Feeds RSS

Friday, July 10, 2009

ပြန်ဆုံမယ့်နေ့


ပါးလုံးဒီပို့စ်လေးကို ရေးဖို့ အားယူနေတာ သုံးလလောက်ရှိသွားပါပြီ။ ခံစားချက်တွေနဲ့ စကားလုံး တွေက ပြောင်းပြန်အချိုးကျနေပုံရတယ်။ ခံစားချက်တွေ အရမ်းပြင်းလာတော့ စကားလုံးတွေက ဘယ်လိုမှ ထွက်မလာတော့ဘူး။

ပြင်းဆို သူကလည်း အဲ့လိုခံစားချက်တွေ ပြင်းအောင်လုပ်သွားတာကိုး။ ဒီနေ့ဆို သူ ပါးလုံးကို ထားခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ နှစ်နှစ်ဆိုတဲ့ အချိန်က မနည်းပါဘူး။ ဒါပေမယ့် ပါးလုံးရင်ထဲမှာတော့ မနေ့တနေ့ကလိုပဲ မယုံကြည်နိုင်ပါဘူး။

သူငယ်ချင်းတွေနဲ့ သူ့အကြောင်းပြောဖြစ်တော့ အားလုံးမခံစား နိုင်ကြပါဘူး။ သူကတော့ ဘယ်သူ မှမသိလိုက်တဲ့ မနက်စောစော မိုးတွေအရမ်းရွာတဲ့အချိန်မှာ အားလုံးကို ထားသွားခဲ့တယ်။ ပါးလုံး ထွက်လာတော့ သူ့မျက်စိတဆုံးထိ လိုက်ပို့နှုတ်ဆက်ခဲ့ပေမယ့်၊ ပါးလုံးကတော့ သူလောကကြီးက ထွက်သွားပြီး ခြောက်လ နေမှ သူထွက်သွားတာ သိခဲ့ရတယ်။

အဲ့လိုဆိုတော့ စည်းကမ်းကြီးသလောက် ကြင်နာတတ်တဲ့ သူ့မိဘကိုလည်း သတိယမိပါတယ်။ သူလမ်းလျှောက်တတ်ခါစမှာ အပြင်းဖျားပြီး ညသန်းခေါင် ဂျီကျတာကတော့ ဘောလုံးကန်မယ်တဲ့။ သူ့အဖေနဲ့အမေ ညသန်းခေါင် ဂိုးပေါက် စောင့်ခဲ့ရတယ်။


နေမကောင်းဖြစ်ပြီး အိပ်ပျော်နေတဲ့သား နှခေါင်းပိတ်နေတော့ နိုးမှာစိုးလို့ နှပ်ချေး ကို မရွံနိုင်ပဲ ပါးစပ်နဲ့စုပ်ပေးခဲ့တဲ့ သူ့အဖေ ဘယ်လိုခံစားနေရလည်းဆိုပြီး မေးမိတယ်။ ညတိုင်း တံ ခါးမပိတ်ခင် မေ့ပြီးသူ့မိန်းမကို မေးတာကတော့ “ မေမေ လူစုံပြီလား သားကောင်းပြည့်ရော ပြန်ရောက်ပြီလား” တဲ့။

ချစ်စမ်းမောင်ကို အားကျပြီး အားတဲ့အချိန်တိုင်း ဂစ်တာတလုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ သူက “မေမေသားဂစ်တာ အောင်သူရကိုပေးလိုက်မယ်နော်။ သားဆယ်တန်းအောင်ရင် မေမေအသစ် ဝယ်ပေးမယ်မဟုတ်လား” ဆိုတော့ ပါးလုံးအံ့သြရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဂစ်တာ လေးက သူငါးတန်းထဲက တီးခဲ့တဲ့ဂစ်တာလေး။

နင်ဘာလို့ပေးချင်တာလည်း ဆိုတော့ “အောင်သူရ ဂစ်တာဝယ်ဖို့ ပိုက်ဆံစုနေတယ်။ သူကအခု မှသင်မှာ ငါဘုရားကျောင်းမှာတီးလည်း အစဉ်ပြေပါတယ်။ ပြီးတော့ အသစ်ရမှာပဲဟာ” ဆိုတော့ သူငယ်ချင်းတွေအပေါ်ထားတဲ့ သူ့စိတ်ကို လေးစားမိပါတယ်။

