစ်ကျစ်စု စည်းထားတတ်သည်။ အိုဆွဲဆောင်မှု ကင်းလေစွ ပွင့်ဝါ။
စဉ်းစားရင်း စဉ်းစားရင်း ………။ ပွင့်ဝါ၏ မျက်ဝန်းကလေးများကို ထူးထူးခြားခြား သတိ ထားမိသည်။

ကိုယ့်မှာ ချက်ချင်းအဖြေရသွား၏။ ကိုယ့်ပေါ်မှာ အလိုက်သိခဲ့တဲ့။ ကျိုးနွံခဲ့တဲ့ အောင် မြင်မှုတွေကို ကြိုးကြိုးစားစား ဖန်တီးပေးခဲ့တဲ့ မိန်းခလေး ကိုယ်ကစိတ်မ၀င်စားသော်လည်း ကိုယ့် အပေါ်မှာ စိတ်မ၀င်စားနိုင်ဘူးလား။ ကိုယ့်အပေါ်မှာ တိမ်းညွတ်မနေဘူးလား။ ကိုယ့်ဘက်ကို ညွတ် လာအောင် ကိုယ်ကမဆွဲနိုင်ဘူးလား။ ကိုယ်ပေါ်မှာ စွဲလမ်းငြိတွယ် နေပြီဆိုပါတော့။ သူကိုယ့်ကို ဘယ်အစွန့်ခွာတော့မှာလဲ…………။ အိုကေ။


စက်ရုပ်တစ်ရုပ်လို လှုပ်ရှားသွားလာနေသော ကလေးမ၏ ရင်ထဲမှာ အသည်းနှလုံးရှိ၏။ ထိုအသည်းနှလုံးက ” Brand New” ကလေး။ စီးပွားရေးတက္ကသိုလ် တက်ခဲ့သည့် တစ်လျှောက် လုံးမှာ မိန်းမလှကျွန်း၏ သိုးမည်းမကလေး ပွင့်ဝါသည် ( Roll No.1) ကိုသာ သဲကြီးမဲကြီး အာရုံ ပြုလျှက် စာအုပ်ပုံကြားမှာ အချိန်ကုန်ခဲ့၏။ ပြီးတော့ သင်တန်းတွေ သင်တန်းတွေကြားမှာ အလုပ် လုပ်လို့မဆုံး။

ကဲ………… အူရိုင်းမကလေးရေ ကိုယ်ကစိတ်မ၀င်စားခဲ့ပေမယ့် မင်းကိုယ့်ကို စိတ်ဝင် စားပေတော့။
ထိုအချိန်မှာပင် ကိုယ့်သမားတော်ကြီး ပြည်တော်ပြန်လာခဲ့၏။ ဒါပေမယ့် ကိုယ့်အိမ်ရှင်မအ ဖြစ်တော့မဟုတ်။ ယူခဲ့သော ဘွဲ့အတွက် မြန်မာနိုင်ငံမှာ သုတေသန ဆက်လုပ်ရန်၊ စာတမ်းရေးရန် ဆွေးနွေးရန်။ ကိုယ့်အိမ်ရှင်မသည် ကိုယ်နှင့်အတူ တစ်ပတ်ခန့်နေ၍ ရန်ကုန်သို့ ပြန်သွားခဲ့သည်။

သုသေသနအတွက် ရန်ကုန်နှင့်တောင်ကြီး ကူးကူးလူးလူးလုပ်လျှက် အလုပ်များနေသည်။ ပွင့်ဝါက ကိုယ့်ကို ” သုံးလလောက်တော့ ဒီကုမ္ပဏီမှာ လုပ်ဦးမှာပါ” ဟု ပြောထားသော အချိန်တိုကလေးကို ချက်ချင်းသတိရလိုက်ပြီး မနှောင့်နှေးစေရန် ကြံရန်ရှိတော့သည်။ စစဦးချင်း ကိုယ့်မိသားစု၏ နွေးထွေးပုံများကို ပုံကြီးချဲ့လို့ပေါ့………………
” ဆရာ့ကလေးတွေကို သနားပါတယ်နော်” ဆိုသော စကားတစ်ခွန်း ရသည်နှင့်………


” ကလေးတွေကိုတော့ ကိုယ့်အမျိုးသမီးဘက်က အားလုံးတာဝန်ယူထားတာ၊ ဘာမှမလို စေရဘူး။ ဖူးဖူးမှုတ်၊ လိုတာပြည့်ဝပြီးသား။ အားလုံး အဆင်ပြေတယ်။ အဆင်မပြေတာက ကိုယ်ပဲ။ သနားချင်းသနားရင် ကိုယ့်ပဲသနားတော့ ပွင့်ဝါ။”
” သနားစရာမလိုဘူး။ ဆရာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်နေတာပဲ မဟုတ်လား” တဲ့။ ကာရာအိုကေသွားတာတွေ၊ စားသောက်ဆိုင်သွားတာတွေ၊ ဘာတွေညာတွေကို ရည်ညွန်းဟန်ရှိ၏


” ဟာဒါတွေကို ပျော်စရာလို့မသတ်မှတ်ရဘူး ပွင့်ဝါရဲ့ ပျော်လိုပျော်ငြား ရှာဖွေနေရတာ။ တကယ့်ဘ၀မှာ ဒါဟာ ပြီးပြည့်စုံမှု မဟုတ်ဘူး။”

” ဟင့် ဒါဆိုဘာလဲ၊ ပျော်စရာဆိုတာ”

” သံယောဇဉ် အနှောင်အဖွဲ့၊ မေတ္တာ၊ အချစ် အဲ့ဒါတွေကို ပွင့်ဝါစိတ်ဝင်စားလားဟင်” ဆိုတော့ ကလေးမ ငြိမ်သွား၏။ ငေးကြောင်ကြောင်ဖြစ်သွားသော မျက်ဝန်းအစုံမှာ အဖြေရှာ သည်။

” ဘာတွေမှန်းမသိဘူး ရှုပ်တယ်” ဟု ရယ်ကျဲကျဲ ရှက်အမ်းအမ်းပြောပြီး အလုပ်စကားဆီ သို့ စကားလမ်းကြောင်းကို လွှဲပစ်သည်။ ကိုယ့်ပစ်မှတ်ကို နီးလာပြီဟု အားတက်ကာ ပွင့်ဝါရှေ့မှာ နေမကောင်းဖြစ်ပြရတာတွေ၊ အလုပ်ကိစ္စတွေမှာ ပွင့်ဝါပြီးမှ ပြီးရတာတွေ ကိုယ့်မှာယောက်ျားတို့ မာယာ ဘယ်နှဖြာမှန်းမသိ၊ အတော်လေးသုံးဖြုန်း ပစ်လိုက်ရသည်။ ဒီကောင်မလေး ကိုယ့်ကို ဘာ ဖြစ်လို့မကြွေရမှာလဲ။

ဒါပေမယ့် ဗြုန်းဆို ပွင့်ဝါဘက်က ပြောင်းလဲမှုစတင်ခဲ့သည်။

“ဆရာ ကျမနောက်လဆန်းလောက်မှာ အလုပ်ထွက်တော့မယ်။”

” ဘာ. ဘယ်လို” ကိုယ်က အံ့သြကြီးစွာဖြင့် ပွင့်ဝါကို စူးစိုက်ကြည့်၏။ ပြီး မျက်ဝန်းဖြင့် ညှို့၏။ မျက်လွှာချသွားသည်။ ဖြစ်ချင်တော့ အရေးတကြီး ချိန်းထားသော နိုင်ငံခြားဧည့်သည် များရောက်လာသည်။ ဆွေးနွေးရ တိုင်ပင်ရ စာချုပ်ချုပ်ရနှင့် ခရီးတွေထွက်ရတော့ နှစ်ယောက် စလုံးမအားမလပ်ခဲ့ကြ။ ညနေတိုင်း ပွင့်ဝါ အိမ်ပြန်တော့ မည်ဆိုမှ ဆယ်လူလာဖုန်းကို ထည့်ပေး လိုက်ပြီး………..

” ညကျရင် အေးအေးဆေးဆေး ဖုန်းပြောမယ်။”
ထိုညနေက ပွင့်ဝါကို စကားတွေ အများကြီးပြောဖြစ်သွားသည်။ အဓိက ကိုယ့်ကွန်ယက်က ရုန်းမထွက်စေဖို့။ ” ချစ်တယ်” ဆိုသော စကားတစ်ခွန်းမှ မပါစေရဘဲ ပွင့်ဝါရေ ခွင့်လွှတ်တော့ ကိုယ်တို့စီးပွားရေးလောကမှာ မတရားဘူးဆိုတာ ဘာမှမရှိ။
ပွင့်ဝါဘက်ကတော့ ဘာမှဝေဖန်ခြင်းမပြု၊ အတိုက်အခံသိပ်မပြော၊ အင်း…….အဲ ……..နှင့် မလှမပ။

မျက်နှာညိုညိုလေးမှာ ရှက်သွေးတွေဖြာနေလိမ့်မည်လား။ နှုတ်နည်းခြင်းသည် ရင်ခုန်နှုန်း မြန်ခြင်း၏ သင်္ကေတပေပဲ။ ဘာပဲပြောပြော ဖုန်းကို ပိတ်မပစ်ခြင်း အတွက် ကျေနပ်၏။ အားလုံး ပြောပြီးသောအခါ ပွင့်ဝါက အလုပ်မှတစ်ပတ်နားရန် ခွင့်တောင်းသည်။ ရတယ်လေ ခံစားပေတော့ မိန်းခလေးရေ စဉ်းစားပေတော့။

တစ်ပတ်ပြည့်သောနေ့မှာ ပွင့်ဝါအလုပ်ပြန်ဝင်၏။ တစ်နေကုန် ရှောင်သလို လုပ်နေသည်။ အူရိုင်းမလေးဆိုတော့ ရှက်နေမှာပေါ့။ ကိုယ်က အလိုက်သိပေးလိုက်သည်။ ပွင့်ဝါကတော့ လုပ်ငန်း ခွဲကိုယ်ယစားလှယ်များနှင့် အလုပ်ရှုပ်မဆုံးနိုင်တော့။ နေ့လည်ခင်းကော်ဖီသောက်ချိန်မှာ ထုံးစံအတိုင်း ကော်ဖီနှင့် ကော်ပြန့်ကြော်ပို့ရင်း………

” ဆရာ့ကို ညနေကျရင် အေးအေးဆေးဆေး စကားပြော ချင်တယ်။”

” ရတယ်လေ တစ်နေရာရာကို သွားကြတာပေါ့။ ပွင့်ဝါကို ကိုယ်နေ့လည်စာကျွေးမယ်။”

” အခန်းနဲ့ စားသောက်ဆိုင်မျိုးတော့ မသွားချင်ပါဘူး။”

