Feeds RSS

Thursday, May 14, 2009

ကြွေလွင့်သွားသော အိမ်မက် (ဇာတ်သိမ်း)



သီဟတယောက်ကလည်းလေ အခုထိကိုမလာသေးဘူး။ “ ကားထွက်တော့မယ်လေ။ ကျေး ကားပေါ်မတက်သေးဘူးလား” ကျေးအဒေါ်လှမ်းခေါ်တော့မှ ကျေးတယောက် ကားပေါ်တက်ရ မှာကိုသတိယတော့သည်။ အေးလေ သူမလာတာလည်း ကောင်းပါသည်။ ကျေးမျက်ရည်မကျချင်။ ကားပေါ်တက်ခါနီး…

“ ဟေ့ ကျေး တော်သေးတာပေါ့ ငါကကားထွက်သွားပြီလားလို့ မေမေနှိုးလို့ဟ ငါမနက်လေးနာရီကျော်မှ အိပ်ပျော်သွားတယ်။ အဲ့ဒါ ငါအခုဆိုင်ကယ်အမြန်မောင်းလာတာ။ နင့်ကို ငါရန်ကုန်ထိလိုက်ပို့ချင်တာဟ၊ စာမေးပွဲနီးတော့ မေမေကမလွှတ်ဘူးဟာ နင်ဘာပဲဖြစ်ဖြစ် ရန်ကုန်ရောက်ရင်တော့ ဖုန်းတချက်ဆက်နော် သိလားမမေ့နဲ့နော် ငါဘုရားကျောင်းကနေ ပြီးပြီး ချင်း အိမ်ပြန်ပြီး နင့်ဖုန်းကိုစောင့်နေမယ် အဲ့အချိန်နင်ရန်ကုန်ရောက်နေလောက်ပြီ။သိလား နော်။ နင်ငါ့ကိုအမြဲမုန်းနေပါနော်။ ပြီးတော့ နင်ဘယ်ယောက်ျားလေးကိုမှ မျက်စောင်းမထိုးနဲ့ ပြီးတော့ မပြုံးမိစေနဲ့သိလား အဲ့အချိန်နင်က အလှဆုံးပဲ။ အဲ့လိုဆို နင့်ကိုချစ်သွားလို့ နင်ငါ့ကိုမမုန်းတော့မှာ ငါကြောက်တယ်။ မမေ့နဲ့နော်”

“ အေးပါဟာ ငါနင့်ကိုမဆက်သွယ်နိုင်ရင်တောင် ငါအမြဲတမ်းမုန်းနေမှာပါ နင်အဲ့ဒါကိုမမေ့နဲ့နော်။ ဆိုင်ကယ်ဖြည်းဖြည်းမောင်းနော် သိလား စာကြိုးစား တနေ့ပြန်ဆုံတာပေါ့နော်။ ရန်ကုန်ရောက်လို့ ငါအစဉ်ပြေရင်ဆက်မယ် နင်ဖုန်းတော့မစောင့်နဲ့နော် သိလား နင်လည်းကတိတည်နော်။ ငါ့ကိုရ အောင်ရှာမယ်ဟုတ်။ ပျော်ရွှင်ပါစေနော်”



ကားကတဖြည်းဖြည်းထွက်လာတော့သည်။ သီဟနဲ့လည်း ကောင်းကောင်းစကားမပြောဖြစ် နောက်တော့ သူက ကားထွက်တာကိုပင်မစောင့် ကားကိုကျော်ပြီး ပြန်သွားသည်။ ကျေးလည်း လိုက်မကြည့်တော့ နောက်တော့ မြို့အထွက်နားရောက်တော့ ကျေးအဒေါ်က “ ဟယ် ဟိုမှာ သီဟ နင့်ကိုလှမ်းကြည့်နေတယ်”