ပါးလုံးစိတ်ညစ်တဲ့အချိန် ရင်ဖွင့်မိတိုင်း ငါးမိနစ်အတွင်း ပြုံးလာအောင် အားပေးတတ်တဲ့ သူ့ကို ပါးလုံးဘယ်လိုမှ မေ့လို့မရပါဘူး။ ဂစ်တာမြင်တိုင်းလည်းသတိယ၊ ဘောလုံးပွဲကြည့်တိုင်းလည်း သတိယ၊ ဂိမ်းဆော့တိုင်းလည်း သတိယ၊ ဝက်သားတုတ်ထိုး စားတိုင်းလည်း သတိယ၊ သိုင်းကားကြည့်တိုင်းလည်း သတိယ၊ လက်ဘက်ရည်ဆိုင်ထိုင်တိုင်းလည်း သတိယ၊ အာပူလျှာပူ သောက်တိုင်းလည်း သတိယတဲ့ အကြောင်းတွေ သူငယ်ချင်းတွေ ပြန်ပြောမိကြတော့ အားလုံးစိတ်မကောင်းကြဘူး။

ပါးလုံးကတော့ အခုဆို ဘောလုံးပွဲလည်း မကြည့်တော့ပါဘူး။ သိုင်းကားလည်း မကြည့်တော့ပါဘူး။ အထူးသဖြင့် Birthday Cake ဆို လှည့်ကို မကြည့်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့နေ့က ခရစ္စမတ်လုပ်တယ်။ ပါးလုံး သနပ်ခါးလေး လှလှလေးလိမ်းပြီး အလုပ်ရှုပ်နေတဲ့အချိန် ကိတ်မုန့်တုံး နား ပြုံးစိစိနဲ့ သူလည်း အလုပ်များနေတယ်။

ခဏနေတော့ ကိတ်မုန့်ကခရင်မ်တွေကို ပါးလုံး ပါးမှာလာသုတ်ပါလေရော။ အဲ့နေ့မှ သနပ်ခါးကို စိတ်ရှည် လက်ရှည်လိမ်းထားတာကို သူအဲ့လို သုတ်လိုက်တော့ စိတ်ဆိုးပြီး ငိုတာပေါ့။ အဲ့တော့ သူ့အမေသူ့ကို လှမ်းရိုက်ပါလေရော။

ခဏနေတော့ သနပ်ခါးတွေပြန်သွေးပေးပြီး “နင်တကယ် စိတ်မဆိုးဘူးမဟုတ်လား။ ရော့ ပြန်လိမ်းလိုက်နော်။” ဆိုတဲ့ သူ့ပုံကို ကိတ်မုန့်က ခရင်မ်မြင်တိုင်း သတိယမိလို့ ပါးလုံး ကိတ်မုန့် ဆိုလှည့်ကို မကြည့်တော့ပါဘူး။

“ ငါလေ နင်အောင်မြင်မှုတွေနဲ့ ပြန်လာမယ့်နေ့ကို စောင့်နေမယ်” ဆိုတဲ့သူက စောင့်တော့ စောင့်နေမှာပါ။ ဒါပေမယ့် တောင်ငူမှာတော့မဟုတ်ဘူး ကောင်းကင်နိုင်ငံမှာ။

အဲ့ဒီပြန်ဆုံမယ့်နေ့မတိုင်ခင် ပါးလုံးရဲ့ ခံစားချက်တွေကို မျက်ကွယ်ပြုပြီး ဆက်ကြိုးစားရဦးမယ်။ ဒီအ ချိန်မှာ အလုပ်ချင်ဆုံးကတော့ သူ့အုတ်ဂူဖြူဖြူလေးပေါ် သွားပြီး နှင်းဆီပန်းအနီလေးတွေ သွားချချင်ခြင်းပါ။

နာရီတွေက သူ့တာဝန်ကို သူလုပ်ဆောင်နေတာဟာ မပြောင်းလည်းပေမယ့် ပါးလုံးတို့ ကမ္ဘာကြီးကတော့ ပြောင်းလည်းလာတယ်။ တခုခုကို လုပ်မိတိုင်း သတိယစေခဲ့တဲ့ သူ့ကို ဒီနေ့ထိ လွမ်းနေပေမယ့် သူကတော့ သခင့်ရင်ခွင်မှာ ပျော်နေမှာ သေချာပါတယ်။