” ဒါဆိုပွင့်ဝါစိတ်တိုင်းကျ နေရာကိုရွေးပါ။”
” ညနေခပ်စောစောပဲ တောင်သမန်အင်းစောင်းကို သွားရင် ကောင်းမလား၊ သာယာတယ် ဆရာ။”
“အိုကေ”

ထိုညနေက ကားပေါ်မှာ ဘယ်သူမှ ပါမလာသလို ငြိမ်သက်နေသည်။ ကိုယ်ကတော့ ကိုယ့် ဇာတ်ကို ဘယ်လိုဆက်ကရမလဲ၊ ဒီကလေးမ ကိုယ့်ကိုတကယ်ပဲ ငြိနေလျှင် ဘယ်လိုဆက်ပြီးစီစဉ် ရမလည်း၊ ကိုယ်စီမံဖန်တီးခဲ့သော ကိစ္စအတွက် အနည်းငယ် တွေး၍ ပူမိ၏။ ကိုယ့်ဘ၀လမ်း တလျှောက်မှာ ထိခဲ့၊ ငြိခဲ့၊ ကလိခဲ့တာတွေ အများကြီး၊ ဒါပေမယ့် ဘယ်သောအခါမှ အမျှင်တတန်း တန်းနှင့် ဇာတ်လမ်း မရှုပ်စေရ။

ပြီးပြီးပျောက်ပျောက်တွေသာ အလှပဆုံးချန်တတ်အောင် ကြံခဲ့၏။ ဒါပေမယ့်ဘယ်သူမှလည်း မနစ်နာစေရ။ ကိုလိုတာယူ၍ သူတို့လိုတာလည်း ပေးခဲ့သည်ချည်းသာ မို့ ကိုယ့်မှာဘာမှမဖြစ်။ ထားပါတော့လေ အမည်းစက်များလိုပဲ။
ပွင့်ဝါကိုတော့ အနည်းငယ် စဉ်းစားရသည်။ ကိုယ်လက်တည့်စမ်းခဲ့သော မိန်းခလေးများ ထက်အများကြီးဦးနှောက်ကောင်းသူဆိုတော့ ကိုယ့်ကွန်ယက်သည် ပွင့်ဝါတစ်ယောက်တည်း ကိုသာ ရစ်ပတ်သည်မဟုတ်ဘဲ၊ ကိုယ်ရောသူပါ ရုန်းမထွက်နိုင်လျှင် ဒုက္ခ၊ ကိုယ့်အတွေးနှင့်ကိုယ် အနည်းငယ် ထိတ်လန့်လာ၏။

ပွင့်ဝါကလည်း ဘာတွေတွေးလာမှန်းမသိ၊ ငြိမ်နေလိုက်ပုံက ကျောက်ရုပ်တမျှ၊ ခါတိုင်းဆို သူ့စကားချည်း ရေပက်မ၀င်၊ အလုပ်အကြောင်း၊ ကုန်သည်တွေအ ကြောင်း၊ ကိုယ်စားလှယ်တွေအကြောင်း၊ သိသိနိုင်လွန်း၊ ပြောပြောနိုင်လွန်း၊ ကိုယ့်မှာနားမခံ သာ၍

” ပွင့်ဝါရယ် မမောသေးဘူးလား၊ နားညောင်းလို့ ခနနားပါရစေ” ပြောယူရသည်အထိ အသံ ကလည်းသြသြကျယ်ကျယ်။ အခုတော့တေမိလုပ်လာသည်။ ကားရပ်ပြီး အင်းစောင်းကိုဆင်း ဇင်းမယ်ပင်တန်းက ကြိမ်ခုံကြီးများပေါ်မှာ ထိုင် စားစရာ ကောင်းနိုးရာရာတွေ မှာပြီးသည်အထိ တုတ်တုတ်မျှ မလှုပ်။

ဘယ်လိုလဲ၊ စကားပြောချင်ဆို ခေါ်လာပြီး၊ ဘာမှလည်း မပြောပါလား၊ ပြောလေ၊”

” ကျမ မနက်ဖြန်ကစပြီး အလုပ်မဆင်းတော့ဘူး ဆရာ။ အပြီးထွက်တော့မယ်။”

“အိုမဟုတ်တာ ပွင့်ဝါ၊ အလုပ်ကိစ္စတွေ မပြီးမပြတ်နဲ့”

” အားလုံးပြီးပြတ်ပြီဆရာ၊ ကျမအကုန်စီစဉ်ခဲ့ပါတယ်။ ဆယ်လူလာဖုန်း ဆရာပြန်မယူတော့ အလုပ်မဆင်းပေမယ့် တစ်ပတ်လုံး ဖုန်းနဲ့စီစဉ်နိုင်ခဲ့တယ်။ အိမ်ကိုလည်း လိုအပ်တဲ့လူတွေကိုခေါ်ပြီး အကုန်ပြောဖြစ်ပါတယ်။ နောက်ပြီး တစ်လစာ စီမံချက်တွေ ရေးပေးခဲ့တယ်။ အကုန်ပဲဆရာ၊ ဒီနေ့ လည်း တစ်နေ့လုံးလုပ်ငန်းခွဲတွေအားလုံးနဲ့ ဆက်သွယ်ပြီး လွှဲပေးခဲ့ပါတယ်။ စိတ်ချပါ ဆရာ အကုန် အပြီးအစီး လုပ်ခဲ့တာပါ။ ဆရာတစ်လအတွင်း အသစ်တစ်ယောက် ရှာနိုင်ရင် အိုကေပါပဲ။”

” ကိုယ် အသစ်မလိုချင်ဘူးပွင့်ဝါ။ လုပ်ငန်းတွေအတွက်အသာထားလိုက်စမ်းပါ။ ကိုယ်တို့ရဲ့ ခံစားချက်တွေအတွက် ပြောကြရအောင်။”

” ဆရာပြောချင်တာ ပြောပါ၊ ကျမတို့ရဲ့နောက်ဆုံးနေ့အဖြစ် အားလုံးကို နားထောင်ပေးပါ့ မယ့်။”

” နိုး နိုး ကိုယ့်အတွက် နောက်ဆုံးဆိုတာ ဘယ်တော့မှ မရှိစေရဘူး။ ကိုယ်ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး ပွင့်ဝါ။ အလုပ်ထွက်ပြီးရင်မင်း ဘာလုပ်မှာလဲ။ ဘာကြောင့်ထွက်ချင်ရတာလဲ၊”

” ကျမ ဂျပန်နိုင်ငံကို သွားဖို့ အားလုံးစီစဉ်ပြီးပြီပဲ ဖေဖေတို့ပဲ လုပ်ပေးတာပါ။ ဟိုမှာကျမရဲ့ အကိုကြီးလည်း ရှိနေတယ်လေ။ ဟိုမှာသွားပြီး အလုပ်လုပ်မယ်။ ပြီး ဒီပြန်လာရင် ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို လုပ်မှာပေါ့။”

“ပွင့်ဝါရယ်၊ ကိုယ့်ကိုထားခဲ့တော့မှာလား၊”

” ဆရာကလည်း ကျမတစ်သက်လုံး ဆက်ခက်ထရီပဲ လုပ်ရတော့မှာလား။”

” မဟုတ်ဘူးလေ၊ မင်းဆန္ဒရှိရင် ဂျပန်နိုင်ငံမှ မဟုတ်ဘူး၊ ဘယ်သွားမလဲ၊ လကမ္ဘာသွားဦး မလား ဘာလုပ်ချင်သလဲ ကိုယ်အကုန်ဖန်တီးပေးနိုင်ပါတယ်၊ ကိုယ်ပြောချင်တာက ကိုယ့်တစ် ယောက်တည်းကျန်ရစ်မဖြစ်နိုင်လို့ အဲ့ဒါပွင့်ဝါ နားလည်မပေးနိုင်ဘူးလာ။”

” အို အဓိပ္ပါတယ်တွေ တစ်မျိုးဖြစ်ကုန်လိမ့်မယ်ဆရာ”
” ဘာလို့ ဖြစ်ရမှာလဲ၊ ဘယ်သူမှ မသိစေရဘူး၊ကိုယ်အားလုံးတာဝန်ယူတယ် ကိုယ့်ကြောင့် ပွင့်ဝါ ဘာဆိုဘာမှ မဖြစ်စေရဘူး။ သံယောဇဉ်ဆိုတာ ပွင့်ဝါ နားလည်လားဟင်။”
” ဟင့်အင်း”
” ကိုပြောမယ်”

ကိုယ်ကို အနည်းငယ် ရှေ့ကိုင်းလျှက် ပွင့်ဝါ၏ လက်ဖျားလေးများကို ဆွဲယူရန် စိတ်ကူး၏။ ပွင့်ဝါက ကိုယ်ကိုနောက်သို့ ယိမ်းလျှက် ရှောင်သလိုပြုပြီး………
” ကျမ ပြောတာကိုနားထောင်ပါဦး” ဟုဆိုသည်။

ကိုယ်ကခေါင်းရမ်းလျှက် ” ကိုယ် ပွင့်ဝါ အတွက်စီစဉ်ထားတာတွေ အများကြီး၊ ပွင့်ဝါအတွက် ဘယ်လောက်ပဲကုန်ကျပါစေ၊ ကိုယ်တာဝန် ယူနိုင်တယ် နောက်ပြီးလွတ်လွတ်လပ်လပ် သဘောပါ။ အချစ်၏ သန့်စင်မှုဆိုတာကို ပွင့်ဝါ နားလည်စေချင်တယ်။ ကိုယ်ပွင့်ဝါကို ချစ်တယ်။ ဒါပေမယ့် အနှောင်အဖွဲ့ အကျဉ်းအကျပ် မျိုးနဲ့ မဟုတ်ဘူး။ ဘယ်သူမှ မသိစေရတဲ့ နည်းမျိုးနဲ့ပေါ့။ ကိုယ်ပွင့်ဝါကို တစ်သက်လုံး စောင့်ရှောက် သွားမယ်။ အဲ့ဒီအကူအညီတွေကို ပွင့်ဝါယူရမယ်။

“အို ရှက်စရာကြီး။”

” ဘယ်သူ့ကိုလည်း၊ ဘာကိုရှက်တာလဲ ပွင့်ဝါ၊” ကိုယ်က အသံကို တမင်တိုးညှင်းလျှက် ယု ယကြင်နာစွာ မေးတော့ နှင်းဆီရဲရဲမျက်နှာကို ငုံ့ထားသည်။

” ကျွန်မရဲ့ လိပ်ပြာကိုပါ၊”

” လိပ်ပြာ” ကို …………တဲ့၊ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွား၏။ တကယ်တမ်း လက်ဖျား ခြေ ဖျားအေးသွားတာ ကိုယ်ကိုတိုင်ပါပဲ၊ ပွင့်ဝါကို အံ့သြစွာ ငေးမောမိသည်။ တဖြည်းဖြည်း ခေါင်းပြန် မော့လာ၏၊ ရှက်သွေးများ ပျက်ပြယ်လျက် မျက်ဝန်းတို့ကလည်း ကြည်လင်တောက်ပစွာ…။

