Feeds RSS

Tuesday, July 7, 2009

သူငယ်ချင်း (တက်ဂ်ပို့စ်)




ပါးလုံးရေးဖို့ စဉ်းစားထားတာက တပုဒ် အဲ့တပုဒ်က တကယ်ရေးလိုက်တော့ အစဉ်မပြေဘူး။ ကိုယ်ရေးတာကို ကိုယ်တောင်မှ စိတ်မ၀င်စားလေရင် သူများစိတ်ဝင်စားဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ဗျာ။ အခုတော့ တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့ ဒီပို့စ်လေးကိုပဲ တင်လိုက်တော့မယ် ဗျာ။

တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုတာက ပါးလုံးကို ကိုလတ်ကတဂ်ထားတယ်။ သူငယ်ချင်းဆိုတဲ့ ပို့စ် လေးလေ။ ကြာပေါ့။ အားတောင်နာတယ်။ မမြင်ရတဲ့ မျက်နှာလည်းပူတယ်ဆိုပါတော။ နောက်အကြွေးတင်နေတဲ့ သူတယောက်ရှိသေးတယ်။


သူ့နာမည်ကတော့ ချစ်စုမတဲ့။ အသက်က ခုနှစ်နှစ်။ ပါးလုံးရဲ့ သူငယ်ချင်း အသစ်ပါ။ သိတာက တော့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပါ။ ဘာလို့အသစ်လို့ပြောလည်းဆိုတော့ ပါးလုံးတို့နှစ်ယောက် ငြိမ်းချမ်းရေး ရသွားတာ တလမပြည့်သေးလို့ပါ။

ပါးလုံးကလေးတိုင်းကို စည်းရုံးရေးဆင်းနိုင်တယ်။ သူတို့နဲ့ နာရီဝက်လောက် စကားပြောရရင်ကို ပါးလုံးကိုချစ်လာအောင် ပါးလုံးစည်းရုံးနိုင်တယ်။ လေ့လည်းလေ့လာထားတယ်။ ဒါပေမယ့် ဘယ် လိုမှစည်းရုံးမရတာက ချစ်စုမ။

သူနဲ့ဘယ်သူနဲ့မှ မတည့်ဘူး။ သူကဘယ်သူ့ကိုမှ သည်းမခံဘူး။ အရမ်းလည်းစွာတယ်။ ဒါပေမယ့် သူအရမ်းသည်းခံတဲ့ သူတယောက်ရှိတယ်။ သူ့နာမည်က ဟိန်းထက်တဲ့။ ချစ်စုထက်တစ်နှစ် ငယ်တယ်။



ပါးလုံးနဲ့ ဟိန်းထက်လည်း တည့်တယ်။ ပါးလုံးတို့ သုံးယောက် သေနတ်ပစ်တိုင်း ကစားကြတယ်။ အိမ်ဆောက်တိုင်းကစားကြတယ်။ ဘောလုံးကန်ကြတယ်။ စက်ဘီးပြိုင်နင်းကြတယ်။ ကာတွန်း ကား အတူတူကြည့်ကြတယ်။ အားတဲ့အ ချိန်ပေါ့။

ဟိန်းထက်က ဒေါသကြီးတယ်။ တခုခုဆို ချစ်စုမကို တွယ်ထည့်လိုက်တာပဲ။ ချစ်စုမကလည်း သူများလုပ်ရင်သာ ပြန်ချတာ ဟိန်းထက်ကိုဆို လုံးဝပြန်မလုပ်ဘူး။ “မေမေ မောင်မောင်လေး မီးကို ရိုက်တယ်” ဆိုပြီး အော်ငို တာလေ။

အဲ့အချိန်ဆို ဟိန်းထက်အမေက ဟိန်းထက်ကို အခန်းထဲမှာ ပိတ်ထားတယ်။ ဘယ်သူနဲ့မှစကား မပြောရ ငါးမိနစ်နေဆိုပြီးတော့ တခါတလေ ရေချိုးခန်းထဲမှာ ထားတယ်။ ဒါပေမယ့် ဟိန်းထက်က စိတ်ကြီးတယ်။