သြော် သီဟရယ် သူမြို့အထွက်ထိလိုက်ကြည့်နေလေရဲ့ ကျေးစိတ်ထဲမှာလည်း မခံစားနိုင်ပါဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလည်း ကျေးကပညာတတ်တယောက်ဖြစ်ချင်တာကိုး ကိုယ့်ဘ၀အတွက် ဒီလောက်တော့ ခံစားချက်ကိုရင်းရပေမပေါ့။

တောင်ငူမှ ထွက်လာပြီးကတည်းက ကျေးဖုန်းမဆက်ဖြစ် ကျေးသူ့ကိုဖုန်းမဆက်ဖြစ်တာ သူ့အသံကြားရင် ကျေးစာလည်းကောင်းကောင်းလုပ်လို့ရမှာမဟုတ်ဘူး။ သီဟရယ် ငါနင့်ကိုအရမ်းမုန်းတာပဲဟယ် နင်ဘာတွေလုပ်နေလည်း ငါသတိယပါတယ်။

ကျေးအိမ်နဲ့ဆက်သွယ်ခဲ့ပေမယ့် နှစ်နှစ်ကျော်ကျော် သီဟကိုတော့ လုံးဝမဆက်သွယ်ဖြစ်ခဲ့ပါ ထွက်လာတုန်းက ကျေး ဖုန်းနံပါတ်တွေမှတ်ထားတဲ့စာအုပ် ဘယ်မှာပျောက်သွားတယ်မသိ ထုတ်ရလွယ်အောင် အိတ်အပြင်ဘက်မှာ ထည့်ထားခါမှ ဘယ်လိုဘယ်လိုကျသွားတယ်မသိဘူး အဲ့ဒါနဲ့ သူငယ်ချင်း တွေကိုလည်း မဆက်သွယ်ဖြစ် ကျေးသီဟကိုလည်း မဆက်သွယ်ဖြစ် အိမ်ကိုလည်း မမေးချင်တာ နဲ့ ကျေးတယောက် သီဟနဲ့အဆက်အသွယ် မလုပ်ဖြစ်ခဲ့။

နှစ်နှစ်ကျော်တဲ့ ဒီဇင်ဘာလမှာ ကျေးအမက ကျေးကိုပြောတယ်။ “ ကျေးနင်စိတ်ကိုငြိမ်ငြိမ်ထား နော်နင်ခံစားရမှာငါသိပါတယ်။ သီဟလေ” သူကဘာမှဆက်မပြောသေးပဲ အသံတိမ်ဝင်သွားသည်။

“ ဘာဖြစ်လည်းဟ သူမိန်းမရသွားလို့လား ယူသွားပါစေပေါ့ဟာ ပြောမှာသာပြောစမ်းပါ သီဟဘာ ဖြစ်လို့လည်း”

“ သီဟဆုံးသွားပြီဟ ဇူလိုင်လကတည်းက ဆုံးတာ နင့်ကိုငါပြောမထွက်လို့ အဲ့ဒါငါဒီနေ့တော့ ပြောမှဖြစ်မယ် ငါနင်စိတ်မကောင်းတာနားလည်ပါတယ်။ ဒါပေမယ့် သူဆုံးသွားပြီ သူအိပ်ဆေးတွေ အရမ်းသောက်ပြီး ဆုံးသွားတာတဲ့ သူအိပ်ဆေးတွေသုံးနေတာ တစ်နှစ်လောက်ရှိပြီတဲ့ အဲ့ဒီအိပ် ဆေးက တရားဝင်ဆေး ဒါပေမယ့် သူစိတ်ညစ်အရမ်းညစ်တယ်ထင်တယ်။ သူအဲ့ဆေးကို အများကြီး သောက်ပြီးတော့ ဆုံးသွားတာ။ နင့်စိတ်ကိုထိန်းနော်။”