“ကျမ ဥာဏ်စွမ်းရှိသမျှ ကိုယ်စွမ်းရှိသမျှ ကြိုးစားကြည့်ချင်တာ၊ တခြားနိုင်ငံကို ထွက်တယ် ဆိုတာ သူများကို မျက်စိမှိတ်ပြီး အထင်ကြီးလို့လည်း မဟုတ်ဘူး၊ တစ်ခုခုကို ရှောင်တိမ်းချင်တဲ့ သဘောလည်း မဟုတ်ပါဘူး၊ သူတို့နိုင်ငံတွေမှာ ကျမတို့လိုလူငယ်တွေ ဘာလုပ်နေကြသလဲ၊ လက်တွေ့ကျကျသိချင်တယ်။ သူတို့လုပ်သလို လိုက်လုပ်ကြည့်ချင်တယ်။

ဆရာစဉ်းစားကြည့်ပါ။ ခုဆိုရင် ကျမတို့ တင်ပို့နေတဲ့ ကုန်ကြမ်းတွေကို သူတို့ဆီမှာ ဘာလုပ်တယ်ဆိုတာတောင် သိခွင့်၇တာမဟုတ်ဘူး။ ဂုန် လက်သည်းရွက်လိုမျိုး ခရေပွင့်ခြောက်၊ မူသကပွင့်ခြောက်တွေက အစ ဘောစကိုင်းစေ့တွေ ၀ယ်သာဝယ်တာ ဘာလုပ်မယ်လို့ ပြောဖေါ်မရဘူး။ အချိန်တန်တော့ လှလှပပ ထုတ်ပိုးပြီး ဒီပစ္စည်းတွေဟာ အသွင်တစ်မျိုးနဲ့ ကျမတို့ဆီ ပြန်ရောက်လာတာပဲ။ ကျမတို့ က ဈေးကို ဆယ်ဆလောက်ပြန်ပေးပြီး ၀ယ်ရတာပဲ။

ကျွန်မတို့မှာ နောက်ဆုံးအဆင့်ရောက်အောင် မဖန်တီးနိုင်သေးတော့ ကုန်ကြမ်းပို့ရုံလောက်နဲ့ အကျေနပ်ကြီး ကျေနပ်နေရတယ်။ အမှန်ကတော့ ကျမတို့ညံ့ကြတာ၊ အနည်းဆုံး သူများနိုင်ငံကို လက်တွေ့ကျကျ ရောက်သွားရင် ကိုယ်ဘာညံ့လည်း ဆိုတာတော့ သိလာခဲ့မှာပဲ။”


ကိုယ်ကတော့ ပွင့်ဝါကို စိတ်ကုန်စပြုလာသည်။ ဘယ်လိုငတုံးမလေးကိုမှ ညှို့မိပါလိမ့်။ ခုတ်ရာတခြား ရှရာတခြားဖြစ်ကုန်၇င် ဒုက္ခ။ ကိုယ့်သိက္ခာတွေ ပွန်းပဲ့တာပင် အဖတ်တင်တော့မည်။

“နောက်တစ်ခုက ကျမတို့ မိန်းခလေးတွေ၊ အထူးသဖြင့် မြန်မာမိန်းခလေးတွေ ဘယ်အခြေ အနေအထိ ကြိုးစားခွင့်ရှိနိုင်မလဲဆိုတဲ့ အချက်ပေါ့။ သင်တန်းတွေ တက်ခဲ့တုန်းက ကျမတို့ရဲ့ ဆရာ ဆရာမတွေ ဦးစားပေးပြီး သင်ပေးလိုက်တဲ့ အဓိက အချက်က ကိုယ့်ယဉ်ကျေးမှုနဲ့ စာရိတ္တအတွက် စိတ်ခိုင်ဖို့ပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအတွက် အလဲအထပ်ပြုရမယ့် အတိုင်းအတာကို ကန့်သတ်နိုင်ဖို့ပဲ၊ ကျမဆရာ့ကို……..”


မီးပျက်သွားသလို ရပ်တန့်သွားသော ပွင့်ဝါ၏ စကားတန်းကို မျှော်လင့်ချက် ကိုယ့်ဘက်က တိုက်ကွက်ကိုတစ်ဟုန်ထိုးဖြင့် ကျားကွက်အသွင်ဆောင်ရန် စိတ်ကူးရ၏။ကိုယ်မင်းကို အရှုံးမခံ နိုင်ဘူး ပွင့်ဝါ။”

” ပွင့်ဝါ ကိုယ့်ကို တစ်ခုတော့ ဖြေပါ၊ နော်ပွင့်ဝါ”

” ဖြေနိုင်ရင် ဖြေပါ့မယ်။”

” ပွင့်ဝါ တစ်ခါမှ မချစ်ဖူးဘူးလား။ နောက်ပြီး အချစ်ဆိုတာကိုရော သိလား။”

” အချစ်ဆိုတာ ဘာလဲ။”

” သြော် ကိုယ့်ကို ပြန်မေးနေပြန်ပြီ။ အချစ်ဆိုတာ စိတ်ရဲ့သိမ်မွေ့တဲ့ ခံစားမှုပေါ့ ကလေးရယ် အဲ့ဒါမင်းသိလားဟင် ပွင့်ဝါ။”
ကလေးမ တွေဝေသွားသည်။ မေးခွန်းတွေ ဆက်တိုက်မေးရန် ကြိုးစားရ၏။။ တစ်ဆင့်ချင်း ပေါ့။
“ဒါဆိုပွင့်ဝါကိုယ့်ကိုမုန်းလား။”
ချက်ချင်းခေါင်းရမ်းသည်။

“ဆရာ့ကို ကျမ အမြဲကျေးဇူးတင်နေမှာပါ။ ကျွန်မစိတ်ကူးရှိသမျှ အလုပ်တွေ အများကြီး လုပ်နိုင်ခဲ့တာ ဆရာပေးတဲ့ လွတ်လပ်မှုတွေ ကူညီမှုတွေကြောင့်ပါ။ အတွေးအခေါ်အရမ်းကောင်း ပြီး အကွက်ကျ ထောင့်စေ့တဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ပညာတွေလည်း ဆရာ့ဆီက အများကြီး ရခဲ့သည်။ သိပ်ကိုကျေးဇူးတင်ပါတယ် ဆရာ။
ကျမကြောင့် ဆရာဘာမှမဖြစ်စေချင်ဘူး။”

” ဒါဆိုကိုယ့်ဆန္ဒကို စဉ်းစားပေးလေ။”
“မဖြစ်နိုင်ဘူးဆရာ၊ ဆရာအခု တိုက်ပုံအင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်လိုပဲ စဉ်းစားပါ။ တစ်ခါက နက်တိုင်စီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒီအခြေအနေမျိုးနဲ့ စဉ်းစားလို့ဘယ်နည်းနဲ့မှမဖြစ်နိုင် ပါဘူး။ ဆရာပြောချင်တာတွေကို ကျမနားလည်ပါတယ်။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် လူသူလေးပါး မသိစေရအောင် သိုသိုသိပ်သိပ်နေတဲ့ ချစ်သူတွေအဖြစ် တစ်သက်လုံးနေသွားပြီး တစ်ယောက်ရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးကြဖို့မဟုတ်လား။

ကျမလိုတဲ့ ကြိုးစားကြည့်ချင် တာတွေကို ဆရာကဖြည့်စွမ်းပြီး ဆရာ့ကွက်လပ်ကို ကျမကဖြည့်ပေးရမှာပဲ မဟုတ်လား။”
တဲ့တိုးကျစွာ ပွင့်လင်းလွန်းစွာဖြင့် မေးနေသော မိန်းကလေးငယ်သည် မြန်မာပြည်မှ ဟုတ် လေစွ။ကောင်မလေးရယ် ရဲတင်းရန်ကောဟု မျက်မှောင်ကြုတ်ချင်တော့သည်။

” အောင်မြင်သူဖြစ်ချင်တဲ့ မိန်းခလေးတွေအတွက် ကျော်လွှားဖို့ အခက်ဆုံးတောင်ပါပဲ။ ဆ ရာတို့ကိုမလွန်ဆန်နိုင်ရင် ” ဘုရင်မ” ဖြစ်ချင်တဲ့ သူတွေဟာ ” မိဖုရား” ပဲဖြစ်ဖြစ်သွားကြရတယ်။
ကိုယ်ကသဲ့သဲ့ရယ်လျက် ” ပွင့်ဝါ မလွမ်းဖူးသေးလို့ပါ။”

” ဆရာရယ် လွမ်းတယ်ဆွေးတယ်ဆိုတာတွေဟာ တကယ်တော့ ဟင်းခတ်တဲ့ ဆားပါ။ အရသာအတွက် အရေးပါလှပါတယ်။ အဟာရအတွက်တော့ အရေးမကြီးလှပါဘူး။”
နောက်ဆုံးထွက်သက် အတွက် အသက်ကယ်ဆေးအဖြစ် ကိုယ်က ပြန်ပွင့်လင်းရသည်။

” ပွင့်ဝါကြောင့် ကိုယ့်ကို ဘာမှမဖြစ်စေချင်ဘူးဆိုရင် တစ်ခုတော့ စဉ်းစားပေးပါ။ ခုလိုကိုယ် ကဗြုန်းစားကြီး အလုပ်ထွက်သွားတော့ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုပြောမလဲ။ ကိုယ်တို့မှာလည်း ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ မဟုတ်လား။ ကိုယ့်ကြောင့်ပွင့်ဝါရှောင်ပြေးသွားရတယ် ဆိုတာမျိုးပြောလာကြရင် နှစ်ယောက်စလုံးရဲ့ ဂုဏ်သိက္ခာတွေ ဘယ်လိုဖြစ်သွားမလဲ။”

” သိက္ခာထက် လိပ်ပြာက ပိုအရေးကြီးပါတယ် ဆရာရယ် သူများတွေ အပြစ်တင်သံကို မကြားချင်ရင်နားပိတ်ထားလို့ရတယ်။ ကိုယ့်လိပ်ပြာက ကိုယ့်ကို အပြစ်တင်ရင် ဘယ်လိုမှ တား လို့မရနိုင်ပါဘူး။ ထားပါလေ။ ဆရာ့အတွက် သိက္ခာက အရေးကြီးတယ်လို့ ထင်ခဲ့ရင်လည်း ကျမ နဲ့ပတ်သတ်ပြီး ဆရာအစဉ်ပြေသလို ပြောနိုင်ပါတယ်။