ချစ်စုမအမေကလည်း ဘာမှမပြောဘူး။ သူတို့နှစ်ယောက် တခါတခါ နပန်းလုံးရင် ချစ်စုမဆံပင်တွေ အထွေးလိုက်ကို ပါပါလာတာ။ ဒါပေမယ့် ချစ်စုမက ဟိန်းထက်ကို အရမ်းချစ်တော့ ဘာမှကို ပြန်မလုပ်တာ။

အဲ့လိုနဲ့ ခဏခဏဆိုတော့ ဟိန်းထက်အမေက သူ့သားကို အခန်းပိတ်ထားပြီး အပြစ်ပေးလည်း သူကစိတ်ဆိုးရင် ပြန် လုပ်တယ်ဆိုတော့ နောက်ဆုံး ချစ်စုမကို သင်တယ်။ နောက်တခါ မောင်မောင်လေးလုပ်လို့ ပြန်မလုပ်ရင် ချစ်စုမကို အန်တီရိုက်မယ်ဆိုပြီးတော့လေ။ ဟိန်းထက်အမေက ငါ့သား ပဲဆိုပြီး မရှိ ဘူး။ အမြဲတမ်း မျှမျှတတ ဆုံးဖြတ်ပေးလေ့ရှိတယ်။

အဲ့နောက်ပိုင်း နပန်းလုံးရင် နှစ်ယောက်သား တပြန်တလှန်ပြန်တွယ်ကြတယ်။ ဒါပေမယ့် သူတို့ ခဏဆိုပြန်တည့်ကြတယ်။ ရန်ဖြစ်ရင်လည်း နင်တွေငါတွေ မရှိဘူး ယဉ်ယဉ်ကျေးကျေးပဲ။ ဟိန်းထက်က စိတ်တိုလာရင် ပါးစပ်ကမပြောဘူး တွယ်ထည့်လိုက်တာ။ လက်သံကလည်း ပြောင်သလား မမေးနဲ့။


ထမင်းအတူတူစားရင်လည်း သူတို့နှစ်ယောက်ကို ထမင်းခွံကျွေးရင် မစားချင်ကြဘူးဗျ။ အဲ့တော့ ပါးလုံးတို့သုံးယောက် ထမင်းကို စားပွဲပေါ်မှာ မစားပဲနဲ့ ကြမ်းပြင်ပေါ်မှာ ပန်းကန်ထဲမှာ ထမင်းဟင်းတွေ ပုံပြီးတော့ လက်နဲ့ စားကြတယ်။ အဲ့အချိန်ဆို အဲ့နှစ်ယောက် စည်းလုံးရေး ကောင်းသလားမမေးနဲ့။

“မောင်မောင်လေး မမ မကုန်တော့ဘူး”ဆိုပြီး တိုးတိုးလေးပြောလိုက်ရင် “မမ သားသားထဲကို ထည့်လိုက် မပူနဲ့ သားသားလုပ်လိုက်မယ်” ဆိုပြီး ထမင်းတွေကို ကုတ်ဝါး ပြီးတော့ ရေသောက်သလိုနဲ့ ၀ါးထားတဲ့ ထမင်းတွေကို သွားသွားထွေးတယ်လေ။

သူတို့နှစ်ယောက် ရန်လည်းဖြစ်သလို ချစ်လည်းချစ်ကြတယ်။ ဒါပေမယ့် အခုတော့ ချစ်စုမက ပါးလုံးတို့နဲ့တမြို့တည်း။ ဟိန်းထက်ကတော့ ဟိုမှပဲ ကျန်ခဲ့တယ်လေ။ သူတို့နှစ်ယောက်လုံး သူတို့ မိဘ တွေနေတဲ့ နေရာမှာ နေရမယ်ဆိုတော့ သူတို့မခွဲချင်လည်း ခွဲကြရတယ်လေ။

တနေ့ ပါးလုံးတို့ တောင်ပေါ်ကို တက်ကြတယ်။ အဲ့နေ့ကျတော့ ဟိုးတောင်ပေါ်မှာ ရေအိုင်ရှိတယ်။ အဲ့ရေပြင် အကျယ်ကြီးက စိမ်းပြီးတော့ အရမ်းအေးချမ်းတယ်။ တောင်ပတ်လည်ကြားထဲမှာ။ အဲ့နေ့က ပါးလုံးတို့ အကင်တွေဘာတွေ ကင်စားကြတယ်။