ကျေးကိုကျေးအမဘာတွေပြောနေသည် မသိတော့ ဘာတွေပြောနေတာလည်း သီဟတဲ့ သီဟပြောတော့ ကျေးကိုလိုက်ရှာမယ်ပြောထားသည်။ ကြိုးစားမယ်ပြောထားသည်။ ကျေး မဆက်သွယ်မိတာ ကျေးအပြစ်လား သူ့ကိုနားဝင်အောင်ပြောနိုင်တာ ကျေးတယောက်တည်း ကျေးသိသည်။ ကျေးဘာလုပ်ရမည်နည်း။ ကျေးမျက်ရည်လည်းမကျ စကားလည်းမပြောနိုင်။

“ ကျေးနင်ငိုလေ နင်ဘာလုပ်နေတာလည်း နင်ငိုလိုက်ပါဟာ နင့်အတွက်သက်သာပါတယ်။ နင်အဲ့လိုမခံစားနေပါနဲ့”

ဟုတ်သည်။ ကျေးတို့အကြောင်းကို သိသော ကျေးအမက နားလည်သည် ကျေးဘာခံစားနေရတာ သူသိတယ်။ ဒါပေမယ့် ကျေး အတွေးတွေမရှိတော့ပါ အိမ်မက်တွေမရှိတော့ပါ ကျေး ဘာလုပ်ရမည်နည်း၊

မိဘမဲ့ဂေဟာအတူတူဖွင့်မယ် ပြောသွားခဲ့တဲ့ သီဟ နှစ်ယောက်သား တက်ညီလက်ညီကလေးတွေ ကိုပြုစုပျိုးထောင်မယ်ပြောခဲ့တဲ့ သီဟ အခုတော့ ကျေးကိုဒီတာဝန်တွေနှင့် တယောက်တည်းထားခဲ့ သည်။ ကျေးမှာတော့ ကြိုးစားလိုက်ရတာ။ ကလေးများနှင့်ပတ်သတ်သမျှ စိတ်မ၀င်စားလည်း အတင်းလေ့လာသည်။ မှတ်သည်။ ကြိုးစားသည်။ အခုတော့ ကျေးကို သူရက်ရက်စက်စက် တယောက်တည်းထားခဲ့သည်။ သူရက်စက်သည်။ ကျေးဘာလုပ်ရမည်နည်း။

တွေ့ရခါနီးမှပဲ သီဟရယ် နင်ငါ့ကိုရက်ရက်စက်စက်ထားခဲ့ရလား။ ငါ နင့်ကိုကောင်းကင်နိုင်ငံ ရောက်လို့ ပြန်တွေ့လို့ကတော့ နင်မလွယ်ဘူးမှတ်။ ကျေးစိတ်ထဲမှာ ကျိန်းဝါးနေမိသည်။ ကျေးစိတ်ဆိုးလျှင် မျက်ရည်ကျမည်ပြော၍ မျက်ရည်ကျအောင် တမင်လုပ်သွားတာလား ကျေးနားလည်သည်။ သူဘယ်လို ဘယ်လောက်ခံစားရမည်ဆိုတာကို ထို့အတွက် ကျေးစိတ်မဆိုးပါ။ ကျေးငိုလျှင် စိတ်သက်သာမည်ဆိုတာ ကျေးသိသည်။

ဒါပေမယ့် ကျေးမငိုပါ ကျေးသူ့ကိုစိတ်မဆိုးပါ။ ကျေးကလွဲရင် ဘယ်သူမှနားလည်မည်မဟုတ် ကျေးသာသူ့ကိုနားလည်သည်။ သူဘာဖြစ်လို့ ကောင်းကင်နိုင်ငံကို စောစောသွားသည် ဆိုတာ ကျေးသိသည်။ ကျေးကိုသူပြောခဲ့တဲ့ သူ့သစ္စာဆိုတာ မှန်သည်ဆိုတာ ကျေးကြာလေ သိလေဖြစ်သည်။