ကျမက ဘာမှဖြေရှင်းနေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမသက်ရှိထင်ရှားရှိနေသမျှ ဆရာနဲ့ပတ်သတ်စရာအကြောင်းမှ မရှိတော့ လို့ပါပဲ။ ကျမရဲ့ လိပ်ပြာကို ကျမ ဒီနည်းနဲ့ သက်သေပြမယ်။ ဒါကျမရဲ့ ဆုံးဖြတ်ချက်ပါ။ ဆရာ့ကို ကျမဒါတွေ ပြောပြဖို့ ခေါ်လာတာ။”

” ကိုယ်ပွင့်ဝါကို အရှုံးပေးရတော့မှာလား။”
” အနိုင်အရှုံးနဲ့ မဆိုင်ပါဘူးဆရာ။ ဒီကိစ္စ ဆုံးဖြတ်ချက် အမှားအမှန်နဲ့ပဲ ဆိုင်ပါတယ်။ ဆရာ့လို တွေးကြစတမ်းဆိုရင် ကျမလည်း ရှုံးရတာပါပဲ။ ကျမတစ်သက်လုံးလေးစားခင်မင်သွား ချင်တဲ့ မိတ်ကောင်းဆွေကောင်းတစ်ယောက် ဆုံးရှုံးရတာပါပဲ။ ဒီအတွက် ကျမတကယ်ကို ၀မ်းနည်းပါတယ်။ ဒါပေမယ့် ဒီအတိုင်းပဲ ဖြစ်ရမယ်။ ကျမလုပ်စရာတွေ အများကြီးရှိသေးတယ်။ ကျမ ရုန်းကန်ကြိုးစားရဦးမယ်။”

“မင်းကို ကိုယ်လေးစားချီးကျုးပါတယ် ပွင့်ဝါရယ်။”
ပွင့်ဝါခေါင်းရမ်း၏။ ပြိုမည့်မိုးလို မျက်နှာကလည်း ညိုနေ၏။

” ကျမကို မချီးကျူးပါနဲ့ ဆရာ၊ ကျမဆရာ့အပေါ်ထားခဲ့တဲ့ ဖြူစင်အေးမြတဲ့ သစ္စာတရား ကြောင့် ကျမရဲ့ ကံကြမ္မက မျက်နှာသာပေးတာပါ တကယ်လို့သာကျမဟာ ဆွေးမျိုးမိဘ ဘိုးဘွား ရဲ့ လုံခြုံတဲ့ နွေးထွေးမှုမျိုး၊ ဘာသာတရား လူမှုရေး ကျင့်ဝတ်တွေရဲ့ အစောင့်အရှောက် ကြိုးစားချင်တဲ့ ကိစ္စတွေအတွက် လုံလောက်တဲ့ ငွေကြေး၊ အဲ့ဒါတွေထဲက တစ်ခုခုချို့တဲ့ခဲ့ရင် ဆရာ့ကို ပုံပြီး အားကိုးရမယ့် အခြေအနေမျိုးသာဖြစ်ခဲ့ရင် ခုလို ဆရာ့ကိုတုံ့ပြန်နိုင်ပါ့မလား။

ဒါဆိုရင် ဆရာရော ကျမဟာ ကြီးမားလွန်းတဲ့ ပြစ်မှုကို ကျူးလွန်ကြပြီး သံသရာမှာ အရမ်းရုပ်ဆိုး သွားကြတော့မှာ။”
ပွင့်ဝါ၏ အသံများ တဖြည်းဖြည်း တိုးတိမ်သွား၏။ မျက်ဝန်းမှာ မျက်ရည်များ ပြည့်လျှံနေ သည်။


“တကယ်လို့များ ကျမနေရာမှာ အသစ်ရောက်လာမယ့် ဆရာ့ရဲ့ လုပ်ငန်းဖေါ်ဟာမိန်းခလေး ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီမိန်းခလေးဟာ ဆရာ့ရဲ့အရိပ်ကိုပဲ အပြည့်အစုံခိုနားရမယ်ဆိုရင် ဆရာ့လိပ်ပြာ ကို ရဲရဲရင့်ရင့်စကားပြောရဲတဲ့ သစ္စာတရားနဲ့ လက်တွဲခေါ်နိုင်ပါ့မလား။ ကျမတို့မြန်မာမိန်းခလေး တွေဟာ ကမ္ဘာ့ အဆင့်မှီအောင် မြန်မာနိုင်ငံထဲမှာပဲ စမ်းသပ်ကြိုးစားနေကြတုန်းပဲ ရှိပါသေးတယ် ဆရာရယ်။ ဒါပေမယ့် ကိုယ့်လိပ်ပြာကိုယ် မလိမ်မညာရဲကြပါဘူး” တဲ့ ပွင့်ဝါငိုသည်။ ရှိုက်၍ငိုသည်။


အူရိုင်းမဟု ထင်ခဲ့သူက ပြတ်သားပြနေသည်။ ကိုယ်ကတော့ သူ့အပေါ်မှာ မပြတ်သားနိုင်။ မခံချင်စိတ်တွေ တလိပ်လိပ်ကြွလာ၏။ တကယ်ဆို ကိုယ်ကစိတ်တောင်မှ ၀င်စားခဲ့တာမဟုတ်။ ချစ်ဖို့ဆိုတာ စဉ်းစားစရာပင်မလို။ အလှအပကင်းမဲ့လှသော ခန္ဓာကလည်းဆွဲဆောင်မှုမရှိ၊ ကိုယ့်အမှားဟုပင် ပြောရတော့မှာလား။ အစတုန်းကတော့ ကိုယ့်တွက်ကိန်းနှင့်ကိုယ် ဟုတ်လို့။

ငြိရုံကလေးငြိ၍ ကိုယ်တိုင်အသုံးချသွားရန်။ ထင်ထားသည့်အတိုင်း ဖြစ်မလာဘဲ စက်သေနတ် ပစ်သလို တဝေါဝေါတိုက်ခိုက်နေတော့၏။ ဘာဖြစ်လို့များ အရှုံးပေးရမှာလဲ။ ကိုယ်က ခပ်ညံ့ညံ့ ကောင်မဟုတ်။ ဒီဇာတ်လမ်းကို သူစခဲ့တာမဟုတ်၊ ကိုယ့်ဇာတ်လမ်းကို သူ့နိဂုံးနဲ့ ဘယ်အဆုံး သတ်နိုင်လိမ့်မလဲ။


“ပွင့်ဝါ မင်းပြောတာတွေကို ကိုယ်မငြင်းလိုပါဘူး။ မင်းသိပ်တော်တယ် လိမ်လည်းလိမ္မာ တယ်။ စံပြလည်းဖြစ်တယ် ဒါပေမယ့် ဒါဖုံးကွယ်မှုတစ်မျိုးပဲ။ လူတိုင်း လူတိုင်းဖြစ်သင့်တာကို သိတယ်။ အကောင်းဆုံးကိုလည်း ကြိုက်တတ်တယ်။ ဖြစ်နေတာတွေထဲက ဖြစ်နိုင်တာနဲ့ ဖြစ်ချင်တာကို ဖန်တီးလို့ရမယ်ဆိုရင် ဖန်တီးကြမှာကြည့်ပဲ။

ကိုယ့်ဘ၀မှာ ဖြစ်သင့်တာတွေ ဖြစ်ခဲ့ပြီးပြီ၊ ကို့ဘက်က မင်းနဲ့ပတ်သတ်လို့ စိတ်ဓါတ်ရော အတွေးအခေါ်ရော အားလုံးအလိုရှိ တယ်။ ကိုယ့်ဆန္ဒအတွက် ကိုယ့်ဘက်ကလည်း ကြိုးစားရမှာပဲ။ ဒီအတွက် နောင်တဆိုတာ ဖြစ်လာ စရာအကြောင်းမရှိဘူး။ ကိုယ်အားလုံးကို ရင်ဆိုင်ရဲတယ်။


ခပ်တင်းတင်းပဲ ပြောပစ်လိုက်၏။ အမိုက်အမဲလေးကို ဒီလိုအလျှော့ပေးလို့ ဘယ်ရမလဲ။ ခြိမ်းခြောက်ပစ်လိုက်သည်။ ဒီအချိန်မှာ သူ့ဘက်က ပြန်တင်းနိုင်မလား။ နေ၀င်ရိုးရီ အချိန်မှာ တ စိမ်းယောက်ျားတစ်ယောက်နှင့်အတူရှိနေသော မိန်းခလေးက……..
” မလိုအပ်ပဲ ဘယ်သူ့ကိုမှ ရင်မဆိုင်ချင်ပါနဲ့ ဆရာရယ်၊ စွမ်းအားတွေ ဖြုန်းတီးပစ်သလို နှမြောစရာကောင်းလှပါတယ်။ တကယ်တော့ ကျတော်ဆရာ့အပေါ်မှာထားခဲ့တဲ့ လေးစားခင်မင်မှု မြတ်နိုးတွယ်တာမှုနဲ့ ဖြူစင်တဲ့မေတ္တာမျိုးကို ဆရာ့ဆီက ဘယ်နည်းနဲ့မှ ပြန်မပေးနိုင်ပါဘူး။

ဒီအတွက် ကျမနားလည်နိုင်ပါတယ်။ ခုဆိုရင် ဆရာကစီးပွားရေးနယ်မှာ ဘုရင်တစ်ဆူဖြစ်နေပြီ။ ဆရာ့မှာ တပည့်တွေအများကြီး၊ မိတ်ဆွေတွေလည်း အများကြီး အားလုံးက ချီးကျူးကြတယ်။ စာအုပ်တွေစာဆောင်တွေမှာလည်း ဆရာ့သတင်းတွေ ဝေဆာလို့ အများက၀ိုင်းပြီးချီးကျူးနေတဲ့ အချိန်မှာ မတော်တဆ ဆရာ့ရဲ့လိပ်ပြာက ဆရာ့ကို တိုးတိုးတိတ်တိတ်ကလေး များကဲ့ရဲ့နေမယ်ဆိုရင် လူမသိသူမသိ ဆရာအရှက်ရနေမှာ သိပ်ကို စိုးရိမ်မိပါတယ်။

ဆရာတစ်ယောက်တည်း အေးအေးဆေးဆေးရှိနေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင် ကျေကျေနပ်နပ်ကြီး ချီးကျူးနိုင်စေချင်တယ်။ ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ဂုဏ်ပြုရင် အရမ်းဝမ်း သာစရာကောင်းတာဆရာရဲ့။ ဆရာ့ကို ကျွန်မသိပ်ကိုပျော်ရွှင်ဝမ်းသာစေချင်လို့ပါ။”

ကိုယ်က ပွင့်ဝါကို စကားပြန်ပြောရန် ၀န်လေးသွား၏။ ပွင့်ဝါကမတ်တပ်ရပ်သည်။
” ဆရာ ကျမကို ခွင့်ပြုပါ၊ ဆရာနဲ့ စကားပြောဖို့အတွက် ကျမမိသားစုကို အသိပေးခဲ့ပါ တယ်။ ကျမရဲ့အဒေါ်နဲ့ တူလေးတွေလာကြိုနေကြပါပြီ။ သွားမယ်ဆရာ။”

ထိုအချိန်မှ ပွင့်ဝါက အပြီးအစီးနှုတ်ဆက်သွားခဲ့သည်။ ကိုယ်ကလည်း ပွင့်ဝါကို တွေ့ရန် မကြိုးစားခဲ့ပါ။ အားလုံးမေ့မေ့ပျောက်ပျောက် ဆိုပါတော့။

လိုအပ်လာတဲ့အခါမှာတော့ တစ်ယောက်တည်း အေးအေးဆေးဆေးတွေးဖြစ်၏။ တစ်ယောက်တည်း မဟုတ်ပါဘူးလေ ကိုယ်နှင်းကိုယ့်လိပ်ပြာသည် အစဉ်အမြဲ အတူတကွ ရှိနေ၏။ ကိုယ်လိမ်ညာ၍ မရသောသူသည် ကိုယ့်လိပ်ပြာသာ ဖြစ်လေသည်။

ရွှေစည်းစိမ် မဂ္ဂဇင်း (၁၉၉၇၊ မတ်လ)
ဝင်းဝင်းမြင့် နန်းတော်ရှေ့

အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...