ဒါပေမယ့် ပါးလုံးက ရေကိုမြင်တော့ အိမ်ကိုလွမ်းတယ်။ လေလေးကလည်း တိုက်နေတယ်။ သူများ တွေအကင်ကင်စားနေတဲ့ အချိန် ပါးလုံးကတော့ တခုခုကို လွမ်းနေတယ်။ အဲ့အချိန် ကျောက်တုံး နားမှာ ပါးလုံးထိုင်နေတုန်း ချစ်စုမက လာပြီးတော့ မမတဲ့ အကင်မစားဘူးလားတဲ့။

အဲ့တော့ အေးလို့ ချစ်စုယူခဲ့ပေးရင် စားမယ်လို့ပြောလိုက်တယ်။ ပြီးတော့ ချစ်စုအကြောင်းကိုလည်း ဘလော့မှာရေးပေးမယ်လို့ ပြောလိုက်တယ်။ သူက သူ့အကြောင်းကို ဘလော့မှာ တင်မယ်ဆိုရင် အရမ်းသဘောကျတာ။ သူစကားအရမ်းတတ်တဲ့ အကြောင်း “ဘာလည်းဟဲ့ရိုးရာ” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ ပါးလုံးရေးဖူးတယ်။ ဖတ်ချင်ရင် ဒီမှာ ပါ။

အဲ့တော့ စာရေးပေးမယ်ဆိုတော့ သူက သဘောကောင်းတယ်လေ။ ပါးလုံးကို အသားတွေ ကင်လာပြီး လာကျွေးတယ်။ ပါးလုံးနားမှာ သူလာထိုင်နေရင်းနဲ့ သူနဲ့ စကားပြောဖြစ်တယ်။ ပါးလုံးက သူ့ကို ပြောတယ်။ ချစ်စုလို့ မမတို့ တွေကလို့ ဒီမှာ သူငယ်ချင်းရနိုင်တယ်။ မှန်တယ်လို့ ဒါပေမယ့် ညီမလေးလည်း ဗမာသူငယ်ချင်း မရှိဘူး မမလည်း ဗမာသူငယ်ချင်း မရှိဘူး။

မမတို့ ဗမာလို ပြောလို့ရပြီး လွမ်းတာချင်းတူတာက ချစ်စုနဲ့မမပဲလို့ ဘယ်လောက်ခင်ခင် ရင်ခုန်သံချင်းထပ်တူကျမှ ခံစားလို့ရတာလို့။ အဲ့တော့ တို့နှစ်ယောက် ရန်မဖြစ် တော့ဘူးနော်လို့။ တို့နှစ်ယောက် ထာဝရသူငယ်ချင်း လုပ်ရအောင်ဆိုတော့ သူငြိမ်သွားတယ်။

ပြီးတော့ သူငယ်ချင်းဆိုတဲ့ အနှစ်သာရက ဘယ်လောက်ကောင်းတယ်ဆိုတာ သူ့ကို ပါးလုံးအေးအေးဆေးဆေး ရှင်းပြပြီးစည်းရုံးတယ်။ အဲ့လိုပြောပြီးမှ သူက သူငယ်ချင်းလုပ်မယ်ဆိုပြီးတော့ ကတိပေးတယ်။ နှစ်ယောက်သား တည့်သွားကြတယ်။

သူကမေးသေးတယ်။ မမလွမ်းနေတာလားတဲ့။ အဲ့တော့ ပါးလုံးက အေးလို့ ဒီနေရာက လွမ်းချင်စရာကြီးလို့ ပြောတော့ သူက သမီးလည်း မောင်မောင်လေးကို အရမ်းလွမ်းတာပဲတဲ့။ မောင်မောင်လေးနဲ့သာ ဆိုရင် ဒီနေရာမှာ ဆော့ရမှာ ပျော်စရာကြီးတဲ့။

သူ့မျက်နှာက သိသိသာသာကြီးကို ပြောင်းသွားတယ်။ အဲ့တော့မှ ပါးလုံးနားလည်လိုက်တယ်။ သူ့မှာလည်း ငယ်ပေမယ့် ရင်တွင်းခံစားချက်နဲ့ပါလားပေါ့။ ပါးလုံးလည်းခံစားဖူးပါတယ်။ သူ့လိုမျိုး။ ဒါပေမယ့် ဒီ ခုနှစ်နှစ်အရွယ်ကလည်း ခံစားတတ်လိမ့်မယ်လို့ မစဉ်းစားခဲ့မိဘူး။