မိုးတွေ အရမ်းရွာတဲ့နေ့မှာ လောကကြီးကို သူရောက်လာသလို မိုးတွေအရမ်းရွာတဲ့နေ့မှာပဲ ပြန်သွားတဲ့ သူ့ကို မိုးရွာတိုင်း လွမ်းမိတာ ပါလုံးတို့ သူငယ်ချင်း အားလုံးပါ။ ပါးလုံး သူ့အကြောင်းလေးတွေ ဆက်ရေးချင်ပါသေးတယ်။ ဒါပေမယ့် ပါးလုံးမှာ ဆက်ရေးဖို့ အင်အား မရှိတော့ပါဘူး။

ပါးလုံး တောင်ငူပြန်မယ့်နေ့မှာ သူ့ကိုဘယ်လိုအပြုံးမျိုးနဲ့ ဘယ်လိုမျက်နှာမျိုးနဲ့ တွေ့ရမလည်းလို့ အစ ကတော့ စိတ်ကူးယဉ်ခဲ့မိတယ်။ ဒါပေမယ့် အခုတော့ ကောင်းကင်နိုင်ငံမှာ ပြန်ဆုံမယ့်နေ့ကိုပဲ မျှော်လင့်ရင်း……………………

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

27 comments:

သားကြီး said...

i'm the first!
it's mean...i'm the 'ONE'

သားကြီး said...

ကိုချစ်ရခင်ရတဲ့လူတစ်ယောက်ဆုံးရှုံးရခြင်းဟာ
အတိုင်းမသိကြေကွဲစရာပါပဲ
အချိန်တွေသာကြာချင်ကြာသွားမယ်
အခါအခွင့်သင့်တိုင်း တိုက်ဆိုင်မှုလေးတွေကြုံလာတိုင်း သူတို့ရဲ့
အရိပ်ဟာ ကိုတို့ရဲ့နှလုံးသားမှာ အနီးကပ်ဆုံးတည်ရှိလျှက်ပါပဲ
အကောင်းဆုံးဖြေသိပ်ဖို့ကတော့ သူကောင်းကင်နိုင်ငံမှာငြိမ်းချမ်းနေနှင့်ပါပြီဆိုတာလေးသိထားဖို့ပါ
အင်း...လွမ်းလွမ်းဆွေးဆွေးတွေဖတ်ရတော့လည်း ကို့တစ်ကိုယ်လုံးလွမ်းကျလာတယ် အရောင်တောင်မှောင်သွားသလားပဲ :(

Unknown said...

ပါးလုံးရေ....

ထပ်တူခံစားမိပါတယ်...
ဒါပေမယ့် ဘယ်အရာမှ မတည်မြဲဘူးလေ....
အချိန်တန်တော့ သူ့အလိုလိုဖြစ်လာမှာပါ...

ဒါပေမယ့် ဖြစ်ချင်တာတွေမဖြစ်
မဖြစ်ချင်တာတွေသာ ဖြစ်ဖြစ်လာနေတော့လည်း
ခံစားမှုတွေသာ တိုးတိုးလာတာပေါ့....

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

ဘုရားသခင်ကောင်းချီးပေးပါစေနော်....

လင်းကြယ်ဖြူ said...

တကယ်ကို ကြေက္ဂဲ ခံစားရင်း ထပ်တူထပ်မျှ ဆုတောင်းပေးပါတယ်...

မေဇင် said...

အိုး..ပါးလုံးရယ်...စိတ်မကောင်းပါဘူး...။ ပါးလုံး တို့ တစ်နေ့ ကောင်းကင်ဘုံမှာပြန်ဆုံ နိုင်မှာပါ ကွယ်..။

မိုးစက်အိမ် said...

ပလုံလေးရေ အလွမ်းများ ငြိမ်း နိုင်ပါစေကွယ်...
သူ.ကိုသတိရရင် အရင်ကအချိန်လေးတွေကို
ပြန်တွေးပြီး ဖြေပါ ညီမရေ...ပျော်ရွှင်ပါစေဗျာ...