Monday, June 15, 2009

စံပြဖွားဖွား

ပါးလုံးအခုတလော စာရေးဖို့ကို ဘယ်လိုမှ စိတ်ကို စုစည်းလို့မရဘူးဖြစ်နေတယ်။ အိမ်ကို အရမ်းလွမ်းတာလည်းပါတယ်။ အထူးသဖြင့် ဖွားဖွားကိုပေါ့။ ဖုန်းခေါ်တော့လည်း ဘယ်လိုမှ ခေါ်မရဘူး။ ပါးလုံးကို စကားအရမ်းပြောချင်လို့ ဖုန်းထိုင်စောင့်နေပါတယ်ဆိုတဲ့ ဖွားဖွားကို ဖုန်းပြောမယ်ဆိုပြီး ဖုန်းကဒ် တွေဝယ်ထားတာတောင် ဘယ်လိုမှ ဖုန်းက မ၀င်ဘူး။

အင်တာနက်နဲ့ ပြောရင်လည်း မစဉ်မပြေ ကွန်နက်ရှင်ကောင်းတဲ့အချိန်ကို စောင့်ပြီးတော့ ပြောရတာဆိုတော့ ဖွားဖွားက အသက်အရမ်းကြီးနေပြီဆိုတော့ မထိုင်နိုင်ဘူးလေ။ ဖွားမြေးရယ် ဖွားကအသက်ကြီးပြီဆိုတော့ သိပ်မထိုင်နိုင်တော့ဘူး။ ဖွားမြေးနဲ့ ဖွား စကားတွေအများကြီး ပြောချင်ပါတယ်ကွယ် ဆိုတော့ ပါးလုံး မျက်ရည်မကျပဲ မနေနိုင်ပါဘူး။

ဖွားဖွားကိုအမြဲလွမ်းနေပေမယ့် အခုတလောပိုလွမ်းတယ်။ဘာလို့လည်းဆိုတော့ အခုတလော နေမကောင်းတာများလွန်းလို့လေ။ ပါးလုံးက ငယ်ငယ်ကတည်းက ခြေတွေလက်တွေ ကိုက်တတ်တယ်။ အထူးသဖြင့်အေးရင်ပေါ့။ အဲ့လိုအချိန်ဆို ဖွားဖွားက ပါးလုံးကို ဆေးတွေလိမ်းပေးတယ်။

ပါးလုံးနဲ့အတူတူ ခရီးသွားရင်လည်း ဆေးတွေဆောင်လာတယ်။ ပါးလုံးနာလို့အော်ငိုရင်လည်း သေသေချာချာနှိပ်ပေးတယ်။” မြေးလေးသက်သာသွားမှာပါ အိပ်လိုက်နော်” ဆိုတဲ့ ဖွားဖွားရဲ့စကားသံကို ကြားယောင်နေမိတယ်။



အဲ့ဒီနေ့တနေ့ကိုလည်းမှတ်မိသေးတယ်။ ပြန်စဉ်းစားတိုင်း မျက်ရည်လည်းဝဲမိတယ် ပိုလည်းလွမ်းမိတယ်။ အဲ့နေ့က ပါးလုံးတို့ညီအမလေးယောက်ရယ် ဖွားဖွားရယ်ပဲ အိမ်မှာကျန်ခဲ့တယ်။ အိမ်မှာဘယ်သူမှမရှိဘူး။ ပါးလုံးတို့ညီအမတွေကလည်း ငယ်ငယ်လေးပဲရှိသေးတယ်။ ပါးလုံးဆို သူငယ်တန်းပေါ့။

အဲ့နေ့က အိမ်မှာဘာပြဿနာဖြစ်တယ် ဆိုတာကိုတော့ ပါးလုံးလည်းမသိဘူး။ သိတာကတော့ အဖေ့ကို သူတို့ ပါးလုံးတို့နဲ့ မတွေ့နိုင်တဲ့ နေရာကို ခေါ်သွားတယ်။ ၁၃နှစ်တိတိ ပြန်မလွှတ်ပဲ ခေါ်ထားမယ်တဲ့။ သေချာတာတော့ အဖေ့ကို ချစ်လို့မဟုတ်ပါဘူး။ ပြီးတော့ ပါးလုံးတို့အိမ်ကိုလည်း ချိတ်ပိတ်လိုက်တယ်။ ပါးလုံးညီမလေးအငယ်ဆုံးဆို အဲ့အချိန်က ရှစ်လသမီးလေးပေါ့။

ပါးလုံးတို့မှာ နေစရာအိမ်မရှိပါဘူး။ အိမ်ခဏခဏ ပြောင်းရတာကိုတော့ မှတ်မိပါသေးတယ်။ ပါးလုံးတို့ အိမ်မှာခြောက်ကပ်နေတယ် ပြီးတော့လူကြီးတွေအားလုံးပျာပျာ ပျာပျာ နဲ့အားလုံးထွက်သွားကြတယ်။ ပြီးတော့ ဘုမသိဘမသိနဲ့ ပါးလုံးတို့ညီအမအားလုံးလည်း မျက်နှာတော့မကောင်းနိုင်ဘူး လူကြီးတွေဘာဖြစ်လည်းမှမသိတာ။

ဒါနဲ့ဖွားဖွားက ပါးလုံးတို့ကို ပြောတယ် အားလုံးဆုတောင်းကြမယ်တဲ့။ ပါးလုံးတို့က ညဆိုအိမ်မှာငယ်ငယ်ကလေးကတည်းက ည၀တ်ပြုတတ်ကြတယ်။ ည၀တ်ဆိုတာကတော့ ဘုရားရှီခိုးတာပေါ့နော်။ အဲ့တော့အိမ်မှာက ဆုမတောင်းခင် ဓမ္မသီချင်းဆိုတယ် ကျမ်းစာဖတ်တယ်။ ပြီးမှ အလှည့်ကျ ဆုတောင်းကြတာလေ။

ပါးလုံးတို့က ငယ်သေးတော့ ဓမ္မသီချင်းကောင်းကောင်းမဆိုတတ်သေးဘူး အဒေါ်တွေက ဦးဆောင်ဆိုနေကျဆိုတော့ အခုလိုဖွားဖွားနဲ့ ဒီလေးယောက်ဆိုဖို့က ဖွားဖွားက သီချင်းရွေးတယ်။ အဲ့သီချင်းကိုမဆိုခင်အထိ ပါးလုံးစိတ်ထဲမှာ တမျိုးဖြစ်နေတယ် ဖွားဖွားက သင်ပေးတယ်သီချင်းဆိုဖို့ နုတ်တွေပေါ့နော်။ အဲ့သီချင်းနာမည်က ” အိမ်ထောင်မှာ မေတ္တာ ” တဲ့။

ပြီးတော့ ဆုတောင်းအလှည့်ကျတာက ပါးလုံး။ ပါးလုံးလည်း ဆုတောင်းတယ် ဘာပြဿနာဖြစ်နေမှန်းမသိပေမယ့် ဆုတောင်းလိုက်တဲ့အခါ ငြိမ်သက်ခြင်းတွေ ချက်ချင်းရလာတယ်။ အဲ့လို စိတ်ညစ်တဲ့အခါတိုင်းမှာ ဘုရားကိုအားကိုးတတ်အောင်လည်း သင်ပေးခဲ့တယ်လေ။ အခုထိဘာပြဿနာဖြစ်ဖြစ်မကြောက်တာလည်း အဲ့ဒါကြောင့်ပါ။

ပြီးတော့ ဖွားဖွားက ဘာမဆိုလုပ်ချင်ကိုင်ချင်စိတ်ရှိတယ်။ ၀ါသနာမပါလို့မလုပ်ဘူးလို့ပြောတာကို သူကဘယ်တော့မှလက်မခံဘူး။ ဘာမဆိုတတ်အောင်သင် ထားရမယ်တဲ့။ ဖွားဖွားက အပင်စိုက်တာကို သဘောကျတယ်။ ပါးလုံးလည်းအတူတူပါပဲ။

ကိုယ်စိုက်ထားတဲ့အပင်လေးတွေများ ကြီးပြီးစိမ်းလာပြီဆိုရင် ဘယ်လိုပျော်မှန်းမသိဘူး။ မနက်တိုင်း နေမထွက်ခင် ဖွားဖွားက မြေပေါက်တယ်။ အဲ့အချိန်ဆို အစကတော့ မပေါက်ကူချင်ဘူး ဒါပေမယ့် ဖွားဖွားကိုချစ်တော့ ဖွားဖွားပင်ပန်းမှာစိုး ပြီး လိုက်ပေါက်တာ ဖွားဖွားအကြမ်း ပေါက်သွားရင် ပါးလုံးက ကအချောပေါ့။

ပြီးမှကျောင်းသွား ညနေပြန်ရောက်ရင် ပျိုးပင်လေးတွေကို ပြန်စိုက်။ ရေလောင်း။ ပျော်ဖို့တော့ကောင်းပါတယ်။ နည်းနည်းတော့ ကြွားလိုက်ဦးမယ်။ ပါးလုံးစိုက်တဲ့အပင်မှန်သမျှက မရှင်တာမရှိဘူးဟီးဟီး။ အဲ့လိုစိုက်တဲ့အချိန်မှာလည်းဖွားဖွားက သင်ပေးတယ်။ ဘယ်ရာသီမှာ ဘယ်လိုစိုက်ရကြောင်းပေါ့။