ကျေးကိုသီဟပေးခဲ့တဲ့ လက်စွပ်က အချိန်တွေဘယ်လောက်ကြာကြာ ဟောင်းမသွားပါ။ မွဲမသွားပါ။ ကြာလေလက်လေ။ ကျေးဘယ်လက်စွပ်မှမစွပ်ပေမယ့် ကျေး သီဟပေးတဲ့ လက်စွတ်ကိုဘယ်တော့မှမချွတ်ခဲ့။ ပျောက်သွားလျှင်လည်း ဘယ်လိုဘယ်လို ပြန်ရောက်လာသည်မသိ။ ပျောက်တာလည်း အခါပေါင်း မရည်တွက်နိုင်တော့။ အလွန်ဆုံး တပတ် ပြီးလျှင်ပြန်ရောက်လာသည်ချည်းပင်။ ဒါဟာ သီဟရဲ့ သစ္စာမှန်း ကျေးသိ သည်။

ဒါပေမယ့် ကျေးသိချင်သည်က သူရဲ့ နောက်ဆုံးအချိန်မှာ သူ့လက်စွပ်လေးကို သူများတွေ ချွတ်ပစ်လိုက်လား ကျေးတော်တော်သိချင်လှသည်။ ကျေးသူ့ကို မုန်းသည်။ အရမ်းကိုမုန်းသည်။ ဒါကိုသူကောင်းကင်နိုင်ငံကနေ ကြားနိုင်ပါစေ။

အခုတော့ ကျေးရဲ့ အဖြစ်ချင်ဆုံးဆန္ဒက သူ့အုတ်ဂူအဖြူလေးဆီကို နှင်းဆီပန်းအနီလေးတွေ သွားချချင်ခြင်းပါ။ ဒါကိုကျေးကလွဲလို့ ဘယ်သူသိမှာလည်း။ နှင်းဆီအနီကြိုက်မှန်းသိလို့ နွေပိတ်တိုင်း နှင်းဆီပန်းစိုက်ရတာ အမော သီဟရယ် ဒီတခါတော့ ငါစိုက်အလှည့်ပေါ့နော်။ နင်ကငါ့ကိုတာဝန် ကောင်းကောင်းပေးသွားတာပဲနော်။

“ဟဲ့ ကျေးနင်ဘာတွေတွေးနေတာလည်း ငါခေါ်နေတာကြာပြီ။ မနက်ဖြန်နင်ခရီးထွက်မယ်ဟုတ်။ အဲ့ဒါ ဒီမှာဆေး မှားပါတယ် ရော့”

ကျေးအမလှမ်းခေါ်မှပဲ ကျေးသတိယတော့သည်။ ဟုတ်သည် ကျေးကနေကောင်းသည်မဟုတ် ဆေးကိုအမြဲဆောင်ထားရသည်။ ခရီးထွက်မည်ဆိုတော့ ပိုဆိုးသည်။ ကျေးရဲ့ သီဟနဲ့အတူတူ ကျမ်းစာကျောင်းတက်ပြီ၊ မိဘမဲ့ဂေဟာ ဖွင့်မယ်ဆိုတဲ့ ကြွေသွားတဲ့အိမ်မက်လေးကို ကျေးတယောက် နှမြောတမ်းတစွာ ပြန်တွေးမိနေသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ ကျေးခြေထောက်တွေပင် တောင့်နေသည်။

ကြွေလွင့်သွားတဲ့အိမ်မက်ကို ကျေးတယောက် တမ်းတနေ၍မဖြစ် အဲ့ဒီအိမ်မက်အဟောင်းအတွက် ကျေးကြိုးစားရမယ်။ ဟုတ်သည်။ ကျေး တယောက်တည်းလျှောက်ရမယ့် ဒီလမ်းအတွက် ကျေးကြိုးစားရမည်။ သီဟအတွက်ပါ နှစ်ဆကြိုးစားရမည်။


ပထမဆုံးရေးတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတိုလေးပါ ဆားတို့အချိုမှုန့်တို့လိုရင်လည်း ကိုယ့်ဟာကိုသာ လိုသလိုထပ်ဖြည့်ထည့်ပြီး ဖတ်ပေးကြပါနော်။ အဟိမေတ္တာရပ်ခံတာ။ ကြိုးစားပါဦးမည်။ ပျော်ရွှင်ပါစေ။
ချစ်ပါးလုံး

10 comments:

ဇော်ထွန်း said...