အဲ့ဒါနဲ့ သူကဘယ်လောက် သတိယကြောင်း ပြောတယ်။ ပါးလုံးကလည်း သူ့ကိုလူကြီးတယောက် လိုသဘောထားပြီး ပြောပြတယ်။ ပါးလုံးတို့ အဲ့နေ့ကစကား တော်တော်ပြောဖြစ်တယ်။ နောက်တော့ ကစားကြတယ်။ အပြေးပြိုင်ကြတယ်။ သီချင်းတွေ အော်ဆိုကြတယ်။

ပြီးတော့ သူ့အဖေကို မကျေနပ်တဲ့အကြောင်းတွေပါ သူကရင်ဖွင့်တယ်လေ။ မကျေနပ်တာက တော့ တခြားမဟုတ်ပါဘူး။ သူ့အဖေနဲ့ သူကွန်ပျူတာ လုကိုင်ရတဲ့ ကိစ္စပါ။ သူ့အဖေက အသားမိုးချုပ်နဲ့ ပွားလွန်းလို့ သူမသုံးရဘူးတဲ့။ အသားမိုးချုပ်ဆိုတာကတော့ ပါးလုံးပေးထားတဲ့ နာမည်ပါ။

အသားမိုးချုပ်ရယ် အဖေရယ် ချစ်စုအဖေရယ်က သူငယ်ချင်းတွေလေ။ အဲ့တော့ အသားမိုးချုပ်နဲ့ သူ့အဖေ ပွားမယ့်အချိန်ကို မမကပွားပေးပါတဲ့ ဒါမှသာ သူ့အဖေ မပွားရတဲ့အတွက် ကွန်ပျူတာ အားမှာတဲ့လေ။

အဲ့တော့ပါးလုံးလည်း ဒါဆို အိမ်မှာလာသုံးလို့ပြောလိုက်တယ်။ အဲ့နေ့ညနေ သူအိမ်ကိုလိုက်လာ တယ်။ သူ့ကိုမုန့်တွေလည်း ကျွေး။ ကွန်ပျူတာလည်းသုံးခိုင်းတယ်။ နောက်တော့ သူကပါးလုံး ဟင်းချက်တော့ သူကလာလုပ်ကူတယ်လေ။ နေပါစေဆိုတော့ သူငယ်ချင်းပဲဟာတဲ့။ သူကပြော လိုက်သေးတယ်။

အဲ့ဒါဟင်းချက်တော့ ချစ်စုဘာဟင်းစားမလည်းဆိုတော့ ကြိုက်တာချက်တဲ့။ အဲ့ဒါပါးလုံးက ပန်းထုတ်ကြော်တော့ မမရယ်တဲ့ ဘာလို့များ မောင်မောင်လေး အရမ်းကြိုက်တဲ့ ဟင်းတွေ ကိုပဲချက်နေတာလည်းတဲ့။ ဟိန်းထက်က အသီးအရွက် အရမ်းကြိုက်တယ်။

အဲ့တော့မှ ပါးလုံးကလည်း ဟယ်ချစ်စု တော်တော်ကို လွမ်းနေလားဟင်ဆိုတော့ အင်းတဲ့။ ဒါနဲ့ ညရောက်တော့ သူ့အိမ်ကိုဖုန်းဆက်ပြီး လာခေါ်ခိုင်းတယ်လေ။ သူ့အဖေလာခေါ်တော့ သူပြန်သွား တယ်။

နောက်တော့ သူ့အမေကို ဘာပြောလည်းဆိုတော့ မေမေတဲ့ သမီးမသေခင်တော့ မောင်မောင်လေး နဲ့တွေ့ပါရစေနော်တဲ့။ ပါးလုံးတော်တော်ကို သနားသွားပါတယ်။ ဒါနဲ့ဟိုတနေ့က တွေ့တော့ ချစ်စု ဟိန်းထက်ကို မလွမ်းတော့ဘူးလားဆိုတော့ ပြုံးနေတဲ့မျက်နှာက ချက်ချင်းတည်သွားတယ်။