ဖွားဖွားက တကယ့်ကိုစံပြပါပဲ ပါးလုံးအတွက်တော့ သူက မနက်ဆိုအစောကြီးထတယ်။ ပြီးတော့ နေမပူခင်ထိ ခြံထဲမှာလုပ်တယ်။ ပြီး၇င်တော့ သူရေမိုးချိုးပြီးစာထိုင်လုပ်တယ် သူက ပင်စင်ယူထားပြီးပြီဆိုတော့ ကျောင်းသွားဖို့မလိုတော့ဘူးလေ။အသက်ကြီးပြီဆိုပေမယ့် အခုထိလေ့လာဆဲပါ။ ပါးလုံးတို့လေ့လာတယ်ဆိုတာ ဖွားဖွားရဲ့ခြေဖျားကိုမမှီပါဘူး သူကသူပဲလေ့လာတာမဟုတ်ဘူး။

ပါးလုံးတို့ကိုလည်း တွန်းတယ်။ နွေရာသီဆိုရင် နေ့ခင်း ပါးလုံးတို့ စာလုပ်ရတယ် စာမရရင် မဆော့ရဘူး။ အင်္ဂလိပ်စကားလုံးတွေကျက်ရတယ်။ သူပေးတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ မရရင်တော့တုတ်ပဲ။ အဲ့တုန်းက စာမလုပ်ချင်လို့ ဖိနပ်ကိုင်ပြီးထွက်ပြေးတာတောင် မှတ်မိသေးတယ်။ ဖိနပ်စီးနေရင် မမှီမှာစိုးလို့လေ။

အဲ့တုန်းကတော့ မပျော်ဘူး။ သူငယ်ချင်းတွေ ထုတ်စည်းထိုးနေတဲ့အသံကြားရင် ထိုင်မရထမရ ဆော့ချင်လို့ နွေရာသီကျောင်းပိတ်ရက်ကိုတောင်မနားခိုင်းလို့ စိတ်ညစ်မိတယ်။ နည်းနည်းမဟုတ်ဘူး တော်တော်လေးနော်။ ဖွားဖွားကနေ့ခင်းဆိုအိပ်လည်းအိပ်ခိုင်းသေးတယ်။ အိပ်ချင်ယောင်ဆောင်ပြီး ခိုးထွက်ဆော့ပြန်လာရင်အရိုက်ခံရမှာကြောက်လို့ ခါးကြားထဲ မြက်ထိုးရ တာလည်းအမော။

အဲ့တုန်းက လေ့လာခိုင်းတာတွေကို အပိုတွေလို့ထင်မိတယ်။ ပြီးတော့ ဖွားဖွားပြောနေကျစကားလည်းရှိသေးတယ်။ နင်တို့တနေ့နိုင်ငံခြားမှာ ပညာသင်ခွင့် မရဘူးလို့ ဘယ်သူပြောနိုင်လည်းတဲ့။ မမြင်ခင်ကတည်းက ကြိုတင်ကြိုးစားပါတဲ့။ အဲ့ဒါအမြဲပြောတယ်။

ဖွားဖွားကလည်း စိတ်ကူးယဉ်တယ်လို့ ထင်မိတယ်။ အခုတော့ ဖွားဖွားပြောတာတွေက သွေးထွက်အောင်မှန်တယ်ဆိုတာ ကြာလေပိုသိလေ။ အဲ့တုန်းက ဖွားဖွားသာ ဖိအားမပေးခဲ့ဘူး စာတွေမကျက်ခိုင်းခဲ့ဘူးဆိုရင် လေ့ကျင့်ခန်းတွေမလုပ်ခိုင်းဘူးဆိုရင် ဒီအချိန် ပါးလုံးသူများနောက်မှာရောက်နေမှာသေချာပါတယ်။

ပါးလုံးက ညတိုင်း ဖွားဖွားကိုနင်းပေးတယ်။ အဲ့အချိန်ဆို နင်းနေရင်းနဲ့ ဖွားဖွားကို တနေ့လုံးဖြစ်ခဲ့သမျှတွေပြောပြတယ်။ ဘယ်သူ့ကဘယ်လိုပြောတာ ဘယ်သူ့ကိုဘယ်လိုပြောတာပေါ့။ သူကအေးငါ့မြေးမှန်တယ်။ မှားတယ်ဆိုရင်လည်း မှားတယ် ဘာလို့အဲ့လိုပြောတာလည်း။ တခါတလေ ပြန်ချပစ်ပါလား ပေါ့။

ပါးလုံးငယ်ငယ်က ကျောင်းခဏခဏပြောင်းရတယ်။ ပါးလုံး သူငယ်တန်းနဲ့ တစ်တန်းကို အမှတ်တစ် ကျောင်းခွဲလေးမှာနေရတယ်။ အဲ့တုန်းက တစ်တန်းကအတန်းပိုင်ဆရာမက လျှက်ဆားရောင်းတယ် ပါးလုံးက ငယ်ငယ်ကတည်း ဆေးဆို ဘာဆေးမှ သောက်ချင်တာ မဟုတ်ဘူး။

အပျော်စားဖို့ဆိုတော့ဝေးရော သူက အဲ့ဒီလျှက်ဆားဝယ်မစားလို့ဆိုပြီး ပါးလုံးနှခေါင်းကို တုတ်နဲ့ထိုးတယ်။ ဖွားဖွား သိတော့ စိတ်တိုတာပေါ့။ အဲ့အချိန်ဘွားဘွားက အမှတ်(၁) ကျောင်းမှာ အင်္ဂလိပ်စာအထက်တန်းပြ ပင်စင် မယူရသေးဘူး တခါတည်း ကျောင်းကိုလိုက်လာ တယ်လေ။

ပါးလုံးအတန်းပိုင်က ပါးလုံးကိုဘွားဘွားရဲ့မြေးမှန်းမသိတာလည်းပါတယ် ။ သူ့ဆေးဝယ်မစား လို့အမျိုးမျိုးနှိပ်စက်နေတာ ပါးလုံးကပြန်ပြောပြတော့ ဖွားဖွားက ကျောင်းအုပ်ကို လည်းသွား တိုင်တယ်။ ပြီးတော့ပါးလုံးကိုလည်း ကျောင်းပါပြောင်းလိုက်တယ်။

ပါးလုံးတို့ညီအမတွေ အဖေအမေနဲ့ မနေခဲ့ရပေမယ့် အဖွားရဲ့အရိပ်က အဖေအမေရဲ့အရိပ်ထက်ကို အေးမြပါတယ်။ ဖွားဖွားရဲ့ကျေးဇူးတွေကိုသာ ပြန်ဆပ်မယ်ဆိုရင်ဆပ်မကုန်ပါဘူး။ ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုရှိခဲ့တယ်။ အဲ့ဒါက ဘုရားကျောင်းမှာ နှစ်တိုင်း အဖေများနေ့ အမေများနေ့ ကလေးများနေ့ရှိတယ်။

အဲ့အချိန်ဆိုပါးလုံး စဉ်းစားတာက ဘာလို့ဖွားဖွားများနေ့မရှိတာလည်းပေါ့။ ပါးလုံးအလှည့်ကျရင် ဖွားဖွားများနေ့ဖြစ်ပေါ်အောင်ကို ကြိုးစားမယ်လို့လေ။ အမေများနေ့မှာပဲ ဖွားဖွားကိုလက်ဆောင်ပေးရတယ်။ အဲ့ဒါကိုမကျေနပ်ခဲ့ဘူး။

ငယ်ငယ်ကတော့ သူများတွေက ငါ့အမေကလေ ငါ့အဖေကလေလို့ပြောရင်အားကျမိတယ်။ ဒါပေမယ့် အခုဖွားဖွားနဲ့ ဝေးပြီးသေးချာ ပြန်စဉ်းစားမိတော့မှ တကယ်လို့သာ အဖေအမေနဲ့နေခဲ့ရရင် ဖွားဖွားရဲ့မေတ္တာကိုအပြည့်အ၀သိမှာမဟုတ်ဘူးလို့လေ။

ဖွားဖွား ရဲ့သင်ကြားမှုကိုသာမခံခဲ့ရရင်လို့ ပါးလုံးမတွေးရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဖွားဖွားသင်ပေးလိုက်တဲ့အရာတွေက ပါလုံး တသက်တာအတွက် သုံးမကုန်အောင်ပဲလေ။ သူတတ်သမျှ အတတ်ပညာအမွေ၊ ပညာအမွေအားလုံးကိုပေးလိုက်တဲ့ဖွားဖွားဟာ ပါးလုံးအတွက်တော့စံပြဖွားဖွားပါပဲ။

ပါးလုံးကိုယ့်ကိုကိုခွင့်မလွှတ်နိုင်တဲ့ အပြစ်တခုလိုခံစားရတဲ့ ခံစားချက်လေးလည်းရှိတယ်။ ပါးလုံးဒီကိုလာခံနီး အချိန်မှာ ပါးလုံးက ဖွားဖွားကိုမေ့နေတယ်။ ဖွားဖွားအနားမှာနေရမယ့်အစား သူငယ်ချင်းတွေနဲ့ အလွမ်းသယ်နေတယ်။ ဖွားဖွားက သူ့မြေးလေးနဲ့နေချင်ရှာမယ်လို့မတွေးမိဘူး။

ဖွားဖွားရဲ့ခံစားချက်ကိုအမြဲနားလည်ခဲ့သမျှ အဲ့ဒါကိုမေ့နေတယ်။ စဉ်းစားတိုင်းမျက်ရည်ကျမိတယ်။ ကိုယ့်ကိုကိုလည်း မသိဘူး။ အဲ့တလော ပါးလုံးထွက်လာခါနီး ဖွားဖွားက ပါးလုံးဘာလုပ်လုပ် စိတ်တိုင်းကျပုံမပေါ်ဘူး။ ပါးလုံးကိုဆူပဲဆူနေတယ်။ ပါးလုံးလည်း စဉ်းစားတယ် ငါသွားခါနီးတောင် ဆူနေတယ်လို့လေ။

အဲ့အချိန်မှာ မသွားခင် တရက်ကျတော့မှ ပါးလုံးအဒေါ်ကပြောတယ် သူ့မြေးသွားမယ်ဆိုတော့တဲ့ သူကမသွားခင် သူ့အနားမှာနေစေချင်မှာပေါ့တဲ့ အဲ့ဒီတော့မှ ပါးလုံးသေချာစဉ်းစားမိတယ် ပါးလုံးအရမ်းကိုမှားသွားတယ် ဒါပေမယ့် ဖွားဖွားနဲ့ နေဖို့အချိန်က တရက်ပဲကျန်တော့တယ်။

ပါးလုံးအဲ့နေ့ကိုမမေ့ဘူး။ ပြန်စဉ်းစားတိုင်းမျက်ရည်ကျမိလို့ ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး။ အခုလည်းမျက်ရည်က အလိုလိုကျနေတယ်။ အဲ့လိုဖွားဖွားနားမှာ မနေခဲ့တာကို အမြဲနောင်တရနေတယ်။