ဂျပန်ကောင်လေး said...

ပါးလုံးရေ.. တစ်ခါက ပြောတဲ့ တစ်ယောက်ပဲမလားဟင်.. စိတ်မကောင်းလိုက်တာ..

Beauty Studio USA Branded Store said...

ခံစားမှုကတော့အရမ်းပါပဲ။ပြန်လည်ဆုံဆည်းကြပါစေ။

s said...

တို့လည်း စိတ်မကောင်းဘူး ပါးလုံးရေ ဖက်ပြီးတော့၊ ဒါပေမဲ့ ယူက အရေးအသားကောင်းတယ် သိလားး)

Anonymous said...

ကြားရာစိတ်မကောင်ဘူး မမပါးလုံးပြောပြလိုလဲ အစထဲက သိခဲ့တယ်..
ဟင်း..
တစ်နေ့တော့ပြန်ဆုံမှာပါ

ခင်မင်လျှက်
အဆိပ်ခွက်

ဂျစ် said...

ညီမလေးရေ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် ...။

ဂျစ်ဆီမှာလဲ အရမ်းခင်မင်ရတဲ့ သူငယ်ချင်းလေး ဆုံးရှုံးဘူးပါတယ်....။

ညီမလေးလုံးလုံးရေ ပြန်လည်ဆုံဆည်းခွင့်ရကြပါစေနော်...။

ချစ်ခင်စွာဖြင့်
ဂျစ်

Unknown said...

စာလေးလာဖတ်ပြီးတကယ်ကို စိတ်မကောင်းဖြစ်မိပါတယ် ပါးလုံးရေ။ အဆင်ပြေပါစေနော် ခင်မင်လျက်


ကိုတိုးလေး

Anonymous said...

တကယ်ကို ကြေက္ဂဲ ခံစားရင်း
ထပ်တူထပ်မျှ ဆုတောင်းပေးပါတယ်
စိတ်မကောင်းဘူးညလေးရယ်

ကောင်းကင်ပြာ said...

ထပ်တူ လာခံစားပေးသွားတယ် ညီမလေးရေ

mikozan said...

ဘဝအဖော် တွေ. လို့အိမ်ထောင်ရက်သားကြပြီး သားသမီးတွေရရင်တောင်လေ

ဒီအချစ်စစ်လေးပျောက်မသွားပါစေနဲ့နော်

နှလုံးသားထောင့်တနေရာမှာ ထာဝရသိမ်းထားပါဟာ

အချစ်ကိုတန်ဖိုးထားသစ္စာရှိတဲ့ ကလေးမ
God Bless u

thawzin said...

ပါးလုံးနဲ့ သူတို့ပြန်ဆုံမယ့်နေ့လေး မြန်မြန်ရောက်ပါစေလို့
ဆုတောင်းပေးစေချင်သလား မသိဘူးနော်
ဆုမတောင်းပေးတော့ဘူးနော်

Unknown said...

ကောင်းကင်ဘုံ မှာသွားတွေ့ပြီးပျော်ရွှင်နိုင်ပါစေ...လေးစာမိတယ်နော်...ဆက်ကြိုးစားပါ.... အားတဲ့အခါ ဖတ်မယ်နော် ... Good Luck friend.

kiki said...

စိတ်မကောင်းပါဘုး ညီမလေး ပါးလုံးရယ် ...
ခု ဆို သုလည်း ကောင်းရာ မွန်ရာ မှာ ရှိနေမှာ ပါ ..
သူ့ အတွက် ကောင်းမှုကုသိုလ် တွေ လုပ်ပေးပေါ့.
ကိုယ့်လမ်းလည်း ကိုယ်ရှေ့ ဆက်လျှောက်ကြရဦးမယ်လေ ။
အားတင်းထား ပါ ..
ပူဆွေး မှုများ တဖြေးဖြေး လျော့နည်း ပါစေ ..

Unknown said...

hi, nyi ma lay, it is u r ......

တလနွန် said...

ချစ်သောသူငယ်ချင်းတစ်ယောက်အတွက် ရင်တွင်းခံစားချက်ကို ဖတ်ပြီး ထပ်တူဝမ်းနည်းမိတယ် ညီမလေးပါးလုံးရေ။

ခင်မင်ခြင်းနှင့်
တလနွန်

ဝက်ဝံလေး said...