ပြီးတော့ ပြောလိုက်သေးတယ်။ ဘယ်သူလည်းတဲ့ မသိတော့ဘူးတဲ့။ သူ့ခံစားချက်တွေကို မသိချင်ယောင် ဆောင်လိုက်ပုံရတယ်။ ပါးလုံးလည်း ဆက်မမေးတော့ပါဘူး။ အခုတော့ ညနေဆို သူနဲ့ ပန်းခြံမှာ စက်ဘီးလျှောက်စီးတယ်။

ကျောင်းဖွင့်တဲ့နေ့တွေဆို သူ့ကျောင်းဆင်းရင် ပါးလုံးတို့ကျောင်းကို ရောက်လာတတ်တယ်။ အဲ့အချိန် ပါးလုံးအားတဲ့အချိန်ဆို သူနဲ့စကားပြောဖြစ်တယ်။ တခုခုဆို သူကသူငယ်ချင်းကလည်း သူငယ်ချင်းကလည်းနဲ့ တခါတလေလည်း မုန့်သွားစားကြတယ်။

အခုတော့ ပါးလုံးစည်းရုံးမရတဲ့ ကလေးမရှိတော့ပါဘူး။ ပြီးတော့ ပါးလုံးနဲ့သူလည်း တော်တော်လေး ကို ခင်နေကြပါပြီ။ တကယ်လို့သာ အရင်လို ပါးလုံးရယ် ချစ်စုရယ် ဟိန်းထက်ရယ် ပြန်ဆော့ခွင့် သာရမယ်ဆိုရင် ပါးလုံးတို့ သူငယ်ချင်းသုံးယောက်လုံး အတိုင်းမသိကို ပျော်မိကြမှာပါ။ အခုတော့ အဲ့နေ့ကို ပါးလုံးတို့ စောင့်နေရုံပေါ့။

ရဿတခုခုတော့ ရမယ်လို့ မျှော်လင့်မိပါတယ်။
အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

18 comments:

thawzin said...

ချစ်စု ဆိုတဲကလေးက ဘာလို့မလွမ်းတော့တာလဲ
တော်တော်ရေးနိုင်တယ်နော်
ဖတ်လိုက်ရရင် အရှည်ကြီးတွေပဲနော်
စာရေးဆရာမ လုပ်

rose of sharon said...

ခလေးတွေကိုစည်းရုံးနိုင်တာနဲတဲ့အရည်အချင်းမဟုတ်ဘူး...တော်လိုက်တာ...

မေဇင် said...

အင်း...ရှိခဲ့ဖူးတယ်..အဲ့ဒီလို သူငယ်ချင်းတွေ ခုတော့လဲ တမြေစီရယ်ပါ..။ အတူရှိချိန် ချစ်ချစ်ခင်ခင် နေတာကောင်းပါတယ် ပါးလုံးရယ်...။ ဆွဲဆောင်မှု ရှိအောင် ရေးတတ်တယ်...။

မြစ်ကျိုးအင်း said...

ပုန်းပုန်းရေ ရေးတာလေးတွေ ပိုပြီးပိုပြီး ကောင်းလာတယ်
ဆက်ကြိုးစားနော်...
နာမည်တခုတော့ ထပ်ပေးသွားအုံးမှပဲ
`ကလေးဗိုလ် ပုန်းပုန်း´
သံယောစဉ်ဆိုတာဖြတ်ရခက်တယ်လေ...နောက်ထပ်နှစ်ပေါင်းများစွာကျန် ပါသေးတယ် ပြန်ဆုံကြရအုံးမှာပါ...

သားကြီး said...

ရသတခုခုမဟုတ်ဘူး နှစ်ခုသုံးခုရသွားတယ်
ကလေးတွေကိုခုကတည်းကစည်းရုံးနိုင်ပြီဆိုတော့ မဝေးတော့ပါဘူး မျှော်လင့်ထားတာတွေဖြစ်လာတော့မှာပါ
အဲဒီအချိန်ကျရင်သာ မာသာထရီအသေးစားလေးဆိုပြီးကိုယ့်ညီမကို ကိုယ်ဂုဏ်ယူပါရစေ

မိုးစက်အိမ် said...

အင်းဖတ်ရင်းနဲ. အကိုငယ်ငယ် တုန်းက
ကျောင်းတုန်းက သူငယ်ချင်းတွေတောင်
သတိရပြီး မျက်စိထဲ မြင်ယောင်သွားတယ်
ပလုံးလေးရေ ... ပါးလုံးတို. သယ်ချင်းတွေ
ပြန်လည် ဆုံတွေ. ပျော်ရွှင် နိုင်ကြပါစေ...