ပါးလုံးမှာ အကျင့်တခုရှိတယ် မနက်တိုင်းကျောင်းသွားခါနိးတိုင်း ဖွားဖွားကိုဆုတောင်းခိုင်းတယ်။ ဖွားဖွားကခေါင်းပေါ် လက်တင်ပြီးဆုတောင်းပေးတယ်။ အဲ့လိုနေ့တွေကိုလည်း မမေ့ဘူး။ အခုတော့ ပါးလုံးမှာ ဆုတောင်းပေးမယ့်ဖွားဖွားလည်း အနားမှာမရှိ။ ဒါပေမယ့်အဝေးကနေ ပါးလုံးကိုအမြဲ ဆုတောင်း ပေးနေမယ်ဆိုတာကိုတော့ ပါးလုံးယုံကြည်ပါတယ်။

အဲ့ဒါကြောင့်ပါးလုံးဘယ်တော့မှ ဒုက္ခမရောက်ပါဘူး။ ပါးလုံးဘယ်သူ့ကြောင့်မှ မျက်ရည်မကျပေမယ့် ဖွားဖွားကိုလွမ်းတိုင်းတော့ မငိုပဲမနေနိုင်ပါဘူး။ ဒီမှာ ပါးလုံးစာလုပ်စရာတွေ များတယ်။ အဲ့လိုအချိန်မှာ နေမကောင်းတော့ စာကိုလုပ်ချင်သလောက် မလုပ်နိုင်ဘူး။ အဲ့တော့ ဖွားဖွားကို အတိုင်းမသိလွမ်းတယ်။ ခြေတွေလက်တွေကိုက်ရင်လည်း ဆေးလိမ်းပေးမယ့် ဖွားဖွားလည်း အနားမှာမရှိဘူးလေ။

ခေါင်းပေါ်လက်တင်ပြီး ဆုတောင်းပေးတတ်တဲ့ ဖွားဖွားရဲ့ ဆုတောင်းသံကိုလည်း လွမ်းမိတယ်။ဖွားဖွားဆုတောင်းပေးပြီးလို့ ဖွားဖွားနဲ့အတူတူ အာမင်လို့ မပြောရတာလည်းကြာပေါ့။ ဖုန်းထဲကနေ မြေးလေးရေ နေကောင်းလားဆိုတဲ့ အသံကိုကြားတော့ မငိုပဲမနေနိုင်ခဲ့ဘူး။

ပါးလုံးငိုတာကိုကြည့်ပြီး သူငယ်ချင်းတွေတောင် မျက်ရည်လိုက်ကျကြတယ်။ ပါးလုံးရဲ့ ဖွားဖွားတယောက် အဝေးမှာ နေကောင်းပါစေ။ အစစ အရာရာ အစဉ်ပြေပါစေလို့ ဘုရားသခင်ဆီမှာဆု အမြဲတောင်းနေပါတယ် ဖွားဖွားရယ်။

ဖွားဖွားရဲ့ မြေးလေး ပါးလုံး


အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။



ဆက်ဖတ်ရန်...

Sunday, June 7, 2009

ကိုယ့်ရှူးကိုယ်ပတ်


အင်း ဒီစကားပုံကို ဒီအပတ်ပဲ ပူပူနွေးနွေးလေး ခံစားလိုက်ရလို့ ပါးလုံးစာမေးပွဲမပြီးသေးပေမယ့် ရေးမယ်ဆိုပြီး ရေးဖြစ်တာ။ ရေးချင်တာတွေများပေမယ့် အခုတလော အဆင်မပြေမှုတွေ များ လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။

လာနောက်နေတဲ့ ကွန်ပျူတာကြီးကိုလည်း ဘာမှမပြောချင်တော့ပါဘူး။ အရမ်းအရေးကြီးတဲ့ စာမေးပွဲကို တရက်လို မှထပြောတဲ့ ဆရာမကို ဘာမှမပြောချင်တော့ပါဘူး။ ပြောချင်တာကတော့ ကွန်ပျူတာကို ရသလောက် လုပ်ပေးတဲ့ ကိုမီကိုဇံကြီးကို စပါရှယ် ကျေးဇူးတင်ကြောင်းပါ။

ဒီလိုဗျ။ ပြောမှာတောင် ဘယ်ရောက်သွားလည်းမသိဘူး။ ကျောင်းမှာ စာမေးပွဲမဖြေခင် တရက်က ပေါ့ ဆရာမက စာမေးပွဲရှိတယ်ပြောတော့ ပါးလုံးတို့ စိတ်ညစ်ကြတယ်လေ။ နောက် နှစ်ပတ်မှလို့ ပြောလို့ အားလုံးက အေးအေးဆေးဆေး နေနေကြတာကိုး။

ပါးလုံးတို့အခန်းက စာသင်တဲ့အချိန် တိတ်သလောက် နားတဲ့အချိန် တော်တော်ကို ဟေးလားဝါး လားနဲ့ နောက်ကြတယ်။ ပျော်ကြတယ်။ အစကတော့ အဲ့လိုမရှိကြဘူးဗျ။ ပါးလုံးက ကျောင်ကို ရောက်တာ တပတ်နောက်ကျတယ်။

အမှန်ဆိုရင်တော့ အတိအကျရောက်တာ။ ရောက်ရောက်ချင်းက ခရီးကလည်းပမ်း လူကလည်း လျှောက်သွားချင်သေး။ အထာလည်းမကျသေးလို့ မတက်သေးပဲ တပတ်နားလိုက်တာ။ နောက်ကျ သွားတယ်ဆိုပါတော့။ အဲ့တော့ သူငယ်ချင်းတွေထဲမှာ အသစ်လိုဖြစ်နေတာပေါ့။


ရောက်စက ပါးလုံးတို့အခန်းထဲမှာ နားချိန်ဆိုရင် သူတို့ပါတဲ့မုန့်လေးကို ထိုင်စား နားထဲကိုနားကြတ် တတ်ပြီး ဒီအတိုင်းနေကြတာ။ ပြီးတော့ သူတို့ယဉ်ကျေးမှုက "စားဦးလေ"လို့မပြောဘူး။ ကိုယ့်ဟာကို စားကြတာ။ ဟန်ဆောင်ပြီးတောင်မပြောဘူး။

အဲ့ဒါအိမ်ရောက်တော့ အဖေ့ကိုပြောပြတယ်လေ။ အဖေလို့ သူတို့ကသူတို့ဟာသူတို့ နေတာ စားဦးလေဆိုပြီးလည်း အားနာတာမရှိဘူးလို့။ အဲ့ဒါကောင်းတယ်။ နားအေးတယ်လို့ပြောတော့ အဖေက အဲ့လိုမလုပ်ရဘူးတဲ့။ အာရှယဉ်ကျေးမှုက ဖော်ဖော်ရွေရွေနဲ့ ၀ိုင်းလုပ် ၀ိုင်းစားတဲ့။ အဲ့ဒါကို သူတို့သိအောင် လုပ်ပေးရမယ်တဲ့။

နောက်တော့ အဖေကပဲပင်ပေါက်ဖောက်တယ်။ ကျောင်းကဂျပန်မလေးကိုလည်း ပေးတဲ့။ သူတို့ ဂျပန်တွေရဲ့ရိုးရာအစားအစာတိုင်းမှာ ပဲပင်ပေါက်ပါတယ်ဆိုတော့ သူ့ကိုပေးတာပေါ့နော် နောက် ထိုင်းမကိုလည်းပေးတယ်။ အာရှသားအချင်းချင်း အဲ့ဒါမျိုးလုပ်တော့ သူတို့ကတအံ့တသြ ကြည့်ကြ တယ်။

နောက်တော့ သူတို့ကိုလည်း ပဲပင်ပေါက်ကြော်သွားပြီး မြည်းခိုင်းတာ။ သူတို့ကြိုက်ကြတယ်လေ။ ဟင်းချက်နည်းပါသင်လိုက်သေးတယ်။ နောက်တော့ သူတို့ကိုပါ ပေးတယ်လေ။ ပြီးတော့ အာရှ ဆိုင်ရောက်တယ်ဆိုရင် ပါးလုံးသူတို့အတွက် အာရှကလာတဲ့မုန့်တွေ ၀ယ်လာကျွေးတယ်။ အဲ့တော့ အစက အံ့သြတယ်။

နောက်တော့ သူတို့ပါ အဲ့လိုမုန့်လေးတွေလုပ်လာကြတယ်။ ပါးလုံးကတော့ အစားရဆုံးပေါ့ဗျာ။ အခန်းထဲမှာ အငယ်ဆုံး အသေးဆုံးဆိုပြီး ဦးစားပေးအခံရဆုံးလေ။ အဲ့ဒါအရေးမကြီးဘူး ကြာရင် ပီပါပိုင်းပြတ်ဖြစ်တော့မယ်။ အဟဲ။ တယောက်နဲ့တယောက် ကျွေးကြ။ ကူညီကြ နဲ့တဖြည်းဖြည်း အခန်းထဲမှာ ပျော်ဖို့ကောင်းလာတယ်။

ညနေဆိုချိန်းပြီး ကစားကြ။ လျှောက်သွားကြ။ ကြာလာတော့ တယောက်ကိုတယောက် အနွံတာလည်း ခံလာကြတယ်။ အခုဆို ဇွန်းတချောင်းတည်းကိုလည်း ၀ိုင်းစားကြတာပဲ။ အဲ့တော့ တခြားအခန်းနဲ့မတူတော့ဘူး ဖြစ်လာတယ်။ ဒီမှာ ဗမာလည်းမရှိဘူးဆိုတော့ ယဉ်ကျေးမှု မတူတာကို ဒီလိုညှိပြီး ပျော်အောင်နေရတာပေါ့ဗျာ။

နောက်တခုက ပါးလုံးတို့ ဗမာတွေရဲ့ ယဉ်ကျေးမှုလေးကို သူတို့လက်ခံလာတဲ့အတွက် ပျော်တယ်ပေါ့ဗျာ။ အခုဆို သူတို့ယဉ်ကျေးမှုလိုတောင် အခန်းထဲမှာ ဖြစ်လာတယ်။ သူတို့ရဲ့ကောင်းတဲ့ယဉ်ကျေးမှုလေးတွေလည်းရှိပါတယ်။

လမ်းကူးလို့ကတော့ ပါးလုံးတို့ဆီမှာ ဇွတ်ကူးရင် အဆဲခံရမယ်သာမှတ်။ ဒီမှာကတော့ ကိုယ်ကူးမယ့်အနေအထားမြင်တာနဲ့ ချက်ချင်းရပ်ပေးတယ်။ သူတို့မရပ်မိပဲ အရှိန်လွန်မောင်းမိရင် ချက်ချင်းခေါင်းလေးငြိမ့်ပြီး လှမ်းတောင်းပန်တယ်။ ၀ါသနာပါလို့ ကပြီးလမ်းကူးရင်တောင် သူတို့အပြုံးမပျက် ရပ်စောင့်တယ်။ အဲ့ဒါလေးကိုတော့ သဘောကျတယ်ဗျာ။