အဟင့် ရွှတ် များက အဲဂလို မျိုးရေးရင် သိပ်နိုချင်တာပဲ ချစ်ပါးလုံးရယ် တခါတလေ လေးလာဖတ်ပါတယ် ငိုစရာနဲ့တိုးနေတယ် ငယ်ငယ်နဲ့ အကြွေစောသွားတာပေါ့ ဟို သီချင်းလိုပေါ့လေ ချစ်ခဲ့ကြတဲ့ အချိန်လေးတွေနာကျင်စွာ တမ်းတမိ မင်းလေးသွားတဲ့ ဘဝတခြားကို တနေ့တော့လိုက်ခဲ့မှာ ဆိုသလိုပေါ့လေ စကားပုံရှိပါတယ် ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့ တဲ့ ဒါပေမယ့် ဘယ်မေ့နိုင်ပါ့မလဲ စာနာပါတယ် ပါးလုံးရယ် ဒါပေမယ့် ဒါပေမယ့်ပေါ့လေ တတ်နိုင်သလောက်တော့ ကြိုးစားပေါ့ ဟုတ်ဘူးလား သူက ပြန်မှမလာတော့တာကိုနော့် အင်းးး အားပေးတာလဲ ဘာတွေမှန်းကို မသိပါဘူးကွယ်

မနေ့က ကိုသားကြီးဆီမှာ ပြောထားတာ တွေ့တယ် ဒါနဲ့ လာမလို့ပဲ အကိုပြန်ရောက်လာတာနဲ့ မလာဖြစ်တာ နော် တို့ကိုတမျိုးမထင်နဲ့နော် တို့မာနကြီးလို့မဟုတ်ဘူးနော် သိလား တို့လဲလင့်ခ်လိုက်မယ်နော် ဘိုင်

moekhar said...

ပါးလုံးလေး
ကြားရတာစိတ်မကောင်းဘူး
ပါးလုံးသူငယ်ချင်းလေးအတွက် ထပ်တူ ၀မ်းနည်းမိပါတယ်

မိုးခါး

Unknown said...

ချစ်ပါးရေ...
တပုဒ်နဲတပုဒ်ခံစားချက်တွေပိုကောင်းလာတယ်၊ရေးအားတွေတက်လာတယ်အထူးသဖြင့်စာနဲlသီချင်းလိုက်ဖက်အောင်ထည်နိုင်တာပိုကောင်းပါတယ်၊ဒီပုံစံလေးကိုပိုကြိုက်ပါတယ်။အားပေးလျှက်.....

Angelhoneymoe said...

သတိမရတော့တာ အကောင်းဆုံးပဲ ...
ရှေ့ ဆက်ဖို့ ခြေလှမ်းပြင်ထားတဲ့လူတစ်ယောက်ဟာ နောက်ပြန်လှည့်မကြည့်တာ အကောင်းဆုံးပဲ .... အလုပ်တွေအများကြီးလုပ်ချင်တဲ့သူဟာ တွေဝေမှုကင်းလေ ကောင်းလေပဲ...

အစ်ကို့ ညီမလေး ကျန်းမာလို့ လုပ်ချင်တဲ့အလုပ်တွေ လုပ်နိုင်ပါစေဗျာ ...
ဘဝနှင့်ဆန္ဒ တစ်ထပ်တည်းကျပါစေဗျာ ။

ဆောင်းနှင်းရွက် said...

ဖတ် ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ် ..။

Anonymous said...

အရေးအသားကတကယ်ကိုကောင်းလွန်းတယ်ညီမလေးရေ။
ပထမဦးဆုံးရောက်ဖူးခြင်းဖြစ်သလို ပထမဦးဆုံးဖတ်ဖူးတဲ့
post လေးပါ။ ဖတ်နေရင်းနဲ့ တင် စာဖတ်သူရင်ထဲမှာ
ခံစားချက်ပေါင်းစုံ။။
အေးချမ်းပါစေ..ညီမငယ်။။
ခင်မင်လျှက်..ခင်မာလာအောင်..:)

Anonymous said...

ဘာပြောရမှန်းကိုမသိဘူး တမျိုးပဲ :((

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။