အိုက်ခီလောက် said...

အင်း ထင်ပါတယ် ပလုံးက စည်းရုံးရေးကောင်းပြီးသားပဲဟာ
လွမ်းမောစရာတွေ က အများသားနော်
ပလုံးရယ် အမှတ်ရစရာတွေ များနေပြီလား ဟင်

ဧရာဝတီသား said...

စာလာဖတ်သွားပြီ ညီမလေးရေ။ စာအရေးအသားလည်း ကောင်းတယ်။ တင်ထားတဲ့ ပုံလေးကိုလည်း သဘောကျတယ်ကွာ။ ရသတွေအများကြီး ပေးနိုင်ပါတယ်ကွာ။
ခင်မင်လျက်

လင်းကြယ်ဖြူ said...

သူငယ်ချင်း ၃ ယောက်ပြန်ဆုံမယ့်နေ့ကို အမြန်ရောက်ပါစေ..ပျော်ရွှင်စ္ဂာ ကစားနိုင်ကြပါစေဗျာ...

ကောင်းကင်ပြာ said...

ပါးလုံးလေး သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပီး လုပ်ချင်တဲ့ ဆန္ဒတွေ ပြည့်ပါစေ ညီမလေး

မေလေး said...

ညီမလေးရေ
အရေးအသားလေးတွေ တော်တော်ကောင်းတယ် ညီမလေး။ညီမလေးလုပ်ချင်တဲ့ ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေ ညီမလေး။
အမြဲတမ်းခင်နေမဲ့
မေလေး

phoechan said...

ပါးလုံးရေ.....။
အကိုကြားဖူးတဲ့ စာလေးရှိတယ်။ ကမ္ဘာကြီးလုံးနေသ၍တော့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းခိုင်းပြေးရင်တောင် ကမ္ဘာ တစ်ဖက်ခြမ်းမှာ မျက်နှာချင်းဆိုင်ပြန်တွေ့ ကြမှာတဲ့။ ပါးလုံးတို့သူငယ်ချင်းသုံးယောက်လည်း မဝေးတော့တဲ့ အနာဂတ်ထဲကနေ့ရက်တွေထဲမှာ အမြဲဆော့ကစားနိုင်ကြမှာပါ။ အဲဒီနေ့တွေကို ပါးလုံးနဲ့အတူ မျှော်ပေးပါမယ်။
ပျော်ရွှင်ပါစေ ထာဝရ...
ငချမ်းကောင် (ခ) ဂဂျောင်

ကိုတိုး said...

ပါးလုံးရေ သူငယ်ချင်းလေးတွေနဲ့ပြန်တွေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေနော်။ ပိုစ့်တစ်ပိုဒ်ဆိုရင် အများကြီးရေးတာနော် အရှည်ကြီးတွေဖတ်ရတယ် ရေးအားကောင်းတယ်နော်။ ဆက်ရေးပါနော် အားပေးလျက်ပါနော် ပါးလုံးရေ။

ခင်မင်လျက်

ကိုတိုးလေး

ဂျပန်ကောင်လေး said...

ပါးလုံးရေ..ဖြစ်စေချင်တဲ့ အရာလေးတွေကို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွာ....

တလနွန် said...

သူငယ်ချင်းသုံးယောက် ပြန်လည် ဆုံဆည်းကြပါစေလို့  ဆုတောင်းပေးလိုက်တယ်နော်။

ခင်မင်ခြင်းနှင့်
တလနွန်

ဇော် said...

ပလုံးရဲ့ သူငယ်ချင်းလေးတွေ အကြောင်း
သေချာကို ဖတ်သွားတယ်နော။ =)

mikozan said...

ချစ်စုမ အတွက်ဆု တောင်းပေး ခဲ့တယ်ဟာ
မောင်မောင်လေးနဲ့ မြန်မြန် ပြန်ဆုံပီး
ဘယ်တော့မှမဝေးကြဖို့

moekhar said...

ချစ်စုဘာလို့ မလွမ်းတော့ တာလဲ ..

ပျော်ရွှင်ပါစေ ပါးလုံးလေးရေး))

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။