အဲ့ဒါနဲ့ လိုရင်းကိုတောင်မေ့တော့မယ်။ ဖြစ်ပုံကဒီလိုဗျ။ ပါးလုံးတို့အခန်းက အင်္ဂလိပ်လိုပြောတာများ တယ်။ တခြားအတန်းတွေက နော်ဝေလိုပဲပြောကြတယ်။ ပါးလုံးတို့ဆရာမကလည်း နော်ဝေလိုပဲ ရှင်းတယ်။ အဲ့ဒါအခန်းထဲမှာ မသိရင်အင်္ဂလိပ်လို တိုးတိုးလေး တယောက်ကို တယောက်ရှင်းပြ ကြတယ်။ ဆရာမမသိအောင်။

အဲ့နေ့က ပါးလုံးကပြောတယ်။တယ်။ ဆရာမကို စာမေးပွဲ မဖြေချင်သေးဘူးလို့ နောက်အပတ်မှ ဖြေမယ်လို့ ဈေးစစ်တာ။ သူကနော်ဝေလိုပဲ ပလွတ်ပလပ်ပြောသွားတော့ နောက်အပတ်မှလိုလို ဒီအပတ်လိုလို နဲ့ ရောနေပါလေရော။ အဲ့ဒါနဲ့ အိုစမန်ကလည်း နောက်အပတ်ထင်ပြီး နားချိန်မှာ လေတချွန်ချွန်နဲ့ အပြင်ထွက်သွားရော။ အိုစမန်ဆိုတာက ဆိုမားလီးယားကလာတာ။

အဲ့ဒါခမီးလာက စိတ်ဆိုးတယ်။ ခမီးလာဆိုတာကတော့ ပါးလုံးအချစ်ဆုံးသူငယ်ချင်း အတွဲဆုံးပေါ့ နော်။ ရိုမေးနီးယားမလေး။ သူကငါမနက်ဖြန်ကျောင်းမတက်ဘူးတဲ့။ ရာသီဥတုကလည်း မကောင်း ဘူးတဲ့။ ပြေးမယ်တဲ့။ အဲ့တော့ မိုနီကာက အေးတဲ့ ငါတို့အကုန်မလာရင် ဒီဆရာမ ဘာတတ်နိုင်လည်းတဲ့။ အကုန်ပြေးမယ်တဲ့ ပြောရော။ မိုနီကာကတော့ ဂျာမဏီသူပေါ့။

အဲ့ဒါပါးလုံးကိုညှိတယ်။ ပါးလုံးက ငါတော့လာမယ်လို့ ပြောလိုက်တယ်။ အဲ့အချိန်အိုစမာကြီးက ၀င်လာပါလေရော။ သူကပြောတယ် ဘာတွေပြောနေလည်းတဲ့။ ငါတို့မနက်ဖြန် အော်လီစွန်းမြို့ ကိုသွားမလို့ပေါ့။ အော်လီစွန်းဆိုတာကတော့ ပါးလုံးတို့မြို့ကနေ လေးဆယ့်ငါးမိနစ် ကားစီးရ တယ်။

ဘာလို့လည်းတဲ့ ငါတို့မနက်ဖြန်စာမေးပွဲမဖြေချင်လို့လို့။ သူကစာမေးပွဲမရှိဘူးမဟုတ်လားတဲ့။ အဲ့ဒါနဲ့ ပါးလုံးတို့ သူ့ကိုဝိုင်းကြတ်ကြတာ။ မော်နီကာရဲ့ ကားနဲ့သွားမယ်လို့ ။မနက်ဖြန် ခမီးလာတို့အိမ်ေ၇ှ့မှာဆုံမယ်လို့ အားလုံးကိုညှိထားပြီးကြောင်း ပြောတာပေါ့။ အမှန်က အရေးကြီးတဲ့ စာမေးပွဲမို့လို့ အားလုံးလာကြမှာ။

သူကနင်တို့ကလည်းတဲ့ ဆိုပြီး မျက်လုံးကအရောင်တောက်လာရော။ သူ့ကို အေးနင်စဉ်းစားပေါ့ လို့ ငါတို့လျှောက်သွားမှာလို့ နင်ဆုံးဖြတ်ပြီးရင် ကိုးနာရီမှာ ဆုံကြမယ်လို့ပြောတာပေါ့။ သူကအေးတဲ့။ အဲ့ဒါနဲ့ အဲ့အတိုင်းထားလိုက်တာလေ။

နောက်နေ့ကျတော့ ပါးလုံးတို့ ကျောင်းရောက်တော့ စာရလားဘာညာမေးတာပေါ့။ ပါးလုံးက စာမေးပွဲဆို ဘယ်တော့မဆို စာကိုတညလုံးနီးနီးထိုင်လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ပိုဆိုးတာက ဒီစာမေးပွဲက နီဗာဝမ်းအားလုံးဖြေရမယ့်ပွဲ။ အဲ့တော့ စာအုပ်ပုံကိုထိုင်ကြည့်ပြီး တလုံးမှမလုပ်ပဲ အဲ့ညက အိပ်လိုက်တာ။

မနက်မှ အရမ်းခက်တဲ့ဟာတွေကို ရွေးကြည့်သွားတာ။ အဲ့ဒါနဲ့ သူတို့မေးတော့ ငါတော့ မအိပ်စဖူး အိပ်ရေးတော်တော်ဝတယ်လို့ ညကလို့ပြောလိုက်တယ်။ သူတို့ကိုမေးတော့ အခန်းတခါမှမရှင်းတဲ့ မီရှယ်က ငါကတော့ ညကအခန်းရှင်းတယ်တဲ့။ မီရှယ်ဆိုတာက အာဂျင်တီးနားက ဂေါ်လီလေ။ လျှာမှာလည်း အပေါက်တွေနဲ့ တကိုယ်လုံးလည်း ဆေးမှင်ကြောင်နဲ့။ နားမှာလည်း အပေါက်သတ်သတ်ပဲ။
စာသင်ရင်လည်း ပုံထိုင်ဆွဲနေတာ။ သူကဘယ်တော့မှ စာမေးပွဲမဖြေဘူး။ ခပ်တည်တည်ပဲ ထိုင်နေတာ။

အေးဆေးပဲသူကတော့။ အဲ့ဒါဒီတခေါက်လည်း မဖြေဘူးတဲ့။ ပြောရော။ ခမီးလာကလည်း ငါလည်း အိမ်ကိုကြမ်းတွေဘာတွေတိုက်တယ်တဲ့ စာမကြည့်ခဲ့ဘူးတဲ့။ မော်နီကာကတော့ ငါကတော့ ကြည့် တယ်ဒါပေမယ့် မရဘူးတဲ့။

ပါးလုံးက စောသေးလို့ ထိုင်ပွားကြတယ်လေ။ စာမကြည့်ပဲ။ အဲ့ဒါကို စာမေးပွဲဖြေတဲ့အချိန် ရောက် လာတာတောင် အိုစမန်က မလာဘူးလေ။ ဆရာမကလည်း သူ့ကိုစောင့်တယ် ငါးမိနစ် ပြီးတော့ ပါး လုံးတို့အခန်းမှာ ဖြေရတာမဟုတ်ဘူး။ ဟောထဲသွားဖြေရတာ။ တခြားအတန်းက သူတွေနဲ့။

အဲ့တော့ အိုစမန် အခန်းမှားနေမှာစိုးလို့ ဆရာမကလည်း စိတ်ပူနေတယ်။ နောက်တော့ စာမေးပွဲ စဖြေပါလေရော။ မေးခွန်းက ဖြေခဲ့သမျှထဲမှာ အလွယ်ဆုံးပဲ။ ဒါပေမယ့် အားလုံးမပျော်နိုင်ဘူးလေ။ မနေ့ကကြတ်ထားတာ။ သူစာမေးပွဲမလာဖြေတာ ပါးလုံးတို့ကို စောင့်နေတာနေမှာပေါ့ဆိုပြီးတော့ လေ စိတ်မကောင်းဖြစ်နေကြတာ။

တယောက်မျက်နှာတယောက်ကြည့်ပြီး စာမေးပွဲသာဖြေတာ ဖီးကမလာဘူး။ တကယ်ပါပဲ။ အိုစမန်ကလည်း ပေါ်မလာဘူးလေ။ ကိုးခွဲတဲ့အထိ။ အဲ့ဒါနောက်ခွဲပြီး ငါးမိနစ်မှ ပြာယာပြာယာနဲ့ ၀င်လာတယ်။ အဲ့တော့ စီဒီကနားထောင်ပြီး ဖြေရတာလည်းပါလေတော့ သူကနောက်ကျတော့ သူ့ကိုအခန်းသေးတခန်းထဲမှာ ဖြေရတာပေါ့ သူကချွေးတလုံးလုံးနဲ့ဗျာ။

သူ့ကိုကြည့်ပြီး အားလုံးက စိတ်မကောင်းဖြစ်ကြတယ်လေ။ အဲ့လိုနဲ့ စာမေးပွဲလည်းပြီးရော ဒင်းက ဒီနေ့ဖြေရတာ အရမ်းကို လွယ်တယ်ဆိုပဲ။ အဲ့ဒါနဲ့ အားလုံးက အိုစမန် နင်ငါတို့ကိုစောင့်နေတာလားပေါ့။ ငါတို့စတာ လွန်သွားတယ်ပေါ့။ ပြောတော့ သူကဘာလည်းဟင်တဲ့ သူမေ့နေပုံရတယ်။

အဲ့ဒါနဲ့ နင်ငါ့တို့ကိုစောင့်နေလို့ စာမေးပွဲနောက်ကျတာ မဟုတ်လားဆိုတော့ သူကအော်ရယ်ပါ လေရော။ ဘယ်ဟုတ်မလည်း သူက အိပ်ယာထနောက်ကျပြီးတော့ လွယ်အိတ်တောင်မယူနိုင်ပဲ ကျောင်းကိုရောက်လာတာ။

ပါးလုံးတို့အားလုံး အော်ပဲငိုရမလား အော်ပဲရယ်ရမလား မသိတော့ဘူး။ အဲ့တော့ကိုယ်စထားတာ လွန်သွားတယ်အထင်နဲ့ စိတ်ပူပြီး လွယ်လွန်းတဲ့ စာမေးပွဲကို ပျော်ပျော်မဖြေလိုက်ရတာ တကယ်တော့ ပါးလုံးတို့ အားလုံး ဒီအိုစမန် နဲ့မှပဲ ကိုယ့်ရှူးကိုယ်ပတ်တော့တယ်ဗျာ။ အဟုတ်ပါပဲ။

အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေးပါးလုံး





ဆက်ဖတ်ရန်...