ဆက်ဖတ်ရန်ဆိုတာကို ကလစ်လို့မ၇ဘူးဖြစ်နေတယ်
ပြင်လိုက်ပါဦး
ချစ်ပါးလုံးရဲ့ ဘိုးဘိုး

Mogok Thar said...

ကြွေလွင့်သွားတဲ့အိမ်မက်ကို ကျေးတယောက် တမ်းတနေ၍မဖြစ် အဲ့ဒီအိမ်မက်အဟောင်းအတွက် ကျေးကြိုးစားရမယ်။

ပထမဆုံးရေးတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတိုလေး ...

*ပထမဆုံးရေးတယ် ဆိုပေမဲ့ ရင်ထဲ ရောက်တယ်ဗျာ*

မိုးခါး said...

အာ
ဘာမှန်းလဲမသိဘူး
ပြန်ပေါင်းပေး ....

ဂျပန်ကောင်လေး said...

း(.. ဖြစ်ရပ်မှန်ဆိုတော့လည်း ဘာလို့ သတ်လိုက်တာလဲလို့ မမေးတော့ဘူး.. ၀မ်းနည်းတယ်.. ဖတ်ရတာ...

ကောင်းကင်ပြာ said...

ကောင်းတယ် ညီမလေးရေ၊ ရေးတတ်လိုက်တာ ၊ နောက်တခါရေးရင် ပေါင်းတဲ့ ဇာတ်လေးရေးနော်

yaewoori said...

အတူ ရည်မှန်းထားတဲ့ ရည်ရွယ်ချက်လေးတော့ဖြစ်အောင်လုပ်မယ် ဟုတ်
ကောင်းကင်ဘုံ ကနေသူစောင်မပါလိမ့်မယ်

ဆည်းဆာသံစဉ် said...

ဇတ်သိမ်းခန်းမှာ မလွမ်းချင်ဘူး...။ နောက်ဆို ပေါင်းရတဲ့ ဇတ်လမ်းလေးတွေရေးနော်...။ စတာနော် ညီမလေး... ဖတ်ရတာ တော်တော်လေးကောင်းတယ်..အားပေးနေတယ်..။

mgphoenann said...

ဟင် အလွမ်းတွေနဲ့ ထားခဲ့တယ်လူကို ပါးလုံးရေဘာပဲပြောပြော မိုက်တယ်ဗျာ ပထမဆုံးရေးတာနဲ့တောင် မတူအောင် ကိုကောင်းတယ် ဆက်လက် ပီးဖြစ်ရပ်ဖြစ်ဖြစ် စိတ်ကူးတွေပဲဖြစ်ဖြစ်ရေး ပါလို့း))

mgphoenann said...

ဟင် အလွမ်းတွေနဲ့ ထားခဲ့တယ်လူကို ပါးလုံးရေဘာပဲပြောပြော မိုက်တယ်ဗျာ ပထမဆုံးရေးတာနဲ့တောင် မတူအောင် ကိုကောင်းတယ် ဆက်လက် ပီးဖြစ်ရပ်ဖြစ်ဖြစ် စိတ်ကူးတွေပဲဖြစ်ဖြစ်ရေး ပါလို့း))

သားကြီး said...

သူကောင်းကင်နိုင်ငံမှာငြိမ်းချမ်းနေပါပြီ
ဒီတစ်ခါတော့ကိုယ့်လုံချည်နဲ့ပဲ ကိုပြန်မျက်ရည်သုတ်လိုက်ပါတယ် :(

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။